Tuesday 9 October 2012

တစ်ဂိုးပြီးတစ်ဂိုး...တဂိုး... အနုပညာမှာ ဂိုးသွင်းကောင်းသူကြီးငဲ့




ငါဟာ သက်ရှိသတ္တဝါ များစွာထဲမှာမှ အာဏာလှည်းဘီးအောက်က လူတစ်ယောက်
ငါတိုက်တဲ့ ဝိုင်အရက်ကို ငါ့ခွက်နဲ့ ပဲသောက်ပါ သူငယ်ချင်း
ခွက်ပြောင်းလိုက်ရင် ဖိတ်စင်လေလွင့်သွားမှာ စိုးလို့ 
ကိုယ်တွင်းက တိတ်ဆိတ်မှု အသံဗလံတွေ စုန်းစုန်းမြုပ်သွားစေဖို့ 
ပွက်လောရိုက်နေတဲ့ လူအုပ်ကြီးထဲ တိုးဝင်သွားတဲ့လူ
ဝန်ထုပ်ဝန်ပိုးအမြီးကြီးကို ထမ်းထားရတဲ့ ဒေါင်းအတွက် စာကလေးက သနားဂရုဏာသက်နေတယ်
အို! သစ်သီး မင်းနဲ့ ငါကြားမှာ ဝေးကွာခြင်းတွေ ဘယ်နှမိုင်
အို! ပန်းပွင့် ငါဟာ မင်းနှလုံးသားရဲ့ ဗဟိုတည့်တည့်မှာ ပုန်းခိုနေတာပါ
ကျောက်စရစ်ခဲလေးတွေ ချောမွေ့ လုံးဝန်းနေတာဟာ တူရဲ့ ထုနှက်မှုတွေကြောင့် မဟုတ်
စမ်းရေရဲ့ သီကျူးမြူးတူး ကခုန်မှုကြောင့်သာ
မိုးစက်လေးတွေက မြေကြီးကို တယုတယနမ်းပြီး လွမ်းတသသဆိုတယ်
“အမေ...ကျွန်တော်တို့ က အိမ်နဲ့ ဝေးနေတဲ့ အမေ့ ရင်သွေးလေးတွေပါ
အခု...ကောင်းကင်နိုင်ငံကနေ အမေ့ထံ ပြန်လာပါပြီ“
ဒီမီးတောက်ဟာ ငါ့ပန်းပွင့် ငါ့သေမင်းလို့  လောင်မြိုက်နေတဲ့ သစ်တုံးက အော်ဟစ်လိုက်တယ်
အမှန်တရားဟာ မုန်တိုင်းထဲကနေ ကိုယ်ဒူးကိုယ်ချွန် ရုန်းထခဲ့ရ
နေကြာပန်းက အမည်မဲ့ ပန်းကလေးကို ဆွေမျိုးတော်ရမှာ ရှက်နေတယ်
သီချင်းသည် လေထဲတွင် အဆုံးမရှိ  ပန်းချီသည် မြေကြီးပေါ်တွင် အဆုံးမရှိ
ကဗျာသည်ကား လေထဲတွင်ရော မြေကြီးပေါ်တွင်ပါ အဆုံးမရှိ
မြေပေါ်မှာ လမ်းလျှောက်ပြီး လေထဲမှာ ပျံသန်းနိုင်တာ ကဗျာ
ငါးကို လေထဲ လွှတ်မြှောက်လိုက်ခြင်းသည် ကြင်နာသောနူးညံ့မှုတစ်ခုဟု ငှက်ကတွေးထင်နေ
သူသည် လက်နက်များကို သူဧ၊်ကိုးကွယ်ရာအဖြစ်ထုတ်လုပ်ဧ၊်
လက်နက်များက အနိုင်ရသွားသောအခါ သူသည်သာ ရှုံးနိမ့်သွားရလေသည်
အရှင်လမင်း! သင်ဘာကို စောင့်ဆိုင်းနေပါသလဲ
ကျုပ်လမ်းဖယ်ပေးရမယ့် နေမင်းကြီးကို ဦးညွှတ်ရန်အတွက်ပါ
ကိုယ်တုံးလုံး ကလေးလေးလို သစ်ရွက်သစ်ခက်တွေကြားမှာ ပေါ့ပေါ့ပါးပါးဆော့ကစားနေတဲ့
လရောင်ဟာ လူတစ်ယောက်ရဲ့ ရပ်တည်နိုင်မှုကိုတော့ မသိရှိနိုင်
နေမင်းနဲ့ လွဲရလို့ ပူဆွေးဝမ်းနည်းငိုကြွေးနေမယ်ဆိုရင် ကြယ်တာရာတွေနဲ့ လည်း လွဲဦးမှာပဲ
နင်းချေခံသူတို့ ရဲ့ အောင်ပွဲအတွက် လူသမိုင်းဟာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေတဲ့ အကြောင်း

(ရာဘင်ဒြာနသ်တဂိုး ရဲ့ “stray birds“ စာအုပ်မှ စာသားများနဲ့ ဒီကဗျာကို ယက်ရှယ်ဖွဲ့ ထားပါတယ်)

                                                                                          လင်းလက်တာရာ
                                                                                              ၈၊၁၀၊၂၀၁၂


No comments:

Post a Comment