Tuesday 23 October 2012

ဂငယ်ကွေ့ တစ်ကွေ့ မှာ ကိုယ်ကျိုးကြည့်နဲ့ ပက်ပင်းကြီးတိုးခဲ့တယ်ဆိုပါတော့




ဒီပွဲမှာ စိတ်ဒဏ်ရာရ ကစားသမားတွေ များတယ်
ကိုယ့်အပူတွေ သူတပါးကူးမှာစိုးလို့  မြိုချထားရတာ
မြို့ပတ်ရထားပေါ်ကနေ ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားသူ ရေသန့် ဗူးခွံကလေး
သစ္စာတရားရဲ့ အပြင်ဘက်မှာ မိုးတွေ သည်းကြီးမည်းကြီး ရွာနေတယ်
ငယ်ဘဝလေးဆီ ရွက်တိုက်လွှင့်ရတာ လက်ပမ်းအကျဆုံးပဲ
ဘကြီးအောင်ညာတာ အကျိုးအကြောင်း ခိုင်လုံပါရဲ့လား
ဖိနပ်အောက်က ပီကေဟာ တချိန်က လျှာပေါ်မှာ
ငါးရိုးထွင်သလို ရိုးတွင်းချည်ဆီထဲကနေ ထွင်းထုတ်ပစ်ချင်တဲ့ ဗွီအိုင်ပီယဉ်ကျေးမှု
နေကြာစေ့ခွံလေးမှာ အချစ်ဇာတ်လမ်းတစ်ပုဒ် ရှိတယ်
နေပါဦး ထွက်သက်လေးရယ် ဒိဋ္ဌိကို မခွာရသေးလို့ ပါ
ချော်လဲနေတဲ့ လမ်းမက သူ့ ကိုယ်သူပြန်ဖာဖို့ ကုန်းထနေ
ဒုက္ခဟာ လင်နောက်လိုက်လာတဲ့ မိန်းမလို ကပ်ပါလာပြန်ပြီ
ခိုမဟုတ်တဲ့ ခိုတွေ ထပ်ခိုးလေးထဲ ခိုးခိုးခစ်ခစ်
ဟာသထဲ ဇာတ်လိုက်ဟာ ဇာတ်အနာရဆုံး
ရယ်သံဟာ အမောတကောနဲ့ လူသားဟာ လောကဓံ ပူပူနွေးနွေးနဲ့ 
ကွမ်းယာသည်မလေးရဲ့ ပါးကွက်ကြားမှာ ငွေနံ့ ကြေးနံ့ တွေ စင်သွားတယ်
ငရဲကို ခပ်ရဲရဲ မျှားသူများ
တောင်ပတ်လမ်းကလေးကို သံသရာနဲ့ တင်စားမယ်
ရှုခင်းပေါ် ခြေချော်လက်ချော်သစ်ရွက်လေးတွေရဲ့  အနုပညာ
ဟဲလို! နှစ်သိန်းတန် ဆင်းကဒ် ရပြီလား
ရပ်ကွက်လေးရဲ့ စုဗူးထဲ ပြည့်လျှံနေတဲ့ အော်သံတွေ
နှင်းရယ်...ငါ့တို့ တိုင်းပြည်ကြီးပေါ် တရားမျှစွာ ဝေလိုက်ပါတော့...။

                                                         လင်းလက်တာရာ
                                                          23,10,2012 / 12;31 pm


No comments:

Post a Comment