Wednesday 16 January 2013
ခိုစာ
ဖူးငုံဆယ်ကျော်သက် ၂၀၁၂ ၊ဒီဇင်ဘာမှာ ပါရှိခဲ့တဲ့ ကျွန်တော့်ရဲ့ “ခိုစာ” ဝတ္ထုတိုကလေးကို စိတ်ကူးချိုချိုမှ ရွေးချယ်ဖော်ပြထားပါတယ်။
ကွန်နက်ရှင် ကြိုးတန်းပေါ် လမ်းလျှောက်နေတဲ့ ကမ္ဘာ
သတိထား သားကြီး မင်းသတ္တိတွေကို ထားခဲ့လို့ မဖြစ်ဘူး
ငါတို့ သွားနေတဲ့လမ်းက အတိမ်းအစောင်းများတယ် အချိုးအကွေ့ ထူထပ်တယ်
လိုအပ်ရင်လိုအပ်သလို ဘရိတ်အုပ် မလိုအပ်ရင် မလိုအပ်သလို ခုန်ကျော်
ရေကိုရေနဲ့ ရောသလို သွေးကိုသွေးနဲ့ ရောသလို ငါတို့ လူငယ်ဘဝဟာ တစ်သားတည်း
မင်းကိုယ်ပေါ်မှာ ပေကျံနေတဲ့ စက်ဆီတွေ ငါ့ဦးရည်ဖျားထဲကနေ စီးကျလာတဲ့ ချွေးတွေ
ပစ္စုပ္မန်ကြမ်းကြမ်းမှာ ငါတို့ စုတ်ချက်တွေ ကြမ်းတာ ဆန်းသလား
အဆိပ်အတောက်များများလာတဲ့ လောကကြီးထဲ လူသားဆန်မှုတွေကလည်း ခါးခါးလာပြီ
လာ သားကြီး မင်းမီးခြစ်နဲ့ ငါ့ဖယောင်းတိုင်လေးကို လင်းကြည့်ကြရအောင်
သူငယ်ချင်းဆိုတာ စစ်တလင်းက ကျည်ခွံတွေ မဟုတ်သလို
လျှို့ ဝှက်ရေးဆွဲထားတဲ့ နြူးကလီးယား စီမံကိန်းလည်းမဟုတ်ဘူး
ပန်းပေါင်းတစ်ထောင် ဖူးပွင့်နေတဲ့ ဥယျာဉ် အလံဖြူတစ်ထောင် လွှင့်ထူထားတဲ့ တောင်တန်း
လောကဓံရဲ့ တသောသောရယ်မောသံတွေကြားမှာ ယုံကြည်ချက်တွေ ပခုံးချင်းဖက်လို့ 
မင်းအိပ်မက်တွေကို ကောင်းကင်သစ်ဆီ ရဲရဲဝံ့ဝံ့ ပစ်တင်လိုက်စမ်းပါ
ချစ်ခြင်းတရားရဲ့ ခွာသံတွေကို ရင်တံခါးဖွင့်ပြီး နှုတ်ခွန်းဆက်သလိုက်စမ်းပါ
တွေဝေမှုက မင်းကို ချောင်ပိတ်ရိုက်နေတာလား တွန့် ဆုတ်ခြင်းက မင်းကို ဗုံးကြဲခိုင်းနေတာလား
အလွမ်းဧရိယာထဲမှာပဲ စိတ်ကိုစိတ်လွတ်ကိုယ်လွတ် တိတ်တိတ်လေးလွှတ်ကျောင်းနေတော့မှာလား
မြတ်မြတ်နိုးနိုး မြိုချထားတဲ့မင်းအမြုတေကိုပဲ ငါ အားမလိုအားမရကုပ်ခြစ်တူးဖော်ပစ်မိတော့မယ်
လူ့ ပတ်ဝန်းကျင်ကြီးကိုက ညှော်လွန်းပါတယ်ကွာ
နယ်ခြားစည်းတွေကိုက ဟုန်းဟုန်းတောက်လွန်းပါတယ်ကွာ
အနုပညာရဲ့ ကျောက်ဖျာက တဖြည်းဖြည်း တင်းလာနေပြီ
မင်း ဝါးလုံးခေါင်းထဲမှာ ဘယ်လမင်းလေး ဝင်သာနေတာလဲ
မင်း status ထဲက အပိုင်းပိုင်းအစစတွေကရော ဘယ်တော့ ကဗျာရှည် ဖြစ်လာမှာလဲ
လျော့သောက်ကွာ ရှေ့ မှာ ငါတို့ ကူးဖြတ်ရမယ့်မြစ်ကြီးက တဝေါဝေါ
ဒိုင်အောဂျီးနီးဇ်က ပြောတယ် “နေရောင်လည်း အိမ်သာထဲ ဝင်တာပဲ
အဲဒီအတွက်နေဟာ ညစ်ပတ်သွားသလားတဲ့”
ငါ့ဘာသာစကားထဲက ပေါရာဏတွေကိုတော့ မင်းနားလည်နိုင်မှာပါ
နှလုံးသားမှာ ဆူးတွေ ရဲ နေတဲ့ ဆူးရဲရေ
မင်းပေးတဲ့ ခေါင်းစဉ်အောက်မှာ မင်းအကြောင်းတွေ ချရေးလိုက်မိတာ ငါ့ကိုဆဲတော့ကွာ သားကြီး
လင်းလက်တာရာ
၁၅၊၁၊၂၀၁၂
Friday 11 January 2013
အစင်းရာတွေနဲ့ ထစ်, အ နေတဲ့ စီဒီပြားကလေး
             မြန်မာစာမေဂျာတစ်ခုလုံးမှာ ကျွန်တော့်ကို ရုပ်အဆိုးဆုံးလို့ အားလုံးက တစ်ညီတစ်ညွှတ်တည်း ဆန္ဒမဲပေးကြပါတယ်။ ဘဝပေးကံ အခြေအနေကြောင့်
အခုလိုသတ်မှတ်ခံရပေမယ့် ကျွန်တော်ကတော့ ဘယ်တော့မှ စိတ်ဓါတ်မကျပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ လောကကြီးမှာ ရုပ်လှဖို့ ထက် စိတ်လှဖို့ က အဓိကလို့ 
ကျွန်တော့်နှလုံးသား အဘိဓါန်မှာ ကျွန်တော် ကျောက်ထက်အက္ခရာ တင်ထားလို့ ပါ။ ကိုယ်ကျင့်တရားနံရံကို ဆေးသားအတုယောင်တွေ သုတ်ပြီး  သရုပ်ဆောင်လုပ်နေကြတဲ့
ဒီခေတ်ကြီးမှာ ကျွန်တော့်ကိုယ်ကျင့်တရားကိုတော့ ဖြူစင်ရိုးသားစွာ ထိန်းကျောင်းခဲ့ပါတယ်။
               လူရယ်လို့ မွေးဖွားဖြစ်တည်လာတဲ့ အချိန်မှာ အရာရာပြီးပြည့်စုံတဲ့
လူရယ်လို့ လောကမှာ မရှိသလောက်ရှားပါတယ်။ အနည်းနဲ့ အများ၊ တစ်နေရာရာမှာ
တစ်စုံတရာဟာ ချို့ ယွင်းလိုအပ်နေကြတာချည်းပါပဲ။ အခုလည်း ကျွန်တော့် မျက်နှာ၊ နှုတ်ခမ်း၊ လည်ပင်း၊ လက်၊ ခြေထောက် စတဲ့ ခန္စာကိုယ် အစိတ်အပိုင်းတွေမှာအဖြူအကွက်အကွက်တွေ
ကြပေမယ့် ကျွန်တော့်ကို အဖက်လုပ်တဲ့လူတစ်ယောက်မှ မရှိဘူး။
               ဘဝရဲ့ မာကျောခက်ထန်တဲ့ သံမဏိနေ့ ရက်တွေနဲ့ ကြီးပြင်းခဲ့ရသူပီပီ၊  စိတ်ဓါတ်မကျပေမယ့် နည်းနည်းတော့  သိမ်ငယ်မိတယ်။   အတန်းရှေ့ မှာထိုင်ရင်
ကျွန်တော့်နား ဘယ်သူမှ မထိုင်ချင်ကြလို့ ၊ ကိုယ့်အသိနဲ့ ကိုယ် နောက်ဆုံးတန်းမှာ ဧကစာရီ သွားကျင့်ရတဲ့ အထိပါ။ ကျောင်းကဲန်တင်းတွေမှာ ထိုင်မိပြီဆိုရင်လည်း
ဘေးဝိုင်းမှာ စားသောက်နေတဲ့သူတွေက ကျွန်တော့်ကို မသတီသလိုလို ရွံသလိုလိုနဲ့ ။ လမ်းဘေးအကြော်ဆိုင်၊ အသုပ်ဆိုင်တွေမှာလည်း   ကျွန်တော်ဝင်လာတာနဲ့ 
တစ်ဝက်တစ်ပျက်ထားပြီး  ငွေရှင်းသွားတဲ့လူတွေက မနည်းဘူး။ ဒီလိုဖြစ်ပေါင်းများတော့ ဆိုင်ရှင်တွေကတောင် ကျွန်တော့်ကို မကြည်ဖြူကြတော့ဘူး။
                စည်းဝိုင်းထဲကနေ တွန်းဖယ်ခြင်းခံရတဲ့ ကျွန်တော်ကတော့ တဖြည်းဖြည်းနဲ့ စည်းဝိုင်းအပြင်ဘက်ဆီ ရောက်မှန်းမသိရောက်သွားခဲ့တယ်။  လူရှင်းတဲ့နေရာ
တွေ၊ ရောင်စုံမျက်လုံးတွေနဲ့ ဝေးတဲ့နေရာတွေသာ ကျွန်တော့်စားကျက်တွေ ဖြစ်လာတယ်။ ကျွန်တော့်မှာ အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်းဆိုလို့  စာအုပ်တွေပဲ
ရှိတယ်။ အားရင် စာဖတ်တယ်။ လောကကြီးရဲ့ အစာမကျေတာတွေကို စာတွေကဗျာတွေအဖြစ် အန်ထုတ်ပစ်မိတယ်။
             ***********************************************
                 မြူလင်းဝေ။
                 ကျွန်တော်က အီရတ်ဆိုရင် သူမက အမေရိကန်။ ကျွန်တော်က တောင်ဝန်ရိုးစွန်းဆိုရင် သူမက မြောက်ဝန်ရိုးစွန်း။  ကျွန်တော်က အမှောင်ဆိုရင်  သူမကအလင်း။ ကျွန်တော်က မြေပြင်ဆိုရင် သူမက ကောင်းကင်။ ကျွန်တော်က ငရဲဆိုရင် သူမက နိဗ္မန်ဘုံပါ။
                 သူမနဲ့ ကျွန်တော်က တကယ့်ကို ဆန့် ကျင်ဘက်။ သူမက မြန်မာစာ“ကွင်း”လေ။ ကျွန်တော့်မျက်လုံးထဲမှာတော့ တလောကလုံးရဲ့ “ကွင်း”ပါပဲ။ ဘယ်လောက်လှတယ်ဆိုတာ
 မဖွဲ့ နွဲ့ နိုင်ပေမယ့် ကျွန်တော်တွေ့ ဖူးသမျှ မိန်းမလှလေးတွေထဲမှာတော့ သရဖူထိပ်ထားပါ။ ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိကဆန်တဲ့ အမြင်သက်သက်လည်းဖြစ်နိုင်ပါတယ်။
                   စာတော်တယ်။ အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်းပေါတယ်။ လူချစ်လူခင်များတယ်။ ပရိုပို့ စ်လုပ်တဲ့ ပုရိသတွေကလည်း ရိုက်သတ်ရင်တောင် မကုန်ဘူး။
နောက်ပြီး မော်ဒယ်သင်တန်းတက်နေပြီး အနုပညာဥယျာဉ်ကြီးထဲမှာ ဖူးပွင့်ဝေဆာဖို့ 
ကြိုးစားနေသူ။ သူမ ရိုက်ထားတဲ့ ကြော်ငြာလေးတစ်ခုတောင် တီဗီဖန်သားပြင်ပေါ်မှာ
မြင်နေရပြီ။
                   သူမလည်း ဘာထူးသေးလဲ။ အတန်းဖော်ဖြစ်တဲ့ ကျွန်တော့်ကို တားမြစ်နယ်မြေ၊ မဖြတ်သန်းရဇုန် အဖြစ် သတ်မှတ်ပိုင်းခြားထားတာ။ ကျွန်တော့်အပေါ်ကြည့်တဲ့
သူမရဲ့ အကြည့်တွေကလည်း မိလ္လာကျင်းထဲကို မတော်တဆ ငုံ့ ကြည့်မိတာနဲ့ မခြားဘူး။ ကျွန်တော့်မှာသာ သူမနဲ့ တွေ့ တိုင်း စိတ်ရောလူရော  ကျုံ့ ကျုံ့ ဝင်သွားတာ ထီကရုံးပင်
အတိုင်းပဲ။
                                                                     ****************************************************
                     “အချစ်”ဆိုတဲ့ ခက်ဆစ်ကို ဖွင့်ဆိုဖို့  ကျွန်တော့်ဝေါဟာရတွေ ချိနဲ့ နေတယ်။ ကန္တာရမှာ ပန်းတွေ အုံနဲ့ ကျင်းနဲ့ ပွင့်ချင်ပွင့်မယ်။ ဓူဝံကြယ်ဟာ တောင်အရပ်ကိုကိုယ်စားပြု
ချင်ပြုမယ်။ တိုက်တန်းနစ် သင်္ဘောပျက်ကြီးကို အပ်ချည်ကြိုးနဲ့ ဆွဲတင်လို့ ရချင်ရမယ်။ ကျွန်တော်နဲ့ သူမ ဘဝတွေက မိုးနဲ့ မြေလွှာကို ပေါင်းစပ်ချုပ်သီလို့ မရသလိုမျိုး ထပ်တူကျ
 ခေါက်ချိုးညီဖို့ မလွယ်ဘူးဆိုတာ ကျွန်တော့် ဦးနှောက်နဲ့ အသိစိတ်ထဲမှာအဖြေလွှာ
 ရေးပြီးသား။
                      ဒါပေမဲ့....
                     “ဘယ်မြစ်မှ သူတို့ မြစ်ဖျားခံရာ နေရာကို ဖွက်လို့ ညာလို့ မရဘူး” တဲ့။
                    အမှန်တရားကို ဂစ်တာ တီးရမယ်ဆိုရင် “ကျွန်တော်သူမကို ချစ်တယ်” ဆိုတဲ့ သံစဉ်တွေပဲ ထွက်ကျဖိတ်စင်လာမှာပါ။ ဒါဟာ ကျွန်တော့်နှလုံးသားကို ဘယ်လိုမှ
ညာတာပါတေးလုပ်လို့ မရတဲ့ အမှန်တရားပဲ။ မိုက်မဲတယ်ပဲ ပြောပြော၊ ရူးသွပ်တယ်ပဲ ဆိုဆို၊ ကျွန်တော် သူမကို ချစ်မိတာဟာ မှားယွင်းမှုတစ်ခု ဖြစ်နေမယ်  ဆိုရင်တောင်
ကျွန်တော် ဘယ်တော့မှ မမှန်ချင်တော့ပါဘူး။ လူတိုင်းမှာ ချစ်နေခွင့်ဆိုတဲ့ ဒီမိုကရေစီ တစ်ခုတော့ ရှိတယ်မဟုတ်လား။ ပေါ်တင်ကြီးပဲ ဖြစ်ဖြစ်၊ တိတ်တိတ်လေးပဲ ဖြစ်ဖြစ်၊
ချစ်နေခွင့်တစ်ခုတော့ ပိုင်ဆိုင်လို့ ရပါတယ်။
                   ကျွန်တော် သူမကို ချစ်တာ ဘာပကာသနမှ မပါပါဘူး။ အဖြူရောင်ပန်းချီကားတစ်ချပ်မှာ ကျွန်တော့်အိပ်မက်တွေကို အပ်နှံထားလိုက်ရုံသက်သက်ပါ။ ဇာတ်စင်အောက်က ကြည့်မယ်ဆိုရင် “ဟား” သုံးလုံးတိုက်ပြီး ဟတ်ဟတ်ပက်ပက် ရယ်ခွဲပစ်ဖောက်ရမယ့် ပြက်လုံးတစ်ခု ဖြစ်နေမှာတော့ ကျိန်းသေတယ်။  ကျွန်တော်ရဲ့  အသံတိတ်မိုးခြိမ်းသံတွေကို ဘယ်သူမှ ကြားဖို့ မလိုပါဘူး။ အလံမဲ့ ရထားတစ်စင်းလို သူမရဲ့ သံလမ်းပေါ်မှာ မြတ်နိုးခြင်းတွေနဲ့ တိတ်တိတ်လေး ခုတ်မောင်းနေရရင် ကျွန်တော် ကျေနပ်
ပါပြီ။
                  “ငါ နင့်ကို ငါ့အသက်ဓါတ်ထက် ပိုပြီးချစ်တယ် မြူ”
                    နှလုံးသားနဲ့ ချက်လုပ်ထားတဲ့ အဲဒီ့ ရင်ဝှက် စကားတစ်ခွန်းကတော့ တုန်ယင်နေတဲ့ ကျွန်တော့်နှုတ်ခမ်းတစ်စုံကနေ ဘယ်တော့မှ ထွက်ကျလာမှာ မဟုတ်ပါဘူး။
ဒါဟာ ကျွန်တော် ရက်ရက်စက်စက် ဆင်ဆာဖျက်လိုက်မိတဲ့ ကျွန်တော် မရေးဖြစ်တော့မယ့် ကဗျာ တစ်ပုဒ်ပါပဲ။
                                                                     ****************************************************
                     တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းလေးထွက်လာတော့ ကျွန်တော့်နှလုံးခုန်သံတွေဟာ ငလျင်ကြောတစ်ခုရဲ့ တုန်ခါမှုမျိုးလိုပါပဲ။ သူမရဲ့ လခြမ်းကွေး ပါးချိုင့်လေးတစ်စုံက မဂ္ဂဇင်းမျက်နှာဖုံးထက်မှာ စံပယ်ရုံလေးတစ်ရုံလိုအပြုံးပန်းလေးတွေ
 ဖွေးဖွေးလှုပ်ပွင့်လို့ ။
                     ကျွန်တော် အသက်ရှူရတာ တုန်ယင်လှိုက်မော သွားတယ်။ ဟော...ကျွန်တော့်အိပ်မက်တွေရဲ့ ကျကွဲသံကို ကျွန်တော်ထပ်ပြီး အတိုင်းသားကြားလိုက်ရပြန်တယ်။ကျွန်တော် သူမကို ရည်ရွယ်ပြီးရေးထားတဲ့
 ကဗျာလေးတစ်ပုဒ်က အဲဒီမဂ္ဂဇင်း စာမျက်နှာတစ်ရွက်ရဲ့ ထောင့်ကျဉ်းကျဉ်းလေးမှာ တိတ်တိတ်လေးပါလာတယ်။
                      “ ကျွန်တော်ကဗျာရေးချင်တယ်”
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော့်ဘေးမှာ ဘာမှ မရေးရသေးတဲ့ ကဗျာစာရွက်လေးတစ်ရွက်
ကျွန်တော့်လက်ထဲမှာ ဘာမှ မရေးရသေးတဲ့ ဘော့ပင်လေးတစ်ချောင်း
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော့်ရင်ဘတ်မှာ တိုက်ကြီးတစ်တိုက်စာလောက်ရှိတဲ့ သတိတရတွေ
ကျွန်တော့်နှလုံးသားမှာ ကမ်းရိုးတန်းတစ်ခုလို ရင်ခုန်သံတွေ
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော့်ကဗျာဟာ သူ့ ရယ်သံလွင်လွင်လေးနဲ့ လိုက်ဖက်ပါ့မလား
ကျွန်တော့်ကဗျာဟာ သူ့ ပါးပြင်မို့ မို့ လေးနဲ့ ရစ်သမ်ကျပါ့မလား
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော့်ကဗျာဟာ သူ့ လေညင်းလေးရဲ့ မြေသင်းရနံ့ လေးဖြစ်ပါ့မလား
ကျွန်တော့်ကဗျာဟာ သူ့ ပျော်ရွှင်မှုလေးရဲ့ ကစားကွင်းလေးဖြစ်ပါ့မလား
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော့်ကဗျာကို သူ့ နှုတ်ခမ်းပါးလေးက ခါးသက်နေမလား
ကျွန်တော့်ကဗျာကို သူ့ ဆံနွယ်လေးက မုန်တိုင်းထန်နေမလား
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော့်ကဗျာဟာ နီရိုးဘုရင်ရဲ့ ရောမမြို့ကြီးဖြစ်နေမလား
ကျွန်တော့်ကဗျာဟာ ဆိုကရေးတီးရဲ့ အဆိပ်ခွက်ဖြစ်နေမလား
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော်ကဗျာမရေးချင်ဘူး
                                          ****************************************************************
                       အဲဒီနေ့ က “မြူမိုးအိမ်”ဆိုတဲ့ ကလောင်ပိုင်ရှင်ကို သူမ အသည်းအသန် စုံစမ်းနေတာ ကျွန်တော် တအံ့တသြ တွေ့ လိုက်ရတယ်။ အခန်းထဲက ကျောင်းသားကျောင်းသူ
တွေကို လိုက်မေးနေတာ။ ကျွန်တော်တစ်ယောက်က လွဲရင်ပေါ့။
                     ”နှင်း..မြူမိုးအိမ် ဆိုတဲ့ ကဗျာဆရာကို နင်သိလား”
                     ”မသိဘူးဟ..နင် ဘာလုပ်မလို့ လဲ မြူ”
                     “သူံ ကဗျာလေးကို ကြိုက်လို့ ပါ။ ဖြစ်နိုင်မယ်ဆိုရင် သူနဲ့ ခင်မင်ချင်တယ်”
                     ”ငါတို့ ကတော့ မသိဘူး။ နင်အရမ်းသိချင်တယ်ဆိုရင် မြန်မာစာဌာနကို သွားမေးကြည့်လေ”
                      ကျွန်တော့်ဆံပင်တွေ လေထဲမြောက်တက်သွားသလား၊ ဒါမှမဟုတ် ကျွန်တော့် တစ်ကိုယ်လုံး လေထဲ မျောပါသွားသလား၊ အဖြေကို သေချာ မသိပေမဲ့ ကျွန်တော့် ရင်ထဲမှာ
နတ်ကန္နားပွဲရော၊ ကုလားဘုရားပွဲရော အုံးအုံးကြွက်ကြွက် ဖြစ်နေတာတော့ သေချာတယ်။
                      အို... မဖြစ်ဘူး။မဖြစ်ဘူး။ မြူမိုးအိမ် ဆိုတဲ့ ကလောင်ပိုင်ရှင်ကို သူမ သိလို့ မဖြစ်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် သူနဲ့ ခင်မင်ချင်တယ် တဲ့လား။ ကျွန်တော့်စိတ်နှလုံးသားပေါ်
 ကောင်းကင်ကြီး ပိကျလာတဲ့ အတိုင်း။ ကျွန်တော် ဘာလုပ်ရမလဲ။ မြူမိုးအိမ်ဆိုတာ ကျွန်တော်မှန်း သူမ သိခဲ့ရင်...။ ကျွန်တော့်အတွေး ရေအလျင်ဟာ ဆည်တမံနဲ့  ပိတ်ဆို့ ခံလိုက်ရသလို။
                        ပစ္စက္ခရဲ့ ဆွဲငင်ညှို့ ယူမှုမှာ ကျွန်တော် အချိန်ဘယ်လောက်ကြာကြာ နစ်မြုပ်သွားမှန်း မသိတော့။ သတိရရချင်း မြန်မာစာဌာနဘက်ဆီ အပြေးတစ်ပိုင်း
ထွက်လာခဲ့တယ်။ မြူမိုးအိမ်ရဲ့ ကိုယ်ရေး အကျဉ်းကို ဘယ်သူ့ ကိုမှ အသိမပေးဖို့ ။
 အခန်းရှေ့ ကိုရောက်တော့ သူမ ။ WTC ကိုထိုးစိုက်ခဲ့တဲ့ လေယာဉ်နှစ်စင်းလို သူမရဲ့ မျက်ဝန်းစူးစုးတစ်စုံက ကျွန်တော့်ရင်ဘတ်ပေါ် စိုက်ဝင်သွားတယ်။
                         ”ရှင် နောက်တစ်ခါ ကဗျာရေးရင် ရှင့်ကလောင် နာမည်မှာ “မြူ” ဆိုတဲ့ စာလုံးကို ဘယ်တော့မှ မသုံးပါနဲ့ ”
                         ကျွန်တော့်နှလုံးသားရဲ့ ”အော်သံ” ကို မော်ဒန်ပန်းချီဆရာ မန့် စ် သာ ကြားခဲ့ရင်...။
                                        ***************************************************************
                         ကျွန်တော် အတန်းမတက်တာ ၃ရက်ရှိပါပြီ။ ကျွန်တော် သွားထိုင်နေကျ ကျောင်းဝန်းထဲက လူအရောက် အပေါက်နည်းတဲ့ ဗန်ဒါပင်လေးအောက်မှာပဲ သွားသွားထိုင်နေဖြစ်ပါတယ်။
                                                 ”အလွမ်းဆိုတာ
                                           နင့်နာမည်နဲ့ ရေးထိုးထားတဲ့
                                         ငါ့ရဲ့ ကိုယ်ပိုင်လက်မှတ်ပါပဲ မြူ”
                           အဲဒီ ဗန်ဒါပင်လေးအောက်မှာ ”မြူမိုးအိမ်”ဆိုတဲ့ ကလောင်နာမည်လေးနဲ့  ကျွန်တော် “မိုးခက်” ၊ “မြူ့ ” အတွက် ကဗျာတွေ ဆက်ရေးနေပါတယ်။ မရေမတွက်နိုင်တဲ့ ကဗျာစာရွက်လေးတွေကတော့ ဗန်ဒါပင်ခြေရင်းမှာ ဝပ်ဆင်းနေတဲ့ ရေမြောင်းလေးထဲ စီးမျောနစ်မြုပ်သွားကြစမြဲ။ ဒါကို မြူသိနိုင်ပါ့မလား။ သိခဲ့ရင်လည်း ကျွန်တော့်ကို ကမ္ဘာကြေမှာ မဟုတ်ပါဘူး။ ယိုင်လဲပြိုပျက် ပျော်ကျသွားနိုင်တဲ့ အကြည့်တွေနဲ့  ကျွန်တော့်စိတ် ဝိဥာဉ်ကို နှုတ်ယူသွားမှာ ကျိန်းသေပါတယ်။
                          ဒီနေ့ လည်း အဲဒီ ဗန်ဒါပင်လေးဆီ ကျွန်တော် တိတ်တဆိတ် ထွက်လာ
ခဲ့ပြန်တယ်။ ခေါင်းငိုက်စိုက် လျှောက်လာမိတဲ့ ကျွန်တော့် ခြေအစုံက မြက်ရိုင်းလမ်းလေးနား
အရောက်မှာ တန့် ခနဲ။ကြည်ပြာရောင် ပိုက်ဆံအိတ် တစ်အိတ်က မြက်ရိုင်းပင်တွေကြားမှာ
ကပိုကရိုလေး အိပ်စက်လို့ ။ ကျွန်တော် ကောက်ယူကြည့်လိုက်တော့ အာမေဍ္ဍိတ်သံတစ်ခုပါ လွတ်ကျသွားတယ်။ မြူလင်းဝေ။ ကျွန်တော့်ရင်ဘတ်ထဲက ခပ်နက်နက်နေရာမှာ
စိုးစံမင်းမူနေတဲ့  မြူလင်းဝေ။  လခြမ်းကွေး ပါးချိုင့်လေးနဲ့ အလှဓါတ်ပုံသေးသေးလေးက ပိုက်ဆံအိတ်ထဲကနေ ကျွန်တော့်ကို ပြုံးပြုံးလေး ကြည့်နေတယ်။
                            ပြီးတော့ ကျောင်းသားကဒ်နဲ့ မှတ်ပုံတင်ကဒ်။ အဲဒီ ကဒ်တွေထဲမှာလည်း သူမရဲ့ လခြမ်းကွေး ပါးချိုင့်လေးတွေ။ ဒီပိုက်ဆံအိတ်က လူသူရှင်းတဲ့ ဒီနေရာကို ဘာလို့ ရောက်
နေရတာလဲ။ မြူများကျကျန်ခဲ့သလား။ ပိုက်ဆံတော့ တစ်ရွက်မှ မတွေ့ ရဘူး။
 ကျောင်းသားကဒ်နဲ့  မှတ်ပုံတင်ကဒ်က အရေးကြီးတဲ့ကဒ်တွေ။ စာမေးပွဲနီးလာပြီဆိုတော့ မြူ့အတွက် အခက်အခဲရှိလာနိုင်တယ်။  ဘာပဲဖြစ်ဖြစ်  မြူ့ထံ အရောက်ပြန်ပို့ ဖို့  ကျွန်တော် ဆုံးဖြတ်လိုက်တယ်။
                         ကျောင်း မိန်း လမ်းမ ပေါ်ပြန်ရောက်တော့ မျက်နှာချင်းဆိုင် ”ဘွား”ခနဲ တွေ့ လိုက်တာက မြူတို့ သူငယ်ချင်း အုပ်စု။ ကျွန်တော့်လက်ထဲက ကြည်ပြာရောင် ပိုက်ဆံအိတ်လေးကို အမှတ်မထင်တွေ့ လိုက်ရတော့ တစ်အုပ်စုလုံး ကျွန်တော့်ဆီ သုတ်ခနဲ ရောက်လာတယ်။ အဲဒီနောက် ကျွန်တော့်လက်ထဲက ပိုက်ဆံအိတ်လေးဟာ ဆတ်ခနဲ ဆွဲယူခံလိုက်ရတယ်။
                          ”မြူ ..ဒါ နင့်ပိုက်ဆံ အိတ်ပဲ”
                         ” ဟုတ်တယ်...ဟုတ်တယ်...လက်ပူးလက်ကြပ်ပဲ”
                         “မထင်ရဘူးဟယ်...လုပ်စားတာ ကြာပြီထင်တယ် ။ လျင်လိုက်တာ ဘယ်အချိန်က ဘယ်လို နှိုက်ယူထားလိုက်တာလဲ မသိဘူး”
                         အို..ဘုရား... ဘုရား..။ မြူ့ သူငယ်ချင်းတွေ ဘာတွေပြောနေကြတာလဲ။ မဟုတ်ဘူး။ မဟုတ်ဘူး။ သူတို့ ပြောသလို မဟုတ်ဘူး။ ကျွန်တော့် နှုတ်ခမ်းတွေ ရုတ်တရက်ကြီး  ဆွံ့ အနေလိုက်တာ ဦးခေါင်းတစ်ခုလုံးချာချာလည်လို့ ။ အဲဒီနောက်မှာတော့ သူမရဲ့ စက်စုတ်ရွံရှာတဲ့ အကြည့်က ကျွန်တော့်မျက်နှာဆီ စပေါ့လိုက် တစ်ခုလို ထိုးကျလာတယ်။ ပြီးတော့..ကျွန်တော့် စိတ်ဝိဥာဉ်ကို နှုတ်ယူ သွားစေမယ့်၊ ကျွန်တော့် ကိုယ်ခန္စာ တစ်ခုလုံး ယိုင်လဲ ပြိုပျက် ပျော်ကျ သွားစေမယ့် စကားတစ်ခွန်း။
                      ”ရှင့်ရဲ့ စိတ်က ရှင့်ရဲ့ ရုပ်နဲ့ တစ်ထပ်တည်းပဲ”
                                  **************************
                ကျွန်တော့်အပေါ် ယုံကြည်မှု ကင်းမဲ့နေတဲ့ မျက်လုံးတွေအောက်မှာ ကျွန်တော့် ဖြောင့်ချက်ဟာ သေးငယ်မှုန်ဝါး ပျောက်ကွယ်သွားမတတ်ပါပဲ။ ကံတရားက ကျွန်တော့် တစ်ကိုယ်စာ အရိပ်မည်းကြီးထိုးကျခဲ့ပေမယ့် အမှန်တရားနဲ့ ကျွန်တော့်ကိုယ်ကျင့်
တရားကိုတော့ ကျွန်တော်အကြွင်းမဲ့ ယုံကြည်သက်ဝင်နေဆဲ ပါပဲ။
                 ပါမောက္ခကြီးဆီက ဘယ်လို ဆုံးဖြတ်ချက်မျိုး ထွက်အံကျလာပါစေ ၊ ကျွန်တော့် လိပ်ပြာလေးကတော့ ကျွန်တော့် ကမ္ဘာငယ်လေးထဲမှာ ရိုးရိုးသားသား ဆက်လက်ပျံဝဲ နေဦးမှာပါ။
                  ကျွန်တော့် နှလုံးသားကတော့.............။ ။
                                                                                                                                                                                                           လင်းလက်တာရာ
                                                                                                                                     ၁၂၊၁၊၂၀၁၃
Sunday 6 January 2013
ပြန်လင်းတန်း
                                                           (၁)
             “အုန်းတောရွာ”တဲ့။
              အုန်းပင်တွေသာမရှိရင် ကျုပ်တို့ ရွာဟာ အုန်းတောရွာ လို့ တွင်လာစရာ အကြောင်းမရှိဘူး။ တစ်ရွာလုံး အုန်းပင်တွေနဲ့ ဂျမ်းထောနေတာ။ တောင်ကုန်းတစ်ခုပေါ်ကနေ ကြည့်လိုက်မယ်ဆိုရင် အစိမ်းရင့်ရင့် နဂါးကြီးတစ်ကောင် အမောက်ထောင်နေသလိုမျိုး။
                အုန်းပင်တွေ တလူလူထူချက်ကတော့ ရွာနှီးချုပ်စပ်ကရွာတွေ ငေးယူရတဲ့
အထိပဲ။ အုန်းတောရွာအကြောင်းပြောရင် ဦးအုန်းမြိုင်က မပါမဖြစ်။ ဦးအုန်းမြိုင်အကြောင်း
ပြောရင်လည်း သူ့ အုန်းခြံကြီးက ကပ်ပါလာစမြဲ။ အုန်းတောရွာသာ နဂါးကြီးတစ်ကောင်ဆိုရင်
အမောက်ထောင်နေတဲ့ နေရာက ဦးအုန်းမြိုင်ရဲ့ အုန်းခြံကြီးပဲ။ နည်းတာမဟုတ်ဘူး။ ရွာဖျားမှာ
ရှိတဲ့ သူ့ အုန်းခြံကြီးက ဟီးဟီးကိုထလို့ ။
               လူတစ်ကိုယ် အရူးတစ်မျိုးဆိုသလို ကျုပ်တို့ ရွာက ဦးအုန်းမြိုင်ကြီးကတော့ နာမည်နဲ့ လိုက်အောင် အုန်းရူးရူးတာ။ ဘယ်လောက်ထိရူးသလဲဆိုရင် သူ့ သားနှစ်ယောက်
ရဲ့နာမည်တောင် အုန်းပိုင်နဲ့ အုန်းခိုင် လို့ မှည့်ထားတာသာကြည့်ပေတော့။ အုန်းမျိုးအုန်းနွယ်
လို့ ပဲဆိုကြပါစို့ ။ ဦးအုန်းမြိုင်ကမုဆိုးဖို။ သူ့ မိန်းမ ဒေါ်ခင်ကြည် ဆုံးပါးခဲ့တာ ၇ နှစ်လောက်ရှိပြီ။ အကြီးကောင် အုန်းပိုင်က တက္ကသိုလ် ပထမနှစ်တောင် တက်နေပြီ။ အငယ်ကောင်က ၉တန်း။ သားနှစ်ယောက်စလုံးကိုမြို့မှာပို့ ထားတာ။ ကျောင်းပိတ်တဲ့ အချိန်ပဲ ရွာမှာတွေ့ ရတယ်။
                ကျုပ်တို့ ရွာမှာတော့ ဦးအုန်းမြိုင်က မျက်နှာကြီးပဲ။ ငွေတိုးပေးစားတယ်။ မဆပ်နိုင်ရင် အုန်းပင်တွေ သိမ်းတယ်။ ရွာထဲက အုန်းပင်တော်တော်များများတောင် သူပိုင် အုန်းပင်တွေ ဖြစ်ကုန်ပြီ။ အုန်းကို အဲသလို ရူးတာ။
                သီးလိုက်တဲ့ အုန်းပင်တွေကလည်း  တစ်နှစ် တစ်နှစ် ဝင်ငွေ မနည်းဘူး။ မြို့ပေါ်မှာတောင် အုန်းတောမြိုင်အုန်းသီးက နာမည်ကြီးတယ်။ ဈေးကွက်မှာ နှာတစ်ဖျား သာတယ်။ အုန်းသီးတွေကလည်း လှပြီး အသားထူတာကိုး။
                  အဲဒီ အုန်းသီးလှလှကြီးတွေကို မြေခပေးသူက ဖိုးအေး။ အသက်က ရှိလှမှ ၁၅နှစ်။ အုန်းပင်တက်ကတော့ကျွမ်းသလားမမေးနဲ့ ။ဖတ်ဖတ်နဲ့ တက်သွားတာ မျောက်တစ်ကောင်
လား မှတ်ရတယ်။ အဲဒီလို ကျွမ်းကျင် အဆင့် ရောက်အောင်ပဲ ဦးအုန်းမြိုင်က ပုံစံခွက်ထဲ ရိုက်ထည့်ခဲ့တာ။
                   ဖိုးအေးဘဝက ကြမ်းတယ်။ သူ့ ကိုမွေးပြီးချိန်မှာပဲ သူ့ အမေမိလုံး မီးတွင်းထဲမှာဆုံးတယ်။ သူ ၁၀နှစ်သားရောက်တော့ သူ့ အဖေသံခဲက ပိုးထိပြီး သူ့ ကို ထားခဲ့ပြန်တယ်။
              တစ်ကောင်ကြွက်ဖြစ်သွားတဲ့ဖိုးအေးကို ဦးအုန်းမြိုင်ကသူ့ အုန်းတောကြီးထဲမှာ
 ခေါ်ထားလိုက်တယ်။ တစ်ရွာလုံး ဦးအုန်းမြိုင်ကို ကျေးဇူးတင်လို့     မဆုံးဘူး။ ဒါပေမယ့် မကြာဘူး။ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးကအစွယ်တဖွေးဖွေး ပေါ်လာတော့တာပဲ။
                   ဖိုးအေးကို ကျောင်းထားပေးဖို့ နေနေသာသာ။ ဝတ်ရတော့အစုတ်၊ စားရတော့ တစ်လုပ်တစ်ဆုပ်ဆိုသလို စားရင်းငှား တစ်ယောက်ထက်တောင် ပိုပြီးမဆက်ဆံခဲ့ဘူး။
၁၃ နှစ်သားအရွယ်မှာပဲ အုန်းပင်စတက်ခိုင်းတယ်။ အုန်းပင်အောက်မှာ ကျိန်လုံးတစ်ချောင်းနဲ့ 
စောင့်ပြီးတော့ကို မောင်းတာ။ မတက်နိုင်လို့ ပြန်လျှောကျလာရင် ကျိန်လုံးနဲ့ ရိုက်ပြီး ပြန်တက်ခိုင်းတယ်။
                  ဗိုက်မှာ အမာရွတ်၊ လက်မှာ အသားမာ ၊ ကျောမှာ အဆင်းရာတွေ ဗရပွနဲ့ ပဲ ဖိုးအေး အုန်းပင်တက်သမားဖြစ်လာတယ်။ ၁၅ နှစ်သားမှာတင် ကျွမ်းကျင်အဆင့်ကို
ရောက်နေပြီ။ အရင်က တစ်ဦးတည်းသော အုန်းပင်တက်သမားဖြစ်တဲ့ ချက်စူ ကို ငှားပြီး အုန်းသီးတွေ ချခဲ့တဲ့ ဦးအုန်းမြိုင် ပိတိပြုံးတွေဝေပြီပေါ့။ ဖိုးအေးက ချက်စူကို ယှဉ်နိုင်တဲ့ အပြင် အမြင့်မားဆုံးဆိုတဲ့ သက်တမ်းရင့်ပင်ကြီးတွေကိုတောင် အိမ်ဦးနဲ့ ကြမ်းကပျဉ်လို
ခြေရာချင်းထပ်နေပြီဆိုတော့။
                    တစ်ရွာလုံးကတော့ ဖိုးအေးလေးကို သနားဂရုဏာ သက်ကြတယ်။ ဦးအုန်းမြိုင်ကြီးကတော့“ ဒီယုန်မြင်လို့ ဒီခြုံထွင်တယ် ”ဆိုတဲ့ ဆိုရိုးစကားထဲ တန်းဝင်သွားတော့တာပဲ။ ဘာပဲ ဖြစ်ဖြစ် သင်္ကြန်မှာ ပိတောက်က ဇာတ်လိုက် ဆိုရင် ကျုပ်တို့ အုန်းတောရွာရဲ့ ဇာတ်လိုက်က ဖိုးအေးကလွဲပြီး ဘယ်သူများ ဖြစ်လာနိုင်ဦးမှာလဲ။
                                                            (၂)
                   မိန်းမက နတ်အုန်းသီး အလိုရှိတယ် ဆိုလို့  ကျုပ်ခေါင်းစားသွားတယ်။ နတ်အုန်းသီးဆိုတာ ကြွက်မြီးလှမှ ကောင်းမှ သုံးကြတာ။ အိမ်မှာ အုန်းပင်ရှိပေမဲ့ ကျုပ်က အဖြစ်ရှိတဲ့ကောင်မဟုတ်။ အုန်းပင် ခါးလယ်လောက်ရောက်ရင်တောင် ဒူးတုန်ရင်တုန် တစ်ကိုယ်လုံးတုန်နေတာ။ မဖြစ်ဘူး။ ဝယ်သုံးရတော့မှာပဲ။
                   ပထမတော့ ချက်စူကို ငှားပြီး တက်ခိုင်းမလို့ ပဲ။ ဒီကောင် အခုနောက်ပိုင်း အသောက်များနေတော့ သိပ်မငှားရဲဘူး။ တော်ကြာ၊ မူးမူးနဲ့ ချော်ကျနေမှဖြင့်....။ ဒီလိုနဲ့ ပဲ ဦးအုန်းမြိုင်ရဲ့ အုန်းတောကြီးဆီ ခြေဦးလှည့်မိ တယ်ဆိုပါတော့။
                   “ဟေ့ကောင် ဖိုးအေး၊ ငါအုန်းရည်သောက်ချင်တယ်။ အရည်သောက်တစ်လုံး တက်ခူးပေးစမ်း”
                   ဦးအုန်းမြိုင်သား အငယ်ကောင် အုန်းခိုင်ရဲ့ အမိန့် သံက ကျုပ်ခြေထောက်တစ်စုံကို တုန့် ခနဲ ဖြစ်သွားစေတယ်။ လေသံက လက်ညှိုးငေါက်ငေါက်ထိုးပြီး ခိုင်းတဲ့ တံဆိပ်ကြီးကြီးရဲ့ အသံမျိုး။ မာဆတ်ဆတ်။ ဂျွတ်ထန်ထန်။ အုန်းခိုင်နဲ့ ဖိုးအေးက သက်တူရွယ်တူ။ မြို့ကျောင်းမှာ ပညာသင်နေတဲ့ ဒီကောင်လေး ပါးစပ်က ဒီလိုအသံမျိုးတွေ ထွက်ကျလာတော့ ကျုပ်ရင်ထဲ ကျင်ခနဲ ဖြစ်သွားတယ်။
                   ကြည့်လိုက်တော့ ဖိုးအေးက အုန်းပင်အလယ်လောက်တောင် ရောက်နေပြီ။
 ဟော....   တစ်ဖတ်ဖတ်နဲ့ တက်သွားတာ ခဏလေးအတွင်းမှာပဲ     အုန်းပင်ထိပ်ကို
 ရောက်သွားတယ်။ လက်လှမ်းမီတဲ့အုန်းသီးစိမ်းတစ်လုံးကို ဆွဲလိမ်ခူးယူပြီး အောက်ကို ပစ်ချပေးမယ် အလုပ်...
                  “ဟေ့ကောင် ငတုံး... ပစ်မချနဲ့ ။ အုန်းရည်ချဉ်သွားမှာပေါ့ကွ”
                   အုန်းချိုရဲ့အသံက ခက်ထန်မာကျောနေတယ်။ ဖိုးအေးကတော့ ဘာမှ ပြန်မပြောဘူး။ အုန်းသီးအညှာကို ပါးစပ်ကကိုက်ပြီး အောက်ကို ဆင်းလာတယ်။ ကျုပ် အသည်းတွေ တယားယား။ အုန်းပင်က လေတိုက်လို့ ယိမ်းခါနေတယ်။ ဖိုးအေးကတော့ အေးဆေးပဲ။
                    အောက်ရောက်တော့ အုန်းသီးကို ဓါးနဲ့ ခွဲပြီး အုန်းချိုကိုပေးတယ်။ အုန်းချိုက အုန်းရည်ကို တဂွတ်ဂွတ်နဲ့ သောက်ပြီး...
                    “ ငါ့ကို အုန်းရွက်ဖူး လှလှတစ်ခု တက်ခုတ်ပေးဦး။ ကန်ထဲမှာ
 လှေလွှတ်တမ်းကစားမလို့ ”
                    ချက်ချင်းဆိုသလို ဖိုးအေး အုန်းပင်ပေါ်ရောက်သွားပြန်တယ်။ အလှဆုံး အုန်းရွက်ဖူးကို ရွေးပြီး ခုတ်တယ်။ အောက်ကို ပစ်ချပေးမယ်ကြံတော့...
                      “ ဟေ့ကောင်ငပိန်း...ပစ်ချလိုက်ရင် လှေဦးကျိုးသွားမှာပေါ့ကွ”
                    အုန်းချိုက ခါးထောက်လျှက်တန်းလန်းနဲ့ အော်ပြောတယ်။ ဖိုးအေး ၊ အုန်းရွက်ဖူးကို ပါးစပ်နဲ့ ကိုက်ပြီးဆင်းလာတယ်။ ယိမ်းထိုးနေတဲ့ အုန်းပင်ထက်မှာ ဖိုးအေးရဲ့ လှုပ်ရှားမှုက အသက်ရှူမှားလောက်စရာ။ အောက်ရောက်တော့...
                     “ သောက်သုံးမကျတဲ့ကောင်...ကန်းနေလား။ဒီမှာတစ်ဖက်စောင်းနေတာ။
 နောက်တစ်ပင်တက်။ ဒီထက် လှတာ ခုတ်ပေး”
                     ကျုပ်နားတွေ ခံနိုင်ရည် မရှိတော့ဘူး။ လေးလံ ထိုင်းမှိုင်းတဲ့ ရင်ဘတ်အစုံနဲ့ ပဲ ချာခနဲ လှည့်ထွက် လာခဲ့တယ်။
                                                               (၃)
                    ချက်စူ ၊ အုန်းပင်ပေါ်က ပြုတ်ကျပြီး ဆုံးတဲ့ သတင်းက ကျုပ်တို့  အုန်းတောမြိုင် ရွာကလေးကို သိမ့်သိမ့်တုန်သွားစေတယ်။ တစ်ရွာလုံး ချက်စူကို ဂရုဏာသက်လို့ မဆုံးဘူး။.
                     “ကိုချက်စူရေ...ရှင် သိပ်ကြိုက်ပါတယ်ဆိုတဲ့ အရက်က ရှင့်ကို သတ်လိုက်ပြီ မဟုတ်လား။ ကျုပ်တို့ သားအမိ ၄ ယောက်ကို ထကြည့်ပါဦးတော့”
                       ချက်စူ မိန်းမ ဘုတ်ဆုံခမျှာ မပဋ္ဋာမြေလူးပဲ။ လူမမယ်ကလေး ၃ ယောက်နဲ့ 
 ရှေ့ ဆက်ရမယ့် ဘုတ်ဆုံရဲ့  အနာဂတ်ကို တွေးပြီး တစ်ရွာလုံးက  ရင်လေးနေကြတယ်။
                        ချက်စူ အသုဘ ချတော့ အခေါင်းကို အင်နဲ့ အားနဲ့ ဝင်ထမ်းသူက ဖိုးအေး။
အသက်က ၁၅ နှစ်သာဆိုတယ် ရွာမှာရှိတဲ့ ကာလသားပေါက်တွေထက် ဖွံ့ ထွားသန်မာတယ်။
အုန်းပင် ဖက်တက်နေကျ လက်ကြမ်းကြမ်းဟာ ချက်စူ အခေါင်းကို ကျစ်ကျစ်မြည်အောင် ဆုပ်
လို့ ။ သုံးလွန်းတင် ကြိုးခွေကြီး လွယ်ပိုးနေကျ ပခုံးသားမာမာဟာ ချက်စူ အခေါင်းကို မမောစတမ်း ထမ်းလို့ ။ သူ့ မျက်နှာသာ ပိတ်စ တစ်စဆိုရင် ချည်မျှင်ဆန်တဲ့ အကွက်အဆန်း
တွေဟာ ဝမ်းနည်းမှုတွေပဲ ဖြစ်လိမ့်မယ်။
                        ရွာမှာ အုန်းပင်တက်သမားက ချက်စူနဲ့ ဖိုးအေး နှစ်ယောက်တည်းဆိုတော့
ရဲဘော်ရဲဖက် အိုးစားဖက်ကြီးတစ်ယောက် ဆုံးရှုံးရသလို ဖိုးအေး ခံစားနေရပုံရတယ်။ ချက်စူ
အလောင်းမြေကျတဲ့အထိ  ဖိုးအေးရှိနေတယ်။
                       ချက်စူရဲ့ မြေပုံမို့ မို့ ကို တလှည့် နေလောင်ထားတဲ့ ကြေးနီရောင်မျက်နှာမှာ
ချွေးပူပူ စိုနေတဲ့ ဖိုးအေးကို တလှည့်ကြည့်ပြီး  ကျုပ်စိတ်တွေ လေးလံကျပ်ခဲလာတယ်။
အာရုံထဲမှာ ဖိုးအေး။ ဖိုးအေးလေး ဒီလို အဖြစ်ဆိုးမျိုးနဲ့ မကြုံပါစေနဲ့ လို့ ကျုပ် ထပ်ခါတလဲလဲ
ဆုတောင်းနေမိတယ်။
                       အတွေးတွေ တပွေ့ တပိုက်နဲ့ အသုဘ ပို့ ပြီးပြန်အလာ ဦးအုန်းမြိုင်ရဲ့ အုန်းတောကြီးနား အရောက် ကြားလိုက်ရတဲ့စကားက ကျုပ်ဆံပင်တွေကို ထောင်ထ သွားစေတော့တာပဲ။
                      “ကိုချက်စူကြီး သေသွားတာ သားတို့ အတွက်တော့ မဟာဆုလာဒ်ကြီးပဲနော် အဖေ”
                      “ဘာဖြစ်လို့ လဲ ငါ့သားရ”
                       “အဖေကလည်း ဝေးလိုက်တာ။ အခုဆို အုန်းတောရွာမှာ
အုန်းပင်တက်သမားက ဖိုးအေး တစ်ယောက်ပဲ ရှိတော့တယ်လေ။ နောက်ဆို ရွာထဲက လူတွေ အုန်းသီးလိုရင် ဖိုးအေးကိုပဲ လာငှားကြတော့မှာ။ သားတို့ အတွက် ဝင်ငွေ တိုးပြီပေါ့”
                        “ဟာ...ငါ့သားက အလာကြီးပဲ။ စီးပွားရေး ဈေးကွက်တောင် မြင်တတ်နေပြီ။ 
အဖေ ခြေရာကို နင်းနိုင်တယ် ဟားဟား”
                        ကျုပ်နားထဲ သံရည်ပူတွေ လောင်းချလိုက်သလိုပဲ။ မေတ္တာတရား၊ ကိုယ်ချင်းစာတရား  ရှားပါးလွန်းတဲ့  လူတွေ။  ငွေမျက်နှာ တစ်ခုတည်းကိုပဲ  စေ့စေ့ ကြည့်ချင်ကြတဲ့ လူတွေ။ ဒီလို လူမျိုးတွေရဲ့ လက်ထဲကနေ ဖိုးအေးလေးကို ကျုပ် အလျှင်အမြန် လွတ်မြောက်စေချင် နေမိတယ်။
                        ဒီအုန်းခြံကြီးဘေးကနေ ဖြတ်လျှောက်မိတဲ့ ကျုပ်ခြေထောက်တွေကိုပဲ
ဖြတ်ပစ်လိုက်ချင်ရဲ့။  ကြွေကျနေတဲ့ အုန်းလက်ခြောက် အောက်မှာ ပုပ်ပွနေတဲ့
ကြွက်သေနံ့ က ကျုပ်နှာခေါင်းထဲကို ထောင်းခနဲဝင်လာတာ ပျို့ အန်မတတ်ပဲ။ ဖိုးအေးလေး
အတွက် ခံစားနေရတဲ့ ကျုပ်ရဲ့ ဝေဒနာတွေကိုလည်း တစ်စမကျန် အန်ထုတ်ပစ်လို့ ရရင်
ကျုပ် အန်ထုတ်ပစ်လိုက်ချင်တယ်။
                       ဒီပုပ်ပွနေတဲ့ ကြွက်သေကရော ဦးအုန်းမြိုင်ရဲ့ အုန်းသီးနုနုတွေကို ကိုက်ခဲ့မိ
ပြီ ထင်တယ်။ ကြွက်သေတွေ ဘယ်နှကောင်တောင် ရှိနေပြီလဲ။
                                                        (၄)
                         ဦးအုန်းမြိုင် မြို့တက်ပြီး အုန်းသီးတွေ စက်လှေနဲ့ သွားပို့ တဲ့ တစ်နေ့ ။
ကျုပ် ဖိုးအေးဆီ လစ်ထွက်လာခဲ့တယ်။ အကြောင်းရင်းကတော့ ဖိုးအေးကိုသတိပေးစကား
 ပြောဖို့ ။အုန်းခြံထဲရောက်တော့ အုန်းလက်ခြောက်တွေကို ဓါးပါးကလေးနဲ့ သပ်သင်နေတဲ့
ဖိုးအေးက အခန့် သင့်။
                         ကြည့်စမ်းပါဦး။ ဦးအုန်းမြိုင်ရဲ့ ကြိုးဆွဲရာမှာ အလိုက်သင့် လှလှပပ အသုံးတော်ခံ ကပြ ဖျော်ဖြေနေတဲ့ ရုပ်သေးကလေး။ ဦးအုန်းမြိုင်ရဲ့ စီးပွား ဖွံ့ ဖြိုးတိုးတက် ကြီးပွားဖို့ အတွက် အုန်းလက်တံမြက်စည်းတွေ လုပ်နေတဲ့ ဖိုးအေး။
                        “ဟာ..ကိုကြီးသြပါလား။ လာဗျာ...ဘာကိစ္စလဲ။ ဘကြီးအုန်းမြိုင်နဲ့ တွေ့ ချင်လို့ လား။
သူ မရှိဘူးဗျ။ မြို့ကို အုန်းသီးသွားပို့ တယ်”
                       “ မင်းနဲ့ စကားလေးဘာလေး ပြောချင်လို့ ပါ ဖိုးအေးရာ၊ ဦးအုန်းမြိုင်မရှိတုန်း လစ်လာရတာ”
                        ဖိုးအေးက ရယ်ကျဲကျဲလုပ်နေရင်း...
                       “ ဘကြီးအုန်းမြိုင် ရှိလည်း လာလို့ ရတာပဲ ကိုကြီးသြရာ..ကျွန်တော့်မှာ စကားပြောဖော်ဆိုလို့ 
အုန်းပင်တွေပဲရှိတာဗျ”
                         ဖိုးအေးရဲ့ အထီးကျန်နေ့ ရက်တွေကို ကျုပ်ကောင်းကောင်းကြီး  ကိုယ်ချင်းစာနာပါတယ်။ တစ်နေ့ တစ်နေ့ အုန်းသီး၊ အုန်းလက်၊ အုန်းရွက်တွေနဲ့ ပဲ အလုပ်ရှုပ် အချိန်ကုန်နေတာ။ ပျော်ရွှင်စရာ၊
ကြည်နူးစရာဆိုတာ ဖိုးအေးအတွက် သူစိမ်းဆန်တဲ့ ဘာသာစကားတွေများ ဖြစ်နေပြီလား။
                         အုန်းပင်ထက်က တအားအား အော်နေတဲ့ ကျီးအာသံတွေက ကျုပ်တို့ ၂ယောက်ရဲ့ နောက်ခံ
တေးပဲ။ ကျုပ်..ဖိုးအေးကို ခရားက ရေလွှတ်သလို စကားတွေ အများကြီးပြောနေမိတယ်။ အဓိကကတော့
အုန်းပင်တက်တဲ့ အခါ သတိဝရိယနဲ့ တက်ဖို့ ။
                         ဖိုးအေးကတော့ ကျုပ်စကားတွေကို တလေးတစားနဲ့ ခေါင်းတညိတ်ညိတ် လုပ်နေရှာတယ်။
ပြန်ခါနီးမှာ ကျုပ် ဖိုးအေးကို စကားတစ်ခွန်း မေးမိတယ်။  “ဒီအုန်းတောကြီးထဲမှာပဲ တစ်သက်လုံးနေ
သွားတော့မှာလား” ဆိုတာ။  ဖိုးအေး ဖြေရ ခက်ခဲ ကျပ်တည်းသွားပုံရတယ်။ သင်ပြီးသား အုန်းလက်ကြောတွေကို စိုက်ကြည့်နေတာ အကြာကြီး။
                         ခပ်လှမ်းလှမ်းမှ အုန်းသီးတစ်လုံးကြွေကျသံက “အုန်း”ခနဲ။
                                                                    (၄)
                      တစ်ရွာလုံးမှာ ရှိတဲ့ အုန်းပင်တွေကို မနားမနေတက်နေရတဲ့ ဖိုးအေးလေးကို ကြည့်ပြီး ကျုပ်ရင်တွေ နာနာကျင်ကျင်ဖြစ်နေတယ်။
                       ပညာရှာရမယ့် အရွယ်မှာ လောကဓံရဲ့အထုအထောင်းကို ကောင်းကောင်းကြီး
ခံနေရရှာ တဲ့ကလေးတစ်ယောက်။ ကြမ်းတမ်းခက်ထန်လွန်းတဲ့  ဘဝခရောင်းလမ်းမှာ မနိုင်ဝန်ထမ်းနေရတဲ့  လူငယ်လေး။
                        ကျုပ် ဖိုးအေးအတွက် ဂရုဏာထား ပင့်သက်ချပေးရုံကလွဲပြီး ဘာမှ မတတ်နိုင်။ ဖြစ်နိုင်ရင် ဒီဒုက္ခတောကြီးထဲကနေ ဖိုးအေးလေးကို အမြန်ဆုံး ဆွဲထုတ်ကယ်တင်  ပေးချင်နေမိတယ်။
                        “ကိုရင်သြရေ...ကိုရင်သြ၊ ကျုပ်တို့ တစ်ရွာလုံးအတွက် သတင်းကောင်းပဲဗျို့ ”
                       မြကြီးရဲ့ ဝမ်းသာအဲလဲ အသံက ကျုပ်ရဲ့ အတွေးယာဉ်ကြောကို တိခနဲ မြည်အောင် ဖြတ်တောက်ပစ်လိုက်တယ်။
                        ”ဘယ်လို သတင်းကောင်းလဲဗျ ကိုမြကြီးရ”
                         ကျုပ် အငမ်းမရမေးလိုက်တော့ မြကြီးကလည်း ဝမ်းသာအဲလဲနဲ့ ...
                        “ ရန်ကုန်ကရောက်လာတဲ့ ရွာဦးကျောင်း သိမ်ဒကာလင်မယားက ဖိုးအေးလေးကို အမွေစားအမွေခံ  မွေးစားချင်လို့ တဲ့ဗျ”
                        ”ဟာ...တကယ်လား ကိုမြကြီး”
                         ကျုပ်  ကိုယ့်နားကိုယ်တောင်မယုံချင်။ အိပ်မက်များလားလို့ ကိုယ့်အသားကိုယ်
ဆိတ်ကြည့်လိုက်တယ်။ မဟုတ်။ ရင်ဘတ်ထဲ ပျော်ရွှင်ခြင်းတွေ ရွှဲရွှဲဆိုအောင် ရွာပြီ။
                        “တကယ်ဗျာ။ ဖိုးအေးလေးရဲ့ ဘဝကို သနားဂရုဏာ သက်ပြီး ကြားကြားချင်းမြင်မြင်ချင်း အမွေစားအမွေခံ  မွေးစားမယ်ဖြစ်ကုန်တာ။ ခု..ဆရာတော်နဲ့ တိုင်ပင်ပြီး ဦးအုန်းမြိုင်ဆီမှာ မွေးစားခွင့် သွားတောင်းဖို့ စီစဉ်နေကြတယ်”
                      ရင်တွေ တဆတ်ဆတ် တုန်ခါသွားရတဲ့ အထိ ဝမ်းသာပီတိအစုံက ကျုပ်ရင်ဘတ်ကြီးကို တဝုန်းဝုန်း ရိုက်ခတ်သွားတယ်။ ကံတရားဆိုတာ တယ်လည်း တန်းကြယ်လွန်း ပါလား။ ပက်ကြားအက်
အက်ကျဲကျဲကြီးထဲ အမှတ်မထင်ရွာချပေးလိုက်တဲ့ မိုးရေစက်တွေကို ကျုပ် သိပ်ကျေးဇူးတင်နေမိတယ်။
                        ကျုပ် သတင်းကြားရသလောက် သူဌေးလင်မယားဟာအတော်ချမ်းသာတယ်ဆိုပဲ။ ဆရာတော် ရန်ကုန်မြို့ကြီးဆီ ဘူရားဖူးသွားရင်း ဆုံခဲ့တာတဲ့။ ဆရာတော့်ကိုကြည်ညိုလွန်းလို့ 
ရွာအထိလိုက်လာပြီး ရွာဦးကျောင်းမှာ သိမ်ဆောက်လုပ်လှူဒါန်းပေးတာတဲ့။ အဲဒီ သူတော်ကောင်း
လင်မယားက ဖိုးအေးကို အမွေစားအမွေခံ မွေးစားမယ်ဆိုတော့ ကျုပ်ထက်ပျော်တဲ့သူတောင် ကျုပ်လောက် ပျော်မှာ မဟုတ်ဘူး။
                        ဖိုးအေးရေ...မင်းဘာမှ အားမငယ်နဲ့ ။ မင်းဘာမှ စိတ်ဓါတ်မကျနဲ့ ။ ကံကောင်းခြင်းတွေ မင်းဆီကို တားဆီးလို့ မရအောင် စီးဆင်းလာပြီကွ။
                        ကောင်းကင်ပြာပြာမှာ ဗီလိန်တိမ်မည်းတွေ ကင်းစင် လှပသာယာနေပြီ
ဆိုတာ ကျုပ်မကြည့်ဘဲနဲ့  သိလိုက်ပြီ။ 
                                                 (၅)
                        “မွေးစားခွင့် ဟုတ်လား ၊ မပေးနိုင်ဘူး ၊ လုံးဝ မပေးနိုင်ဘူး”
                        ဦးအုန်းမြိုင်ရဲ့ အသံနက်နက်ကြီးက အုန်းပင်ထက်က ကျီးကန်းတွေကိုတောင်
မြည်သံစွဲ အလင်္ကာနဲ့  ဝေါခနဲ ထပျံသွားစေတယ်။ သူဌေးလင်မယားရော၊ ဥက္ကဌရော၊ ရပ်မိရပ်ဖ
တချို့ ရော လန့် သွားတာတော့ အမှန်ပဲ။ မျက်နှာကြီးရဲပြီး ဒေါသတကြီးဖြစ်နေပုံ ထောက်ရင် ချက်ကောင်းကို ထိသွားပုံရတယ်။
                          တောက်တစ်ချက်ကို ကျုပ် စိတ်ထဲကနေ ကြိတ်ချေပစ်လိုက်ရတယ်။
တော်တော်မုန်း စရာကောင်းတဲ့ လူကြီး။ လူတစ်ယောက်ကောင်းစားဖို့ ကို လစ်လျူရှု ပြီး ကိုယ့်ရဲ့အတ္တ၊ ကိုယ့်ရဲ့ အကျိုးစီးပွား ကိုပဲ မျက်စိ ဒေါက်ထောက်ကြည့်တဲ့ လူကြီး။
                          ပွဲက ကြမ်းပြီလို့  ကျုပ်တွက် လိုက်တယ်။ သူဌေးလင်မယားကလည်း
အရှိန်အဝါတွေ အောက်ချပြီး တကယ် တောင်းတောင်းပန်ပန်။ ဥက္ကဌကလည်း ဖိုးအေးရဲ့
ဘဝခါးခါးလေး လှပစေဖို့ ဖိအားပေးတယ်။ ဒါပေမဲ့ မရဘူး။ ဦးအုန်းမြိုင်ကြီးက “ဘူး” လုံးလုံး
ကိုခံနေတော့တာ။
                         “ကျုပ်ကျွေးမွေးစောင့်ရှောက်လာခဲ့တာ ၅နှစ်ရှိလို့ လူတစ်လုံးသူ
တစ်လုံးတောင် ဖြစ်နေပြီ။ ခုမှ ခင်ဗျားတို့ က ဘာဖြစ်လို့ နှမ်းလာဖြူးနေရတာလဲ။ ပြန်ကြပါဗျာ။ ပြန်ကြပါ။ ကျုပ် ဘယ်သူ့ ကိုမှ မွေးစားခွင့် မပေးနိုင်ဘူး”
                         လူထူမှ အသံကောင်း ဟစ်ပြနေတာလား ဦးအုန်းမြိုင်ရယ်။
 ၅ နှစ်လုံးလုံး ကျိန်လုံးတစ်ချောင်းနဲ့ ကျွဲလိုနွားလို ခိုင်းလာခဲ့တာကိုတော့ ထည့်မပြောတော့
ဘူးလား။ ကျုပ်အသည်းတွေရော အူတွေရော ယားလိုက်တာဗျာ။
                       သူ့ စီးပွားရေးရဲ့ ရေရှည်စီမံကိန်းမှာ ဖိုးအေးလေးက အဓိက ဇာတ်ကောင်ဖြစ်
နေတော့ ဆတ်ဆတ်ခါနေပုံရတယ်။ အဲဒီလို အဓိကဇာတ်ကောင် ဖြစ်အောင်ပဲ သူက ဇာတ်လမ်း
ဆင်ခဲ့တာပေါ့။
                         သူဌေးလင်မယားကလည်း လက်မလျော့ဘူး။ ဆက်ပြီးတိုက်ပွဲဝင်တယ်။ သားသမီးကလည်း မရှိတော့ ဖိုးအေးကို မြင်မြင်ချင်း သံယောဇဉ်ဖြစ်သွားကြတာ။ အံ့ သြစရာ
 ကောင်းတာက ၁၅ နှစ်သားအရွယ် ကို မွေးစားမယ်ဆိုတာပဲ။ သံယောဇဉ်၊ မေတ္တာတရား
ဆိုတာကလည်း နက်ရှိုင်းလွန်းပါလား။ အသက်အရွယ်အပိုင်း အခြားနဲ့ မဆိုင်ဘူးလို့ ကျုပ်ထင်တယ်။
ရွာသူရွာသားတွေ အားလုံးကလည်း သူဌေးလင်မယားဘက်မှာ။ မနေသာတော့တဲ့ အဆုံး ဆရာတော်ကပါ လောကီရေးရာထဲ ဝင်လာရတော့ ဦးအုန်းမြိုင်အကြပ်ရိုက်သွားတယ်။
နောက်ဆုံး ငွေမက်တဲ့သူကို ငွေနဲ့ မျှားရမယ်ဆိုတဲ့ သီဝရီက ဒီနေရာမှာ ဒဲ့ပဲ။
                          “၁၀ သိန်းပေးမှ မွေးစားခွင့်ပေးနိုင်မယ်။ ကျုပ် ၅ နှစ်လုံးလုံး
 ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့စရိတ်တွေ၊ ပြီးတော့ ဒီကောင်လေးမရှိတော့ရင်  ကျုပ်ရဲ့ စီးပွားရေးက အများကြီး နစ်နာဦးမှာ”
                           ၁၀ သိန်း။ ကျုပ်ရော၊ ရွာသူရွာသားတွေရော မျက်လုံးတွေ ပြူးထွက်
သွားပါသကော။ နည်းတဲ့ ပမာဏ မဟုတ်ဘူး။   ကျုပ်တို့ တောသူတောင်သား လက်လုပ်လက်စားတွေအဖို့ 
ဒီငွေကြေးထုထည်ဟာ နေ့ ခင်းကြောင်တောင် အိပ်မက်အကြီးကြီးမက်နေရသလိုပဲ။
                           ကျုပ် ဦးအုန်းမြိုင်ရဲ့ ငယ်ထိပ်ကို ဖနှောင့်နဲ့ တက်ပေါက်ချင်လောက်အောင်
ဖြစ်သွားတယ်။ ကျုပ်တစ်သက်မှာ ဘယ်တော့မှ မတွေ့ မမြင်ဖူးခဲ့တဲ့ လူရောင်းဝယ်မှုကြီးလေ။ 
                         သူဌေးလင်မယားကလည်း ချေးမများ ဈေးမဆစ်။ ပြတ်တယ်။ ပေးမယ်တဲ့။ တစ်ရွာလုံး အုန်းအုန်းကြွက်ကြွက်ပဲ။ ဖိုးအေးလေးအတွက် ဝမ်းသာကြည်နူးပျော်မြူးလို့  မဆုံးတော့ဘူး။
                                                            (၆)
                             “ဦးဦး ဒေါ်ဒေါ် တို့ ရဲ့ စေတနာ မေတ္ထာ နဲ့  ဂရုဏာတရားတွေကို သားတလေးတစား အသိအမှတ် ပြုပါတယ်။ သားအဖေ မဆုံးပါးခင်က သားကို ဆိုဆုံးမသွားတဲ့ စကားတစ်ခွန်း ရှိပါတယ်။
                              ကျေးဇူးတစ်ပေါက်တစ်စက်ကို ရေတံခွန်လောက်ပြန်ဆပ်ပါတဲ့။ ကျေးဇူး
သိတတ်တယ်ဆိုတာ မင်္ဂလာတစ်ပါးတဲ့။ ကျေးဇူးပြန်ဆပ်တယ်ဆိုတာ ပိုပြီးမြင့်မြတ်တဲ့ မင်္ဂလာ
တရားတဲ့။ အဖေ့အသံ သြသြကို သားနားထဲမှာ ခုထိ စွဲထင်ကျန်ရစ်နေတုန်းပဲ။ သားကို မွေးပြီး သားအမေဆုံးတယ်။ အမေကိုတောင် မမြင်ဖူးခဲ့တဲ့ ဘဝပါ။ အဖေကလည်း သား ၁၀ နှစ်သားအရွယ်မှာ သားကို ထားသွားပြန်တယ်။ မိဘငတ်နေသူတစ်ယောက်  အနေနဲ့ မိဘဆိုဆုံးမခဲ့တဲ့စကားလေး
တစ်ခွန်းကိုတော့ သား...တန်ဖိုးထား လိုက်နာပါရစေ။
                      ဘကြီးအုန်းမြိုင်ရဲ့ကျေးဇူးတရားက သားအပေါ်မှာ ဆပ်လို့ မကုန်နိုင်အောင်
များပြားလှပါတယ်။ဒါကြောင့်...  ဘကြီးအုန်းမြိုင်ရဲ့ အုန်းတောကြီးထဲမှာ နေပြီးဘကြီးရဲ့
ကျေးဇူးတရား တွေကို သားဆပ်သွားပါရစေ။ သားကို နားလည်ခွင့်လွှတ်ပေးကြပါ ခင်ဗျာ”
                               ဘယ်သူမှ ထင်မှတ်မထားတဲ့ စကား။ ဘယ်သူမှ ကြိုတွက်မထားတဲ့ ဆုံးဖြတ်ချက်။ သူဌေးလင်မယားရော ၊ ဦးအုန်းမြိုင်ရော ၊ကျုပ်ရော၊ ရပ်မိရပ်ဖတွေရောအားလုံးအံ့သြမင်တက်ဖြစ်
သွားကြတာ ပါးစပ်ဟောင်းလောင်းကြီးတွေနဲ့ ။
                              အဲဒီနောက်...အုန်းလှီးဓါးထက်ထက်ကို ခါးမှာချိတ်၊ သုံးလွန်းတင် ကြိုးခွေကြီးကိုထမ်းပြီး အုန်းတောထဲကို ဖိုးအေး ဝင်သွားတယ်။
                                                                                        လင်းလက်တာရာ
                                                                                              ၆၊၁၊၂၀၁၃