မြန်မာစာမေဂျာတစ်ခုလုံးမှာ ကျွန်တော့်ကို ရုပ်အဆိုးဆုံးလို့ အားလုံးက တစ်ညီတစ်ညွှတ်တည်း ဆန္ဒမဲပေးကြပါတယ်။ ဘဝပေးကံ အခြေအနေကြောင့်
အခုလိုသတ်မှတ်ခံရပေမယ့် ကျွန်တော်ကတော့ ဘယ်တော့မှ စိတ်ဓါတ်မကျပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ လောကကြီးမှာ ရုပ်လှဖို့ ထက် စိတ်လှဖို့ က အဓိကလို့ 
ကျွန်တော့်နှလုံးသား အဘိဓါန်မှာ ကျွန်တော် ကျောက်ထက်အက္ခရာ တင်ထားလို့ ပါ။ ကိုယ်ကျင့်တရားနံရံကို ဆေးသားအတုယောင်တွေ သုတ်ပြီး သရုပ်ဆောင်လုပ်နေကြတဲ့
ဒီခေတ်ကြီးမှာ ကျွန်တော့်ကိုယ်ကျင့်တရားကိုတော့ ဖြူစင်ရိုးသားစွာ ထိန်းကျောင်းခဲ့ပါတယ်။
လူရယ်လို့ မွေးဖွားဖြစ်တည်လာတဲ့ အချိန်မှာ အရာရာပြီးပြည့်စုံတဲ့
လူရယ်လို့ လောကမှာ မရှိသလောက်ရှားပါတယ်။ အနည်းနဲ့ အများ၊ တစ်နေရာရာမှာ
တစ်စုံတရာဟာ ချို့ ယွင်းလိုအပ်နေကြတာချည်းပါပဲ။ အခုလည်း ကျွန်တော့် မျက်နှာ၊ နှုတ်ခမ်း၊ လည်ပင်း၊ လက်၊ ခြေထောက် စတဲ့ ခန္စာကိုယ် အစိတ်အပိုင်းတွေမှာအဖြူအကွက်အကွက်တွေ
ရှိတယ်။ ခရုသင်းဆိုတဲ့ တံဆိတ်တုံးကြီးပေါ့။ တစ်ခန်းတည်းပညာ့နို့ ရည်အတူတူသောက်နေ
ကြပေမယ့် ကျွန်တော့်ကို အဖက်လုပ်တဲ့လူတစ်ယောက်မှ မရှိဘူး။
ဘဝရဲ့ မာကျောခက်ထန်တဲ့ သံမဏိနေ့ ရက်တွေနဲ့ ကြီးပြင်းခဲ့ရသူပီပီ၊ စိတ်ဓါတ်မကျပေမယ့် နည်းနည်းတော့ သိမ်ငယ်မိတယ်။ အတန်းရှေ့ မှာထိုင်ရင်
ကျွန်တော့်နား ဘယ်သူမှ မထိုင်ချင်ကြလို့ ၊ ကိုယ့်အသိနဲ့ ကိုယ် နောက်ဆုံးတန်းမှာ ဧကစာရီ သွားကျင့်ရတဲ့ အထိပါ။ ကျောင်းကဲန်တင်းတွေမှာ ထိုင်မိပြီဆိုရင်လည်း
ဘေးဝိုင်းမှာ စားသောက်နေတဲ့သူတွေက ကျွန်တော့်ကို မသတီသလိုလို ရွံသလိုလိုနဲ့ ။ လမ်းဘေးအကြော်ဆိုင်၊ အသုပ်ဆိုင်တွေမှာလည်း ကျွန်တော်ဝင်လာတာနဲ့ 
တစ်ဝက်တစ်ပျက်ထားပြီး ငွေရှင်းသွားတဲ့လူတွေက မနည်းဘူး။ ဒီလိုဖြစ်ပေါင်းများတော့ ဆိုင်ရှင်တွေကတောင် ကျွန်တော့်ကို မကြည်ဖြူကြတော့ဘူး။
စည်းဝိုင်းထဲကနေ တွန်းဖယ်ခြင်းခံရတဲ့ ကျွန်တော်ကတော့ တဖြည်းဖြည်းနဲ့ စည်းဝိုင်းအပြင်ဘက်ဆီ ရောက်မှန်းမသိရောက်သွားခဲ့တယ်။ လူရှင်းတဲ့နေရာ
တွေ၊ ရောင်စုံမျက်လုံးတွေနဲ့ ဝေးတဲ့နေရာတွေသာ ကျွန်တော့်စားကျက်တွေ ဖြစ်လာတယ်။ ကျွန်တော့်မှာ အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်းဆိုလို့  စာအုပ်တွေပဲ
ရှိတယ်။ အားရင် စာဖတ်တယ်။ လောကကြီးရဲ့ အစာမကျေတာတွေကို စာတွေကဗျာတွေအဖြစ် အန်ထုတ်ပစ်မိတယ်။
မြူလင်းဝေ။
ကျွန်တော်က အီရတ်ဆိုရင် သူမက အမေရိကန်။ ကျွန်တော်က တောင်ဝန်ရိုးစွန်းဆိုရင် သူမက မြောက်ဝန်ရိုးစွန်း။ ကျွန်တော်က အမှောင်ဆိုရင် သူမကအလင်း။ ကျွန်တော်က မြေပြင်ဆိုရင် သူမက ကောင်းကင်။ ကျွန်တော်က ငရဲဆိုရင် သူမက နိဗ္မန်ဘုံပါ။
သူမနဲ့ ကျွန်တော်က တကယ့်ကို ဆန့် ကျင်ဘက်။ သူမက မြန်မာစာ“ကွင်း”လေ။ ကျွန်တော့်မျက်လုံးထဲမှာတော့ တလောကလုံးရဲ့ “ကွင်း”ပါပဲ။ ဘယ်လောက်လှတယ်ဆိုတာ
မဖွဲ့ နွဲ့ နိုင်ပေမယ့် ကျွန်တော်တွေ့ ဖူးသမျှ မိန်းမလှလေးတွေထဲမှာတော့ သရဖူထိပ်ထားပါ။ ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိကဆန်တဲ့ အမြင်သက်သက်လည်းဖြစ်နိုင်ပါတယ်။
စာတော်တယ်။ အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်းပေါတယ်။ လူချစ်လူခင်များတယ်။ ပရိုပို့ စ်လုပ်တဲ့ ပုရိသတွေကလည်း ရိုက်သတ်ရင်တောင် မကုန်ဘူး။
နောက်ပြီး မော်ဒယ်သင်တန်းတက်နေပြီး အနုပညာဥယျာဉ်ကြီးထဲမှာ ဖူးပွင့်ဝေဆာဖို့ 
ကြိုးစားနေသူ။ သူမ ရိုက်ထားတဲ့ ကြော်ငြာလေးတစ်ခုတောင် တီဗီဖန်သားပြင်ပေါ်မှာ
မြင်နေရပြီ။
သူမလည်း ဘာထူးသေးလဲ။ အတန်းဖော်ဖြစ်တဲ့ ကျွန်တော့်ကို တားမြစ်နယ်မြေ၊ မဖြတ်သန်းရဇုန် အဖြစ် သတ်မှတ်ပိုင်းခြားထားတာ။ ကျွန်တော့်အပေါ်ကြည့်တဲ့
သူမရဲ့ အကြည့်တွေကလည်း မိလ္လာကျင်းထဲကို မတော်တဆ ငုံ့ ကြည့်မိတာနဲ့ မခြားဘူး။ ကျွန်တော့်မှာသာ သူမနဲ့ တွေ့ တိုင်း စိတ်ရောလူရော ကျုံ့ ကျုံ့ ဝင်သွားတာ ထီကရုံးပင်
အတိုင်းပဲ။
“အချစ်”ဆိုတဲ့ ခက်ဆစ်ကို ဖွင့်ဆိုဖို့  ကျွန်တော့်ဝေါဟာရတွေ ချိနဲ့ နေတယ်။ ကန္တာရမှာ ပန်းတွေ အုံနဲ့ ကျင်းနဲ့ ပွင့်ချင်ပွင့်မယ်။ ဓူဝံကြယ်ဟာ တောင်အရပ်ကိုကိုယ်စားပြု
ချင်ပြုမယ်။ တိုက်တန်းနစ် သင်္ဘောပျက်ကြီးကို အပ်ချည်ကြိုးနဲ့ ဆွဲတင်လို့ ရချင်ရမယ်။ ကျွန်တော်နဲ့ သူမ ဘဝတွေက မိုးနဲ့ မြေလွှာကို ပေါင်းစပ်ချုပ်သီလို့ မရသလိုမျိုး ထပ်တူကျ
ခေါက်ချိုးညီဖို့ မလွယ်ဘူးဆိုတာ ကျွန်တော့် ဦးနှောက်နဲ့ အသိစိတ်ထဲမှာအဖြေလွှာ
ရေးပြီးသား။
ဒါပေမဲ့....
“ဘယ်မြစ်မှ သူတို့ မြစ်ဖျားခံရာ နေရာကို ဖွက်လို့ ညာလို့ မရဘူး” တဲ့။
အမှန်တရားကို ဂစ်တာ တီးရမယ်ဆိုရင် “ကျွန်တော်သူမကို ချစ်တယ်” ဆိုတဲ့ သံစဉ်တွေပဲ ထွက်ကျဖိတ်စင်လာမှာပါ။ ဒါဟာ ကျွန်တော့်နှလုံးသားကို ဘယ်လိုမှ
ညာတာပါတေးလုပ်လို့ မရတဲ့ အမှန်တရားပဲ။ မိုက်မဲတယ်ပဲ ပြောပြော၊ ရူးသွပ်တယ်ပဲ ဆိုဆို၊ ကျွန်တော် သူမကို ချစ်မိတာဟာ မှားယွင်းမှုတစ်ခု ဖြစ်နေမယ် ဆိုရင်တောင်
ကျွန်တော် ဘယ်တော့မှ မမှန်ချင်တော့ပါဘူး။ လူတိုင်းမှာ ချစ်နေခွင့်ဆိုတဲ့ ဒီမိုကရေစီ တစ်ခုတော့ ရှိတယ်မဟုတ်လား။ ပေါ်တင်ကြီးပဲ ဖြစ်ဖြစ်၊ တိတ်တိတ်လေးပဲ ဖြစ်ဖြစ်၊
ချစ်နေခွင့်တစ်ခုတော့ ပိုင်ဆိုင်လို့ ရပါတယ်။
ကျွန်တော် သူမကို ချစ်တာ ဘာပကာသနမှ မပါပါဘူး။ အဖြူရောင်ပန်းချီကားတစ်ချပ်မှာ ကျွန်တော့်အိပ်မက်တွေကို အပ်နှံထားလိုက်ရုံသက်သက်ပါ။ ဇာတ်စင်အောက်က ကြည့်မယ်ဆိုရင် “ဟား” သုံးလုံးတိုက်ပြီး ဟတ်ဟတ်ပက်ပက် ရယ်ခွဲပစ်ဖောက်ရမယ့် ပြက်လုံးတစ်ခု ဖြစ်နေမှာတော့ ကျိန်းသေတယ်။ ကျွန်တော်ရဲ့ အသံတိတ်မိုးခြိမ်းသံတွေကို ဘယ်သူမှ ကြားဖို့ မလိုပါဘူး။ အလံမဲ့ ရထားတစ်စင်းလို သူမရဲ့ သံလမ်းပေါ်မှာ မြတ်နိုးခြင်းတွေနဲ့ တိတ်တိတ်လေး ခုတ်မောင်းနေရရင် ကျွန်တော် ကျေနပ်
ပါပြီ။
“ငါ နင့်ကို ငါ့အသက်ဓါတ်ထက် ပိုပြီးချစ်တယ် မြူ”
နှလုံးသားနဲ့ ချက်လုပ်ထားတဲ့ အဲဒီ့ ရင်ဝှက် စကားတစ်ခွန်းကတော့ တုန်ယင်နေတဲ့ ကျွန်တော့်နှုတ်ခမ်းတစ်စုံကနေ ဘယ်တော့မှ ထွက်ကျလာမှာ မဟုတ်ပါဘူး။
ဒါဟာ ကျွန်တော် ရက်ရက်စက်စက် ဆင်ဆာဖျက်လိုက်မိတဲ့ ကျွန်တော် မရေးဖြစ်တော့မယ့် ကဗျာ တစ်ပုဒ်ပါပဲ။
တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းလေးထွက်လာတော့ ကျွန်တော့်နှလုံးခုန်သံတွေဟာ ငလျင်ကြောတစ်ခုရဲ့ တုန်ခါမှုမျိုးလိုပါပဲ။ သူမရဲ့ လခြမ်းကွေး ပါးချိုင့်လေးတစ်စုံက မဂ္ဂဇင်းမျက်နှာဖုံးထက်မှာ စံပယ်ရုံလေးတစ်ရုံလိုအပြုံးပန်းလေးတွေ
ဖွေးဖွေးလှုပ်ပွင့်လို့ ။
ကျွန်တော် အသက်ရှူရတာ တုန်ယင်လှိုက်မော သွားတယ်။ ဟော...ကျွန်တော့်အိပ်မက်တွေရဲ့ ကျကွဲသံကို ကျွန်တော်ထပ်ပြီး အတိုင်းသားကြားလိုက်ရပြန်တယ်။ကျွန်တော် သူမကို ရည်ရွယ်ပြီးရေးထားတဲ့
ကဗျာလေးတစ်ပုဒ်က အဲဒီမဂ္ဂဇင်း စာမျက်နှာတစ်ရွက်ရဲ့ ထောင့်ကျဉ်းကျဉ်းလေးမှာ တိတ်တိတ်လေးပါလာတယ်။
“ ကျွန်တော်ကဗျာရေးချင်တယ်”
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော့်ဘေးမှာ ဘာမှ မရေးရသေးတဲ့ ကဗျာစာရွက်လေးတစ်ရွက်
ကျွန်တော့်လက်ထဲမှာ ဘာမှ မရေးရသေးတဲ့ ဘော့ပင်လေးတစ်ချောင်း
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော့်ရင်ဘတ်မှာ တိုက်ကြီးတစ်တိုက်စာလောက်ရှိတဲ့ သတိတရတွေ
ကျွန်တော့်နှလုံးသားမှာ ကမ်းရိုးတန်းတစ်ခုလို ရင်ခုန်သံတွေ
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော့်ကဗျာဟာ သူ့ ရယ်သံလွင်လွင်လေးနဲ့ လိုက်ဖက်ပါ့မလား
ကျွန်တော့်ကဗျာဟာ သူ့ ပါးပြင်မို့ မို့ လေးနဲ့ ရစ်သမ်ကျပါ့မလား
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော့်ကဗျာဟာ သူ့ လေညင်းလေးရဲ့ မြေသင်းရနံ့ လေးဖြစ်ပါ့မလား
ကျွန်တော့်ကဗျာဟာ သူ့ ပျော်ရွှင်မှုလေးရဲ့ ကစားကွင်းလေးဖြစ်ပါ့မလား
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော့်ကဗျာကို သူ့ နှုတ်ခမ်းပါးလေးက ခါးသက်နေမလား
ကျွန်တော့်ကဗျာကို သူ့ ဆံနွယ်လေးက မုန်တိုင်းထန်နေမလား
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော့်ကဗျာဟာ နီရိုးဘုရင်ရဲ့ ရောမမြို့ကြီးဖြစ်နေမလား
ကျွန်တော့်ကဗျာဟာ ဆိုကရေးတီးရဲ့ အဆိပ်ခွက်ဖြစ်နေမလား
ကျွန်တော်ကဗျာရေးချင်တယ်
ကျွန်တော်ကဗျာမရေးချင်ဘူး
****************************************************************
အဲဒီနေ့ က “မြူမိုးအိမ်”ဆိုတဲ့ ကလောင်ပိုင်ရှင်ကို သူမ အသည်းအသန် စုံစမ်းနေတာ ကျွန်တော် တအံ့တသြ တွေ့ လိုက်ရတယ်။ အခန်းထဲက ကျောင်းသားကျောင်းသူ
တွေကို လိုက်မေးနေတာ။ ကျွန်တော်တစ်ယောက်က လွဲရင်ပေါ့။
”နှင်း..မြူမိုးအိမ် ဆိုတဲ့ ကဗျာဆရာကို နင်သိလား”
”မသိဘူးဟ..နင် ဘာလုပ်မလို့ လဲ မြူ”
“သူံ ကဗျာလေးကို ကြိုက်လို့ ပါ။ ဖြစ်နိုင်မယ်ဆိုရင် သူနဲ့ ခင်မင်ချင်တယ်”
”ငါတို့ ကတော့ မသိဘူး။ နင်အရမ်းသိချင်တယ်ဆိုရင် မြန်မာစာဌာနကို သွားမေးကြည့်လေ”
ကျွန်တော့်ဆံပင်တွေ လေထဲမြောက်တက်သွားသလား၊ ဒါမှမဟုတ် ကျွန်တော့် တစ်ကိုယ်လုံး လေထဲ မျောပါသွားသလား၊ အဖြေကို သေချာ မသိပေမဲ့ ကျွန်တော့် ရင်ထဲမှာ
နတ်ကန္နားပွဲရော၊ ကုလားဘုရားပွဲရော အုံးအုံးကြွက်ကြွက် ဖြစ်နေတာတော့ သေချာတယ်။
အို... မဖြစ်ဘူး။မဖြစ်ဘူး။ မြူမိုးအိမ် ဆိုတဲ့ ကလောင်ပိုင်ရှင်ကို သူမ သိလို့ မဖြစ်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် သူနဲ့ ခင်မင်ချင်တယ် တဲ့လား။ ကျွန်တော့်စိတ်နှလုံးသားပေါ်
ကောင်းကင်ကြီး ပိကျလာတဲ့ အတိုင်း။ ကျွန်တော် ဘာလုပ်ရမလဲ။ မြူမိုးအိမ်ဆိုတာ ကျွန်တော်မှန်း သူမ သိခဲ့ရင်...။ ကျွန်တော့်အတွေး ရေအလျင်ဟာ ဆည်တမံနဲ့  ပိတ်ဆို့ ခံလိုက်ရသလို။
ပစ္စက္ခရဲ့ ဆွဲငင်ညှို့ ယူမှုမှာ ကျွန်တော် အချိန်ဘယ်လောက်ကြာကြာ နစ်မြုပ်သွားမှန်း မသိတော့။ သတိရရချင်း မြန်မာစာဌာနဘက်ဆီ အပြေးတစ်ပိုင်း
ထွက်လာခဲ့တယ်။ မြူမိုးအိမ်ရဲ့ ကိုယ်ရေး အကျဉ်းကို ဘယ်သူ့ ကိုမှ အသိမပေးဖို့ ။
အခန်းရှေ့ ကိုရောက်တော့ သူမ ။ WTC ကိုထိုးစိုက်ခဲ့တဲ့ လေယာဉ်နှစ်စင်းလို သူမရဲ့ မျက်ဝန်းစူးစုးတစ်စုံက ကျွန်တော့်ရင်ဘတ်ပေါ် စိုက်ဝင်သွားတယ်။
”ရှင် နောက်တစ်ခါ ကဗျာရေးရင် ရှင့်ကလောင် နာမည်မှာ “မြူ” ဆိုတဲ့ စာလုံးကို ဘယ်တော့မှ မသုံးပါနဲ့ ”
ကျွန်တော့်နှလုံးသားရဲ့ ”အော်သံ” ကို မော်ဒန်ပန်းချီဆရာ မန့် စ် သာ ကြားခဲ့ရင်...။
***************************************************************
ကျွန်တော် အတန်းမတက်တာ ၃ရက်ရှိပါပြီ။ ကျွန်တော် သွားထိုင်နေကျ ကျောင်းဝန်းထဲက လူအရောက် အပေါက်နည်းတဲ့ ဗန်ဒါပင်လေးအောက်မှာပဲ သွားသွားထိုင်နေဖြစ်ပါတယ်။
”အလွမ်းဆိုတာ
နင့်နာမည်နဲ့ ရေးထိုးထားတဲ့
ငါ့ရဲ့ ကိုယ်ပိုင်လက်မှတ်ပါပဲ မြူ”
အဲဒီ ဗန်ဒါပင်လေးအောက်မှာ ”မြူမိုးအိမ်”ဆိုတဲ့ ကလောင်နာမည်လေးနဲ့  ကျွန်တော် “မိုးခက်” ၊ “မြူ့ ” အတွက် ကဗျာတွေ ဆက်ရေးနေပါတယ်။ မရေမတွက်နိုင်တဲ့ ကဗျာစာရွက်လေးတွေကတော့ ဗန်ဒါပင်ခြေရင်းမှာ ဝပ်ဆင်းနေတဲ့ ရေမြောင်းလေးထဲ စီးမျောနစ်မြုပ်သွားကြစမြဲ။ ဒါကို မြူသိနိုင်ပါ့မလား။ သိခဲ့ရင်လည်း ကျွန်တော့်ကို ကမ္ဘာကြေမှာ မဟုတ်ပါဘူး။ ယိုင်လဲပြိုပျက် ပျော်ကျသွားနိုင်တဲ့ အကြည့်တွေနဲ့  ကျွန်တော့်စိတ် ဝိဥာဉ်ကို နှုတ်ယူသွားမှာ ကျိန်းသေပါတယ်။
ဒီနေ့ လည်း အဲဒီ ဗန်ဒါပင်လေးဆီ ကျွန်တော် တိတ်တဆိတ် ထွက်လာ
ခဲ့ပြန်တယ်။ ခေါင်းငိုက်စိုက် လျှောက်လာမိတဲ့ ကျွန်တော့် ခြေအစုံက မြက်ရိုင်းလမ်းလေးနား
အရောက်မှာ တန့် ခနဲ။ကြည်ပြာရောင် ပိုက်ဆံအိတ် တစ်အိတ်က မြက်ရိုင်းပင်တွေကြားမှာ
ကပိုကရိုလေး အိပ်စက်လို့ ။ ကျွန်တော် ကောက်ယူကြည့်လိုက်တော့ အာမေဍ္ဍိတ်သံတစ်ခုပါ လွတ်ကျသွားတယ်။ မြူလင်းဝေ။ ကျွန်တော့်ရင်ဘတ်ထဲက ခပ်နက်နက်နေရာမှာ
စိုးစံမင်းမူနေတဲ့ မြူလင်းဝေ။ လခြမ်းကွေး ပါးချိုင့်လေးနဲ့ အလှဓါတ်ပုံသေးသေးလေးက ပိုက်ဆံအိတ်ထဲကနေ ကျွန်တော့်ကို ပြုံးပြုံးလေး ကြည့်နေတယ်။
ပြီးတော့ ကျောင်းသားကဒ်နဲ့ မှတ်ပုံတင်ကဒ်။ အဲဒီ ကဒ်တွေထဲမှာလည်း သူမရဲ့ လခြမ်းကွေး ပါးချိုင့်လေးတွေ။ ဒီပိုက်ဆံအိတ်က လူသူရှင်းတဲ့ ဒီနေရာကို ဘာလို့ ရောက်
နေရတာလဲ။ မြူများကျကျန်ခဲ့သလား။ ပိုက်ဆံတော့ တစ်ရွက်မှ မတွေ့ ရဘူး။
ကျောင်းသားကဒ်နဲ့  မှတ်ပုံတင်ကဒ်က အရေးကြီးတဲ့ကဒ်တွေ။ စာမေးပွဲနီးလာပြီဆိုတော့ မြူ့အတွက် အခက်အခဲရှိလာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် မြူ့ထံ အရောက်ပြန်ပို့ ဖို့  ကျွန်တော် ဆုံးဖြတ်လိုက်တယ်။
ကျောင်း မိန်း လမ်းမ ပေါ်ပြန်ရောက်တော့ မျက်နှာချင်းဆိုင် ”ဘွား”ခနဲ တွေ့ လိုက်တာက မြူတို့ သူငယ်ချင်း အုပ်စု။ ကျွန်တော့်လက်ထဲက ကြည်ပြာရောင် ပိုက်ဆံအိတ်လေးကို အမှတ်မထင်တွေ့ လိုက်ရတော့ တစ်အုပ်စုလုံး ကျွန်တော့်ဆီ သုတ်ခနဲ ရောက်လာတယ်။ အဲဒီနောက် ကျွန်တော့်လက်ထဲက ပိုက်ဆံအိတ်လေးဟာ ဆတ်ခနဲ ဆွဲယူခံလိုက်ရတယ်။
”မြူ ..ဒါ နင့်ပိုက်ဆံ အိတ်ပဲ”
” ဟုတ်တယ်...ဟုတ်တယ်...လက်ပူးလက်ကြပ်ပဲ”
“မထင်ရဘူးဟယ်...လုပ်စားတာ ကြာပြီထင်တယ် ။ လျင်လိုက်တာ ဘယ်အချိန်က ဘယ်လို နှိုက်ယူထားလိုက်တာလဲ မသိဘူး”
အို..ဘုရား... ဘုရား..။ မြူ့ သူငယ်ချင်းတွေ ဘာတွေပြောနေကြတာလဲ။ မဟုတ်ဘူး။ မဟုတ်ဘူး။ သူတို့ ပြောသလို မဟုတ်ဘူး။ ကျွန်တော့် နှုတ်ခမ်းတွေ ရုတ်တရက်ကြီး ဆွံ့ အနေလိုက်တာ ဦးခေါင်းတစ်ခုလုံးချာချာလည်လို့ ။ အဲဒီနောက်မှာတော့ သူမရဲ့ စက်စုတ်ရွံရှာတဲ့ အကြည့်က ကျွန်တော့်မျက်နှာဆီ စပေါ့လိုက် တစ်ခုလို ထိုးကျလာတယ်။ ပြီးတော့..ကျွန်တော့် စိတ်ဝိဥာဉ်ကို နှုတ်ယူ သွားစေမယ့်၊ ကျွန်တော့် ကိုယ်ခန္စာ တစ်ခုလုံး ယိုင်လဲ ပြိုပျက် ပျော်ကျ သွားစေမယ့် စကားတစ်ခွန်း။
”ရှင့်ရဲ့ စိတ်က ရှင့်ရဲ့ ရုပ်နဲ့ တစ်ထပ်တည်းပဲ”
**************************
ကျွန်တော့်အပေါ် ယုံကြည်မှု ကင်းမဲ့နေတဲ့ မျက်လုံးတွေအောက်မှာ ကျွန်တော့် ဖြောင့်ချက်ဟာ သေးငယ်မှုန်ဝါး ပျောက်ကွယ်သွားမတတ်ပါပဲ။ ကံတရားက ကျွန်တော့် တစ်ကိုယ်စာ အရိပ်မည်းကြီးထိုးကျခဲ့ပေမယ့် အမှန်တရားနဲ့ ကျွန်တော့်ကိုယ်ကျင့်
တရားကိုတော့ ကျွန်တော်အကြွင်းမဲ့ ယုံကြည်သက်ဝင်နေဆဲ ပါပဲ။
ပါမောက္ခကြီးဆီက ဘယ်လို ဆုံးဖြတ်ချက်မျိုး ထွက်အံကျလာပါစေ ၊ ကျွန်တော့် လိပ်ပြာလေးကတော့ ကျွန်တော့် ကမ္ဘာငယ်လေးထဲမှာ ရိုးရိုးသားသား ဆက်လက်ပျံဝဲ နေဦးမှာပါ။
ကျွန်တော့် နှလုံးသားကတော့.............။ ။
လင်းလက်တာရာ
၁၂၊၁၊၂၀၁၃
ဆရာလင်း ..ဒါဟာ ၀တ္ထုတိုတစ်ပုဒ်လား? ဒါမှမဟုတ် ...
ReplyDeleteအချိုးအဆစ် ပြေပြစ်ကျနတဲ့ ကဗျာရှည်တစ်ပုဒ်လား...?
ရေးဟန်က ၀တ္ထုဆန်ဆန်....
ဖွဲ့နွဲ့သွားတာက ကဗျာတစ်ပုဒ်လို လှပလိုက်တာ..
အင်းလေ...ကဗျာဆရာရေးတဲ့ ၀တ္ထုပဲ...
ဒီလောက်တော့ ကောင်းမှာပေါ့ကွယ်..ဟုတ်ဘူးလား..:P