Monday 31 December 2012

ခေတ်ပြိုင်အဝင် မိုင်တိုင်အမှတ် ၂၀၁၃

တမျှော်တခေါ်မှာ သွားချိတ် ပြီးတော့ လွင့်စင် တဖန် တွယ်ကပ်
စိတ္တဇပူပူလေး မိုးရေစို ကိုယ့်တွန့် ခေါက်မှုကို လာဟပ်သူ အဖြောင့်
အပိုင်းအစ ရယ်ကျဲကျဲဟာ အနာတရထဲက စိမ့်ထွက် ယိုစီး ဝမ်းနည်းမှု နီယွန်ညပျိုများ
စကားတွေ တလွှာပြီးတလွှာ ပြီး လှီး ဖြတ် ခုတ် ပိုင်း ယဉ်ယဉ်လေးရိုင်း ပြီး ရိုင်းရိုင်းကြီးရူး
ခယောင်းတော လား သို့ မဟုတ် “ခယောင်းတောလား” မေးခွန်းအံသွားကြား အဖြေဟာ
ညှပ်နေတဲ့ အသားဖတ် “ဒို ရေ မီ” လိုက်ဆို “ဒီ မို” ကျယ်ကျယ်လေး “က ရေ စီ” နောက်တစ်ခေါက်
“ဒီမိုးက ရေစီးတယ်” ** အိုကေ ခင်ဗျားအမျှော်ကို ဘယ်ဈေးနဲ့  ဖြတ်သွားသလဲ
ကြယ်အတုတွေကြွေနေ လေဖိအားနည်း ရပ်ဝန်း ဟာ ဟောဒီ ဇာတ်နာ ဗဟိုရ်စည်သံအစား
ရင်ဘတ်စည်တီးသံတွေပဲ ကြားတယ် အခေါင်းထဲ ခေါင်းတစ်ပိုင်း စိတ်တစ်ပိုင်း ဝင်နေသူကြီး
ခံစားမှုတွေ ပလက်ဆွဲ ဖြုတ် ဗလာရုပ်သေးဟာ ချွေးအပြိုင်းပြိုင်း က ခုန် မြူး တူး
အညှော်ရှုခင်း ရှင်သန်ခြင်းအသားစိုင်ထဲ မြုပ်နေတဲ့မြား ငွေကြေးဟာ တဖွားဖွားလောက်
ပန်းပွင့်လေးခမျှာ ပင်ပန်းနေရှာပါပြီ ရေ ရေ ရေ ရေ ရေ နွေဟာ အရက်ခွက်လို အက် ကွဲ ထိရှ
သွေးကို အပျစ်အကျဲ ခွဲကြသူများ လူ့ အခွင့်အရေးဟာ အခွံကြီးသက်သက်ဆက်တင်
ခါးတယ် ကောင်းသောနံနက်ခင်းဟာ လှလှကြီး အ, သွား မာစတာဆင်ဆာ
ခင်ဗျား မသေသေးဘူးလား နှင်းကို ချစ်လို့ ကျွန်တော် ကြယ်သီးဖြုတ်ထားတာပါ
ငြိမ်ငြိမ်လေးနေပြီး ငြိမ်းငြိမ်းလေးသေချင်တယ်ဆိုတဲ့ အသံဟာ တသဲ့သဲ့ ပဲ့ထွက်
အဲဒီအခင်းအကျင်းလေးကို သီချင်းအကျယ်ကြီးဖွင့်ပါရစေ နေရထိုင်ရတာ လင်ငယ်နေရသလို
မလုံမလဲ မဟုတ်သေးပါဘူး မလုံလည်းမလုံဘူး လဲလည်းလဲတယ် အကွဲကွဲအပြဲပြဲ
အရုဏ်ဟာ လူသားတွေကို ချနင်းဦးမှာလား ကိုယ်စီစောင့်စားမှုတွေ
စီးကရက်စ်ဖင်ဆီခံလို တိုဝင်နေပြီ မထူးတဲ့နဖူးဟာဆက်ပြီးပေါက်ရဦးမယ် ဆက်ပေါက်



* မင်းထင်ကိုကိုကြီး ရဲ့ ကဗျာ ခေါင်းစဉ်


                                                                              လင်းလက်တာရာ
                                                                             ၂၀၁၂ ကုန်ဆုံးနေ့ 

Saturday 29 December 2012

အမေစုပုံကို မဖြဲပစ်ရက်လို့ အိုဘားမားရဲ့ အာဘွားကြီးကို ဒီအတိုင်းငေးကြည့် နေရတယ်


ခင်ဗျား မျက်လုံး ပိဿလေးနဲ့ ဖိချလို့ မရအောင် ပြူးထွက်သွားပြီလား ခင်ဗျားပါးစပ်
တွယ်အပ်နဲ့ ဆွဲစိလို့ မရအောင် ပြဲထွက်သွားပြီလား ခင်ဗျားအမြင်မှာ ကျွန်တော်က
နုနယ်တဲ့ကစားသမား ပွဲစဉ်တိုင်း လဲလဲနေတယ်လို့ ထပ်ဟပ်သွားပြီလား အဲဒီလားတွေနဲ့ 
စထားတဲ့ ဒီကဗျာခေါင်းစဉ်ကိုရော ခင်ဗျား ဒီအတိုင်းကြီး ငေးကြည့်နေပြီလား မြန်မာစကား
မတတ်တဲ့ တရုတ်ကောင်လေးက ဒီအစကို ဆွဲထုတ်လိုက်တာ အဲဒီသတင်းစာသားတွေကို
ကျွန်တော်နား မလည်ဘူး သင်္ကေတတွေကပဲ ကျွန်တော့်သွေးပေါင်ချိန်ကို လာလာတိုင်းနေတာ
မင်းမှာ ဒီမိုကရေစီ ဒီဂရီ ဘယ်လောက်ရှိလို့ လဲတဲ့ ဆီပူက ကျွန်တော့်နားထဲကို ကပ်သီးကပ်သပ်
လာစင်တယ် ချွေးစချွေးနတွေနဲ့ ပဲ အဒီကာသိုကိုဆိုင်းမား* လို့ ဝပ်ကျိုးလိုက်ပြလိုက်ရတယ် “တောက်”
အဲဒီတောက်ကိုလည်း လက်မနဲ့ ရော ဖနှောင့်နဲ့ ပါ ပွတ်ချေကြိတ်မွ  လေကောင်းလေသန့် နည်းနည်းလောက်
ချေးပါဆိုတဲ့ မိုးကြိုးပစ်သံဟာ နွေခေါင်ခေါင်ကြီး လမ်းပေါ် ငေးမိတော့ အင်ဒိုမလေးရဲ့ တင်ပါးပေါ်
ကပ်ငြိတွယ်ချိတ်ပါသွားတဲ့ ဘင်္ဂလားကောင်ရဲ့ မျက်ခွက် ချီးပိုင်း!**ဝိုင်းဝိုင်းသီချင်းတွေ ဖွင့်မိတာ စောက်ရှက်
ကွဲတာပဲ IC ကို ပြောင်းပြီးခလုတ်နှိပ်လိုက်တော့ အထင်က ကျွန်တော့်ကိုတော်တော် သေးသွားတာ
မြင်တောင် မမြင်ရတော့ဘူး ဦးငှက်ကြီးကျတော့ ဒီကောင်တွေ တိတ်တိတ်လေး ခိုးနားထောင်နေတယ်
ကျွတ်! ခက်တာပဲ ဆူးတွေ ညှောင့်တွေ အရိတွေ အရွဲတွေ အစေးတွေ အမျှင်တွေနဲ့ လုံးထွေးရစ်ပတ် လိပ်ပြာ
i phone ကြီးက ကျွန်တော့်မျက်နှာနား တဝဲဝဲ နပိုလီယမ် ကို သိလားဆိုတော့ NO တဲ့ ဟဲမင်းဝေး ကိုရောဆိုတော့
ခေါင်းယမ်းတယ် ကွန်ဖြူးရှပ် ကိုကျ  တာသောင်း ***တဲ့ သွားပြီ ကျွန်တော်  ဗိုလ်ချုပ်အောင်ဆန်းကို ကျော်ပစ်
လိုက်ရတယ် ဂျလန်းယူသန့် **** အိုး! I know I know တဲ့ မသိရင်လည်း ထရိုက်ဖို့ ပဲ ကျန်တော့တယ်
တော်ပြီ မနေ့ က စာသားတွေကို ဒီနေ့ အကြောင်းအရာတချို့ နဲ့ ပေါင်းပြီး မနက်ဖြန် အတွက် စု
ထားလိုက်တော့မယ် ကဗျာဟာ အွန်လိုင်းပေါ်ရောက်ဖို့ တစ်နာရီ ကားစီးပြီး ၄၅ မိနစ်လောက် ကွန်နတ်ကြီးကို
ထိုင်ကန်တော့ခဲ့ရပါသတဲ့ ကောင်းလေစွ ကောင်းလေစွ ကိုယ်ဆင်ထားတဲ့ ဖရိန်ကြီး သူတပါးပေါ် ပိမကျအောင်
ဂရုစိုက်ဗျာ ကျွန်တော်တို့ စိုက်ထားတဲ့ group ဟာ စိမ်းလန်းစိုပြည်လာပါပြီဆိုတဲ့ အခက်အလက်အရွက်
ဟာနန်ဒက် ဟတ်ထရစ် ရတဲ့ညက ကျွန်တော် ဂိုးပေါက်ပျောက်နေခဲ့တာ စာလုံးတစ်လုံးမှ မရလိုက်ဘူး
စာလုံးဆိုမှ စလုံးက လင်းဝေအိမ်ဆီ ဖုန်းလှမ်းတော့ ဟဲလို! ဟိုအကြောင်း ဒီအကြောင်း ဘယ်အကြာင်း
ညာအကြောင်း တံဆိပ်အကြောင်းပြောရင် (ကို) လင်းသဏ်ညီ*****က ခေါင်းထဲ ရောက်ရောက်လာတော့တာပဲ
မင်း ပရိုဖိုင်လ်ထဲက ငါရိုက်ပေးထားတဲ့ပုံတွေ ဗွမ်း******လိုက်ပြီမဟုတ်လား  အချစ်က မစွန့် ပစ်ရသေးတဲ့
အမှိုက်ပုံကြီးနဲ့ ဆင်လာပြီ လေတယ် အမှိုက်ပုံစောင့်ခွေးလို မည်းမည်းမြင်ရာ ကိုက်ဆွဲပစ်လိုက်ရတော့မယ့်
ရိုက်ပေါက် လူတွေပြောပြောနေတဲ့ သုခဘုံက ဘယ်မှာလဲ ငရဲ နဲ့ နီးလား လူငယ်တွေက ဗဟိုချက်တွေကို
မဲ့လိုက်ကြပြီ အချိုးပျက်နေတဲ့ လောကကြီးကို ကုလားဖန် နည်းနည်းထိုးပေးလိုက်တယ် ထိန်ချန်မှုဟာ
အနုပညာကို သစ္စာဖောက်တာပဲ ဟိုတလောက ဒေါသသံတွေနဲ့ လှလက်နေတဲ့ အရေးအသားတွေ
တဟုန်းဟုန်း ရုန်းကြွ ခက်ထန် ပဲ့တင် ရိုက်ခတ် သမိုင်းကို ဘယ်သူမှ ဖိုးတွမ်တီးလုပ်လို့ မရဘူး
ကဗျာတစ်ပုဒ်ဟာ ရွက်ကြမ်းရည်ကြို ကောင်မလေးရဲ့ အက်တင်လောက်တောင် share မခံရတာ နာတယ်
ဗျာ! အနှစ်သာရတွေ ပျောက်ဆုံးနေတယ်  ဗျာ! ကျစ်လစ်မှုမရှိ ဖောင်းပွနေတယ် ဗျာ! ဦးတည်ချက်တွေ ဝေဝါး
ထွေပြားနေတယ် ကမ္ဘာကြီးကိုက အနှစ်သာရတွေ ပျောက်ဆုံးနေတာပါဗျာ လူ့ အဖွဲ့ အစည်းကြီးကိုက
ကျစ်လစ်မှု မရှိ ဖောင်းပွနေတာပါဗျာ လူသားတွေကိုက ဦးတည်ချက်တွေ ဝေဝါး ထွေပြားနေတာပါဗျာ
ကျွန်တော်ဆက်မရေးတော့ဘူး ခင်ဗျားဘာသာဆက်တွေးတော့



* ဂျပန်လို ကျေးဇူးတင်ပါတယ်
**တရုတ်လို ဆဲခြင်း
***မလေးလို မသိဘူး
****ကွာလာလမ်ပူမြို့တွင်းရှိ ဦးသန့် လမ်း
***** မလိုချင်လည်း ခင်ဗျားနောက်က ကပ်လိုက်ပါလာမယ့် တံဆိပ်တွေ
******မလေးလို စွန့် ပစ်သည်

                                                                                    လင်းလက်တာရာ
                                                                                       ၂၉၊၁၂၊၂၀၁၂

Wednesday 26 December 2012

နံနက်တစ်ခင်း ကော်ဖီတစ်ခွက် tomyam တစ်ထုပ်နဲ့ ကဗျာတစ်ပုဒ်ကို ဖြစ်မဖြစ် ပြုလုပ်ကြည့်ခြင်း


မလေးရှားနိုင်ငံ ပြီးတော့ ဂျိုဟိုးပြည်နယ် ပြီးတော့  ဘာတုပါဟတ်မြို့ ပြီးတော့  36-1, jalan jenang
ပြီးတော့ တိုက်တန်းလျား ပြီးတော့ ၃လွှာ ပြီးတော့ အခန်းတစ်ခန်း ပြီးတော့  မြန်မာလူမျိုး ပြီးတော့
ကဗျာရေးသူ ပြီးတော့ လူငယ်တစ်ယောက် ပြီးတော့  holiday ပြီးတော့ ကြယ်တွေစုံတဲ့ည ပြီးတော့
ရေစိမ်ထားတဲ့ ပြီးတော့  ဂျင်းဘောင်းဘီ ပြီးတော့ အုံ့ မှိုင်းမှိုင်း ပြီးတော့ နေရောင် ပြီးတော့
ပြတင်းပေါက် ပြီးတော့  ဖြစ်နိုင်ခြေရှိသော ပြီးတော့ ခေတ်ပြိုင် ပြီးတော့ ကဗျာ ပြီးတော့
အလားအလာများ ပြီးတော့ သတင်းဆိုး ပြီးတော့ ဟမ်းဖုန်း ပြီးတော့ PH7 ပြီးတော့ နောက်ကြည့်မှန် ပြီးတော့
အိမ်လွမ်းနာ ပြီးတော့ အမှိုက်ပုံး ပြီးတော့ အပြုံးတု ပြီးတော့ စာအုပ်စင် ပြီးတော့ miss called ပြီးတော့
ချာဂျင် ပြီးတော့ ပန်ကာ ပြီးတော့ နံရံ ပြီးတော့ ရဲကား ပြီးတော့ ပင့်ဂူမျှင် ပြီးတော့ မီးချောင်းပြီး တော့
အေးအေးဆေးဆေးလမ်း ပြီးတော့ ရေစက်ကျသံ ပြီးတော့ ဝင်းရောင်ဝင်းရောင်ဝင်းရောင် ပြီးတော့
အမှောင်တစ်ခြမ်း ပြီးတော့ ဒုက္ခသစ္စာ ပြီးတော့ ဆိုဖာ ပြီးတော့ လောကဓံ ပြီးတော့ စီးချင်း ပြီးတော့
ဂေါ်ဂင်ရဲ့ ပြီးတော့ သစ်သီးကို ပြီးတော့ အရည်ရွှမ်းအောင် ပြီးတော့ ရေးနည်း ပြီးတော့ သမ္မုဒ္စေ ပြီးတော့
အမြီးအမောက် ပြီးတော့ မတည့်တဲ့ ပြီးတော့ ရာသီဥတု ပြီးတော့ ဂဃနဏ ပြီးတော့  တီတီတီတီ
ပြီးတော့ ပြုံးစရာ ပြီးတော့ ဘုရားကား ပြီးတော့ မိသားစုဓါတ်ပုံ ပြီးတော့  မျက်နှာသစ်ခရင် ပြီးတော့
ပန်းအိုး ပြီးတော့ နိုင်ငံရေး ပြီးတော့ ခင်ခင်ပျိုရေ ပြီးတော့ စောင့်ခဲ့တယ် ပြီးတော့ A4  ပြီးတော့
တံဆိပ်ခေါင်း ပြီးတော့ အမေစု ပြီးတော့ ရောင်စုံဘော့ပင်န် ပြီးတော့ ရယ်စရာ ပြီးတော့ စာလုံးပေါင်း
ပြီးတော့ သတ်ပုံကျမ်း ပြီးတော့  ရေပေါ်ဆီ  ပြီးတော့ လူမှုရေး ပြီးတော့ အယ်လ်ဘမ် ပြီးတော့
ပင်လယ်နဲ့ ပြီးတော့ ပတ်သက်နေတဲ့ ပြီးတော့ ရွက်တွေ ပြီးတော့ ချွေးများ ပြီးတော့ စာအိတ် ပြီးတော့
ရေလဲပုဆိုး ပြီးတော့ မိုးယုစံ ပြီးတော့ ကြည်လင်သော ပြီးတော့  ရေတံခွန်  ပြီးတော့ ဖူဆယ်ဖိနပ်
ပြီးတော့ မာန ပြီးတော့ အပုပ်နံ့ ပြီးတော့ ယှဉ်ရုန်းခဲ့တဲ့ ပြီးတော့ ဘော်ဒီ ပြီးတော့ ကြေကွဲစ ပြီးတော့
အွန်လိုင်း ပြီးတော့ မြသန်းတင့် ပြီးတော့ ခြောက်အိပ်မက် ပြီးတော့ လေယာဉ်လက်မှတ် ပြီးတော့
အဟောင်းအမြင်း ပြီးတော့ မန်ယူ ပြီးတော့ panadol ပြီးတော့ သော့တွဲ ပြီးတော့ လုံးချေထားတဲ့
ပြီးတော့ စက္ကူ ပြီးတော့ မထင်ရှော့ခ် ပြီးတော့ သတိရခြင်း ပြီးတော့ တောက်ခေါက်သံ ပြီးတော့
ဆူးဖွဲ့ ပိုက်ကွန် ပြီးတော့ ကော်ရပ်ရှင်ပင်န် ပြီးတော့ ထမင်းသိုး ပြီးတော့ မွေ့ ယာ ပြီးတော့ 4D ပြီးတော့
ဝမ်းနည်းပက်လက် ပြီးတော့ လူကြီးမင်း ပြီးတော့ ခေါ်ဆိုနေသော ပြီးတော့ ဒေါ်လာဈေး ပြီးတော့
ဆက်သွယ်မှု ပြီးတော့ ဧရိယာပြင်ပ ပြီးတော့ ဒိုင်ယာရီ ပြီးတော့ ကိုကိုလို့ ခေါ်သံ ပြီးတော့ ဒီမိုကရေစီ
ပြီးတော့ ခေတ်သစ်ကျွန် ပြီးတော့ တံမြက်စည်း ပြီးတော့ ငွေလွှဲဖြတ်ပိုင်း ပြီးတော့ နှာဖာကလော်
ပြီးတော့ အတင်းအဖျင်း ပြီးတော့ ချဉ်တူးတူး ပြီးတော့ ပစ္စပ္မန် ပြီးတော့ ကင်းရှင်းတဲ့စိတ်ရဲ့ ပြီးတော့
နုတ်တိုက်ချပေးမှု ပြီးတော့ စာကြောင်းရေ ပြီးတော့ ငါးဆယ့်လေး ပြီးတော့ လူ့ အောက်ပိခြင်း ပြီးတော့
ရွှေ ပြီးတော့ ဝန် ပြီးတော့ ပါးချိုင့်ကလေး ပြီးတော့ ခိုစာပြီး တော့ မျက်ရည် ပြီးတော့ စိုးသီဟ  ပြီးတော့
အထီးကျန်ခြင်း ပြီးတော့ ဘဏ်ကဒ် ပြီးတော့ မဟေသီ ပြီးတော့ ဝဋ္ဋ်ကြွေး ပြီးတော့  အင်္ဂလိပ် ပြီးတော့
အဘိဓါန် ပြီးတော့ မျှော်လင့်ချက် ပြီးတော့ မြစ်ပြင်ပေါ် ပြီးတော့ ထင်ကျန်နေသော ပြီးတော့
မြွေခြေရာများ ပြီးတော့ အမာရွတ်ပြီးတော့ ဆူရှီ ပြီးတော့ မာကီ ပြီးတော့ လမ်းဖြတ်ကူးသော ပြီးတော့
ဝတ္ထုတိုများ ပြီးတော့ facebook ပြီးတော့ OT ပြီးတော့ မောင်သာချို ပြီးတော့ဆိုဖီယာရဲ့ ပြီးတော့
ငါ့ကမ္ဘာ ပြီးတော့ Gtalk ပြီးတော့ ချေးငွေ ပြီးတော့ သတ္ထုမိုးများ ပြီးတော့ ရွာသွန်းခြင်း ပြီးတော့
အဆင်မပြေမှု ပြီးတော့ မှတ်စုများ ပြီးတော့ Gmail ပြီးတော့ ဇေယျာလင်း ပြီးတော့ ပါမစ် ပြီးတော့
လကုန်ရက် ပြီးတော့ အလွမ်းတူးတူး ပြီးတော့ ပတ်စ်ပို့ စ် ပြီးတော့ မျှော်တောင်ယောင် ပြီးတော့
နီယိုမော်ဒန် ပြီးတော့ နောက်ခံ ပြီးတော့ အယူအဆနဲ့ ပြီးတော့ သွင်ပြင် ပြီးတော့ လက္ခဏာ ပြီးတော့ တချို့ 
ပြီးတော့ ဆန္ဒအိုးပေါက်ကြီး ပြီးတော့ အိမ်ပြန်ချိန် ပြီးတော့ အက္ခရာလမ်း ပြီးတော့ ဒီကဗျာ ပြီးတော့ ပြီးတော့
ပြီတော့ ”ပြီးတော့”ဆိုတာ “ပြီးတော့”လို့ ရှေ့ ဆက်ခိုင်းတဲ့အနက် “ပြီးတော့”လို့ ရပ်တန့် ခိုင်းတဲ့
အဓိပ္မာယ် ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့ ပြီးတော့

                                                                                 လင်းလက်တာရာ
                                                                                    ၂၇၊၁၂၊၂၀၁၂

Monday 24 December 2012

မတတ်နိုင်တဲ့အဆုံး လက်ညှိုးနဲ့ လက်မကို ဝိုင်းပြလိုက်ရတော့တယ်


လိုချင်တပ်မက်ခဲ့တာ မျက်စိနဲ့ လုံးဝမမြင်နိုင်တဲ့ အရာတွေ
တနင်္ဂနွေရဲ့ ထောင့်ကျဉ်းကျဉ်းလေးမှာ ငါဒါကို တွေးနေတယ်
ပွက်လောရိုက်နေတဲ့ ကိန်းဂဏန်းတွေ ဂလိုဘယ်လ်ဒယ်အိုးကြီးထဲ ပွက်ပွက်ဆူ
ခန္စာကိုယ်ကြီးကိုက စိတ်အညှိတွေ ညှို့ ပဲညှို့ နိုင်လွန်းတယ်
လိုင်းတွေ အရောင်တွေ စကားလုံးတွေ ဝါကျအကျိုးအပဲ့တွေ ရေတံခွန်တစ်လုံးလို ဒလဟော
နေရောင်ဟာ ကျောပေါ် ဓါးမြှောင်လို စိုက်ဝင်နစ်မြုပ်
ပြေးလမ်းပေါ် စလစ်ဖြစ်နေတဲ့ ဝမ်းရေး ခွေးပြေးဝက်ပြေးဆူးငြှောင့်တွေ
ချောက်ချောက်ချားချား သတင်းစာစက္ကူအပိုင်းအစလေးက ချောက်ချောက်ချားချား
ဘဝမှာ အဝါလည်းထိ ပင်နယ်တီလည်းလွဲ လက်ခုပ်သံတွေနဲ့ လည်း လမ်းခွဲခဲ့ရပါတယ်
အငွေ့ ပျံလို့ ရရင် လူတောင် ပျောက်ကွယ်သွားလောက်ပြီ
လောကကြီးရယ် တစ်ခုခုလောက်တော့ ပြန်ရချင်ပါရဲ့
စပါးလုံးလေးတွေ ရွေးသလို ပျောက်ဆုံးခြင်းထဲမှာ ပျောက်ဆုံးခြင်းတွေ ပြန်ရွေး
ဇော်ဂျီဖောင့်ဆွဲမရတဲ့ ဆိုင်လေးကို ငါတောက်ခေါက်နေမိတယ်
ဝပ်ကျင်းဟာ တဖြည်းဖြည်း ကျဉ်းလာ တဆက်တည်း ပြွတ်သိပ်
ညထဲ ပြိုကျပျော်ဆင်းလာတဲ့ အိပ်မက်ချော်ရည်ပူတွေ
မြေဆွေးလို တမြေ့မြေ့ ဖွဲမီးလို တငွေ့ ငွေ့  တောင်တန်းလို ရွှေ့ မရခြင်းများ
ခါးသီးခြင်းတွေသာ တောက်ပဝတ်စုံ ရွတ်နေကျ သမ္မုဒ္စေဟာ လွတ်လွတ်ကျ
အချစ်ရယ် နေ့ ကောင်းနေ့ မြတ် များများစားစား လက်ဆောင်ရချင်ပါတယ်
အမေက အရက်လုံးလုံးမသောက်နဲ့ တဲ့ ငါ အပြားတွေပဲ သောက်တယ်ဆိုတဲ့ ဟာသဟာ
ကွဲပြဲနေတယ် လောကဓံက ဘယ်သူ့ ကိုမှ ဖူးဖူးမမှုတ်ဘူး
အပျော်ဆိုတာ ဈေးကြီးပေးဝယ်ရတဲ့ တွင်းထွက် အခက်အခဲနဲ့ အကျပ်အတည်းဟာ လစ်ဗွီးတူဂဲလ်သား
ပန်းအိုးလေးထဲ ကြေကြေကွဲကွဲစိုက်ထားတဲ့ မျက်ရည်တွေ ပွင့်နေပြီ
လှည်းဘီး နွံထဲကျွံနေသည်နှင့် အခြား ဝန်ထုပ်ဝန်ပိုးများ
မြက်ခင်းအတုတွေပေါ်ကစားရတာ ခါးတယ်
အသားတစ်တစ်ခုကို ဝိုင်းအုံ ထိုးဆိတ် သုတ်ချီ နေသလိုမျိုး
သူလိုကိုယ်လို ထူးမခြားနား ကျီးမိုက်တွေဟာ ကျွန်တော် ခင်ဗျား
ကြားလား ခေတ်ကို ဖြတ်စီးနေတဲ့ လျှပ်စီးကြိုးပေါ် မြို့ကြီးတစ်မြို့ အော်နေတယ်

                                                လင်းလက်တာရာ
                                                  ၁၄၊၁၂၊၂၀၁၂

Sunday 23 December 2012

ဆိုလိုတာက လိုဂို တွေ ခြေချင်းလိမ်နေတဲ့ ဂလိုဘယ်လ်

ဖွင့်ချလိုက်တာလား သို့ မဟုတ် ဖဲ့ထုတ်လိုက်တာလား အရွေ့ ဟာ ပစောက်ကွေ့ မှာ ဘွားခနဲ
ဒီသစ်ရိုင်းသားကနေ ဒီအနုပညာကို ဒီအတိုင်းကြီး ထွက်ကျလာတာတော့ မဟုတ်ဘူး မဟုတ်ဘူး
ဟုတ်တယ် loading ဟာ ဒီလိုင်းမှာ လာစိုက်နေတာ တန်းလန်းကြီး  ဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလို
ဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလို နံနက်ခင်းအသစ်လေးကို အော်ခေါ်နေတာ လျှာတိုနေပြီ
စိတ်ကြီးဝင်မှုကို ဧည့်ခန်းထဲကနေ နောက်ဖေးပေါက်ထဲ ကန်ထည့်ပစ်လိုက်တယ်
ကီးဘုတ်ကနေ ရိုက်ချလိုက်သမျှ စခရင်ပေါ် ပျော်ပျော်ကြီး ပေါ်မလာနိုင်သေးတဲ့ နေ့ စွဲတွေ
လိင်စိတ်ဟာ ဟိုလူ့ ကိုလိမ် ဒီလူ့ ကို ခေါက် ပြီးတော့ ဂိုးပေါက်ထဲ ဒိုင်းခနဲ ဖြစ်တည်မှုဟာ
ကြေး/ ဂျီးအထပ်ထပ် ပျို့ အန်ချင်စရာ အငွေ့ အသက်တွေနဲ့  အသက်ရှူသံကို အသစ်လဲလှယ်
တပ်ဆင်ကြည့်ရင် ဘယ်လိုနေမလဲ ကွန်ပျူတာကို ဖွင့်လိုက် ဝင်းဒိုးဟာ ဝမ်းအူသံကြီးနဲ့ တက်လာ
ထမင်းတစ်နပ် မေ့ထားတဲ့ ရန်ကုန်ကြီးကို လေးစားပါတယ် ကျကွဲလုလု သတိလေးကို မနည်းကြီး
ပြန်ဆွဲထားလိုက်ရ ငါ့နှလုံးသားကို လာလှုပ်ခတ်နေတဲ့ ငလျင်မလေးရေ အစစအရာရာအဆင်ပြေရဲ့လား
ကျောပိုးအိတ်ကို ပိတ်လိုက်တော့ မိသားစု ဓါတ်ပုံလေး ဇစ်ညပ်သွားတယ် ၂၁ရာစု အဟောင်းတန်းမှာ
လူစည်ကားနေတုန်းပဲ တံဆိပ်အတုတွေကို အထင်တကြီး ဆက်ဆံနေရတာ ညံ့တာပဲ  ညှော်တယ်
ငါတို့ ရှူရှိုက်နေရတဲ့ ဆော့ဝဲလ်ကြီးက တော့်တော့်ကို ညှော်တာပဲ ဖုန်းနံပါတ်လေးတစ်လုံးရတာနဲ့ 
ကြောင်မယ်ဆိုတဲ့ ကြောင်တွေက တညှောင်ညှောင် သိန်း၅၀တန်ဆိုလို့  ကလစ်နှိပ်ကြည့်လိုက်တာ
ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ် မဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ် ပန်းဆိုးတန်းက ငါ့ကို မျက်စပစ်ပြဖူးတာ
မမေ့ဘူး  မြွေတစ်ကောင်လိုခဲထားတဲ့ ငွေ စက္ကူတွေ ငိုနေတာကလည်း ရယ်စရာ ရယ်နေတာကလည်း
ငိုစရာ  မြို့ကြီးကိုက အတောင်းအရမ်း ထူထပ်လွန်းပါတယ် နည်းပညာဟာ ငါတို့ ကို ဝါးမြို ငါတို့ ကို
ထွေးထုတ် တရှုံ့ ရှုံ့ ငိုနေတဲ့ လေပြည်လေးကို ဘယ်လိုချော့ရမလဲ  ပါဝါထူလာတဲ့ လောကကြီးကပဲ
ဝါးတားတား လုပ်နေတာလား အိုင်တီစိုက်ခင်းမှာ စက်ရုပ်တွေ ဖွေးဖွေးလှုပ်ပွင့်လို့ ကိုယ့်ချွေးကိုယ် စစ်မစစ်
ပြန်မြည်းကြည့်ရတဲ့ အထိ စိတ်လုံခြုံမှုဟာ စောင်ခေါင်းမြီးခြုံလိုက်ရုံနဲ့ ရောက်မလာဘူး ငွေသံကြေးသံများ
တချွင်ချွင် ခုတ်/ဖြတ်/တိုး/တိုက် ပွဲကမပြီးသေးဘူး မီးက ခဏခဏသေတယ် တအိအိပြိုဆင်းလာတဲ့
လိုချင်တပ်မက်မှုတွေ တံတားဟာကျိုးကျသွားခဲ့ရပြီ် မနက်ခင်းဟာ  အိပ်မက်တွေကို သတ်ပစ်ဖို့ 
စောင့်စားနေတယ် ကျောပိုးအိတ်အဟောင်းလေးကို လွှတ်ချလိုက်ဖို့ မဖြစ်ဘူး ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
အက္ခရာတွေကိုဘယ်ကစားကွက်နဲ့ချခင်းရမလဲ လိုင်းတွေတဝီဝီပျံသန်းလာပြီ  နားခိုရာကို သိမှုဗေဒတွေ
ဝါးမြိုပစ်လိုက်ကြတယ် ကိုယ်တို့ ဟာ ခြံနဲ့ ဝန်းနဲ့ အိမ်နဲ့ ယာနဲ့ ချည်တိုင်နဲ့ လှောင်ချိုင့်နဲ့ဖြောင့်ဖြူးခြင်းဟာ
လမ်းတွေရဲ့အပြစ် အနာ အဆာပဲ ကျွန်တော့်ကို ဈေးကောင်းပေးပါ  ကောင်လေးဟာရေသန့်ဘူးကို
အခွံပဲလိုချင်တယ်ဆိုတာဟုတ်ပါ့မလား ရောက်မလာမယ့်ရထားကို စောင့်နေရတာကိုပဲ သစ္စာတရားလို့ 
ချရေးပေးလိုက်ရမလိုလို  မသေချာတာတွေအားလုံးပေါင်းစုလိုက် သေချာခြင်းတစ်ခုကစောင့်ကြိုနေတယ်
ပန်းတိုင်ကတော့ စပ်ကူးမက်ကူး ပန်းဖူးလေးဟာပွင့်ဖို့ ခေါင်းစဉ်ကြီးကြီးရှာနေတယ် အရက်ဟာ
ပုလင်းထဲမှာနေနေသေးသမျှ အရက်မမည်ဘူး ကျွန်တော့်ကိုမော့သောက်လိုက်ပါ  ကျွန်တော့်ကို
ဈေးကောင်းပေးပါ  ပို့ လွှတ်လိုက်တဲ့အီးမေးထဲမှာ အမှန်တရားဟာ စာလုံးပေါင်းအမှားကြီး ဘောင်ထဲမှာ
ပန်းချီကားဟာ သေနေပြီ ဘာကိုမှမမြင်ချင်တော့တဲ့အခါ မျက်မှန်ကိုချွတ်ထားလိုက်တယ်။

                                                      လင်းလက်တာရာ ၊ လင်းဝေအိမ်
                                                                 ၂၃၊၁၂၊၂၀၁၂

Sunday 16 December 2012

“လူသားဟာ စက်ရုပ်နဲ့  သားစပ်ထားတဲ့ အသားစိုင်ကြီး ဘယ်လို ဘယ်လိုအသားစိုင်ကြီးဟာ စက်ရုပ်နဲ့ သားစပ်ထားတဲ့ လူသား”





space ဟာ တဖြည်းဖြည်း  speed မြန်လာ
အသက်ရှင်ရတာ ချိုလား အခွံကြီးသက်သက်ဟာ ခါးသက်သက်ကြီး
ဆိုပါစို့  အနုပညာဟာ ချက်ရောင်းလို့ ကောင်းတဲ့ အရာ ဟုတ်မဟုတ်
ချက်ကျောက်ပြောင်ပြောင်တွေ လူတော တိုးမတိုး
ယောင်ဝါးဝါးကိုပဲ ဝါးနေရုံနဲ့ အရသာ မပြီးပြည့်စုံသေး
လမ်းမွှာတွေကို နှီးဖြာသလို ဖြာကြည့်
ညှော်ဆော်နံအောင်ရေးရင် ညှော်စော်နံမှာပဲ
ညဥ့်သုံးယံစလုံး ခေါင်းမီးတောက်မိတဲ့ အခါ
အရေးအသားတွေ လွတ်ထွက်သွားမယ် ဘာသာစကားတွေ အဖိတ်အစင်များမယ်
ကျောတစ်ခင်းစာက နားနားနေနေကို မသိဘူး
တစ်ဝမ်းတစ်ခါးက စိမ်ပြေနပြေကို နားမလည်ဘူး
ကြော်ငြာကို ကြော်ငြာပေးရတာလောက် စိတ်ပိန်စရာ ရှိဦးမလား
ရှိ ကာလဒေသအလိုက် ကောလာဟလ ဆိုတာ ရှိ
စိတ်ကူးလိုက်ရုံနဲ့  စိတ်ကူးတွေ သမ်းဝေသွား
မေးလိုက် “ငါ့စိတ်ကူးစိတ်သန်းကို စနက်တံ လာတပ်တာ ဘယ်သူလဲ” လို့ 
ဟစ်ဟော့ပ် လိုက်ဆိုရုံနဲ့ ခေတ်မီရောလား
တက်တူးထိုး ဆံပင်အနီ ဆိုးလိုက်ရုံနဲ့ ခေတ်မီရောလား
ပြောလိုက် အားကောင်းမောင်းသံတွေ မိန်းမရည်ခြုံနေပြီ
မျက်စိနောက်စရာကလည်း ဒုနဲ့ ဒေး မျက်နှာပျက်စရာကလည်း ဒလဟော
ရိုးရာအစားအစာတွေ ယင်နားနေတာ တဝီဝီ
အရေးအကြောင်းဆို ဟွန်းနက်ကြီး တတီတီနဲ့  ခွီးမှပဲ
ကိုယ်ချင်းစာတရားကို မူကြိုကျောင်းသားလေးဆီက သွားသင်လိုက်ဦး
သမားရိုးကျတွေကို အရေခွံ ခွာဖို့ သမားတော် လိုမလို
မှိုတက်နေတဲ့ အာရုံခံစားမှုတွေကို မီးရှို့ ပစ်လိုက်
ခေါင်းစဉ်အောက်မှာပဲ မကျွတ်မလွတ်ကူးခတ်နေရတာ လက်ပမ်းမကျသေးဘူးလား မိတ်ဆွေ+အသင်း
ပြိုကျပြန့် ကြဲနေတဲ့ အပိုင်းပိုင်း အပြတ်ပြတ်တွေကို အကိုးအကားမဲ့မဲ့ တွဲစပ်
ကိုယ့်နံနက်ခင်းနဲ့ ကိုယ့်ကော်ဖီခွက်ပဲ
ဒီနှာခေါင်းထဲက ထွက်လာတဲ့လေဟာ ဟိုနှာခေါင်းထဲ ဝင်သွား
သားကောင်ဟာ သားသားနားနား မုဆိုးဟာ စုတ်စုတ်ပြတ်ပြတ်
မူယာမာယာဟာ မူလီစုပ်ထားတဲ့ အတိုင်း အငြိမ်
လုပ်ပြုံးကြီးဟာ လူအုပ်ထဲ အတင်းကာရော မောင်းဝင်လာပြန်
မင်္ဂလာပါ သေခြင်းတရားခင်ဗျား
ကြိုက်နှစ်သက်ရာ အကြောင်းခြင်းရာများကို အချိန်မရွေး စိတ်ကြိုက် ရွေးချယ်စားသုံးနိုင်ပါပြီ
အချစ်သည် တစ္ဆေ သို့ မဟုတ် သူလျှို သို့ မဟုတ် သွေးစုပ်ဖုတ်ကောင် သို့ မဟုတ် တစ်စုံတရာ တစ်ခုခု
တစ်နေ့ ထက်တစ်နေ့  “တစ်နေ့ သ၌” တွေ ရိုးအီလာ
ခေတ်က ဘာသာစကား အသစ်တတ်မှ လူရာဝင်တယ်လား
မင်းပြောတော့ ဂလိုဘယ်လ်လိုက်ဇေးရှင်း အိုင်တီက စကားနည်းနည်းပြောပြီး များများတွေးခေါ်ခြင်းဆို
ခု လူမှုဆက်ဆံရေး live show မှာ မုသားဟာ နားဝင်အချိုဆုံး သီချင်းပဲ
မြို့ကြီးပြကြီးဟာ မေတ္တာတရားကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်
ပုထုဇဉ်ဟာ ပုထုဇဉ်ပီပီ ပုထုဇဉ်
ဝဋ်ဒုက္ခကို စမတ်ကျကျ ဝတ်ဆင်လို့  အကုသိုလ်ကို နိုင်ငံကြီးသားပီပီ hello! how are you?ဘာညာ
မိမွေးတိုင်းဖမွေးတိုင်း ပြန်သစ်ချင်တယ်ဆိုတဲ့ ကညော့ချက်မှာ ကွန်မန့် တွေ ဗုံးပေါလအော
လူဖြစ်ရတာတန်သလား ခွေးဖြစ်ရတာရော မတန်ဘူးလား
ကျောသားရင်သားမခွဲခြားတော့ပါဘူး ဆိုတဲ့ ဖွင့်ဆိုချက်ဟာ ပလုတ်ပလောင်းသံကြီး
ဆာလောင်နေတဲ့ ကြောင်ဟာ ဆာလောင်နေတဲ့ အစာအိမ်ထဲ ဘယ်လိုဘယ်လို
ရှင်ဖို့ သက်သက် သေတွင်းကိုနက်နက်တူး
ဖြစ်သလို ဆွဲစိထားတဲ့ သေကောင်ပေါင်းလဲတွေ
ရှင်ဖို့ သက်သက် သေတွင်းကိုနက်နက်တူး
ဆာလောင်နေတဲ့ ကြောင်ဟာ ဆာလောင်နေတဲ့ အစာအိမ်ထဲ ဘယ်လိုဘယ်လို
ကျောသားရင်သားမခွဲခြားတော့ပါဘူး ဆိုတဲ့ ဖွင့်ဆိုချက်ဟာ ပလုတ်ပလောင်းသံကြီး
လူဖြစ်ရတာတန်သလား ခွေးဖြစ်ရတာရော မတန်ဘူးလား
မိမွေးတိုင်းဖမွေးတိုင်း ပြန်သစ်ချင်တယ်ဆိုတဲ့ ကညော့ချက်မှာ ကွန်မန့် တွေ ဗုံးပေါလအော
ဝဋ်ဒုက္ခကို စမတ်ကျကျ ဝတ်ဆင်လို့  အကုသိုလ်ကို နိုင်ငံကြီးသားပီပီ hello! how are you?ဘာညာ
ပုထုဇဉ်ဟာ ပုထုဇဉ်ပီပီ ပုထုဇဉ်
မြို့ကြီးပြကြီးဟာ မေတ္တာတရားကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်
ခု လူမှုဆက်ဆံရေး live show မှာ မုသားဟာ နားဝင်အချိုဆုံး သီချင်းပဲ
မင်းပြောတော့ ဂလိုဘယ်လ်လိုက်ဇေးရှင်း အိုင်တီက စကားနည်းနည်းပြောပြီး များများတွေးခေါ်ခြင်းဆို
ခေတ်က ဘာသာစကား အသစ်တတ်မှ လူရာဝင်တယ်လား
တစ်နေ့ ထက်တစ်နေ့  “တစ်နေ့ သ၌” တွေ ရိုးအီလာ
အချစ်သည် တစ္ဆေ သို့ မဟုတ် သူလျှို သို့ မဟုတ် သွေးစုပ်ဖုတ်ကောင် သို့ မဟုတ် တစ်စုံတရာ တစ်ခုခု
ကြိုက်နှစ်သက်ရာ အကြောင်းခြင်းရာများကို အချိန်မရွေး စိတ်ကြိုက် ရွေးချယ်စားသုံးနိုင်ပါပြီ
မင်္ဂလာပါ သေခြင်းတရားခင်ဗျား
လုပ်ပြုံးကြီးဟာ လူအုပ်ထဲ အတင်းကာရော မောင်းဝင်လာပြန်
မူယာမာယာဟာ မူလီစုပ်ထားတဲ့ အတိုင်း အငြိမ်
သားကောင်ဟာ သားသားနားနား မုဆိုးဟာ စုတ်စုတ်ပြတ်ပြတ်
ဒီနှာခေါင်းထဲက ထွက်လာတဲ့လေဟာ ဟိုနှာခေါင်းထဲ ဝင်သွား
ကိုယ့်နံနက်ခင်းနဲ့ ကိုယ့်ကော်ဖီခွက်ပဲ
ပြိုကျပြန့် ကြဲနေတဲ့ အပိုင်းပိုင်း အပြတ်ပြတ်တွေကို အကိုးအကားမဲ့မဲ့ တွဲစပ်
ခေါင်းစဉ်အောက်မှာပဲ မကျွတ်မလွတ်ကူးခတ်နေရတာ လက်ပမ်းမကျသေးဘူးလား မိတ်ဆွေ+အသင်း
မှိုတက်နေတဲ့ အာရုံခံစားမှုတွေကို မီးရှို့ ပစ်လိုက်
သမားရိုးကျတွေကို အရေခွံ ခွာဖို့ သမားတော် လိုမလို
ကိုယ်ချင်းစာတရားကို မူကြိုကျောင်းသားလေးဆီက သွားသင်လိုက်ဦး
အရေးအကြောင်းဆို ဟွန်းနက်ကြီး တတီတီနဲ့  ခွီးမှပဲ
ရိုးရာအစားအစာတွေ ယင်နားနေတာ တဝီဝီ
မျက်စိနောက်စရာကလည်း ဒုနဲ့ ဒေး မျက်နှာပျက်စရာကလည်း ဒလဟော
ပြောလိုက် အားကောင်းမောင်းသံတွေ မိန်းမရည်ခြုံနေပြီ
တက်တူးထိုး ဆံပင်အနီ ဆိုးလိုက်ရုံနဲ့ ခေတ်မီရောလား
ဟစ်ဟော့ပ် လိုက်ဆိုရုံနဲ့ ခေတ်မီရောလား
မေးလိုက် “ငါ့စိတ်ကူးစိတ်သန်းကို စနက်တံ လာတပ်တာ ဘယ်သူလဲ” လို့ 
စိတ်ကူးလိုက်ရုံနဲ့  စိတ်ကူးတွေ သမ်းဝေသွား
ရှိ ကာလဒေသအလိုက် ကောလာဟလ ဆိုတာ ရှိ
ကြော်ငြာကို ကြော်ငြာပေးရတာလောက် စိတ်ပိန်စရာ ရှိဦးမလား
တစ်ဝမ်းတစ်ခါးက စိမ်ပြေနပြေကို နားမလည်ဘူး
ကျောတစ်ခင်းစာက နားနားနေနေကို မသိဘူး
အရေးအသားတွေ လွတ်ထွက်သွားမယ် ဘာသာစကားတွေ အဖိတ်အစင်များမယ်
ညဥ့်သုံးယံစလုံး ခေါင်းမီးတောက်မိတဲ့ အခါ
ညှော်ဆော်နံအောင်ရေးရင် ညှော်စော်နံမှာပဲ
လမ်းမွှာတွေကို နှီးဖြာသလို ဖြာကြည့်
ယောင်ဝါးဝါးကိုပဲ ဝါးနေရုံနဲ့ အရသာ မပြီးပြည့်စုံသေး
ချက်ကျောက်ပြောင်ပြောင်တွေ လူတော တိုးမတိုး
ဆိုပါစို့  အနုပညာဟာ ချက်ရောင်းလို့ ကောင်းတဲ့ အရာ ဟုတ်မဟုတ်
အသက်ရှင်ရတာ ချိုလား အခွံကြီးသက်သက်ဟာ ခါးသက်သက်ကြီး
space ဟာ တဖြည်းဖြည်း  speed မြန်လာ


                         လင်းလက်တာရာ
                            ၁၅၊၁၂၊၂၀၁၂

Friday 14 December 2012

ကျွန်တော်နှင့် ဆင့်ပွားပြုလုပ်ချက်များ

“မိသားစု”


မိသားစုဟာ မိသားစုပေါ့
မိသားစုဟာ ရေတံခွန်လို တဟုန်ထိုးစီးတယ်
မိသားစုဟာ ကောင်းကင်လို ငြိမ်းချမ်းကြည်လင်တယ်
မိသားစုဟာ မီးတောင်လို သိုသိပ်ပေါက်ကွဲတယ်
မိသားစုဟာ ပန်းပွင့်လို မွှေးပျံ့ ထုံသင်းတယ်
မိသားစုဟာ တိမ်လို ညိုမည်းအုံ့ ဆိုင်းတယ်
မိသားစုဟာ တောင်တန်းလို စိမ်းညို့ငြိမ်သက်တယ်
မိသားစုဟာ ခုနှစ်စဉ်ကြယ်လို ဇောက်ထိုးမိုးမျှော်တယ်
မိသားစုဟာ ပင်လယ်လို ယဉ်ကျေးခက်ထန်တယ်
မိသားစုဟာ မုန်တိုင်းလို မုန်ယို ရိုင်းစိုင်းတယ်
မိသားစုဟာ လေပြေလိုနူးညံ့ပျော့ပျောင်းတယ်
မိသားစုဟာ မိသားစုပေါ့
မိသားစုဆိုတာ ရာသီဥတု
မိသားစုဆိုတာ ရေဒီယိုသီချင်း
မိသားစုဆိုတာ ပင်လယ်ကမ်းခြေ
မိသားစုဆိုတာ မြင်းခွာသံ
မိသားစုဆိုတာ အင်တာနေရှင်နယ်သတင်း
မိသားစုဆိုတာ တောကြီးမျက်မည်း
မိသားစုဆိုတာ ဈေးကွက်စီးပွား
မိသားစုဆိုတာ သဘာဝကျောက်ဆောင်
မိသားစုဆိုတာ မြို့ပြရှုခင်း
မိသားစုဆိုတာ မြစ်ရေကြီးခြင်း
မိသားစုဟာ မိသားစုပေါ့
သားက အမေရိကားမှာ
သမီးက သြစတေးလျမှာ
အဖေက စင်္ကာပူမှာ
အမေက မြန်မာပြည်မှာ
မိသားစုဟာ မိသားစုပေါ့


( အမှတ် ၁၃၊ ဇန်နဝါရီ၊ ၂၀၁၂၊ အပြင်စီးမဂ္ဂဇင်း)

                                                     လင်းလက်တာရာ


 “ရွာကလေး”




အဲဒီ ရွာကလေးဟာ ရွာကလေးပေါ့။
အဲဒီ ရွာကလေးဟာ တောင်ကျ ချောင်းရေလို အရှိန်နဲ့ စီးဆင်းတယ်။
အဲဒီ ရွာကလေးဟာ စိမ့်စမ်းရေလို ကြည်လင် အေးချမ်းတယ်။
အဲဒီ ရွာကလေးဟာ သဇင်လိုမွှေးပျံ့ ထုံသင်းတယ်။
အဲဒီ ရွာကလေးဟာ ပိုးသားလို နူးညံ့ ပျော့ပျောင်းတယ်။
အဲဒီ ရွာကလေးဟာ လက်လုပ် လက်စား တွေနဲ့ ရင့်ကျက် တည်ငြိမ်တယ်။
အဲဒီ ရွာကလေးဟာ  ဆင်ရိုင်း တစ်ကောင်လို မုန်ယို ခက်ထန်တယ်။
အဲဒီရွာကလေးဟာ မိသားစုတစ်စုလို သိုသိပ်ပေါက်ကွဲတယ်။
အဲဒီ ရွာကလေးဟာ  စာမတတ်ဘူး။
အဲဒီ ရွာကလေးဟာ ဂလိုဘယ် လိုက်ဇေးရှင်းကို မသိဘူး။
အဲဒီ ရွာကလေးဟာ ကိုရီးယား ယဉ်ကျေးမှု မထွန်းကားဘူး။
အဲဒီ ရွာကလေးဟာ ဇာတ်တူသား မစားဘူး။
အဲဒီ ရွာကလေးဟာ  နောက်ကျောကို ဓားနဲ့ မထိုးဘူး။
အဲဒီ ရွာကလေးဟာ မြန်မာ ဆန်ပြီး မြန်မာ စကား လုံးဝ မပြောဘူး။
အဲဒီ ရွာကလေးဟာ ထမင်းကို ”အမ်း”လို့ ဆိုတယ်။
အဲဒီ ရွာကလေးဟာ ရေကို “လု” လို့ခေါ်တယ်။
အဲဒီ ရွာကလေးဟာ  မြန်မာ့သမိုင်း။
အဲဒီ ရွာကလေးဟာ ဖားစည်။
အဲဒီ ရွာကလေးဟာ သဘာဝ ရှုခင်း။
အဲဒီ ရွာကလေးဟာ မြေနီလမ်း။
အဲဒီရွာကလေးဟာ တုံးမောင်းသံ။
အဲဒီ ရွာကလေးဟာ တယ်လီ ဗီးရှင်း။
အဲဒီ ရွာကလေးဟာ ခေတ်ဟောင်း တေးဂီတ။
အဲဒီ ရွာကလေးဟာ ယဉ်ကျေးမှု ပြယုဂ်။
အဲဒီ ရွာကလေးဟာ ဒီမိုက ရေစီ။
အဲဒီ ရွာကလေးဟာ အသွေးအသားနဲ့ ရင်းပြီး
ငါ့အဖိုးကို မွေးတယ်။
အဲဒီ ရွာကလေးဟာ ဂုဏ်သိက္ခာနဲ့ အလဲ အထပ်လုပ်ပြီး ငါ့အဖေကို မွေးတယ်။
အဲဒီ ရွာကလေးဟာ ဓူဝံကြယ်ကို ကြည့်ပြီး ငါ့ကိုမွေးတယ်။
အဲဒီ ရွာကလေးဟာ ရွာကလေးပေါ့။


( ဒီဇင်ဘာ၊ ၂၀၁၂၊ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း၊ blog digest ကဏ္ဌ)
မှတ်ချက်။  ။ www. Madankoo. blogspot.com ထဲတွင် ရေးသားရက်
                   thursday, february, 23, 2012

                                           ကိုရင်




“အောက်ပါမေးခွန်းများကို ဖြေဆိုပါ”


(၁)
မိတ်အင်ဂျပန်လို့ ရိုက်နှိပ်တားတဲ့ တရုတ်ဖြစ်များအကြောင်းပြောပါ။
(၂)
'ငါ' ဆိုတဲ့ ပုံဆောင်တုံးဟာ
ဘယ်အချိန်၊ ဘယ်အခါ၊ ဘယ်နေရာမှာ၊ ဘယ်လိုအငွေ့ ပျံသွားနိုင်ပါသလဲ။
(၃)
လူသုံးကုန်လူမှုရေးမှာ အပြုံးတုတွေ မည်မျှရောင်းရပါသနည်း။
(၄)
သမ္မာအာဇီဝအကြောင်း လက်တွေ့ ကျကျဖွင့်ဆိုပါ။
(၅)
ကွက်လပ်ဖြည့်ပါ။ (က)မိသားစု၊(ခ)ချစ်မေတ္တာ၊(ဂ)ကိုယ်ကျင့်တရား။
(၆)
ရိုးသားစွာ ဆင်းရဲကြသူများအား ဖော်ပြပါ။
(၇)
ငွေကြေးနဲ့ အနုပညာအကြောင်း စာစီကုံးပါ။

                   
(vol.11,no-5,july,2008. fashion image magazine)

                                                လင်းလက်တာရာ

“မေးခွန်းများ”


စိတ်ဓါတ်များထဲမှ
သင်လက်ရှိ အသုံးပြုနေသော
နောက်ဆုံးပေါ် တံဆိပ်အကြောင်းပြောပြပါ။

ရိုးသားစွာ ကြိုးစားရင်း ပျောက်လွင့်သွားသော
သမ္မာအာဇီဝ ဘဝများအကြောင်း
စာစီကုံးပါ။

ခွဲခြားနေသည့်
အဆင့်အတန်းဆိုသော စကားရပ်တွင်
မည်သည့်အရာများ ပါဝင်ဖွဲ့ စည်းထားသနည်း။

“ငါ”ဆိုသည့် အတ္တပုံဆောင်ခဲသည်
အပူချိန် မည်မျှပေးလျှင်
မည်သည့် ဒြပ်စင်အဖြစ် ပုံစံပြောင်းသနည်း။

လစ်ဟာနေသော မိသားစု
ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းရေး စသော
ကွက်လပ်များကို ဖြည့်ပါ ။         ။

( အမှတ် ၆၊ ဇွန်လ၊ ၂၀၁၂၊ အပြင်စီးမဂ္ဂဇင်း)

                                စောတာရာ

Thursday 13 December 2012

ခိုစာ

 


Written by လင်းလက်တာရာ

  

(၁)
၃ နှစ်ဆိုတဲ့ ပြောင်းလဲခြင်း တစ်ခုက သူ့ကို လက်ဆွဲ နှုတ်ဆက် နေတယ်။ တိုက်ဟောင်း တွေက တိုက်သစ် တွေဖြစ်လို့။ အမှိုက်ပုံကြီးက ရှော့ပင်းစင် တာကြီးဖြစ်လို့။ မြို့စွန်က ကျေးလက် ရပ်ကွက်လေး တွေတောင် ကွန်ကရစ် ရနံ့တွေ မွှေးလို့။
ဒီ ၃ နှစ် အတွင်း မှာပဲ သူနဲ့သိတဲ့ မိတ်ဆွေ တချို့ မရှိတော့ဘူး။ ကန်နေကျ ဘောလုံး ကွင်းလေး မရှိတော့ဘူး။ လမ်းဘေး ရေအိုးစင် လေးလည်း မရှိတော့ ဘူး။ အမူးသမား လာရင် ထိုးထိုးဟောင် တတ်တဲ့ လမ်းထိပ်က လေးလုံး လည်း မရှိတော့ဘူး။

ဒီ ၃ နှစ် အတွင်းမှာပဲ ဆိုက်ကားနင်းတဲ့ ကိုပေါကြီး သိန်းထီပေါက် သွားတယ်။ ရပ်ကွက် ဥက္ကဋ္ဌ ဦးမောင်ညို ရာထူးကျ သွားတယ်။ ပျိုတိုင်း ကြိုက်တဲ့ မေစံပယ် မုဆိုးမ ဖြစ်သွားတယ်။

ဒီ ၃ နှစ် အတွင်းမှာပဲ ကွမ်းယာသည် လည်း ဟန်းဖုန်းနဲ့။ တက္ကဆီ သမားလည်း ဟန်းဖုန်းနဲ့။ ပွဲစားလည်း ဟန်းဖုန်းနဲ့။ ဘုံဆိုင် ပိုင်ရှင်လည်း ဟန်းဖုန်းနဲ့။ ဒီ ၃ နှစ် အတွင်းမှာပဲ အဆိုတော် လည်း တက်တူးနဲ့။ ရုပ်ရှင် မင်းသမီးလည်း တက် တူးနဲ့။ မော်ဒယ်လ်ဂဲလ် တွေလည်း တက်တူးနဲ့။ လူငယ်၊ လူရွယ် တွေလည်း တက်တူးနဲ့။

ဒီ ၃ နှစ် အတွင်းမှာပဲ သူ့ပတ်ဝန်းကျင်မှာ ပြောင်းလဲသွား တာတွေ အများကြီး။ သူလည်း တော်တော် ပြောင်းလဲ သွားတယ်။ နဖူးနည်းနည်း ပြောင်သွားတယ်။ အသားနည်းနည်း ဖြူသွား တယ်။ လူ နည်းနည်း ၀သွားတယ်။ စိတ်ဓာတ် တွေလည်း အရင်ကထက် ပိုပြီးမာကျော၊ ကျစ်လစ်၊ ရင့်ကျက်သွားတယ်။
                                       (၂)

တစ်နေ့ခင်းလုံး သူ့ခံတွင်းက ရိုးရာ ရခိုင်မုန့်တီ ဆိုင်လေးကို တောင်း ဆိုနေတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က သူအမြဲ အားပေးနေကျ ဆိုင်ကလေးပေါ့။ ရေခြား မြေခြား တိုင်းတစ်ပါးမှာ ရခိုင် မုန့်တီနဲ့ ဝေးခဲ့ရတယ်။ ခုတော့ အတိုးချ ပြီး အားရပါးရ အလွမ်းသယ်ဖို့ အချိန်ကျ လာပြီလေ။

အလွတ်ရ နေသေးတဲ့ ခြေလှမ်းတွေက ဆိုင်ကလေးဆီ သွက်လက်ချက် ချာနေတယ်။ ထင်တဲ့ အတိုင်း ပြောင်းလဲခြင်း တရားက သူ့ကို ဆီးကြို နေပြန်တယ်။ အရင်ရွက်ကြမ်း ရေကျိုဆိုင် လေးက ခုတော့ တခမ်းတနား။ ဟင်းရည်အဆစ် တောင်းတိုင်း မညည်းမညူ ထည့်ပေးတတ်တဲ့ ဒေါ်ကြီး သန်းနေရာမှာ ခေတ်ကာလ သမီးပျို လေးနှစ်ယောက်။
“အစ်ကို ဘာနဲ့ စားမှာလဲ။ ငါးဖယ်နဲ့လား၊ ပဲကြော်နဲ့လား”

ဆံပင် ကာလာဖောက် ထားတဲ့ ကောင်မလေး က သွက်သွက် လက်လက် မေးတယ်။ ဒေါ်ကြီး သန်းဆိုရင် ဒီလို မေးမှာမဟုတ်။ “သားလေးထိုင်” ဆိုပြီး ပဲကြော်နဲ့ တစ်ပွဲ အမြန်ချ ပေးမှာ ကျိန်းသေ တယ်။
အင်း၊ ဒါလည်း ပြောင်းလဲခြင်း တရားပါပဲ။ ဒေါ်ကြီးသန်းရော ဘာတွေ ပြောင်းလဲ နေပြီလဲ။ ဘာဖြစ်လို့ မုန့်တီ မရောင်းတော့ တာလဲ။ သူစိတ် လိုလက်ရ သိချင် နေမိတယ်။
“ပဲကြော်နဲ့ တစ်ပွဲညီမ။ အစပ်များများထည့် ပေးနော်”

မကြာဘူး။ သူ့ရှေ့ကို မုန့်တီတစ်ပွဲ ရောက်လာတယ်။ ဒီမုန့်တီကရော အရသာ ပြောင်းလဲ နေပြီလား။ သူ စိတ်ဝင် တစားနဲ့ တစ်ဇွန်းကို အာသာ ငမ်းငမ်း မြည်းကြည့် လိုက်တယ်။ အရင် ၃ နှစ်ကျော် က စားခဲ့တဲ့ လက်ရာထက် နည်းနည်း လျော့နေ တယ်လို့ ခံစားရတယ်။ သူ့စိတ်ထဲ ဒေါ်ကြီးသန်းကို တော်တော်လေး လွမ်းသွား တယ်။
“ဒါနဲ့ ညီမ၊ ဒေါ်ကြီးသန်းရော မတွေ့ပါ လား”

သူ့အမေးကြောင့် ကောင်မလေး နှစ်ယောက် အပြုံးပန် လေးတွေ ငွားငွား စွင့်စွင့်ပွင့် သွားတယ်။
“အစ်ကိုက ကြီးသန်း အကြောင်း မသိသေး ဘူးထင်တယ်”
“အင်း၊ မသိဘူး။ ကျွန်တော်က နိုင်ငံခြား က ပြန်ရောက်တာ မကြာသေး ဘူးလေ။ ဒေါ်ကြီး သန်း ဘာဖြစ်လို့လဲ ဗျ”
“ကြီးသန်း ယောက်ျား ရသွားတာ ၂ နှစ်ရှိပြီ အစ်ကိုရဲ့။ အခု သူ့ယောက်ျား ရှိတဲ့နယ်မှာ”

စားလက်စ မုန့်တီတောင် သီးမလို ဖြစ်သွား တယ်။ ငိုရမလို၊ ရယ်ရမလို အဖြစ်ကြီးရယ်။ ဟုတ်တယ်လေ။ အသက် ၅၀ နားနီးမှ ၀က်သက် ပေါက်တာဆိုတော့ ဘယ်လိုမှ ထင်မထားဘူး။
သြော်၊ ပြောင်းလဲခြင်း တရားက ဒေါ်ကြီး သန်းကိုပါ တိုက်စားသွား ပြီကိုး။ မုန့်တီဖိုး ရှင်းပြီး ထွက်လာတော့မှ တစ်စုံ တစ်ခုကို သတိထားမိ သွားတယ်။ ဆိုင်းဘုတ်။ ဟုတ်တယ်၊ အလာ တုန်းက သတိမထား မိတဲ့ ဆိုင်းဘုတ်။

သေသေချာချာ ကြည့်လိုက် တော့မှ သူ့မျက် လုံးတစ်စုံ အံ့သြမှုတွေနဲ့ ၀ိုင်းစက်ပြူးကျယ်သွား တယ်။ အရင် ရိုးရာ ရခိုင် မုန့်တီဆိုတဲ့ နေရာမှာ ရွှေရောင် တ၀င်းဝင်းနဲ့ အစားထိုး မင်းမူ နေတာက ကိုရီးယား မုန့်တီ ဆိုတဲ့ စာလုံး ၅ လုံး။

ပြောင်းလဲခြင်း တရား၊ ပြောင်းလဲခြင်း တရား၊ မြန်မာ့အစား အစာ စစ်စစ် ရခိုင်မုန့်တီ တောင် ကိုရီးယား မုန့်တီ ဖြစ်နေရပါ ပေါ့လား။
                                      (၃)

“ငါ နေခဲ့တဲ့ ၃ နှစ် အတွင်းမှာ မီးနှစ်ခါပဲ ပျက်ဖူးတယ်။ မီးပျက်တယ် လို့သာ ပြောရတာ ပါ ကွာ။ စက္ကန့် ၃၀ တောင် မကြာဘူး။ ချက်ချင်း ပြန်လာတယ်”
ပါးစပ် အဟောင်းသား ဖြစ်သွားတဲ့ အောင် ကြီးနဲ့ ဖိုးကျော်ကို ကြည့်ပြီး သူ ပြုံးလိုက် မိတယ်။ သူ့စကားဟာ သူ့သူငယ်ချင်း နှစ်ယောက် အတွက် အထူး အဆန်း ဖြစ်သွားတာကိုး။
“ဟေ့ကောင် ငါတို့ မရောက်ဖူး ဆိုပြီး လာ ဖြီးမနေနဲ့”
“လေတွေ နည်းနည်းလျှော့ ကိုယ့်လူ။ ယုန်ကောင်ငုံပြီး ယုန်ရေးပြ တာတောင် မယုံဘူး ဟား...ဟား...”
အောင်ကြီးနဲ့ ဖိုးကျော်က တန်ပြန် တိုက်စစ်နဲ့ သရော် လိုက်တော့ သူ ဖြေရှင်းရခက် သွားတယ်။ မတတ်နိုင်။
“မယုံလည်း နေပေါ့ကွာ။ ငါက ကိုယ်တွေ့ ကြုံလာရတာ။ အေးလေ၊ လောကမှာ ပြောပြရ ခက်တာ တွေလည်း တစ်ပုံကြီးကို”
၃ နှစ်ကျော် ဝေးခဲ့ရ၊ လွမ်းခဲ့ရတဲ့ ပေါ့ဆိမ့် လေးကို သူတရှိုက် မက်မက် မော့သောက် လိုက်မိတယ်။ ညထဲ လက်ဖက်ရည် ဆိုင်လေး အတွင်းမှ လက်ဆွဲ မီးစက်သံ လေးက ဂီတသံ တစ်ခုလို သာယာ နာပျော်ဖွယ် ကောင်းနေတယ်။
“မင်းကို တစ်ခုလောက် မေးချင်တယ်”
အောင်ကြီးက သူ့ကို အထူးအဆန်း သတ္တ၀ါ တစ်ကောင်ကို တွေ့လိုက် ရသလို စူးစူးစိုက်စိုက် ကြည့်ပြီး ပြောတယ်။

“မေးလေ။ ဘာလဲ”
“မင်း ကြုံတွေ့ခဲ့ ရတဲ့ ရှုခင်း လှလှ လေး တစ်ခုကို ပြောပြ”
ရုပ်ကြမ်းကြီးနဲ့ နွဲ့ပြနေတဲ့ အောင်ကြီးကို ကြည့်ပြီး သူ ရယ်ချင် သွားတယ်။ အင်းလေ။ အမေးရှိ တော့လည်း အဖြေ ရှိရ မှာပေါ့။
“ငါတွေ့ခဲ့တဲ့ ရှုခင်းလှလှ လေးတွေ ကတော့ အများကြီးပဲ။ မင်းက ကဗျာဆန်ဆန် မေးတော့ ကဗျာ ဆန်ဆန် ရှုခင်းလေးကိုပဲ ရွေးပြီး ဖြေရမှာ ပေါ့”
“အက်တင် ခံမနေပါနဲ့ကွာ။ ပြောမှာသာ ပြောစမ်းပါ”

ထုံးစံ အတိုင်း ဖိုးကျော်က စိတ်လက်တစ် ဆစ်ရယ်။ သူ ချောင်းတစ်ချက်ကို ဟန့်ပြီး လည်ချောင်း ရှင်းလိုက်တယ်။
“လမ်းပေါ်က ငုံကြည့် တော့လည်း လမ်း။ လမ်းပေါ်ကို မော့ကြည့် တော့လည်း လမ်း” ခေတ်ပေါ် ကဗျာဆရာ တစ်ယောက်ရဲ့ လေသံမျိုးနဲ့ ဌာန်ကရိုဏ်း ကျကျ ရွတ်ပြလိုက်တော့ “ဘာလဲ ဟ”ဆိုတဲ့ အဓိပ္ပာယ် မျိုးနဲ့ အောင်ကြီးနဲ့ ဖိုးကျော် မျက်မှောင် ကျုံ့သွားတယ်။
“ဆက်ပြော လေကွာ”
အောင်ကြီးက ကိုရီးယားကား အခန်းဆက် မျှော်သလို ဆတ်တငံ့ငံ့ ဖြစ်နေတယ်။

“ပြီးပြီလေ”
“ငါမေးတာ လှပတဲ့ ရှုခင်းလေ။ မင်းကို လမ်းကြည့်ခိုင်း နေတာ မဟုတ်ဘူး”
“ဘယ်အရပ်က လာတာလဲ အောင်ကြီးရာ။ မင်း တော်တော် ဝေးတာပဲ။ တွေးကြည့်လေ။ လမ်းပေါ်က ငုံ့ကြည့် တော့လည်း လမ်း။ လမ်းပေါ်က မော့ကြည့် တော့လည်း လမ်း။ မင်း နားလည်အောင် ပြောရရင် ဒီလိုကွာ။ မင်း ရပ် နေတဲ့လမ်းရဲ့ အောက်မှာ လမ်းတစ်လမ်း ရှိတယ်။ မင်း ရပ်နေတဲ့ လမ်းရဲ့ အပေါ်မှာလည်း လမ်းတစ် လမ်းရှိတယ်။ စုစုပေါင်း သုံးလမ်းပေါ့။ မိုးပျံ လမ်းတွေရဲ့ ခေတ်ပေါ် အလှတရား ပေါ့ကွာ”
သူ ရှင်းပြတော့မှ အောင်ကြီးက  “သြော်” ဆိုပြီး ခေါင်းတညိတ်ညိတ် လုပ် နေတယ်။

“ဟုတ်ပါပြီ။ မင်းက လမ်းအကြောင်း ပြော တော့ ငါက ကားအကြောင်း မေးချင်တယ်။ ဒီမှာ လိုရော ဘက်စ်ကားတွေ ကျပ်လား။ အပေါက်ဝမှာ တပြုံကြီး တွယ်စီးနေတာတွေရော ရှိလား။ ကောင်မလေးတွေ ရော အပ်တွေ ဘာတွေ ဆောင်ရလား။ စပယ်ယာတွေ ကရော အပေါက် ဆိုးလား”
စိတ်ဝင် တစား မေးလိုက်သူက ဖိုးကျော်။ များလိုက်တဲ့ မေးခွန်းတွေ။ ကားတစ်စီးတိုက် စာလောက် ရှိတယ်။ သူ ရယ်ချင် ပေမယ့် မရယ်ဖြစ်ပါ။ ပြီးတော့ အများကြီးလည်း မဖြေ ဖြစ်ပါ။
“မင်း ပြောတာတွေ တစ်ခုမှ မရှိဘူး”လို့ပဲ ခပ်တိုတို ဖြေလိုက်မိတယ်။

ဒီလိုနဲ့ ကားအကြောင်း ကနေ မိုးပျံရထား၊ မြေအောက် ရထားတွေ အကြောင်း ရောက်သွား တယ်။ ရထားနဲ့ ပတ်သက်ပြီး သူ့အတွေ့ အကြုံ လေး တစ်ခုကို ဟာသ ဖောက်ပြမိတယ်။
“ငါနဲ့ ငါ့ဘော်ဒါ နှစ်ယောက် ရထားပေါ် တက်လိုက်တော့ ရထား တစ်တွဲလုံးမှာ ရှိတဲ့ ကောင်မလေးတွေ အားလုံး ငါတို့ သုံးယောက်ကို ၀ိုင်းပြီး ကြည့်နေကြတာ မြောက်သွား တာတော့ အမှန်ပဲ။ ငါတို့ကို ကြွေပြီး ကြည့်နေကြတာ ဆိုပြီး တော့လေ။ အဲ၊ ရထား အတွင်း နံရံမှာ ရေးထားတဲ့ စာတန်းကြီး ကိုမြင်မှ တစ်ခါတည်း ကို ဂွမ်းရော။ အမျိုးသမီး သီးသန့်ရထား တွဲကြီးလေ။ ဟား... ဟား...တစ်တွဲလုံး ယောက်ျားလေး ဆိုလို့ ငါတို့ သုံးယောက်ပဲ ရှိတာ”

လက်ဖက်ရည်ဆိုင် လေးထဲ အောင်ကြီးနဲ့ ဖိုးကျော်တို့ရဲ့ ရယ်သံတွေ ဖိတ်လျှံ ကျသွား တယ်။ တိုက်ဆိုင်တယ် ပြောရမလားပဲ။ အဲဒီ နောက်မှာပဲ “ဟေး”ဆိုပြီး ကလေး တွေရော၊ လူကြီး တွေရော ၀မ်းသာအားရ ထအော် လိုက်တဲ့ သံပြိုင် တေးသွား တစ်ပုဒ်။

တစ်ရပ်ကွက်လုံး ချက်ချင်း လင်းလက် သွားတယ်။ ဟုတ်တယ်။ မီးလာလို့ သောသော ညံသွားတဲ့ ရပ်ကွက်လေးရဲ့ အပျော်တွေလေ။
                                    
                                            (၄)
“ဟယ်လို ကြားလား၊ ကြားလား ဘာ မကြားဘူး ဟုတ်လား။ ငါ့နှယ် အော်ရလို့ လည်ချောင်းတောင် ကွဲတော့မယ်။ ဘာ မင်း ပြောတာ ဘာမှ မကြားရဘူး။ ဟေ့ကောင် ကျယ် ကျယ်ပြော စမ်းကွာ။ ဘာရယ်၊အာ၊ဘာမှ မကြား ရဘူးကွ။ နေဦး။ ငါပြောတာ နားထောင်။ အရေးကြီးတယ်။ အရမ်းအရေး ကြီးတယ်။ ကြားလား၊ ကြားလား။ ဟယ်လို၊ ဟယ်လို။ အာ...တောက်။ အရေးထဲ ဖုန်းလိုင်းက ကျသွားပြီ။ ခွီး ထဲမှာ”

ဘေးအိမ်က ဦးသာခိုင်ရဲ့ အသံဗြဲ ကြီးက သူ့အိပ်မက် လှလှလေးကို ကြောင်ပုစွန် စားသလို ကျွတ်ကျွတ် ၀ါးပစ် လိုက်တယ်။ ဘယ်လိုမှ ဆက်မှေးလို့ မရတော့။ အိပ်ယာထဲက ကုန်းရုန်း ထလိုက်တော့ အပြင်မှာ မိုးစင် စင်လင်းနေပြီ။ အင်း၊ ရာသီဥတု အခြေအနေ ကြောင့် ဖုန်းလိုင်းတွေ မကောင်းဘူး ထင်တယ်။ ဦးသာခိုင်ကို သူ အပြစ် မတင်ရက်ပါ။
သူတောင် ညက လိုင်းပေါ်တက်တာ ကွန်နက်ရှင် ဒေါင်းနေလို့ ၄၅ မိနစ်လောက် ငုတ်တုတ်ထိုင် စောင့်ခဲ့ ရသေးတယ်။ ဟိုမှာဆို ရင်တော့ အေးဆေး အငြိမ်ပဲ။ ဘာပဲဖြစ်ဖြစ် ဟိုကို တော့ သူ တမ်းတ လွမ်းဆွတ် မနေချင် တော့ပါ။

သွားတိုက်၊ မျက်နှာသစ်၊ ရေမိုးချိုးပြီး အမေ ပြင်ထား ပေးတဲ့ ပဲပြုတ် ထမင်းကြော်ကို အားရ ပါးရ ဆွဲပစ် လိုက်တယ်။ ဒီလို ဘရိတ်ဖက်မျိုး မစားရတာ ၃ နှစ်ကျော် ကြာခဲ့ပြီလေ။
“ကိုကို ညီမလေး ကျူရှင် သွားတော့မယ် မုန့်ဖိုးပေး”
ရှေ့တည့်တည့်ကို လာရပ်ပြီး လက်ဝါးဖြန့် တဲ့ ညီမလေးကို ကြည့်လိုက်တော့ သူ့မျက်လုံး တွေ ပြူးကျယ် သွားတာ ဒရက်ကူလာ အတိုင်းပဲ။
“စံစံ ဒီပုံစံနဲ့ ကျူရှင် သွားမှလား”
“ဟုတ်”
“သွားစမ်း။ နင် ၀တ်ထားတာတွေ ချက်ချင်းသွား ပြန်လဲစမ်း”
ခက်ထန် မာဆတ် သွားတဲ့ သူ့အသံကြောင့် စံစံ့ ကိုယ်လုံးလေး သိမ့်ခနဲတုန် သွားတယ်။

“ဘာဖြစ်လို့လဲ ကိုကိုရဲ့”
စံစံက မရဲတရဲနဲ့ တအံ့တသြ မေးတယ်။
“ဘာဖြစ် ရမှာလဲ။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ဦး။ အင်္ကျီက လည်ဟိုက်၊ ဘောင်း ဘီတိုက ပေါင်းရင်းနားမှာ။ မောင်နှမချင်း ကြည့်ရတာတောင် မသင့်တော်ဘူး”
“ကိုကိုကလည်း သူများတွေ လည်း ဒီလိုပဲ ၀တ်နေကြတာ။ ဘာမှ မဆန်းပါဘူး”
“ဘာ၊ ဘာမှ မဆန်းဘူး ဟုတ်လား။ အဲဒါ ကိုယ့် အန္တရာယ် ကိုယ် လက်ယက် ခေါ်နေတာ။ နင့်ကို နင်စင်ကာပူက တရုတ်မတွေ များမှတ်နေ လား။ ကိုယ့်ယဉ်ကျေးမှု ကိုယ် ထိန်းသိမ်း ရမှာ  သမိုင်းပေး တဲ့တာဝန်ပဲ။ စံစံ နင် ကြပ်ကြပ် သတိထားနော်။ ခုမှ ၁၀ တန်း ကျောင်းသူပဲ ရှိ သေးတယ်။ ဘယ်က အတတ် ကောင်းတွေ တက်နေတာလဲ”
“ကိုကိုက မနေ့တစ်နေ့ ကမှ ပြန် ရောက်တာ လေ။ မျက်မှောက် ခေတ်ကြီးကို အဆက်ပြတ်နေ တာ။ မြို့ထဲကို တစ်ပတ်လောက် ပတ်ကြည့်။ ကိုကို့မျက်လုံး နှစ်လုံးတောင် ပြုတ်ကျ သွားဦး မယ်။ ဒါတောင် ညီမလေးက ပါးပါးလေး ပုတ် ထားတာ”

တစ်ခွန်း မကျန် ပြန်ဟစ် နေတဲ့ စံစံ့ကို ကြည့် ပြီး သူ့ဒေါသတွေ ထောင်းခနဲ ဖြစ်သွားတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ သူ လေယာဉ် ကွင်းက ပြန်လာတဲ့ နေ့ကလည်းက စံစံ ပြောတဲ့ မြင်ကွင်းကို တွေ့ခဲ့ ပြီးသား။ ၃ နှစ်အတွင်းမှာ  ၀တ်စား ဆင်ယင်မှုတွေ တော်တော်လေး ပြောင်း လဲ သွားပါလား လို့တောင် သူ တွေးခဲ့ သေးတယ်။
“တော်စမ်း စံစံ။ ဘယ်သူ့ အားကိုး နဲ့ ငါ့ကို ပြန်ပက် နေတာလဲ။ နရင်းအုပ် ထည့်ရဟုတ် ပေ့ဖြစ်နေမယ်။ ငါ နင့် အစ်ကိုနော်။ ငါ့စကား နားထောင်။ သွား၊ အ၀တ်အစား သွားပြန်လဲ။ လုံလုံခြုံခြုံ ၀တ်ခဲ့”

ဒီလို ဆိုတော့လည်း ဘာစကားမျှ  ပြန်မပြော နှုတ်ခမ်းကိုစူ၊ ဖနောင့်ကို ပေါက်ပြီး ဆောင့်ဆောင့် ဆောင့်ဆောင့်နဲ့ ထွက်သွားတယ်။
သြော်၊ ပြောင်းလဲခြင်း တရား။
ပင့်သက်ပူကြီး တစ်လုံးကိုပဲ သူအလု အယက် ချလိုက် မိတယ်။
                                                
                                              (၅)
ဒီနေ့ သူ မြို့ထဲကို ထွက်လာ ခဲ့တယ်။ ပြောင်းလဲမှုက သိသိ သာသာကြီး မဟုတ်တောင် တော်တော် များများ ပြောင်းလဲ နေပြီ။ လွန်ခဲ့တဲ့ ၃ နှစ်က အမှတ်အသား တချို့ကို သူ ရှာမတွေ့ တော့။
အဟောင်းတွေ နေရာမှာ အသစ်သစ်သော လူနေမှု အဆင့် အတန်းတွေ ပေါ်လာတယ်။ တိုးရစ် တွေလည်း အရင်ကထက် ပိုများ လာသလိုပဲ။ မြို့တော်သူလေး တွေကလည်း ညီမလေးပြောတဲ့ အတိုင်း မျက်လုံး ကျွတ်လောက်ပါရဲ့။ ခေတ်ကာ လအရ ပြောင်းလဲ စီးမျော တိုးတက်နေတဲ့ မြို့ကြီး ကို သူ ငေးမော ကြည့်နေမိတယ်။
“အစ်ကိုလေး ခိုစာ ကျွေးပါဦးလား”

“ခိုလေးတွေ ဗိုက်ဆာ နေရှာတယ်၊ အစ်ကို ကြီး။ ကျွေးပါနော်။ ကုသိုလ်တွေ အများကြီးရ အောင်”
“သမီးဆီက ခိုစာတွေလည်း ၀ယ်ကျွေး နော် အစ်ကိုကြီး။ ဈေးဦး မပေါက်သေး လို့ပါ။ ခိုလေး တွေလည်း သနား ပါတယ်”
သူ့ဘေးနားကို အတင်းပြေးကပ် လာပြောနေ တဲ့ ကောင်မလေး နှစ်ယောက်နဲ့ ကောင်လေးတစ် ယောက်ရဲ့ အသံလေး တွေက မျှော်လင့်ချက် ကြီး စွာ။ ခိုစာ ရောင်းနေတဲ့ သူတို့လေး တွေရဲ့မျက် လုံးလေး တွေကို သူ ငေးကြည့် လိုက်မိတယ်။ တစ်စုံ တစ်ရာကို ဆာလောင်မွတ် သိပ်နေတဲ့ မျက်လုံးလေးတွေ။

ဘေးနားက အရှိန်ပြင်းစွာ ဖြတ်မောင်းသွား တဲ့ ကားတစ်စီးကြောင့် ခိုလေးတွေ ၀ရုန်းသုန်း ကား ထပျံသွားတယ်။ သူ့အာရုံထဲမှာတော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က အတိတ်ကာလ တစ်ခုဆီ။
ဒီနေရာ လေးမှာပဲ ကောင်မလေးတစ် ယောက် သူ့ကို ခိုစာ ၀ယ်ကျွေးဖို့ အတင်းရောင်း ခဲ့ဖူးတယ်။

“သမီးအမေ နေမကောင်း ဖြစ်နေလို့ပါ အစ်ကိုရယ်။ အမေ့ ဆေးဖိုးလေး အတွက် တစ်ဘူး ပဲဖြစ်ဖြစ်၊ နှစ်ဘူးပဲဖြစ်ဖြစ် ခိုစာလေး ၀ယ်ကျွေး သွားပါနော်”
နွမ်းလျနေတဲ့ ကောင်မလေးရဲ့ အသံ၊ သူ့နားထဲမှာ ပဲ့တင် ထပ်လာတယ်။ အဲဒီ့တုန်းက သူဟာ ဘ၀ကို အလေးအနက် မထား တတ်သေး တဲ့ ၁၀ တန်း တဘုန်းဘုန်း ကျနေတဲ့ အပေအတေ လူငယ် တစ်ယောက်။ အိမ်ပြန် ကားခက လွဲပြီး အိပ်ကပ်ထဲမှာ အပိုတစ်ပြား တစ်ချပ်မှ ပါမလာတဲ့ အချိန်။ ကောင်မလေးရဲ့ မျှော်လင့်ချက် ရောင်ခြည် တန်းလေးကို သူ စိတ်မကောင်း ကြီးစွာ ဥပေက္ခာ ပြုခဲ့ဖူးတယ်။

ခုတော့ အဲဒီ ကောင်မလေး နေရာမှာ ဒီကလေး လေး ၃ ယောက်။ ရှိလှမှ ဆယ့်လေးငါးနှစ် ၀န်းကျင်တွေ။ ကျောင်းပညာကို ဂရုတစိုက် လေ့လာ သင်ကြား နေသင့်တဲ့ အရွယ်တွေ။ ဒီတစ်ခါတော့ ခိုစာနဲ့ ပတ်သက်ပြီး သူ့စိတ်ထဲမှာ ၃ နှစ်ကျော် ကျော်တည် ခဲ့တဲ့ အနာလေး တစ်ခုကို ခြေဖျက်ခွင့်ရ တော့မယ်။
“သမီးဆီက ၀ယ်နော် အစ်ကိုကြီး”
“သားဆီက ၀ယ်ပါဗျာ”
“အစ်ကိုလေး သမီး အရင် ပြောတာနော်။ သမီးဆီက ၀ယ်”
ကလေး သုံးယောက် စလုံး မျှော်လင့်ချက် ကိုယ်စီနဲ့ အလုအယက်။ အပြိုင်အဆိုင်။

“ကဲ၊ ၀ယ်ပါ့မယ်ကွာ ၀ယ်ပါ့မယ်။ သုံးယောက် စလုံးဆီက ၀ယ်မယ်နော်”
“ဟေး၊ ဒါမှ တို့အစ်ကို ကြီးတွေ”
ကလေးလေးတွေ ခုန်ပေါက် မြူးတူး သွားတယ်။ တောက်ပ ၀င်းလက်တဲ့ မျက်လုံးလေး တွေနဲ့ပေါ့။ သူ့ရင်ထဲ အပျော်တွေ တိုးဝင်စီး မျောလာတယ်။ သူ စဉ်းစား မနေတော့။ ပိုင်နိုင်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို အသေ အချာချလိုက် တယ်။

သုံးယောက်စလုံး ဆီက ခိုစာတွေ အားလုံး ကို အကုန် ၀ယ်လိုက်ပြီး လမ်းပေါ်မှာ အုပ်ဖွဲ့ စုဝေး နေတဲ့ အစာ မျှော်ခိုတွေဆီ အဖြူထည် စိတ်သက် သက်နဲ့ ကြဲပက်ချ ကျွေးပစ်လိုက်တယ်။ တိုင်းတာ လို့မရတဲ့ လှိုင်းကလေး တစ်ခုက သူ့ နှလုံးသားထဲ မှာ ပျော်ရွှင် ကြည်နူးမှု ရသတွေက စမ်းချောင်း လေးထဲ ထိုးကျနေတဲ့ ရေတံခွန် လေးလို။ ကလေး သုံးယောက် ကိုကြည့်လိုက်တော့ ငွေစက္ကူ တချို့ကို ကျစ်ကျစ် ပါအောင်ဆုပ်ပြီး ပြုံးပျော် ကြည်နူး ၀မ်းသာနေ ကြပုံ။

မြို့ပြရဲ့ ဇာတ်လိုက်ကျော်တွေဖြစ်တဲ့ ခိုတွေ ကတော့ တရုန်းရုန်းနဲ့ အစာတွေ ကောက်လို့။ သူ ကြည်ကြည် နူးနူး ပြုံးပြီး ဒီမြင်ကွင်းလေးကို ကျောခိုင်း ထွက်ကာ ဘုရားပေါ် တက်လာ ခဲ့တယ်။ ဒီနေ့ ရက်လေးဟာ သူ့ဘ၀ရဲ့ ရှင်သန်ရ ကျိုးနပ်တဲ့ နေ့ရက်လေး တစ်ရက်လို့ သူ ကျေကျေ နပ်နပ်ကြီး သတ်မှတ် နေမိတယ်။
ဘုရားပေါ်က ပြန်ဆင်း လာတော့ သူ့မျက် လုံးအစုံက ခိုစာ ကျွေးခဲ့တဲ့ နေရာလေးဆီ အလိုလို ကြည့်လိုက် မိတယ်။

“ဟာ”
သူ့ပါးစပ်ထဲ အာမေဍိတ်သံ တစ်ခု လျှပ်တစ် ပြက်လွတ် ကျသွားတယ်။ သူ မမျှော်လင့်၊ မထင်မှတ်တဲ့ မြင်ကွင်း။ လမ်းပေါ်မှာ ပြန့်ကျဲ နေတဲ့ ခိုစာတွေကို ခိုစာ ရောင်းတဲ့ ကလေးသုံး ယောက် အလုအယက် ပြန်ကောက် နေကြတာ။ သူ့ရင် တစ်ခုလုံး နုံးချိ၊ ဆွတ်ကျင်၊ လှိုင်မော၊ တုန်ခါခြင်းတွေ အစီအရီ။
ပြောင်းလဲခြင်း တရားရေ၊ ဒီဇာတ်ဝင်ခန်း လေးကို ဘာဖြစ်လို့များ ကွက်ချန် ထားနေရ သေးတာ လဲဗျာ။

လင်းလက်တာရာ
(Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)

Sunday 9 December 2012

ကောက်ရစာသားတွေနဲ့ ကမ္ဘာဟာ ကောက်ရစာသားတွေ နဲ့ 

မနာလိုစရာကောင်းတဲ့ ကျော်ကြားမှုကို မဒမ်တူးဆော့ဒ် ဖယောင်းပြတိုက်ထဲက ဆွဲထုတ်လာခဲ့တယ်
စိတ်အဆာပြေ နှိုက်မြည်းမိတဲ့ စာအုပ်ဆိုင်ကလေးက ဗိုက်ဟောင်းလောင်း ဒုတိယကမ္ဘာစစ်ကလက်ကျန်
ဗုံးခွံတွေကို ဘယ်သူတွေ အနံ့ ခံနေသလဲ တစ်ယောက်ယောက်ဟာ တစ်နေရာရာမှာ တစ်ခုခုကို
ချောင်းမြောင်း လုပ်ကြံ အထူအပါး နားလည်နေတဲ့ မြို့ကြီးက ကြော်ငြာထူထူ  ပါဖောင့်မင့်ထူထူ ဒုက္ခထူထူ
အူသံထူထူ မျက်ရည်ထူထူ တီထွင်ဖန်တီးမှု နည်းပညာ ဂြိုလ်ပြာမှာ နာဆာက ရှာမတွေ့သေးတဲ့ အနာအဆာတွေ နဲ့
ခွေးအတွေ အနံ့ခံမိတဲ့ ခမာဉီးခေါင်းခွံတွေ နဲ့ မာစတာဖီရီဘီးလို လူစားတွေနဲ့  ကျွန်တော့်မှာခြေလှမ်းတွေ
အများကြီးရှိတယ် အာခီမိဒီး ကမ္ဘာကြီးကို ရွှေ့ လို့ မရသေးဘူး အခု ဟီရိုရှီးမားလည်း လွတ်လွတ်ကြီးလှ
ပုလဲဆိပ်ကမ်းလည်း လွတ်လွတ်ကြီးလှ ကန် နဲ့ ဗီယက်နမ်လည်း ချက်/ချစ်ကြိုး သွယ်တန်း ကဗျာဓါးတောင်ကိုကျော်
ကဗျာမီးပင်လယ်ကို ဖြတ် စကားမစပ် မနေ့ကတိုက်တဲ့လေမှာ ခင်ဗျားမျက်စိတွေစပ်နေတုန်းမဟုတ်လား
ခင်ဗျားအသားတွေစပ်နေတုန်း မဟုတ်လား “အောင်မာ မင်းက” အစချီလျှက် အောင်မင်းဟာ ဘယ်နေရာမှာ
သွားလွန်ဦးမလဲ မသိဘူး စပ်ထည်ကြီးလား စပ်ထည်လေးလား လာဟပ်တဲ့ ငရဲက သံသရာအထိ အစပ်အဟပ်တည့်ပါ့မလား
lord, protet me form my friends: I can take of my enemies.( voltaire 1697-1778)
အပဲ့အရွဲ့ တွေကို ရွှေနဲ့ ပဲ တန်ဆာဆင်ပါရစေ မမိုးရသေးတဲ့ အဝေးအိမ်ကလေးကို အိပ်မက်ထဲကနေ တိတ်တိတ်လေး ငေး
ငွေသံကြေးသံမထွက်တဲ့ လိပ်စာလေး သိပါရစေ ကြယ်တွေစုံပေမယ့် ကြယ်တွေမစုံသေးတဲ့ ညနက်နက်တွေ ရင်ရိုးတလျှောက်
ဒေါသသံတွေကို လေချွန်နေရတာများပြီ ကြပ်ညပ်နေတဲ့ ဘက်စ်ကားကြီးထဲ ကြပ်ညပ်နေတဲ့ မိသားစုတွေ
တိုးတက်တဲ့လူ့အဖွဲ့အစည်း က စည်းမထားရသေးတဲ့ ထင်းစည်းကြီးလား ဘီယာစတေရှင်ထဲမှာ အမျိုးကောင်းသမီးလေးတွေ
စတေးရှောင်နေတယ် လူကြီးလူကောင်းတွေ ခွက်ချင်းတိုက်လိုက်ရုံနဲ့  စတော့ဈေးကွက်ကြီး ယိုင်သွား
မီးခြစ်ထဲမှာလည်း မီးမရှိဘူး မီးခြစ်ဆံထဲမှာလည်း မီးမရှိဘူး မီးခြစ်ဘူးဘေးက ကော်ပတ်ထဲမှာလည်း
မီးမရှိဘူး (လယ်တီဆရာတော်) မှန်လှပါဘုရား မီးဟာ အာရုံ ၅ ပါးကိုပါစားနေပါပြီ ပါးစပ်ပြဲကြီးဟာ ဂိုထောင်ကြီး အလား
တစ်“နိုင်”တစ်ပိုင်“ငံ” နေတဲ့ အ “ရေး”မှာ သွေးလေမှန် မမှန် ပယောဂကင်းကင်း ထမင်းစားချင်တယ် အေးအေးလူလူ
သစ်ပင်စိုက်ချင်တယ် ချွေးသန့် သွေးသန့်နဲ့ ရေသန့်သန့်သောက်ချင်တယ် ပြဲနေတဲ့လမ်းမှာ လူငယ်ဟာ သွေးမတိတ်သေး
အဆင်မပြေမှုကိုထည်လဲဝတ်လို့  အလွမ်းတိုက်စစ်မှာ တစ်ယောက်တည်း လူကျွံလို့  ပေးဂိုးများတဲ့ အဝေးကွင်းမှာ ဘယ်နှရာသီစာ ရာသီစာအရေးအသားမှာ အရည်အသားတွေ လောင်မြိုက် နှလုံးသားထဲက ဒဏ်ရာကို ပလက်စတစ်ဆာချီရယ်လုပ်လို့ ရလား ပစ်စလက်ခတ်ကြီး ဖြုတ်ထားတဲ့ စနက်တံ
လူ့ ယဉ်ကျေးမှုကိုလာမှန်နေပြီ လာ သူငယ်ချင်း ဒါကမတရားမှုအတွက်
မင်းသွေးနဲ့ ငါသွေးကို မီးခတ်ကျောက်တွေလို  ပွင့်ကြည့်မယ် အနုပညာကိုအိမ်ဦးခန်း နေရာကနေတပြားမှမလျော့ကြေး
လူသားဟာ ဖျက်ဆီးချေမှုန်းခံရနိုင်တယ် ဒါပေမဲ့ မရှုံးနိမ့်နိုင်ပါဘူး (ဟဲမင်းဝေး)
အသည်းထဲ သံတစ်ချောင်းစိုက်ထားတဲ့ အကြောင်း ရုန်းကန်သံဟာ လူထု အရင်းအမြစ်ကြီးဆီကလာတယ်

                                                                  လင်းလက်တာရာ ၊ ဆူးရဲ
                                                                    8,12,2012; am 2;50

Wednesday 5 December 2012

open form မှတဆင့် နားဆင်ပါ



ခွေးရဲ့ လိင်အဂ်ါဟာ အဆမတန် ဆေးထိုးခံထားရတယ် နားနဲ့ မနာ အသိဥာဏ်နဲ့ နာပါ အဲဒီနေရာမှာ
ခင်ဗျားသာဆို ဘာလုပ်မလဲ အဲ့ဒီလို ကဗျာဖတ်သူကို မေးခွန်းတွေနဲ့ တံတားထိုးထားတဲ့ တက္ကနိတွေလည်းပါတယ်
ခဲရာခဲဆစ်ထုဆစ်ထားတဲ့ ပန်းပုဟာ အဓမ္မပေါ် အတင်းအဓမ္မ ထုခွဲခံလိုက်ရပြီ  ဆိုတော့ ယနေ့ ဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ်
ဘယ်အချိန်မှာ ဘယ်သူက ဘယ်သီချင်းကို ဘယ်လိုဆိုဆို နှလုံးသားထဲ တွင်းဝင်မဖြောင့်တာ  ရောင်းသူနဲ့ 
ဝယ်သူကြား ဇစ်ဆွဲမရတဲ့ အရေးအသား ညာမှာတစ်လက် ဘယ်မှာတစ်လက် ကြီးပေ့ဆိုတဲ့ သရုပ်ဆောင်တွေကိုပဲ
ရွေးပစ်ချင်နေမိတယ် ငါးမျှားချိတ်မှာ ငါးစာတပ်လိုက်ပြီးကတည်းက ခင်ဗျားဟာ လူကြီးလူကောင်း ဖြစ်ပြီးသား
ဘယ်သကောင့်သားကမှ ဘယ်သူ့ ကိုမှ တည်ဖားမထားရ ဘယ်အလင်းကိုမှ အမှောင်ချမထားရ
ဘယ်လိုပွင့်အံမှုကိုမှသော့ခတ်မထားရ အခိုက်ဓါတ်လေးကို လွတ်လွတ်လပ်လပ် လွှတ်ပေးထားတယ်ဆိုတာတောင်
အခိုက်ဓါတ်လေးကမသိဘူး လွင့်နေတယ် နွယ်နေတယ် တလူလူတက်နေတယ် ပန်းတွေ တစ်ပွင့်ပြီးတစ်ပွင့်
ပွင့်သလို လမ်းတွေ တစ်လမ်းပြီးတစ်လမ်း ပွင့်သွား မြို့တွေ တစ်မြို့ပြီးတစ်မြို့ပွင့်သွား ဘယ်သူမဆို
ဘာလင်တံတိုင်းကြီးပွင့်သလိုပဲ ပွင့်ချင်တာပေါ့ WTC ပွင့်သလိုတော့ မပွင့်ချင်ဘူးပေါ့ ခု ဟုန်းဟုန်းတောက်နေတဲ့
မီးဟာ ပေါ့ဆမှုကြောင့်နည်းနည်း ကြိုတင်ကြံစည်မှုကြောင့်များများ စိတ်အမာရွတ်တွေ ပြည်တည်သွားတဲ့ သမိုင်း
လူ့ယဉ်ကျေးမှုဟာ လူ့ ဘီလူးတွေရဲ့လက်ထဲမှာ ယဉ်ယဉ်လေးရူးလို့ Lyric ကဗျာထဲက ရွှေချထားတဲ့“ငါ”ကို
ဆောက်သွားနဲ့ တစ်ချက်ပြီးတစ်ချက် ဖဲ့ထုတ် မိမိအတ္တကို ကြိုးဝိုင်းထဲမှ သွေဖယ်ခြင်း  ခေတ်ပြိုင်မျဉ်းပေါ်
ခေတ်ပြိုင်မြင်းဟာ ပြေးနေတယ် တောင်တွေ တစ်တောပြီးတစ်တော  တောတွေတစ်တောင်ပြီးတစ်တောင်
လျှိုမြောင် ချိုင့်ဝှမ်း စမ်းချောင်း ရေတံခွန် ရေလေမြေမီးဓါတ်ကြီး ၄ ပါး လွှားခနဲလွှားခနဲ နည်းပညာ ငရဲခန်းမှသည်
အနုပညာ ကောင်းကင်ဘုံထိ ကမ္ဘာကြီးရဲ့ ဆံဖျားမှသည် ကမ္ဘာကြီးရဲ့ ခြေဖျားအထိ  ဘာသာစကားရဲ့ ကြိုးတန်းပေါ်
လောကဓံရဲ့ ဆူးညှောင့်ခလုတ်ပေါ် လောကကြီးရဲ့ အဆီအငေါ်မတည့်မှုပေါ် လူ အဖြစ်ရဲ့ မျက်ခုံးမွှေးပေါ်
မပေါ့မပါး မမောမပန်း မပြီးမဆုံး  ကိုယ့်အပြုံးကို သူတစ်ပါး တပ်ပေးလိုက်ရတာပျော်စရာ သူ့ ဒုက္ခကို ကိုယ့်ခေါင်းထဲ
ထည့်ပေးလိုက်ရတာ ပျော်စရာ Error ပြနေတဲ့ ဧရိယာထဲမှာ အပိုလို-၁၁ ရဲ့ ပျော်ရွှင်မှုမျိုးနဲ့ အဌမမြောက်
အပ်ဒွပ်ဘုရင်ရဲ့ နန်းစွန့် ပျော်ရွှင်မှုမျိုးနဲ့  အချစ်ရယ် မျက်ရည်ကို ငါတို့ အလွဲသုံးစားလုပ်ရဦးမယ် အချိန်ကာလဟာ
ကင်ဆာလို တမြေ့မြေ့ လှိုက်စားတယ် ဥာဏ်များတယ် လမ်းပေါ်က အဖြူဆွတ်ဆွတ်သိုးကလေးကို
မိလ္လာကားကြီးက တိုက်ချသွားတယ် လူငယ်ဟာ အိပ်မက်တွေနဲ့ ပြည့်နေတဲ့ ရေတံခွန် ခါးဖြတ်အဖောက်ခံထားရတဲ့
တောင်တန်း ခင်ဗျားကော ကိုယ့်ကိုယ်ကိုယ် ချနင်းရဲလား ခိုးသွယ်ခံထားရတဲ့ ရိုးသားမှုဟာ မီးကျွမ်းလွယ် တယ်
money make everything ဆီကဘာသံကြားသေးလဲ ဆီလို အပေါက်ရှာထွက်တဲ့ ဖန်လုံအိမ်ကြီးထဲ
ဒီကဗျာဟာ ဆီလို အပေါက်ရှာထွက်လာတယ်

မယုံချင်လည်း ယုံလိုက်တော့




ဇန်နဝါရီ၊ ၂၀၁၃၊ ပြုံးစရာမဂ္ဂဇင်း

Tuesday 4 December 2012

သမိုင်းဟာ သွေးစိမ်းရှင်ရှင်ကျပြန်ပြီ




ခွေးကမှ ယဉ်ကျေးဦးမယ်
ခွေးဟောင်သံကမှ အနုပညာမြောက်ဦးမယ်
ခွေးရဲ့ လိင်အင်္ဂါလေးကမှ ချစ်စရာကောင်းဦးမယ်
ခွေးရဲ့ မစင်လေးကမှ ကျက်သရေရှိဦးမယ်
အမိ-အာဏာ/ အဖ-အာဏာ/
လူမျိုး-အာဏာ/ ကိုးကွယ်သည့်ဘာသာ-အာဏာ
ပညာတတ်မိုက်လုံးကြီး ငရဲသားများတို့ ရေ
ဘာနဲ့ အလျော်ပြန်ပေးမှာလဲ ဘာနဲ့ အလျော်ပြန်ပေးမှာလဲ
ဘာနဲ့ မှ အလျော်ပြန်ပေးလို့ မရတော့ဘူး ဘာနဲ့ မှ အလျော်ပြန်ပေးလို့ မရတော့ဘူး
ခွေးကမှ ယဉ်ကျေးဦးမယ်
ခွေးဟောင်သံကမှ အနုပညာမြောက်ဦးမယ်
ခွေးရဲ့ လိင်အင်္ဂါလေးကမှ ချစ်စရာကောင်းဦးမယ်
ခွေးရဲ့ မစင်လေးကမှ ကျက်သရေရှိဦးမယ်

                                    လင်းလက်တာရာ
                                        ၃၊၁၂၊၂၀၁၂

Sunday 2 December 2012

ပုထုဇဉ်အကျဉ်း




မဟုတ်က ဟုတ်က လက်တစ်ဆစ်စာ ဆင်ခြေကလေးရယ် အတော မသတ်နိုင်သော
အာသီသ သဟဇာတကလေးရယ် ဘဝတစ်ခုရဲ့ ဘဝတစ်ခုပေါ် ဘဝတစ်ခု ပြုတ်ကျလာ
သံယောဇဉ်နွယ်လိမ် ဝင်္ကပါများ နွယ်လိမ် ဝင်္ကပါ  ခံစားမှုများ ထုံလိုထုံ မြုံလိုမြုံ
မျက်ကပ်မှန်ပေါ် နေကာမျက်မှန်တပ်ဆင်ထားသလို ပကာသန
မှားပါတယ် အမှန်တရားရေ ဆိုတဲ့ ဆယ်အိမ်ကြား တယ့်တစ်အိမ်ကြား ဆလံ
ရေသံလား လေသံလား မြေသံလား မီးသံလား ဓာတ်ကြီးလေးပါးနဲ့ စုန်လိုစုန် ဆန်လိုဆန် မြှုပ်လိုမြှုပ်
အိပ်မက်ထဲမှာမှ အိပ်မက် မက်နေတဲ့ အိပ်မက် ရာသီသေလို နာရီသေလို ဇောက်ထိုးကြီး ဂန့် နေတဲ့ မီးသီး
သွေးမဲ့မဲ့ သားမဲ့မဲ့ ဒိုင်ပွဲရပ် ပစ္စုပ္မန်  ကလန်ကလား လန့် ဖျားဖျားနေတဲ့ တစ်ဝမ်းတစ်ခါး
အနုပညာလား ငွေကြေးလား ကျော်ကြားမှုလား အနုပညာရော ငွေကြေးရော ကျော်ကြားမှုရော ရုန်းရင်းဆန်ခတ်
ပစ်ကွင်းက အနီးမှုန် အဝေးမှုန် တမျှော်တချော်  လောလောဆယ် အနာဂတ်ကို လောလောဆယ် ခေါစာပစ်
မိုးလင်းကဖေးဆိုင်ထဲ မိုးလင်းအောင် အမြှုပ်ပြန်  ဝေယျာဝစ္စအိတ်ကပ်ထဲ ဝေယျာဝစ္စတွေ ပစ်ထည့်
ဟောဒီမှာ ဒုက္ခရောင် အစိမ်းကောင်တွေ တစ်ရွက်ပြီးတစ်ရွက် တစ်ထပ်ပြီးတစ်ထပ် တစ်ထုပ်ပြီးတစ်ထုပ်
ငွေသံကြေးသံတွေ မှုတ်မှုတ်သောက်နေတဲ့ ဂုဏ်သိက္ခာ စကားများများမပြောဘူးဆိုတဲ့ ပါးစပ်ခွက်ထဲ
အတင်းအဖျင်းတွေ လောင်းလောင်းထည့်  ကိုယ်ကျင့်တရားနံရံကို ဆေးသားထူထူသုတ် သရုပ်ဆောင်လုပ်နေတဲ့ ပုံရိပ်ယောင်
အနိုင်လား အရှုံးလား သရေလား အော်ကြီးဟစ်ကျယ်လား ခွက်ခွက်လန်လား မအီမလည်လား
လား? လား? လား? မေးခွန်းတွေသာ တစ်ဇရာပြီး တစ်ဇရာ
ကိုယ့်သင်ခန်းစာနဲ့ ကိုယ် ကိုယ့်အတ္ထုပ္မတ္တိနဲ့ ကိုယ် ကိုယ့်ရာဇဝင်နဲ့ ကိုယ် ကိုယ့်သမိုင်းနဲ့ ကိုယ်
ဘဝ ဘဝ ဘဝ ဘဝ တဲ့  တဖွဖွ ဂါထာတွေနဲ့ လူ

(အမှတ် -၁၂၊ သြဂုတ်လ၊ ၂၀၀၈၊ ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း)

                                                           
                                       လင်းလက်တာရာ