Friday 14 December 2012

ကျွန်တော်နှင့် ဆင့်ပွားပြုလုပ်ချက်များ

“မိသားစု”


မိသားစုဟာ မိသားစုပေါ့
မိသားစုဟာ ရေတံခွန်လို တဟုန်ထိုးစီးတယ်
မိသားစုဟာ ကောင်းကင်လို ငြိမ်းချမ်းကြည်လင်တယ်
မိသားစုဟာ မီးတောင်လို သိုသိပ်ပေါက်ကွဲတယ်
မိသားစုဟာ ပန်းပွင့်လို မွှေးပျံ့ ထုံသင်းတယ်
မိသားစုဟာ တိမ်လို ညိုမည်းအုံ့ ဆိုင်းတယ်
မိသားစုဟာ တောင်တန်းလို စိမ်းညို့ငြိမ်သက်တယ်
မိသားစုဟာ ခုနှစ်စဉ်ကြယ်လို ဇောက်ထိုးမိုးမျှော်တယ်
မိသားစုဟာ ပင်လယ်လို ယဉ်ကျေးခက်ထန်တယ်
မိသားစုဟာ မုန်တိုင်းလို မုန်ယို ရိုင်းစိုင်းတယ်
မိသားစုဟာ လေပြေလိုနူးညံ့ပျော့ပျောင်းတယ်
မိသားစုဟာ မိသားစုပေါ့
မိသားစုဆိုတာ ရာသီဥတု
မိသားစုဆိုတာ ရေဒီယိုသီချင်း
မိသားစုဆိုတာ ပင်လယ်ကမ်းခြေ
မိသားစုဆိုတာ မြင်းခွာသံ
မိသားစုဆိုတာ အင်တာနေရှင်နယ်သတင်း
မိသားစုဆိုတာ တောကြီးမျက်မည်း
မိသားစုဆိုတာ ဈေးကွက်စီးပွား
မိသားစုဆိုတာ သဘာဝကျောက်ဆောင်
မိသားစုဆိုတာ မြို့ပြရှုခင်း
မိသားစုဆိုတာ မြစ်ရေကြီးခြင်း
မိသားစုဟာ မိသားစုပေါ့
သားက အမေရိကားမှာ
သမီးက သြစတေးလျမှာ
အဖေက စင်္ကာပူမှာ
အမေက မြန်မာပြည်မှာ
မိသားစုဟာ မိသားစုပေါ့


( အမှတ် ၁၃၊ ဇန်နဝါရီ၊ ၂၀၁၂၊ အပြင်စီးမဂ္ဂဇင်း)

                                                     လင်းလက်တာရာ


 “ရွာကလေး”




အဲဒီ ရွာကလေးဟာ ရွာကလေးပေါ့။
အဲဒီ ရွာကလေးဟာ တောင်ကျ ချောင်းရေလို အရှိန်နဲ့ စီးဆင်းတယ်။
အဲဒီ ရွာကလေးဟာ စိမ့်စမ်းရေလို ကြည်လင် အေးချမ်းတယ်။
အဲဒီ ရွာကလေးဟာ သဇင်လိုမွှေးပျံ့ ထုံသင်းတယ်။
အဲဒီ ရွာကလေးဟာ ပိုးသားလို နူးညံ့ ပျော့ပျောင်းတယ်။
အဲဒီ ရွာကလေးဟာ လက်လုပ် လက်စား တွေနဲ့ ရင့်ကျက် တည်ငြိမ်တယ်။
အဲဒီ ရွာကလေးဟာ  ဆင်ရိုင်း တစ်ကောင်လို မုန်ယို ခက်ထန်တယ်။
အဲဒီရွာကလေးဟာ မိသားစုတစ်စုလို သိုသိပ်ပေါက်ကွဲတယ်။
အဲဒီ ရွာကလေးဟာ  စာမတတ်ဘူး။
အဲဒီ ရွာကလေးဟာ ဂလိုဘယ် လိုက်ဇေးရှင်းကို မသိဘူး။
အဲဒီ ရွာကလေးဟာ ကိုရီးယား ယဉ်ကျေးမှု မထွန်းကားဘူး။
အဲဒီ ရွာကလေးဟာ ဇာတ်တူသား မစားဘူး။
အဲဒီ ရွာကလေးဟာ  နောက်ကျောကို ဓားနဲ့ မထိုးဘူး။
အဲဒီ ရွာကလေးဟာ မြန်မာ ဆန်ပြီး မြန်မာ စကား လုံးဝ မပြောဘူး။
အဲဒီ ရွာကလေးဟာ ထမင်းကို ”အမ်း”လို့ ဆိုတယ်။
အဲဒီ ရွာကလေးဟာ ရေကို “လု” လို့ခေါ်တယ်။
အဲဒီ ရွာကလေးဟာ  မြန်မာ့သမိုင်း။
အဲဒီ ရွာကလေးဟာ ဖားစည်။
အဲဒီ ရွာကလေးဟာ သဘာဝ ရှုခင်း။
အဲဒီ ရွာကလေးဟာ မြေနီလမ်း။
အဲဒီရွာကလေးဟာ တုံးမောင်းသံ။
အဲဒီ ရွာကလေးဟာ တယ်လီ ဗီးရှင်း။
အဲဒီ ရွာကလေးဟာ ခေတ်ဟောင်း တေးဂီတ။
အဲဒီ ရွာကလေးဟာ ယဉ်ကျေးမှု ပြယုဂ်။
အဲဒီ ရွာကလေးဟာ ဒီမိုက ရေစီ။
အဲဒီ ရွာကလေးဟာ အသွေးအသားနဲ့ ရင်းပြီး
ငါ့အဖိုးကို မွေးတယ်။
အဲဒီ ရွာကလေးဟာ ဂုဏ်သိက္ခာနဲ့ အလဲ အထပ်လုပ်ပြီး ငါ့အဖေကို မွေးတယ်။
အဲဒီ ရွာကလေးဟာ ဓူဝံကြယ်ကို ကြည့်ပြီး ငါ့ကိုမွေးတယ်။
အဲဒီ ရွာကလေးဟာ ရွာကလေးပေါ့။


( ဒီဇင်ဘာ၊ ၂၀၁၂၊ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း၊ blog digest ကဏ္ဌ)
မှတ်ချက်။  ။ www. Madankoo. blogspot.com ထဲတွင် ရေးသားရက်
                   thursday, february, 23, 2012

                                           ကိုရင်




“အောက်ပါမေးခွန်းများကို ဖြေဆိုပါ”


(၁)
မိတ်အင်ဂျပန်လို့ ရိုက်နှိပ်တားတဲ့ တရုတ်ဖြစ်များအကြောင်းပြောပါ။
(၂)
'ငါ' ဆိုတဲ့ ပုံဆောင်တုံးဟာ
ဘယ်အချိန်၊ ဘယ်အခါ၊ ဘယ်နေရာမှာ၊ ဘယ်လိုအငွေ့ ပျံသွားနိုင်ပါသလဲ။
(၃)
လူသုံးကုန်လူမှုရေးမှာ အပြုံးတုတွေ မည်မျှရောင်းရပါသနည်း။
(၄)
သမ္မာအာဇီဝအကြောင်း လက်တွေ့ ကျကျဖွင့်ဆိုပါ။
(၅)
ကွက်လပ်ဖြည့်ပါ။ (က)မိသားစု၊(ခ)ချစ်မေတ္တာ၊(ဂ)ကိုယ်ကျင့်တရား။
(၆)
ရိုးသားစွာ ဆင်းရဲကြသူများအား ဖော်ပြပါ။
(၇)
ငွေကြေးနဲ့ အနုပညာအကြောင်း စာစီကုံးပါ။

                   
(vol.11,no-5,july,2008. fashion image magazine)

                                                လင်းလက်တာရာ

“မေးခွန်းများ”


စိတ်ဓါတ်များထဲမှ
သင်လက်ရှိ အသုံးပြုနေသော
နောက်ဆုံးပေါ် တံဆိပ်အကြောင်းပြောပြပါ။

ရိုးသားစွာ ကြိုးစားရင်း ပျောက်လွင့်သွားသော
သမ္မာအာဇီဝ ဘဝများအကြောင်း
စာစီကုံးပါ။

ခွဲခြားနေသည့်
အဆင့်အတန်းဆိုသော စကားရပ်တွင်
မည်သည့်အရာများ ပါဝင်ဖွဲ့ စည်းထားသနည်း။

“ငါ”ဆိုသည့် အတ္တပုံဆောင်ခဲသည်
အပူချိန် မည်မျှပေးလျှင်
မည်သည့် ဒြပ်စင်အဖြစ် ပုံစံပြောင်းသနည်း။

လစ်ဟာနေသော မိသားစု
ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းရေး စသော
ကွက်လပ်များကို ဖြည့်ပါ ။         ။

( အမှတ် ၆၊ ဇွန်လ၊ ၂၀၁၂၊ အပြင်စီးမဂ္ဂဇင်း)

                                စောတာရာ

1 comment:

  1. လွန်ခဲ့တဲ့ ၁၀လလောက်က မိသားစုဆိုတဲ့ အဲ့ဒီကဗျာလေးကို အပြင်စီးမှာ ဖတ်ခဲ့ရတယ်။သူ့ရဲ့ သွားပုံ လာပုံတွေကို သဘောကျတယ်.. ။အဲ့တာနဲ့ google search မှာ လင်းလက်တာရာဆိုတဲ့ နာမည်ကို ရိုက်ရှာရင်း ဒီဘလော့ကို ရောက်ခဲ့တယ်..။ဒီဘလော့ထဲမှာ မိသားစုကဗျာကို ရှာခဲ့တယ်.. မတွေ့ဘူး ညီလေး..ဒီ လင်းလက်တာရာဟာ မိသားစု လင်းလက်တာရာနဲ့ အတူတူပဲလား သေချာ မသိတာနဲ့ အဲ့ကဗျာရဲ့ အသွားအလာ စိတ်ကူးအတိုင်း ရွာကလေးကို အကို ရေးခဲ့တယ်..

    နောက် teen မှာ ဖော်ပြချင်တယ်ဆိုပြီး အမတစ်ယောက်က ဆက်သွယ်လာတယ်..။ ဒီကဗျာ ဘယ်လို ဖြစ်လာလည်းဆိုပြီး သူမေးတော့ အောက်ကအတိုင်း မေးပို့ပြီး အကို ပွင့်ပွင့်လင်းလင်းပဲ ဖြေခဲ့တယ်..။

    '" ဒီကဗျာကို ရေးဖြစ်တာက ကိုလင်းလက်တာရာရဲ့ မိသားစု ဆိုတဲ့ ကဗျာကို ဖတ်မိပြီး ရေးဖြစ်သွားတာပါ.. တစ်ချို့ အတွေးအခေါ်လေးတွေ သူ့ဆီကနေ ရခဲ့တာပါ..အဲ့ဒီကဗျာကိုဖတ်ပြီး ကျွန်တော့်ကိုမွေးခဲ့တဲ့ရွာလေးနဲ့ လက်ရှိ အချိန်ထိ မိဘတွေ နေထိုင်နေဆဲ ရွာလေးကို သတိရတဲ့စိတ်နဲ့ ကိုလင်းလက်တာရာရဲ့ ရှိပြီးသား အရှိန်အတိုင်း ရေးခဲ့တာပါ..
    ဘာ့ကြောင့် ရေးဖြစ်လဲဆိုရင်တော့ ကိုလင်းလက်တာရာရဲ့ မိသားစုဆိုတဲ့ ကဗျာရဲ့ ဆွဲဆောင်မှုကြောင့်ပါပဲ..ကိုလင်းလက်တာရာကို မမြင်ဘူးပေမဲ့ ဒိနေရာကနေ ကျေးဇူးတင်စကား ပြောချင်ပါတယ်..''
    အဲ့ဒီအတိုင်း ဖြေခဲ့တာပါ..

    ကျေးဇူးတင်ပါတယ်ညီလေး.. ဘာပဲဖြစ်ဖြစ် လင်းလက်တာယာရာဟာ ညီလေးဖြစ်နေတာရယ်၊ မိသားစုကို ဆင့်ပွားပြုလုပ်ခွင့်ပေးတာရယ်ကြောင့် ကျေးဇုးလည်းတင် ၀မ်းလည်းမြောက်တယ်ညီလေး..

    လေးစားစွာဖြင့်
    ကိုရင်

    ReplyDelete