Monday 26 November 2012
ကလစ်တစ်ချက် နှိပ်လိုက်ရုံနဲ့  ကဗျာတွေ အပြုံလိုက်ကြီး ပွင့်ကျလာ
ခု ကဗျာရွေးစာရင်းက အရင်က ကဗျာရွေးစာရင်းတွေလို
အခြေအနေအရ အပြောင်းအလဲ မရှိတော့ဘူး
ထဲထဲဝင်ဝင် တိုးဝင်ကြည့်တော့ မျက်မှောက်ခေတ် ပစ္စက္ခကြီးက
ကြောက်စရာလည်းကောင်း ရှက်စရာလည်းကောင်း
စက္ကန့် အတွင်း နာမည်တစ်လုံး လက်လွှတ်ဆုံးရှုံးနိုင်တယ်
ဆိုတော့ အနေအထိုင် အသွားအလာ ဆင်ခြင်ပါ
ဒီမိုကရေစီကို အခွင့်အရေး မယူပါနဲ့  ဒီမိုကရေစီကို အလွဲသုံးစားမလုပ်ပါနဲ့ 
ကဗျာကို အခွင့်အရေး မယူပါနဲ့  ကဗျာကို အလွဲသုံးစား မလုပ်ပါနဲ့ 
ငြိမ်းချမ်းရေးလို့ အော်ပြီး ငြိမ်းငြိမ်းချမ်းချမ်း မရေးဘူး
လူပြောများများနေတဲ့ facebook ကြီးဟာ စကားလုံး စစ်မြေပြင် ဖြစ်လို့ 
တရားကျစရာ စိတ်ကမပါပဲ လက်က like တွေလုပ်လို့ 
သေသာသွားရော မောင်ချောနွယ် အင်တာနက် မသုံးခဲ့ဘူး
သေသာသွားရော မောင်လေးအောင် အင်တာနက် မသုံးခဲ့ဘူး
သေသာသွားရော ဖော်ဝေး အင်တာနက် မသုံးခဲ့ဘူး
ခေတ်မြန် လူမှုကွန်ယက်ကြီးထဲက ကျွန်တော်တို့  ညံ့လို့ မဖြစ်ဘူး ရှုံးလို့ မဖြစ်ဘူး
နည်းပညာတွေ တိုးတက်မြင့်မားသလို ကျွန်တော်တို့ အနုပညာတွေလည်း
တိုးတက်မြင့်မားသင့်တယ် မဟုတ်လား
ခုတော့ ကဗျာထဲမှာ ဆဲရေးတိုင်းထွာ
ကဗျာထဲမှာ လိင်နဲ့ အညစ်အညမ်း
ကဗျာထဲမှာ တုတ်တစ်ပြက် ဓါးတပြက်
ကဗျာထဲရောက်မှ မြန်မာစာပေရဲ့အလှ ပျက်စီး သွားရလေတယ်
နိယို ဆိုလို့ နီယို နီယို နီယို
LP ဆိုလို့  LP LP LP
ကွန်ဆက်ချူရယ်ဆိုလို့ ကွန်ဆက်ချူရယ် ကွန်ဆက်ချူရယ် ကွန်ဆက်ချူရယ်
ကွန်တမ်ပလာရီဆိုလို့ ကွန်တမ်ပလာရီ ကွန်တမ်ပလာရီ ကွန်တမ်ပလာရီ
နိုင်ငံရေးဆိုလို့  နိုင်ငံရေး နိုင်ငံရေး နိုင်ငံရေး
ရေးကြပါ ရေးကြပါ
ယုံကြည်ချက်ကို အသက်မှာထည့်ပြီးရေးကြပါ
ပညာတတ် လူနည်းစု အတွက် မဟုတ်ပဲ လူ သန်းပေါင်း ၆၀ ကျော် အတွက် ရေးကြပါ
မြန်မာစာပေကြီးဟာ ငါ့လက်ဖဝါးပေါ်မှာ ရှိနေပါလားဆိုတဲ့ သတိလေးတစ်ချက်နဲ့ 
ရေးကြပါ ရေးကြပါ ရေးကြပါ
ဆိတ်ကလေး နွားကလေး ကျောင်းသလို ကိုယ့်ဘဝကိုယ်  ကျောင်းသလို
ကိုယ့်အသက်ကိုယ် ကျောင်းသလို ကိုယ့်ကဗျာကိုယ် ကျောင်းကြပါ
ကိုယ့် ကလောင် ကိုယ် ကျောင်းကြပါ
ကျောင်းကျောင်း တစ်ကြောင်းပြီးတစ်ကြောင်း
တစ်ကြောင်းပြီးတစ်ကြောင်း ကျောင်းကျောင်း
သို့ အယ်ဒီတာများခင်ဗျား
အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့်
စာမျက်နှာပေါ် လင်းပွင့်ခွင့် မရခဲ့သော ကဗျာများအား ပြန်လည်ဖော်ပြပေးပါရန်
ကဗျာဆိုတာ လူ့ ယဉ်ကျေးမှုပဲ
ကဗျာဆိုတာ တိုင်းပြည်တစ်ပြည်ပဲ
ကဗျာဆိုတာ ကမ္ဘာကြီးပဲ
ကဗျာရေးသူဟာ လူ့ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်သူ
ကဗျာရေးသူဟာ တိုင်းပြည်တစ်ပြည်ကို ဦးဆောင်တည်ဆောက်သူ
ကြီးကြီးကျယ်ကျယ် ပြောမယ် ကဗျာရေးသူဟာ ကမ္ဘာကြီးကို ပိုင်စိုးသူပဲ
စစ်မှန်တဲ့ အသစ်နဲ့ ခေတ်ကြီးကို ဖွင့်ဆိုပါ
စစ်မှန်တဲ့ အသစ်နဲ့ ကမ္ဘာကြီးကို မီးမောင်းထိုးပါ
စစ်မှန်တဲ့ အသစ်နဲ့  လူသားအကျိုးကို သယ်ပိုးပါ
လိုင်းပေါ်မှာ ကဗျာတွေ အင်တိုက်အားတိုက် မောင်းနေတယ်
လိုင်းပေါ်မှာ ကဗျာတွေ လက်လွတ်စပယ် မောင်းနေတယ်
သတိ ရှေ့ မှာ ချောက်ရှိသည် သတိ ရှေ့ မှာ ကွေ့ ရှိသည်
သတိ ရှေ့ မှာ ကျောင်းရှိသည် သတိ မဖြတ်သန်းရနယ်မြေ
သတိ လူကူးမျဉ်းကြား သတိ ဟွန်းမဲ့ဇုန်
သတိ မူးရင်မမောင်းရ မောင်းရင် မမူးရ
လမ်းပေါ်မှာ မြန်နှုန်းမြှင့် မောင်းနေပါသည်
လမ်းပေါ်မှာ ယာဉ်ကြောထူထပ်နေပါသည်
လမ်းပေါ်မျာ ယာဉ်တိုက်မှု ဖြစ်ပွားနေပါသည်
                                        လင်းလက်တာရာ
                                            21,7,2012
ထောင်ဝင်စာ
နာတယ်
အိပ်မက်ကြမ်းကြီးထဲ ခွေးနက်ကြီး အခဲ ခံရ
ကဗျာပါရဲ့လား
သံတိုင်တွေကြားက ရုန်းထွက်လာတဲ့ အသံ
ငါနေခဲ့လို့ ရမယ်ဆိုရင်
မင်းအိမ်ပြန်ပါ သူငယ်ချင်း
                                          လင်းလက်တာရာ
                                              8,12,2011
Friday 23 November 2012
လူးလူးလွန့် လွန့်  လေးလေးလံလံ လွတ်လွတ်လပ်လပ် လတ်လတ်လောလော
နိစ္စဒူဝအလင်းက ဒါကို တွန်းဖွင့်ပြီးဝင်လာတယ်
“ဒါ”ဆိုတာ ဒီကဗျာရဲ့ ပထမဦးဆုံးစာကြောင်း
ပြီးရင် နောက် လေးငါးကြောင်းဆီ လှမ်းခုန်ဦးမယ့် အနေအထား
တံစက်မြိတ်ဖျားမှာ သင်္ခါရတေးသွားတွေ တစ်စက်ပြီးတစ်စက်
မိုးဇက် သေတော့ မိုးအေးအေးမှာ ခွေးကလေးတစ်ကောင်ပဲ အသုဘ လိုက်ပို့ တယ်ဆိုလား
တောမီးဟာ ၂၁ ရာစုကို အပီအပြင် ဖွဲ့ လို့ နွဲ့ လို့ 
စိတ်ကူးနဲ့ ထုနေတဲ့ ပန်းပု ဟာ ထင်းဖြစ်သွားတယ်
ပျော်ရွှင်မှုကို နည်းနည်းလောက် မျှပါဦး
အမျှော်တွေကို နေ့ ပြန်တိုးနဲ့ မျှားထားရတယ်
ခု သောက်နေတာ ဘီယာ မဟုတ်ဘူး ဝီစကီ မဟုတ်ဘူး လူမှုရေး
ကိုယ့်ဦးခေါင်းကို သူတပါး ပုလင်းခွံနဲ့ ရိုက်ခွဲမိတော့မယ်
နေကို ဘယ်သူပိုင်သလဲ
မေးခွန်းဟာ ဖိနပ် ဗလာနဲ့ ကန္တာရထဲ တောင်ပြေး မြောက်ပြေး
လိုအင်ဆန္ဒတွေကို ဖြိုဖျက်ပြီးရင်း တည်ဆောက် တည်ဆောက်ပြီးရင်း ဖြိုဖျက်
လူ့ ဘဝကိုက သပွတ်အူ complex ကြီး
စကြာဝဠာကြီးကိုတောင် ဂိုးထဲ ကန်ထည့်ချင်သူတွေက အမှောင်မဆုံး
မတရားမှုဟာ ဂိုထောင်ထဲမှာ ပုပ်နေတဲ့ ကြွက်သေ
ရန်ကုန်ကြီးရဲ့ အငွေ့ အသက်မှာ လတ်ဆတ်/ မွန်းကြပ် သွားသလား အိုဘားမား
လိုင်းပေါ်မှာ ဂျန့် ဖြစ်နေတဲ့ အသံတွေ ဗွက်ထနေတဲ့ အာရုံတွေ
ကမ္ဘာတစ်ခြမ်းက ဒုက္ခပူပူတွေကို ကမ္ဘာတစ်ခြမ်းက အေးအေးလူလူ ရှုမှတ် ပွားများ
မုန်တိုင်းနာမည်ကြီးဖို့ လူတွေ သေပေးရတာ တန်သလားပြော
မဲဆွယ်ပွဲမှာ သမ္မတလောင်းတွေ ရန်ဖြစ်နေပုံ
ပုထုဇဉ် ဆိုတော့လည်း  အပေါင်း အနုတ် အမြှောက် အစား
(မလေးကျွန်းဆွယ်မှာ မိုးကြိုးတွေ ပစ်နေတယ် မေမေ)
မှတ်ချက်။ ။ လက်သည်းကွင်းနဲ့ ပတ်တီးစည်းထားရတဲ့ အော်သံ
i phone တစ်လုံးအတွက်နဲ့ တော့ j မဝင်ပါနဲ့ ညီမလေးရယ်
အရွယ်တူ အရောင်ကွဲ SIM ကဒ်တွေလို  ငြိမ်းချမ်းရေးကို လူတိုင်းရင်ထဲ အံဝင်ခွင်ကျ ထည့်လို့ ရပါတယ်
လမ်းကြိုးလမ်းကြားက ဓါတ်ကြိုးတွေလို အိကျလျော့ရဲနေတဲ့ အိပ်မက်တွေကို တင်းလိုက်
မိမဲ့ဖမဲ့ စပယ်ပွင့်လေးတွေ အတွက် လမင်းကြီးဆီက သီချင်းတစ်ပုဒ် တောင်းထားတယ်
အလံတစ်လက်ကို သက္ကရာဇ် ဘယ်လောက်များများ ဆင်ဆာဖြတ်ထားခွင့်ရလို့ လဲ ခေတ်ကြီးရယ်
             လင်းလက်တာရာ
                                                                           22,11,2012 ,2;20am
သံသရာတွင်းနက်ကြီးထဲ သံသယတွေနဲ့ ငုံ့ ကြည့်မိတဲ့ တစ်ခဏ
Add caption
နိုဝင်ဘာ။၂၀၁၂၊ new style မဂ္ဂဇင်း
Tuesday 20 November 2012
အရေးပေါ်ပြုလုပ်ထားတဲ့ သီချင်း
မှတ်တမ်းလေးတစ်ခု ဖုတ်ပူမီးတိုက် ပြုတ်ကျလာတယ်
ကစဥ့်ကလျား စက္ကန့် လေးများ သံချပ်ထိုးနေရဲ့
ဆွံ့ အနေတဲ့ အတိတ်တွေ စကားပြောတတ်လာပုံ
အရောတဝင်မှုတွေ တစ်ကိုယ်ရေတစ်ကာယ အခန်းအောင်းနေတယ်
ဆွတ်ဆွတ်ဖြူနေတဲ့ အပြာရောင်နေ့ စွဲလေးတွေ တွားသွားတက်လာခဲ့
ပဉ္စလက်သစ်ရွက်လှေနဲ့  ပစ်စလက်ခတ်လေပြည်လှိုင်းတို့ ရဲ့ သံစဉ်မဲ့ဋ္ဋီကာ
သူမှတပါး ကယောင်ချောက်ချားအိပ်မက်တွေ အပွေးတက်နေတယ်
အမြော်မြင်မဲ့မဲ့မြစ်များ မြည်တွန်တောက်တီး ရွေ့ လျားနေခဲ့
အချစ်ဟာ မျှစ်စို့ ပေါက်ကြီးလို ကြီးလွယ်ထွားလွယ်ခြင်း
ခြောက်ပစ်ကင်း သဲလဲစင်သော မျှော်တော်ယောင်ပတ်ပျိုးကလေး အအေးပတ်နေတယ်
အခိုးထွက်နေတဲ့ နံရိုးတစ်ချောင်းရဲ့ သီကျူးမှုဟာ
ရှေးအကျဆုံး ကျောက်ခေတ် တစ်ခေတ်ကို တောင်းဆိုနေရဲ့
ရှင်ကွဲလမ်းမပေါ် ကပျော်ကချော် ဖြတ်ကူးလာသော သံသယနဲ့  အနီရောင်ဟွန်းမျောရှည်တွေလေ
သူစိမ်းဆန်တဲ့ အရေးတယူမှုတွေ တဖွဲဖွဲ လောင်မီးကျနေတယ်
စံပယ်တင်မှဲ့ ကလေးရဲ့ ကိုယ်ရေးရာဇဝင်မှာ ခွက်ခွက်လန်နေတဲ့ မဖြစ်ညစ်ကျယ် လူတစ်ယောက်ရှိတယ်
အလွမ်းဟာ ငိုသံပါကြီးနဲ့ ခုခံအား ကျဆင်းလျှက် ရှိကြောင်း
(မတ်လ၊၂၀၀၉၊ရုပ်ရှင်အမြုတေမဂ္ဂဇင်း)
                                                                 လင်းလက်တာရာ
Saturday 17 November 2012
ချိုဝမ်နဲ့ တူတဲ့ ကောင်မလေးသို့ 
သတိရတိုင်းသာ ပိုက်ဆံပေးရမယ်ဆို မွဲပြီ
အဲဒီ လခြမ်းကွေး ပါးချိုင့်လေးကိုပဲ စိတ်ကူးနဲ့ လှမ်းလှမ်းနမ်း
ကိုယ့်တိတ်တခိုးနဲ့ ကိုယ် အိပ်သွန်ဖာမှောက် လွမ်းတယ်
အချစ်ဆိုတာ စပယ်ပန်းပွင့်တဲ့ ရာသီ
ကြယ်စုံတဲ့ ညပြတင်း
သီချင်းတစ်ပုဒ်နဲ့  ဂစ်တာတစ်လက်
အိပ်မက်ရှည် ကဗျာ
ငါက ကောင်းကင်နဲ့ ပင်လယ်ကို  ညီမျှခြင်းချမယ်
မင်းက ရေတံခွန်နဲ့ စမ်းချောင်းလေးကို တံတားထိုးမယ်
ငါက မုသားမဲ့ ပန်းချီတစ်ချပ်ကို ရေးခြစ်မယ်
မင်းက နားလည်ခြင်းရှုခင်းကို ပေါင်းသင်မယ်
အဲဒီလို လရောင်နဲ့ ဖျော်စပ်ထားတဲ့ ဝိုင်တစ်ခွက်
ယုံကြည်မှုဟာ သက်တံ့ပေါ် လေကစားထွက်တဲ့ ငှက်ပဲ
နှလုံးသားချင်း အလင်းပြန်မယ့် ဒိုင်ယာရီကို ငတ်တယ်။
(ဇန်နဝါရီ ၊၂၀၁၀၊ ရုပ်ရှင်အမြုတေမဂ္ဂဇင်း)
                                                     လင်းလက်တာရာ
Tuesday 13 November 2012
ခင်ဗျားတို့ ရယ်ဖို့  ကျွန်တော် တော်တော် ငိုခဲ့ရတယ်
ပြောရမယ်ဆို မပြောကောင်းမဆိုကောင်းတွေချည်းပဲ
ဒီပုပ်ထဲက ဒီပဲတွေပဲ ပါးရည်နပ်ရည် ပလုတ်ပလောင်း
တစ်ဘို့ တည်းမဟုတ်ဘူး ဘို့ တွေမှ အများကြီး ဟုတ်ကဲ့ ခြတောင်ကြီးပါ
အပျက်အပျက်နဲ့ ဘဝတွေ သွေးထွက်ချောင်းစီး ရာဇဝင်ရိုင်းတဲ့ ရာဇဝင်မင်နီ
မတရားမှုဟာ ဂလိုင်သံပေါက်နေ တဲ့ ဂူလို အဆံချောင်နေတဲ့ ကြက်ဥလို ဂလောက်ဂလောက်
ရင်နာလို့ ရပ်မကြည့်နိုင်တဲ့ တစ်ကိုယ်တော် ဝဋ် ဒုက္ခလေးနဲ့ 
အများဆိုင်ဝဋ်ကြွေးတွေကို ပြေရာပြေကြောင်း သပ်သပ်ချမိတာ
အချစ်ကိုလည်း ဥပေက္ခာပြု မိသားစုကိုလည်း မငဲ့အား ကိုယ့်ကိုယ်ကိုယ်လည်း လစ်လျုရှုထားရတယ်
တိရစ္ဆာန်ထိန်းသလိုလည်း အထိန်းခံရဲခဲ့ တိရစ္ဆာန် နှိပ်စက်သလိုလည်း နှိပ်စက်ခံဝံ့ခဲ့
အဆုံးစွန်ထိ စုတ်ပြတ်သတ်ခဲ့တာ စုတ်မသပ်တော့ဘူး
နောက်ဆုံးတော့ ကြုံးကန်ခံလိုက်ရတဲ့ ဘေးထွက်ဘောဟာ ကွင်းထဲကို ပြန်ရောက်လာတာပါပဲ
လက်ခုပ်သံတွေကို တပ်မက်/ ပိုင်ဆိုင် ချင်လို့ မဟုတ် အဲဒီလက်ခုပ်သံတွေကို လွတ်လပ်စေချင်လို့ 
မျှတစေချင်လို့ အေးချမ်းစေချင်လို့  ပျော်ရွှင်စေချင်လို့  စည်ပင်စေချင်လို့  တိုးတက်စေချင်လို့ 
အဲဒီနောက်မှာ “စေချင်”တွေ အများကြီး အများကြီး စိတ်ဒဏ်ရာ ကိုယ်အမာရွတ်တွေကနေ
ပွင့်လာတဲ့ ပန်းမို့ ရနံ့ နည်းနည်း ပြင်းတယ်  ပျင်းရိလျော့ရဲနေလို့ မဖြစ်တဲ့ ကမ္ဘာ
လူ့ ယဉ်ကျေးမှုတွေ ထွန်းကားဖို့ ထွန်ယက် လူ့ အခွင့်အရေးတွေ ဝေဆာဖို့ ဖောင်ဖျက်
ချွေးသီးချွေးပေါက်တွေက အသေအချာ စိမ်းလန်းလာမယ့် ရှုမျှော်ခင်း
ကြောင်ပါးဝကြီးလည်း ရေကြာကြာမငုပ်နိုင်ပါဘူး  မှိုင်းဝလာတဲ့အခါ
အမှန်တရားဟာ ကောင်းကင်ပြာပြာထဲ လှလှလက်လက် ပျံတက်လာမယ်
တစ်ယောက်တည်း ငေါင် တစ်ယောက်တည်း ငေး တစ်ယောက်တည်း ငံ့ တစ်ယောက်တည်း ငိုင်
တစ်ယောက်တည်း ငိုက် တစ်ယောက်တည်း ငြိမ် နေလို့ မဖြစ်ဘူး မဖြစ်ဘူး
ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူထဲ တိုးဝင် ပြည်သူရဲ့ အသံတွေ နားထောင် ပြည်သူနဲ့ ဖက်လဲတကင်း
တိုင်းပြည်မှာ တည်နေတဲ့ ပြည်ကို ပြည်သူတွေကပဲ ဖောက်ထုတ်ပစ်ရမယ် မဟုတ်လား
ဟာသလုပ်တယ်ဆိုတာ ဟာနေတဲ့ ဟာတွေကို ပြသတာ
ပြဿဒ်ကိုတော့ အလဟဿ မီးလောင် မခံနိုင်ဘူး
                                                                                              လင်းလက်တာရာ
                                                                                13,11,2012
Saturday 10 November 2012
၁၀ ၊ ၁၁ ၊ ၁၂ အဖွဲ့ 
တောင်ကုန်းစိမ်းစိမ်းပေါ်က မျှော်ကြည့်နိုင်မှ မဟုတ်ဘူး
ချိုင့်ဝှမ်းလွင်ပြင်လေးကလည်း ဘဝပါပဲ
ကိုရဲရေ
အဆင်မပြေမှုတွေကို ရှုခင်းလေးတစ်ချပ်လို တွေးကြည့်
စိတ်ကို ဝန်ထုပ်ဝန်ပိုးကြီးနဲ့ ဖိမထားနဲ့ 
ကျွန်တ်ာတို့ ကစားနေတဲ့ အဝေးကွင်းက အလင်း နည်းနည်းမှုန်တယ်
ကိုယ့်ရိုးသားမှုလေးနဲ့ ကိုယ် ဝတ်မှုန်ကူးကြတာပေါ့
ပရဟိတနှလုံးသားနဲ့  အသက်လှလှရှုတတ်သူ
နှင်းခါးခြေရာထဲ အချစ်ကို ဝှက်ထားသူ
ညီမျှခြင်းတွေ ချထားတဲ့ မြို့မှာ
အမှန်တရားအတွက် ဘဝကို လောင်းကြေးထပ်ဝံ့သူ
ခု...လမ်း ၃၀ ပြည့်ခဲ့ပြီ
ပန်း ၃၀ ပွင့်ခဲ့ပြီ
မိုင်တိုင်အမှတ် ၃၀ ကနေ နောက်...ယုံကြည်ရာ ပန်းတိုင်ဆီ
၃၁ ဘုံက ကျွန်တော်တို့ ကို စောင့်ကြိုနေတယ်
အိပ်မက်တွေကို ရေလောင်းပေါင်းသင်ပါ
အနုပညာကို နေ့ တိုင်းသတိရပါ
ကဗျာကို  ခါးဝတ်ပုဆိုးလို မြဲပါ
Happy Birthday ပါ ကိုရဲ   ။              ။
(မောင်ရဲမင်း-ပဲခူး အတွက် အမှတ်တရ မွေးနေ့ လက်ဆောင်)
                                               လင်းလက်တာရာ
                   ၁၀၊၁၁၊၂၀၁၂
ပစ္စက္ခကို သုံးဆယ့်နှစ် ဒီဂရီ တိမ်းစောင်း ကြည့်ခြင်း
ရယ်စရာ ကမ္ဘာကြီးက ကျွန်တော့်ကို တော်တော် ဖြောင့်မတ်တဲ့ ကောင်တဲ့ အိပ်မက်ထဲမှာ
စကားမစပ် ခင်ဗျားရော သစ်ပင်ဖြောင့်ဖြောင့် တက်တတ်လား ဘဝကို ဖြောင့်ဖြောင့် ရုန်းတတ်လား
လက်ဖြောင့်တပ်သမလေးရဲ့ ကျည်ဆံကိုမှ ရွေးခဲ့တဲ့ နှလုံးသား ကားစင်ပေါ်မှာ ကားကားကြီး
လိမ်ဖယ်လိမ်ဖယ်ပါပဲ လူရော လမ်းရော လိမ်ဖယ်လိမ်ဖယ်ပါပဲ  ပုံပြင်ထဲက လိပ်တောင်
ဆုတံဆိပ်တွေ ဘာတွေ ချိတ်လို့ ပုံပြင်ကို ဘယ်သူ ပိုပြင်သွားတာလဲ လူးလူးလွင့်လွင့်လေပဲ
အလောတကြီး ပန်းဝင်သွားတယ် ငါတို့ စိုက်ခဲ့တဲ့ ပန်း ဘယ်နှပွင့် ငါတို့ ခူးခဲ့တဲ့ပန်း ဘယ်နှပွင့်
လွမ်းလို့ သေတော့မယ့် ပန်းပင်လေးရဲ့ အိမ်နာမည်ဟာ ငါ့သန်းခေါင်စာရင်းထဲမှာလား
လက်ထဲက လွတ်ကျသွားတဲ့ စပယ်လေး လက်လွတ်စပယ်  ဖြစ်ကတတ်ဆန်း လက်ခုပ်သံတွေက
ဖန်တီးထားတဲ့အတိုင်း  မဝင်တဲ့ဘောလုံးဟာ ဂိုးသွားတယ်  သတင်းတွေ ဝယ်ဒယ်
ပုလင်းတွေ ဝယ်ဒယ် အသံတွေ ရမယ် ဗလံတွေရမယ် ရတဲ့သူတွေကရ ခိုင်တဲ့သူတွေကခိုင်
ရခိုင်အရေးဟာ တရေးနိုးတိုင်းထထ ရေးနေမိတဲ့ အရေး  ဈေးကွက်စီးပွားရေးက အိမ်က
မီးဖိုချောင်လေးကို လာမှန်တယ် အစွန်းအဖျားမှာ အစွန်းအထင်းများများ  အဆောင်အယောင်မှာ
အဆိပ်အတောက်များများ ပျိုးထားတဲ့ သမ္မာအာဇီဝလေး အညှောက်ထွက်လာပြီလား
အညစ်ကြေးပေါ်က အညွန့် အဖူးလေးတွေ  မိုးဦးလေဦးထဲ သက်တံ့လေး ထွက်ကြည့်တဲ့ အသက်
သက်လုံ မကောင်းဘူး သဲပုံစေတီလေးရှေ့  အသည်းပုံကလေး စိတ်နဲ့ တိတ်တိတ်ကလေး ရေးခြစ်
အချစ်က ရာသီမကုန်ခင် အသင်းပြောင်းသွားတယ်  သိပ်သည်းစများများဖိအားကိုပေါ့ပေါ့ပါးပါး ထမ်းတတ်ဖို့ 
ဝန်ထုပ်ဝန်ပိုးကောင်းကင်ကြီးအောက် ပေါ့ပေါ့ပါးပါး ရယ်တတ်ဖို့ ငါတို့ ပေါ့ပေါ့တန်တန် မလေ/နေသင့်တော့
ပုံသဏ္ဌာန်ပြောင်းလာတဲ့ အရေးအသားဟာ အရိုးချည်းသက်သက် လူနာလား အဆီတစ်ထပ်
အသားတစ်ထပ် ဝက်မကြီးလား ကြည့်စမ်း ဆီသည်မ လက်သုတ်ပုဝါက  ဒီနေ့ မှ အသစ်စက်စက်
သေရဲလား အသစ်က ငါတို့ ကို စစ်မြေပြင် ပို့ ထားတယ်  ကဗျာသေနတ်ဟာ ငါတို့ ရင်ဘတ်တွေ
တည့်တည့် တဒတ်ဒတ် တဒိုင်းတဒိုင်း  PSY ရဲ့ မျက်နှာပြဲကြီးက ဝက်ဆီလူးထားတဲ့ အတိုင်းပဲ
ဝါကာဝါကာ က တန်းဆင်းသွားပြီ  ဂန်းနားစတိုင်လ် ဘန်ကီမွန်းလည်း ဂန်းနားစတိုင်လ်
ရှာရွတ်ခမ်း လည်း ဂန်းနားစတိုင်လ်  အတိုင်အဖောက်မညီတာ ပိုပြီး ပျော်စရာ မကောင်းလား
လောကကြီးဟာ  ဟာသ  တော်တော်ဆာနေပုံရတယ်    ပုံ/ မျက်ရည်ကြီးငယ်များ 
ရှင်သန်ခြင်း ဒပ်ဖနေးရှင်းကို ကကြီးကနေ အ အထိ ငါးခူပြုံး ပြုံးတတ်ပြီလား သစ်တောပြုန်း
ပြုန်းတတ်ပြီလား စိတ်ရှိရင် ပြုန်းနေတဲ့ ဝက်အူလေးကို ပြုံးပြုံးကြီး ရစ်ကြည့်ပါလား အာဟအာဟ
နိုင်ငံရေးကို ပြက်လုံးထဲ ပိပိရိရိ ထိထိမိမိ ကလိထားတဲ့ ဝတ္ထု ခု တစ်ပြည်လုံးကို ဖြန့် ချိနေပါပြီ
အိုကီနာဝါမှာ နန်းခင်ဇေယျာကို  THE LADY  THE LADY  လို့ ဝိုင်းပြီး  သြဘာပေးကြတာ
ငါတို့ ပြည်သူတွေ အမှတ်ပြည့်ရတယ်  မကြာမီ လ ပြည့်ပါတော့မည်
                                                                လင်းလက်တာရာ
                                                                   7,11,2012, pm 5;19 
Thursday 8 November 2012
ကိုယ်ရေးအကျဉ်း
အမည်ရင်း ဝေလင်းဦး ။ အဖ ဦးတင်မိုး ၊ အမိ ဒေါ်စိုးစိုး တို့ မှ ၄ရက်၊ ၂လ ၊၁၉၈၈ တွင် ကျောက်တန်းမြို့ တွင်မွေးဖွား ။ ၂၀၀၅ ၊၂၀၀၄ တွင် တက္ကသိုလ် ဝင်တန်းအောင် ။ ရန်ကုန် အရှေ့ ပိုင်းတက္ကသိုလ် တွင် မြန်မာစာမေဂျာကို ပညာသင်ကြားခဲ့ ။ ဝေလင်း (မြန်မာစာ) ဖြင့် ရယ်စရာ၊၂၀၀၅၊သြဂုတ်လ တွင် ''ဆု'' ဟူသော ဝတ္တုတိုဖြင့်စာပေနယ်သို့ စတင်ဝင်ရောက် ။ လင်းလက်တာရာ အမည်ဖြင့် ရုပ်ရှင်အမြုတေ ၊နိုဝင်ဘာ၊ ၂၀၀၆ တွင် ခြေရာမဲ့အလွမ်း ကဗျာ ဖြင့် စတင်ဖော်ပြခံရ ။ဝတ္တုတို ၊ ကဗျာ ၊ အက်ဆေး ၊တစ်မျက်နှာ ဝတ္တုတို စုစုပေါင်း (၁၄၀) ကျော်ဖော်ပြခံရပြီး ဖြစ် ။ သောင်းပြောင်းထွေလာ၊ရယ်စရာ ၊ ရုပ်ရှင်အမြုတေ၊၊ကလျာ မဟေသီ ဖူးငုံဆယ်ကျော်သက်၊၊ပန်းအလက်ာ၊HEART ၊FASHION IMAGE ၊ PEOPLE ၊စုံထောက်၊ရောင်ပြန်၊မှုခင်းစုံ၊နွယ်သာကီ၊ပိတောက်နွယ်၊မနုစာရီ၊ပြစ်မှု၊လှို့ ဝှက်သည်းဖို၊သောကြာ၊မှုခင်းရောင်စုံ၊ပျော်ပျော်ရွှင်ရွှင်၊စရဏ၊YOUTH ၊အောင်လံရယ်ရွှင်ဖွယ်၊သဲထိတ်ရင်ဖို၊ပေဖူးလွှာ၊ပြုံးစရာ.ပိုတင်ရှယ်၊အပြင်စီး စာပွင့်လွှာ၊အိုင်ဒီယာ၊ NEW STYLE....FACES စသည်တို့ တွင်ရေးသားခဲ့။ လူခါး၊ရာဇာမျိုး(အင်းကုန်း)တို့ နဲ့ တွဲပြီး ပင်လယ်နဲ့ ပတ်သက်နေတဲ့ရွက်တွေ ကဗျာစာအုပ်ကို သြဂုတ်လ ၂၀၁၂ တွင် စုစည်းထုတ်ဝေခဲ့။ 2013 တွင် မောင်ရေချမ်း၊စစ်နိုင်၊လူခါး၊လင်းဝေအိမ်၊ ဆူးရဲ၊ ထွန်းလင်းသစ်၊ အဂ္ဂလင်း တို့ နဲ့ “အက္ခရာလမ်း“ ကဗျာစာအုပ်၊ ညီလင်းနိုင်၊ ရဲရင့်လမင်း၊ ဆူးရဲ၊ ကိုသျှား၊ ရွှေကိုယ်နတ်၊ကျော်ဦး(လှိုင်) တို့ နဲ့ “ခေတ်ပြိုင်#7' ကဗျာစာအုပ်တို့ စုစည်းထုတ်ဝေခဲ့။
Tuesday 6 November 2012
ကိုရွေး/ကဗျာရေးဖြစ်လား/မရေးဖြစ်တာအတော်ကြာပြီ/ဘာဖြစ်လို့ လဲ/မသိပါဘူးဗျာ/ကိုဇေယျာလင်းကဗျာတွေဖတ်ပြီး/ကျွန်တော်ကဗျာရေးလို့ /မရဘူးဖြစ်နေတယ်
သင့်အရေပြားပေါ်မှာလည်း ခေတ်ပြိုင်အာရုံ ကိုက်စားမှု
စာရွက်စာတမ်းတွေမရှိရင် လူတစ်ယောက်ဟာ အလေအလွင့် စာလုံးပျက်တွေပဲ
ကြိုးတမ်းပေါ်မှာ တက္ကနိ မပါ ဘာမပါနဲ့ လေဟာနယ်ကြီး
ရှုခင်းကိုမြေကြီးမှာ စို့ သပ်ထားရတယ်
အပြာရောင်အစက်အပြောက်လေးတွေနဲ့  အဖြူစွတ်စွတ်လိပ်ပြာလေး
အိမ်ရှေ့ ခန်းမှာ လာသေနေတယ်
ပဲ့ပဲ့ကျလာတဲ့ သံလမ်းတွေဟာ ရထားကို ကျောမပိုးနိုင်တော့ဘူး
မော့ကြည့်လိုက်စမ်း လဝန်းကြီးက အိပ်စ်ပါယာဒိတ်နဲ့ သာနေတယ်
မင်းရဲ့ တင်ပါးဆုံရိုးလေးဟာလည်း ကွန်တမ်ပိုရာရီ ကဗျာတစ်ပုဒ်ပဲ
လည်ချောင်းထဲ ကန့် လန့် ဖြတ် နင်နေတဲ့ ငါးရိုး
ငါးအဖြစ် သမုဒ္ဒရာဝမ်းထဲ ပြန်ခုန်ဆင်းသွားနိုင်တယ်
ရေတွေ ဒလဟောစီးဝင်လာတဲ့ ဒီပရက်ရှင်ချိုင့်ဝှမ်းက ရေအောက်ကျောက်ဆောင်တွေ
မိုးလေဝသဟာ နှလုံးနံရံထဲ စိမ့်ဝင်လာတယ်
စားသားဟောင်းမှ ပြန်လည်ပြုလုပ် စားသားနဲ့ ကမ္ဘာကြီး
မိုးပေါ်က ကျလာတဲ့ အမဟာ အမ ပီသတဲ့ အမပဲ
“အဲဒီ အိမ်ကလေးလှတယ်” ဆိုတဲ့ဝါကျဟာ အပြာရောင်နုနုလေး
ငန်းဖြူ ဘယ်နှသိန်းပဲ မြင်မြင်  ငန်းနက်တစ်ကောင် ပေါ်လာမှာပဲ
အပြင်မှာလည်း မုန်တိုင်းဟာ မျက်နှာသေနဲ့ 
မစားတဲ့ ငါးဟာ ရေထဲငုပ်သွားတယ်
ဒါနဲ့ ခင်ဗျားဟာ သက်သတ်လွတ်သမားဆို
ဟုတ်ကဲ့ ကျွန်တော် ဆီဦးထောပတ်ပဲ စားပါတယ်
ကမ္ဘာပေါ်မှာ လူတွေဟာ ခွေးတစ်ကောင် ကိုယ်ပေါ်က မွှားတွေလိုပဲ
ရွေးစရာ အခြား မလိုတော့တဲ့ စိတ်ခင်းပေါ်မှာ သိန္န္ဋ္ဋ္ဋဋာန်ကို တင်းလိုက်တယ်
အဲဒီ သားသတ်ရုံဟာ ဂျပန်ခေတ်တုံးကတော့ ဆေးရုံပေါ့
အမေရိကန်နဲ့ အပေါင်းအပါတို့ ရဲ့ ရေနံကရေစီစစ်ပွဲနှင့် ဒီမိုယဉ်ကျေးမှု
အားပြိုင်ပွဲမှာ ဓါးစားခံ မေတ္တာရှင် ဆဒ္ဒမ်
အကြမ်းတွေမြို့တက်ပြီး ချောကုန်ပြီတဲ့ စားပွဲထိုးလေး စကားလုပ်
မြင်ယောင်မိသေး သူကလေးဟာ ခရုခွံ နှစ်ခြမ်းလို ကြည်နူးလို့ 
နှုတ်ခမ်းသားဟာ ပန်းသီးရည် စီးလို့ 
တဒုန်းဒုန်း မြည်နေတဲ့စက်ထဲ ငါတို့ ဖက်ပြီး ခုန်ချခဲ့သလား
ထမင်းစားပွဲမှာ ရဲရဲတောက် မိန့် ခွန်းနဲ့ အာလူးတွေ ကျက်သွားတယ်
“လယ်စောင့်တဲ့” ကဗျာအကြောင်း ပြောရင်း ဘာသာစကားကို ပါးပိတ်ရိုက်ပစ်လိုက်တယ်
ဆစ္စီးဖတ်စ် လောက်တော့ ကျွန်တော်တို့ လည်း ပျော်တတ်ပါတယ် ကမြူးရယ် (ဟားဟား)
နားကပ်ကြီးကြီး ပန်ချင်ပြီး နားပေါက်ကျယ် တွဲကျမှာ စိုးရိမ်ပြန်သည်
ကျွန်တော့်နာမည် “ငါဗ”၊ အဖ ဦး“ဟို”၊ အမိ ဒေါ်“ပြု”
သွေးကြောနံရံမှာ ကပ်နေတဲ့ ဂျိုး
လူတဲ့ ဆိုက္ကားပေါ်မှာ လပေါ်မှာ လည်မြိုမှာ
ငါ့အမှာ အမိန့် မရှိ ပေးအပ်တာဝန် မရှိပေမယ့် သမိုင်းတာဝန် ရှိတယ်
UN တံဆိပ် တာလပတ်တွေ မှောင်ခိုဈေးမှာ ကြိုက်သလောက်
အေးစက်စက်ပြောင်းရဲ့ သဒ္ဒါကို ငါမသိမသာ အရသာပွတ် နေတယ်
နုနယ်တဲ့ ကဗျာသမားတွေဟာ တုပ ရေးတယ်
ရင့်ကျက်တဲ့ ကဗျာသမားတွေက ခိုးချတယ်
တောင်းဆိုးပလုံးဆိုးပေမယ့် လူဆန်း ကိုလည်း မပစ်ရက်ဘူး
ကင်းကောင်ကို သတ်လိုက်တာ တိုက်လေယာဉ်တွေ မဟုတ်ဘူး သူ့ နှလုံးသား
သဇင်/ ကိုယ့်ဘဝကို တူတစ်စုံနဲ့ လဲလိုက်ပါပြီ ပုံ/ သံချောင်း
မြို့သစ်သားအချင်းချင်းပဲ သားကြီးရာ
အသွားအပြန် ကားခလေးသာရှိရင် မြို့ကြီးကို အချိန်ပိုင်း တက်သိမ်းလို့ ရတယ်
ယဉ်ကျေးမှုကို ဘိန်းလို သုံးစွဲတယ် ကဗျာကို ဘိန်းလို သုံးစွဲတယ်
ငါ့ကို ကားစင်တင်ကြ ငါ့ကို ကားပေါ်တင်ကြ ငါ့ကို ကားခပေးကြ
ဝိုင်းစုလေးဟာ ရုပ်ဖျက်ပြီး ကလပ်ထဲက ထွက်လာပေမယ့်
သူ့ ညာဘက်ဒူးက အမာရွတ်လေးကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်တယ်
မုန်တိုင်းဆေးကြော သန့် စင်ပြီး အသစ်စက်စက် သစ်စိမ်းတစ်ပင်လို
အရေပြားတွေထဲကနေ အကိုင်းအခက်တွေ တဆတ်ဆတ် ထွက်လာနေတယ်
ငါ့ကို ဘယ်မှာစိုက်မှာလဲ
ကဗျာဆရာရဲ့ ကိုယ်ခန္စာထဲမှာ ငှက်သေတစ်ကောင် တေးသီနေတယ်
အနုပညာဆိုတာ  တရားဝင် လက်ထပ် ထိမ်းမြားယူရတာ မဟုတ်
အဓမ္မ သိမ်းပိုက်ယူရတာ ဖြစ်တယ် အဂ္ဂါဒေဂါးစ် (၁၈၃၄-၁၉၁၇)
ကမ္ဘာကြီးဟာ ပြားသွားပြီး ငါတို့ မှာသာ ချိန်ကိုက်ပြီးသား အလုံးတွေ
ခေတ်ကို ဘိန်းလို သုံးစွဲတယ် ( သူ့ နာမည် “ခေတ်ကိုဘိန်း” )
စီးပွားရေးမပါတဲ့ အနမ်းနဲ့ ငါ့နှုတ်ခမ်းကို ကိုက်လှည့်ပါ
စီးပွားရေးမပါတဲ့ ဆက်စပ်ဝန်းကျင်ထဲမှာ ငါ့ကို ဖတ်ကြည့်ပါ
ဂြိုဟ်တုကနေ ငါတို့ ကို သရိုးသရီ ကြည့်နေမလား
ခေါင်းလောင်းသံ ပဲ့ပဲ့ ကို အနံ့ ဆိုးကြီးတစ်ခုလို ကြားကြားနေတယ် 
အလေအလွင့် မြက်ခြောက်နဲ့  အဆိပ်အတောက် ရေတွင်းပဲ
မှတ်မိလား ရုပ်မြင်သံကြားစက်ကို မဖြစ်နိုင်ဘူးလို့ အော်ခဲ့ တဲ့ ၁၉၃၀
ဘဲကင် မဖြစ်ခင်တော့ ဂတ်ဂတ်ဂတ်ဂတ် သွားပြီး ဘပ်လတ်ဘပ်လတ် ပြောနေတာ့တာပေါ့
မိမိကိုယ်မိမိ တစ်နေ့ ကို တစ်နာရီ ဖတ်ပါ
သို့ မဟုတ် မိမိကိုယ်မိမိ သုံးပိုင်းပိုင်းပြီး တစ်ပိုင်းကို မိနစ် နှစ်ဆယ်စီဖတ်ပါ
အချက်အလက်တွေဟာ ကောင်းကင်မှာ မျောပြီး
စာသားနောက်မှာ တဖြည်းဖြည်း နီမှောင်လာတယ်
အတ္တဘော်ဒီ ပြန်ထုဖို့ လိုနေတဲ့ အတ္တ ဘောပိန်ချိုင့်ကြီး
သူခိုးလက်ထဲက ငါ့နေ့ အချို့ ကို ဈေးကြီးကြီးနဲ့ ပြန်ရတယ်
တိန့် ရှောင်ဖိန်းရဲ့ //စကားပဲ//တရုတ်စကားပဲ//ကြွက်ခုတ်ရမယ့်//အချိန်မှာ//
အဖြူလား//အမည်း//လား//မေး//မနေ//နဲ့ //ဘိုသိန်းရဲ့//ကြွက်ခုတ်ဖို့ //ပဲ//ပေါ့
အဲဒီကောင်းကင်ကြီး လွတ် မသွားအောင် ကြိုးတစ်ချောင်းနဲ့ ဒီအပင်မှာ ချည်ထားတယ်
ဗျည်းနဲ့ သရ တွဲတတ်ရုံလောက်နဲ့ ဘာသာစကားထဲ မရောက်သေးဘူး
တောင်ထိပ်မှာ ရေနံ့ ရလို့  ကြာကိုပါ စိတ်ကူးပစ်လိုက်တယ်
ဘယ်သူမဆိုရဲ့ အရေးအသားဟာ စာသားတစ်ခု မဟုတ် တစ်ခုရဲ့
အပိုင်းအစ တစ်ခု မဟုတ် တစ်ခုနဲ့  သွားသွားငြိနေပါတယ်
လူအုပ်ထဲ အတင်းမောင်းဝင်လာတဲ့  ဘက်စ်ကားနဲ့ 
ဘက်စ်ကားထဲ အတင်းမောင်းဝင်သွားတဲ့ လူအုပ်
ကြွေရုပ်ကလေးရေ၊ အချစ်ရေ၊ ဘုရားရေ၊ ဓါတ်ကြီးလေးပါးရေ
သူတို့ ရဲ့ အစိမ်းတွေဟာ နေရောင်ခြည်အပြင် ငါ့ကိုပါ ဖိုတိုဆင်သီးစစ် ပြုကြတယ်
ဥရောပဟာ အမေရိကန်ကို အကြွေးတင်သလို
သူ့ လောဘဟာ သေအထိ ကံကို အကြွေးတင်တယ်
ဆာရာယေဗို ရဲ့ သေတွင်းတွေနဲ့ လင်းနေတဲ့ ခင်ဗျားရဲ့ စာအုပ်ဆိုင်လေး
ကျွန်တော် လာလည်ချင်လိုက်တာ “ဂိုရန်” ရာ
ဤအရပ်သည် ပင်မရေစီးခေတ်ပေါ်ကဗျာ ကင်းစင်နယ်မြေ ဖြစ်ပါသည်
လိုင်းစိမ်းတစ်လိုင်းဟာ ကဗျာမှာ စီရင်ထားတဲ့ အဖွဲ့ မှာ လာတိုးကြည့်တယ်
အရေးအသားရဲ့ အစွန်းဖျားမှာ အသံမဲ့ အက္ခာရာဝက်လို
အရိုးအသားရှာမတွေ့ ဘူးလို့ လည်း အရပ်က သဲ့သဲ့ထွက်တယ်လား
ဘာသာစကား ထပ်ဖန်တလဲလဲ မက်နေတဲ့ အိပ်မက်ထဲမှာ
ငါဟာ ထက်ဖန်တလဲလဲ ကြွက်ပဲ ဖြစ်နေတယ်
ကဗျာလေးနည်းနည်းပါမှ ဗိုက်ဆာတာ ပိုမလှဘူးလား ကိုချောရေ
ကမ္ဘာကြီးဟာ ပန်းသီးကို တစ်ခြမ်းကိုက်ပြီး တစ်ခြမ်းကို စိုက်နေတယ် တဲ့
လူချောလူလှ ငါဟာ လူငယ်လူရွယ် ကမ္ဘာကြီးကို သိမ်းပိုက်မယ်
ဤအရပ်သည် အရပ်တို့ ၏ သဘောသဘာဝအရ ရပ်နေမည် မဟုတ်ပါ
ရာဇဝင်ရဲ့ အရိုးပေါ်မှာ အသားတွေ တက်လာတယ်
ပစ္စုပ္စန်ကို ပြန်မထုတ်လုပ်တဲ့ အနာဂတ်ဆီသို့  ပေါင်းသင်တတ်ပြီလား
ဘယ်ဟာ အနုပညာပန်းသီးနဲ့ ပိုတူသလဲ
သွက်သွက်ခါ ဗင်ဂိုးပန်းချီကားထဲက လယ်သမားစီး ဘွတ်ဖိနပ်နွမ်း တစ်ရံနဲ့ 
ချာဂျင်ပြည့် အင်ဒီဝါးဟိုး ရဲ့ “စိန်မှုန့် စီဖိနပ်”
ဘာသာစကားရဲ့ ဆူးချွန်တွေပေါ် ငါ ပြုတ်ကျပြီ
အသွေးအသားထဲက အရေးအသားတွေ စီးထွက်ကုန်ကြပြီ
ဤကဗျာတွင် LP လုံးဝ (လုံးဝ) မပါရှိပါ
( ဆရာဇေယျာလင်း ရဲ့ “ ကဗျာဆိုတာ ပြုလုပ်ခြင်း ” ကဗျာစာအုပ်မှ
အာရုံကျရာ ကဗျာစာသား အချို့ ကို ကုလားဖန် ထိုးထားခြင်း ဖြစ်ပါတယ်)
                                                    လင်းလက်တာရာ
                                                              5,11,2012
Friday 2 November 2012
လင်းလက်တာရာဆီ လှမ်းပို့ လိုက်တဲ့ကဗျာ
ပြုံးစရာမဂ္ဂဇင်း၊ဇန်နဝါရီ၊၂၀၁၃
မင်းတို့ကဗျာတွေ ဖတ်ဖတ်ပြီး
မင်းတို့စာတွေ ဖတ်ဖတ်ပြီး
ငါ မောမောနေတယ်
``ခြေတစ်ဖက် လက်တစ်ဖက် ချိတ်မိရင် ok ပြီ´´တဲ့
ခြေတစ်ဖက် လက်တစ်ဖက်မှ မချိတ်မိတဲ့ မျက်ဝန်းလေးတွေ
ငါတို့မျက်ဝန်းမှာ လာလာချိတ်တဲ့အခါ
ငါတို့ ခဏခဏ ပြုတ်ပြုတ်ကျတယ်
ငါတို့နားထောင်မိတဲ့အသံက အားနည်းတာလား
ငါတို့ငေးကြည့်မိတဲ့မြင်ကွင်းက မှုန်ဝါးတာလား
ငါတို့ရင်ဘတ်တွေ မခိုင်ကြဘူး
ငါတို့ ကဗျာတွေဆက်ရေးကြမယ်
ငါတို့ကိုယ်တိုင်ရဲ့ ငိုသံပါကြီးနဲ့။
ထွန်းလင်းသစ်(ကန့်ဘလူ)
September 11, 2012 at 12:47pm ·