Monday 26 November 2012

ကလစ်တစ်ချက် နှိပ်လိုက်ရုံနဲ့  ကဗျာတွေ အပြုံလိုက်ကြီး ပွင့်ကျလာ

ခု ကဗျာရွေးစာရင်းက အရင်က ကဗျာရွေးစာရင်းတွေလို
အခြေအနေအရ အပြောင်းအလဲ မရှိတော့ဘူး
ထဲထဲဝင်ဝင် တိုးဝင်ကြည့်တော့ မျက်မှောက်ခေတ် ပစ္စက္ခကြီးက
ကြောက်စရာလည်းကောင်း ရှက်စရာလည်းကောင်း
စက္ကန့် အတွင်း နာမည်တစ်လုံး လက်လွှတ်ဆုံးရှုံးနိုင်တယ်
ဆိုတော့ အနေအထိုင် အသွားအလာ ဆင်ခြင်ပါ
ဒီမိုကရေစီကို အခွင့်အရေး မယူပါနဲ့  ဒီမိုကရေစီကို အလွဲသုံးစားမလုပ်ပါနဲ့ 
ကဗျာကို အခွင့်အရေး မယူပါနဲ့  ကဗျာကို အလွဲသုံးစား မလုပ်ပါနဲ့ 
ငြိမ်းချမ်းရေးလို့ အော်ပြီး ငြိမ်းငြိမ်းချမ်းချမ်း မရေးဘူး
လူပြောများများနေတဲ့ facebook ကြီးဟာ စကားလုံး စစ်မြေပြင် ဖြစ်လို့ 
တရားကျစရာ စိတ်ကမပါပဲ လက်က like တွေလုပ်လို့ 
သေသာသွားရော မောင်ချောနွယ် အင်တာနက် မသုံးခဲ့ဘူး
သေသာသွားရော မောင်လေးအောင် အင်တာနက် မသုံးခဲ့ဘူး
သေသာသွားရော ဖော်ဝေး အင်တာနက် မသုံးခဲ့ဘူး
ခေတ်မြန် လူမှုကွန်ယက်ကြီးထဲက ကျွန်တော်တို့  ညံ့လို့ မဖြစ်ဘူး ရှုံးလို့ မဖြစ်ဘူး
နည်းပညာတွေ တိုးတက်မြင့်မားသလို ကျွန်တော်တို့ အနုပညာတွေလည်း
တိုးတက်မြင့်မားသင့်တယ် မဟုတ်လား
ခုတော့ ကဗျာထဲမှာ ဆဲရေးတိုင်းထွာ
ကဗျာထဲမှာ လိင်နဲ့ အညစ်အညမ်း
ကဗျာထဲမှာ တုတ်တစ်ပြက် ဓါးတပြက်
ကဗျာထဲရောက်မှ မြန်မာစာပေရဲ့အလှ ပျက်စီး သွားရလေတယ်
နိယို ဆိုလို့ နီယို နီယို နီယို
LP ဆိုလို့  LP LP LP
ကွန်ဆက်ချူရယ်ဆိုလို့ ကွန်ဆက်ချူရယ် ကွန်ဆက်ချူရယ် ကွန်ဆက်ချူရယ်
ကွန်တမ်ပလာရီဆိုလို့ ကွန်တမ်ပလာရီ ကွန်တမ်ပလာရီ ကွန်တမ်ပလာရီ
နိုင်ငံရေးဆိုလို့  နိုင်ငံရေး နိုင်ငံရေး နိုင်ငံရေး
ရေးကြပါ ရေးကြပါ
ယုံကြည်ချက်ကို အသက်မှာထည့်ပြီးရေးကြပါ
ပညာတတ် လူနည်းစု အတွက် မဟုတ်ပဲ လူ သန်းပေါင်း ၆၀ ကျော် အတွက် ရေးကြပါ
မြန်မာစာပေကြီးဟာ ငါ့လက်ဖဝါးပေါ်မှာ ရှိနေပါလားဆိုတဲ့ သတိလေးတစ်ချက်နဲ့ 
ရေးကြပါ ရေးကြပါ ရေးကြပါ
ဆိတ်ကလေး နွားကလေး ကျောင်းသလို ကိုယ့်ဘဝကိုယ်  ကျောင်းသလို
ကိုယ့်အသက်ကိုယ် ကျောင်းသလို ကိုယ့်ကဗျာကိုယ် ကျောင်းကြပါ
ကိုယ့် ကလောင် ကိုယ် ကျောင်းကြပါ
ကျောင်းကျောင်း တစ်ကြောင်းပြီးတစ်ကြောင်း
တစ်ကြောင်းပြီးတစ်ကြောင်း ကျောင်းကျောင်း
သို့ အယ်ဒီတာများခင်ဗျား
အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့်
စာမျက်နှာပေါ် လင်းပွင့်ခွင့် မရခဲ့သော ကဗျာများအား ပြန်လည်ဖော်ပြပေးပါရန်
ကဗျာဆိုတာ လူ့ ယဉ်ကျေးမှုပဲ
ကဗျာဆိုတာ တိုင်းပြည်တစ်ပြည်ပဲ
ကဗျာဆိုတာ ကမ္ဘာကြီးပဲ
ကဗျာရေးသူဟာ လူ့ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်သူ
ကဗျာရေးသူဟာ တိုင်းပြည်တစ်ပြည်ကို ဦးဆောင်တည်ဆောက်သူ
ကြီးကြီးကျယ်ကျယ် ပြောမယ် ကဗျာရေးသူဟာ ကမ္ဘာကြီးကို ပိုင်စိုးသူပဲ
စစ်မှန်တဲ့ အသစ်နဲ့ ခေတ်ကြီးကို ဖွင့်ဆိုပါ
စစ်မှန်တဲ့ အသစ်နဲ့ ကမ္ဘာကြီးကို မီးမောင်းထိုးပါ
စစ်မှန်တဲ့ အသစ်နဲ့  လူသားအကျိုးကို သယ်ပိုးပါ
လိုင်းပေါ်မှာ ကဗျာတွေ အင်တိုက်အားတိုက် မောင်းနေတယ်
လိုင်းပေါ်မှာ ကဗျာတွေ လက်လွတ်စပယ် မောင်းနေတယ်
သတိ ရှေ့ မှာ ချောက်ရှိသည် သတိ ရှေ့ မှာ ကွေ့ ရှိသည်
သတိ ရှေ့ မှာ ကျောင်းရှိသည် သတိ မဖြတ်သန်းရနယ်မြေ
သတိ လူကူးမျဉ်းကြား သတိ ဟွန်းမဲ့ဇုန်
သတိ မူးရင်မမောင်းရ မောင်းရင် မမူးရ
လမ်းပေါ်မှာ မြန်နှုန်းမြှင့် မောင်းနေပါသည်
လမ်းပေါ်မှာ ယာဉ်ကြောထူထပ်နေပါသည်
လမ်းပေါ်မျာ ယာဉ်တိုက်မှု ဖြစ်ပွားနေပါသည်

                                        လင်းလက်တာရာ
                                            21,7,2012

3 comments:

  1. ကဗျာဆိုတာ လူ့ ယဉ်ကျေးမှုပဲ
    ကဗျာဆိုတာ တိုင်းပြည်တစ်ပြည်ပဲ
    ကဗျာဆိုတာ ကမ္ဘာကြီးပဲ
    ကဗျာရေးသူဟာ လူ့ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်သူ
    ကဗျာရေးသူဟာ တိုင်းပြည်တစ်ပြည်ကို ဦးဆောင်တည်ဆောက်သူ
    ကြီးကြီးကျယ်ကျယ် ပြောမယ် ကဗျာရေးသူဟာ ကမ္ဘာကြီးကို ပိုင်စိုးသူပဲ


    good သကွာ....တပုဒ်လုံးကို ကြိုက်တယ်.....
    အပေါ်ကစာသားတွေ အကြိုက်ဆုံးပဲ..ဘာတဲ့..
    ကဗျာရေးသူဟာ ကမ္ဘာကြီးကို ပိုင်စိုးသူပဲ...တဲ့လား...
    အရမ်းကြိုက်တယ်ကွာ...အဟက်ဟက်
    ခင်တဲ့....မိုးနတ်

    ReplyDelete
  2. လမ်းချော်ကာ ကဗျာတိုက် ( ခိုက် ) မှုများ ဖြစ်ပွားနေပါတယ် ... မေ့သွား ... လူ့ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်သူ ကဗျာရေးသူဟာ ...

    ReplyDelete
  3. အရမ်းကြိုက်တယ် ကိုလင်းလက်.. ခုပဲ ကိုခါးဆီမှာ ခင်ဗျားမင်နီအကြောင်း ဖတ်လိုက်ရတာ နင့်သွားတာ။ ဆက်လက်ဖူးပွင့်ဝေဆာပါစေဗျာ။

    ReplyDelete