Tuesday 13 November 2012

ခင်ဗျားတို့ ရယ်ဖို့  ကျွန်တော် တော်တော် ငိုခဲ့ရတယ်


ပြောရမယ်ဆို မပြောကောင်းမဆိုကောင်းတွေချည်းပဲ
ဒီပုပ်ထဲက ဒီပဲတွေပဲ ပါးရည်နပ်ရည် ပလုတ်ပလောင်း
တစ်ဘို့ တည်းမဟုတ်ဘူး ဘို့ တွေမှ အများကြီး ဟုတ်ကဲ့ ခြတောင်ကြီးပါ
အပျက်အပျက်နဲ့ ဘဝတွေ သွေးထွက်ချောင်းစီး ရာဇဝင်ရိုင်းတဲ့ ရာဇဝင်မင်နီ
မတရားမှုဟာ ဂလိုင်သံပေါက်နေ တဲ့ ဂူလို အဆံချောင်နေတဲ့ ကြက်ဥလို ဂလောက်ဂလောက်
ရင်နာလို့ ရပ်မကြည့်နိုင်တဲ့ တစ်ကိုယ်တော် ဝဋ် ဒုက္ခလေးနဲ့ 
အများဆိုင်ဝဋ်ကြွေးတွေကို ပြေရာပြေကြောင်း သပ်သပ်ချမိတာ
အချစ်ကိုလည်း ဥပေက္ခာပြု မိသားစုကိုလည်း မငဲ့အား ကိုယ့်ကိုယ်ကိုယ်လည်း လစ်လျုရှုထားရတယ်
တိရစ္ဆာန်ထိန်းသလိုလည်း အထိန်းခံရဲခဲ့ တိရစ္ဆာန် နှိပ်စက်သလိုလည်း နှိပ်စက်ခံဝံ့ခဲ့
အဆုံးစွန်ထိ စုတ်ပြတ်သတ်ခဲ့တာ စုတ်မသပ်တော့ဘူး
နောက်ဆုံးတော့ ကြုံးကန်ခံလိုက်ရတဲ့ ဘေးထွက်ဘောဟာ ကွင်းထဲကို ပြန်ရောက်လာတာပါပဲ
လက်ခုပ်သံတွေကို တပ်မက်/ ပိုင်ဆိုင် ချင်လို့ မဟုတ် အဲဒီလက်ခုပ်သံတွေကို လွတ်လပ်စေချင်လို့ 
မျှတစေချင်လို့ အေးချမ်းစေချင်လို့  ပျော်ရွှင်စေချင်လို့  စည်ပင်စေချင်လို့  တိုးတက်စေချင်လို့ 
အဲဒီနောက်မှာ “စေချင်”တွေ အများကြီး အများကြီး စိတ်ဒဏ်ရာ ကိုယ်အမာရွတ်တွေကနေ
ပွင့်လာတဲ့ ပန်းမို့ ရနံ့ နည်းနည်း ပြင်းတယ်  ပျင်းရိလျော့ရဲနေလို့ မဖြစ်တဲ့ ကမ္ဘာ
လူ့ ယဉ်ကျေးမှုတွေ ထွန်းကားဖို့ ထွန်ယက် လူ့ အခွင့်အရေးတွေ ဝေဆာဖို့ ဖောင်ဖျက်
ချွေးသီးချွေးပေါက်တွေက အသေအချာ စိမ်းလန်းလာမယ့် ရှုမျှော်ခင်း
ကြောင်ပါးဝကြီးလည်း ရေကြာကြာမငုပ်နိုင်ပါဘူး  မှိုင်းဝလာတဲ့အခါ
အမှန်တရားဟာ ကောင်းကင်ပြာပြာထဲ လှလှလက်လက် ပျံတက်လာမယ်
တစ်ယောက်တည်း ငေါင် တစ်ယောက်တည်း ငေး တစ်ယောက်တည်း ငံ့ တစ်ယောက်တည်း ငိုင်
တစ်ယောက်တည်း ငိုက် တစ်ယောက်တည်း ငြိမ် နေလို့ မဖြစ်ဘူး မဖြစ်ဘူး
ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူထဲ တိုးဝင် ပြည်သူရဲ့ အသံတွေ နားထောင် ပြည်သူနဲ့ ဖက်လဲတကင်း
တိုင်းပြည်မှာ တည်နေတဲ့ ပြည်ကို ပြည်သူတွေကပဲ ဖောက်ထုတ်ပစ်ရမယ် မဟုတ်လား
ဟာသလုပ်တယ်ဆိုတာ ဟာနေတဲ့ ဟာတွေကို ပြသတာ
ပြဿဒ်ကိုတော့ အလဟဿ မီးလောင် မခံနိုင်ဘူး

                                                                                              လင်းလက်တာရာ
                                                                                13,11,2012

1 comment:

  1. တစ်ယောက်တည်း ငေါင် တစ်ယောက်တည်း ငေး တစ်ယောက်တည်း ငံ့ တစ်ယောက်တည်း ငိုင်
    တစ်ယောက်တည်း ငိုက် တစ်ယောက်တည်း ငြိမ် နေလို့ မဖြစ်ဘူး မဖြစ်ဘူး
    ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူထဲ တိုးဝင် ပြည်သူရဲ့ အသံတွေ နားထောင် ပြည်သူနဲ့ ဖက်လဲတကင်း
    တိုင်းပြည်မှာ တည်နေတဲ့ ပြည်ကို ပြည်သူတွေကပဲ ဖောက်ထုတ်ပစ်ရမယ် မဟုတ်လား
    ဟာသလုပ်တယ်ဆိုတာ ဟာနေတဲ့ ဟာတွေကို ပြသတာ
    ပြဿဒ်ကိုတော့ အလဟဿ မီးလောင် မခံနိုင်ဘူး

    မှန်လိုက်လေ ဆရာရေ..ကောင်းမှကောင်း..
    ခံစားသွားတယ်နော်...
    ခင်တဲ့ မိုးနတ်

    ReplyDelete