Monday 15 October 2012

အဖြစ်အပျက်များသည်/ ထို့ ကြောင့်/ သို့ သော်လည်း/ ဆက်လက်၍

ဒီကဗျာခေါင်းစဉ်ကို အွန်လိုင်းလင်းရောင်ခြည်မှတဆင့် လက်ခံရရှိပါသည်
ပေးပို့ သူ မောင်ရေချမ်း လက်ခံရရှိသူ လင်းလက်တာရာနှင့် အခြားကဗျာရေးသူ ဝါသနာတူလူငယ်များ
ဒီကဗျာထဲမှာ အဖြစ်အပျက်များကို အစာသွပ်မလား စဉ်းစားထားပါသည်
ဝက်သားပေါက်စီကို ကျွန်တော်မကြိုက်ပါ
အဖြစ်အပျက်များကို ဝက်သားပေါက်စီ လုပ်ကြည့်ချင်ပါသည်
အိုဘားမားရဲ့ အဖြစ်အပျက်များကို စိတ်မဝင်စားပါ
မောင်ချောနွယ်ရဲ့ အဖြစ်အပျက်များကို ရုပ်ရှင်ရိုက်ကြည့်ချင်ပါသည်
ဘော်လ်တဲယားရဲ့ အဖြစ်အပျက်များသည် မနာလိုစရာကောင်းပါသည်
၉/၁၁ အဖြစ်အပျက်သည် ကြေကွဲစရာ ကောင်းသော်လည်း
၁၁/၉ အဖြစ်အပျက်သည် ကြည်နူးစရာ ကောင်းပါသည်
အဖ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖြစ်အပျက်များသည် ဦးညွတ်စံထားစရာ ကောင်းပါသည်
ဂျပန်ဆူနာမီကြောင့် မြန်မာနိုင်ငံမှာ မိုးခေါင်ပါသည်
အဖြစ်အပျက်များသည် ဒေးဗစ်ကော့ပါးဖီးလား မှတ်ရပါသည်
ရန်ကုန်မြို့ကြီးကို ပါးစပ်အဟောင်းသား ငေးကြည့်နေရပါသည်
ဆီရီးယားကို စုတ်တသတ်သတ်ခတ် နေရပါသည်
ရောက်နေတဲ့ နေရာကနေ နောက်ကို ၁၀ နှစ် ဆုတ်ကြည့်မိသည့် အဖြစ်အပျက်များ
ရောက်နေတဲ့ နေရာကနေ ရှေ့ ကို ၁၀နှစ် တိုးကြည့်မိသည့် အဖြစ်အပျက်များ
မျက်လုံးပြူး မျက်စံပြူး  အံ့သြမင်သက် အာမေဋိတ်သံထွက်ရပါသည်
လမ်းဘေးရေအိုးစင်လေးတွေ မျိုးတုံးသွားသည့် အဖြစ်အပျက်များ
sexy ဆန်တဲ့ ဒီဇိုင်းတွေ ဈေးကွက်ဝင်နေသည့် အဖြစ်အပျက်များ
မလေးရှားမှာ တက်တူးထိုးစားတဲ့ မြန်မာအလုပ်သမားတစ်ယောက်ရဲ့ တစ်လဝင်ငွေဟာ
သိန်း ၅၀ ဆိုသည့် အဖြစ်အပျက်များ
ဘဝပျက်သွားသည့် အိမ်ဖေါ်မလေးရဲ့ ၂၁ရာစု အဖြစ်အပျက်များ
အဟတ်ခံလိုက်ရသည့် ကဗျာ ဘလော့ဂ်တစ်ခုရဲ့  ခေတ်ပြိုင်ဗိုင်းရပ်စ် အဖြစ်အပျက်များ
မတော်တဆ ကောက်ရတဲ့ ချစ်သူလေး မတော်တဆ ပျောက်ရှသွားသည့် အဖြစ်အပျက်များ
တရားသဘောအရ ဖြစ်နေပါဦးမည် ပျက်နေပါဦးမည် မွေးဖွားကြီးပြင်း သေကြေ ပျက်စီးနေရပါဦးမည်
မလွန်ဆန်နိုင်သော အဖြစ်အပျက်များ အယူခံဝင်ခွင့်မရှိသော အဖြစ်အပျက်များ
လက်ထိုးအန်ချင်စရာကောင်းသော အဖြစ်အပျက်များ stop ရိုက်ထားချင်စရာကောင်းသော အဖြစ်အပျက်များ
ဓါးနဲ့ ကွက်လှီးပစ်ချင်စရာကောင်းသော အဖြစ်အပျက်များ ကွမ်းတံတွေးလို ထွေးပစ်ချင်စရာ ကောင်းသော
အဖြစ်အပျက်များ  ကမောက်ကမ နိုင်သော အဖြစ်အပျက်များ တရားနည်းလမ်းမကျသော အဖြစ်အပျက်များ
အဆန်းဆန်းအပြားပြား အမျိုးမျိုးအထွေထွေ အစုံစုံအလီလီ အဖုံဖုံအမယ်မယ်
ထို့ ကြောင့် ရယ်ရွှင်ဖွယ်ကောင်းသည့် အဖြစ်အပျက်များ
ထို့ ကြောင့် ရင်နာစရာကောင်းသည့် အဖြစ်အပျက်များ
ထို့ ကြောင့် ခွတီးခွကျနိုင်လှသည့် အဖြစ်အပျက်များ
ထို့ ကြောင့် အော့နှလုံးနာလှသည့် အဖြစ်အပျက်များ
ထို့ ကြောင့် မရှုနိုင်မကယ်နိုင် အဖြစ်အပျက်များ
ထို့ ကြောင့် အရပ်ကူပါလူဝိုင်းပါ အဖြစ်အပျက်များ
အဆန်းဆန်းအပြားပြား အမျိုးမျိုးအထွေထွေ အစုံစုံအလီလီ အဖုံဖုံအမယ်မယ်
သို့ သော်လည်း မပြုံးချင်ပေမယ့် သွားဖြီးပြလိုက်ရပါသည်
သို့ သော်လည်း မချစ်ပေမယ့် အောင့်နမ်းလိုက်ရပါသည်
သို့ သော်လည်း မလိုချင်ပေမယ့် ရရှိလိုက်ရပါသည်
သို့ သော်လည်း မကြည့်ချင်ပေမယ့် တွေ့ မြင်လိုက်လိုက်ရပါသည်
သို့ သော်လည်း မကြုံချင်ပေမယ့် တည့်တည့်တိုးလိုက်ရပါသည်
သို့ သော်လည်း မနှစ်မြို့ပေမယ့် မြိုချလိုက်ရပါသည်
အဆန်းဆန်းအပြားပြား အမျိုးမျိုးအထွေထွေ အစုံစုံအလီလီ အဖုံဖုံအမယ်မယ်
ဆက်လက်၍ အဖြစ်အပျက်များနဲ့  စီးချင်းထိုးရပါဦးမည်
ဆက်လက်၍ အဖြစ်အပျက်များနဲ့  ဆေးပေးမီးယူလုပ်ရပါဦးမည်
ဆက်လက်၍ အဖြစ်အပျက်များနဲ့ အိမ်ကွင်း အဝေးကွင်းကန်ရပါဦးမည်
ဆက်လက်၍ အဖြစ်အပျက်များနဲ့ နှစ်ပါးသွားကရပါဦးမည်
ဆက်လက်၍ အဖြစ်အပျက်များသည် ဖြစ်ပျက်နေပါဦးမည်
ဆက်လက်၍ သက်ရှိများသည် ဖြစ်ပျက်နေပါဦးမည်
ဆက်လက်၍ သက်မဲ့များသည် ဖြစ်ပျက်နေပါဦးမည်
ဆက်လက်၍ ခုနှစ်သက္ကရာဇ်များသည် ဖြစ်ပျက်နေပါဦးမည်
ဆက်လက်၍ လူ့ ယဉ်ကျေးမှုများသည် ဖြစ်ပျက်နေပါဦးမည်
ဆက်လက်၍ လူ့ အနုပညာများသည် ဖြစ်ပျက်နေပါဦးမည်
ဆက်လက်၍ ကမ္ဘာလောကြီးသည်လည်း ဖြစ်ပျက်နေပါဦးမည်
ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်...

                                                                                             လင်းလက်တာရာ
                                                                ၁၂၊၁၀၊၂၀၁၂

No comments:

Post a Comment