Monday 15 October 2012

စကားစမြည်စိုက်ခင်း

ပိုးကျနေတယ် ကဗျာပိုးလား ဗိုင်းရပ်စ်ပိုးလား အင်းဆက်ပိုးလား
ဘီပိုးလား စီပိုးလား အေ့စ်ပိုးလား
ပိုးမွှားကင်းစင်ရေးဇုံ ကမ္ဘာ့မြေပုံထဲမှာ ပိုက်စိပ်တိုက်ရှာ
မလွတ်တဲ့ အခက်အလက်တွေကို မခြွေရက် မခုတ်ရက်
လွတ်နေတဲ့ အခက်အလက်တွေကိုလည်း မခုတ်ရက် မခြွေရက်
ရွက်ကြွေထဲမှာ ရွက်သစ်တွေ ရွက်သစ်ပေါ်မှာ ကျစ်စာတွေ
အရွက်တဖြောဖြော ကိုင်းခြောက်ဟာ ကျွန်တော်လား ခင်ဗျားလား အခြားတစ်စုံတစ်ယောက်လား
တစ်လောကလုံးကို ကိုင်းကူးပစ်လိုက်ချင်တယ်
တစ်ကမ္ဘာလုံးကို  သင်းမွှေးပစ်လိုက်ချင်တယ်
မျိုးစေ့မှန်ရဲ့လား အပင်သန်ရဲ့လား
အရေးအသားထဲမှာ မြေသြဇာ ဘယ်လောက်များများ
နေရောင်ခြည် အလုံအလောက်လိုတယ်
လေကောင်းလေသန့် အလုံအလောက်လိုတယ်
မိန်းမစိတ် မဆန်တဲ့ ရာသီဥတု အလုံအလောက်လိုတယ်
အနုပညာကို ပေါင်းသင်ရတာမောရင် သတင်းပုလင်းလေးသောက်လိုက်
ချက်ဘောက်ထဲမှာ မိတ်ဆွေတချို့ နဲ့ ပြောင်လိုက်နောက်လိုက်
ကိုယ့်ကို လာ add ထားတဲ့ ဒုက္ခတရားတွေကို confirm လုပ်ပေးလိုက်
ဟိုအရေး ဒီအရေး လူမှုရေး စီးပွားရေး ဘာသာရေး တိုင်းရေး ပြည်ရေး
အများကြိုက်ပဲ ရေးရေး စိတ်အလျင်နည်းနဲ့ ပဲရေးရေး
ရေးပါ တွေးပါ စိုက်ပါ ပျိုးပါ သီးပါ ပွင့်ပါ
ဆာဟာရထဲကနေ လှမ်းဆက်သွယ်နေတာ ဘယ်သူလဲ
ကန္တာရဆူးပင်လေးလား ဒါမှမဟုတ်
ကန္တာရဆူးနဲ့ တူတဲ့ လူထူးလား လူဆန်းလား လူလန်းလား လူခါးလား
စာအရမ်းဆာနေတယ် စာအရမ်းဆာနေတယ်
ပြည်သူ့ သဘောထား နိုင်ငံရေး ဦးတည်ချက် (၄) ရပ်
အထပ်ထပ် ပြန်ဖတ်နေတာ ဘယ်နှခါ ဘယ်နှခေါက်
ငါ့ကဗျာဟောင်းလေးတစ်ပုဒ် ငါ့နေရာသစ်တစ်ခုမှာ ပြန်တွေ့ တာက စတာ
တောင်ပေါ်+ မြေပြန့် + ကမ်းရိုးတန်း နဲ့ သုတ်ထားတဲ့ လက်ဖက်တစ်ပွဲ အမြန်
အစပ်အဟပ် တည့်ပါ့မလား အာရုံခံစားမှု များများ
နိမိတ်ပုံ သင်္ကေတတွေ လျော့ထည့် 
fragments တွေ  အရပ်သုံးဘာသာစကားတွေ သင့်သလောက်
ဒီမှာ ပိုးကိုက်ထားတဲ့ပန်း ဒီမှာ ပိုးလောက်လန်းတွေနဲ့ သစ်သီး
ဒီမှာ ပိုးသတ်ဆေးလိုချင်တယ် ဒီမှာ ပိုးသတ်ဆေး မလိုချင်ဘူး
သဘာဝတရားဟာ ဆံပင်အရှည်နဲ့ မှပိုလိုက်တယ်
တဂီးဂီးနဲ့ အဲဒီ မြက်ရိတ်စက်ကြီးကို ပိတ်ပစ်လိုက်
တွေ့ လား မလွတ်မလပ်စွန်ကလေးနောက်
လွတ်လွတ်လပ်လပ် ရယ်သံလေး တလူလူလွင့်ပါသွားတာ
ခုနှစ်သက္ကရာဇ်များတို့ ရေ ကောင်းကင်ကြီးပြာတာ ဘယ်လောက်ကြာပြီလဲ
မိတ်ဆွေရော ၂၁ ရာစု ဗုံးခိုကျင်းထဲမှာ ဘုရားစာရွတ်ဖူးလား
အာဃာတ မီးတောက်မီးပန်းတွေကို မြန်မြန် ရိတ်သိမ်းကြရအောင်
ဒါမှ သစ်ပင်များများ စိုက်လို့ ရမှာ

                                              လင်းလက်တာရာ
                                               15,10,2012 am 3;10
                                              (မလေးရှား စံတော်ချိန်)

1 comment:

  1. ၂၁ ရာစု ဗုံးခိုကျင်းထဲမှာ ... ရေးပါ တွေးပါ စိုက်ပါ ပျိုးပါ သီးပါ ပွင့်ပါ ... သဘာဝတရားဟာ ဆံပင်အရှည်နဲ့ မှပိုလိုက်တယ် ...

    ReplyDelete