Friday 24 August 2012
သံသရာတွင်းနက်ကြီးထဲ သံသယတွေနဲ့ ငုံ့ ကြည့်မိတဲ့ တစ်ခဏ
ကဗျာကို တံဆိပ်ကပ် အပြိုင်အဆိုင် ဈေးကွက်တင်နေကြတဲ့ခေတ်ကြီး ။
ညှီဆို့ ဆို့ ချဉ်တူးတူးမနက်ဖြန်တွေနဲ့   အရက်ချက်စက်ရုံထဲက လူငယ်လေးတစ်ယောက် ။
ဒါဟာ အနာအဆာများတဲ့သစ်သီး ။ ပိုးစာပေါက်တွေနဲ့ သစ်ရွက် ။
သားသတ်လိုင်စင်နဲ့ လှဲလှယ်မိတဲ့ သံယောဇဉ်မှာ အဓမ္မအကျင့်ခံလိုက်ရတဲ့ နိစ္စဓူဝတွေ ။
ရယ်နေရုံနဲ့  မပြီးသေးတဲ့ လူ့ ဘဝကြီး ။ ရပ်နေရင် ပြတ်ကျန်ခဲ့မယ့် ကာလယန္တရားကြီး ။
တွန့် နေလို့ မဖြစ်ဘူး ။ ရွံ့နေလို့ မရဘူး ။
အိမ်နဲ့ ရန်ဖြစ်ထားတဲ့ ယုံကြည်ချက်တစ်ခုလို အရိုင်းဆန်ဆန်ဒိုး ။
ဖုန်းတစ်ကောလ် နှိပ်လိုက်ရုံနဲ့ အိမ်တိုင်ရာရောက်လွင့်ကျလာမယ့် ပန်းပွင့်ကလေး ။
အသစ်နံ့တွေ မွှန်ထူနေတဲ့မီးပွိုင့်က ကွန်ဆာဗေးတစ်တွေကို  ပြတိုက်အသစ်ကျပ်ကျွတ်နဲ့  မိတ်ဆက်ပေးလိုက်တဲ့အကြောင်း ။
အာရုံထဲ ဖုန်တွေတသောသော နွေဦးအဝါ ။
အရုဏ်ထဲ အငွေ့ တထောင်းထောင်း မျက်ရည်ရောင်းနေတဲ့ ပဲပြုတ်သည်လေး ။
လျှောကျစိမ့်ထွက်သွားမှာကြောက်လို့ လက်ခုပ်ထဲ သောကရောက်နေစရာမလိုတော့ဘူး ။
ဒါဟာ အဆင်သင့် အေးရာအေးညောင်း စိမ်ပြေနပြေ မော့သောက်လို့ ရတဲ့ PH7 ။
ခေတ်စားနေတာက တိုက်စစ်အသားပေး ခေတ်ပြိုင်ခံစားမှု ။
ခေတ်စားနေတာက တိုက်စစ်အသားပေး ခေတ်ပြိုင်အရေးအသား ။
ခေတ်စားနေတာက တိုက်စစ်အသားပေး ခေတ်ပြိုင်လူငယ်များ ။
ကျောက်ဆစ်ရေစက်လေးတွေထဲ ပျော်ဝင်ပျံ့နှံ့ ချင်တဲ့ ယုံကြည်စိတ်တစ်ခုတည်းနဲ့ ရဲရဲဝံ့ဝံ့ ကူးဖြတ်လိုက်တာပါ ။
ယာဉ်ကြောထူအီကွေတာလမ်းမကြီးရေ ။     ။
                                                                             လင်းလက်တာရာ
1 comment:
  1. ဖုန်းတစ်ကောလ် နှိပ်လိုက်ရုံနဲ့ အိမ်တိုင်ရာရောက်လွင့်ကျလာမယ့် ပန်းပွင့်ကလေး ။
    ဒါလည်း ပဒေသရာဇ်လက်ကျန် ငွေကြေးရဲ့ ကျေးကျွန် ။
    လှတဲ့ စကားလုံးလေး တွဲဖတ်လိုက်တဲ့အခါ အဓိပ္ပါယ် တစ်မျိုးထွက်လာတော့တာပဲ . . .
    ခင်မင်စွာဖြင့်
    ဗညားရှိန်
    ReplyDelete