Wednesday 31 July 2013
ကျွန်တော် ရောက်လေရာ မြန်မာအသိုက်အဝန်းမှာ သုံလေ့သုံးထရှိတဲ့ ' ကမ္ဘာကြီး' ဆိုတဲ့ စကားလုံးအားလည်း ကျေးဇူးက တင်ချင်ပါသေးတယ်
ကိုင်း ကိုင်ပြီ။ ဒီစကားလုံးတွေ ပါဝင်ဝါကျတွေ
ရောင်စုံအရေးအသား A-4 စာရွက်တွေ လေထဲ တဖျတ်ဖျတ် တပ်ထားတယ်
ပင်လုံလမ်းမကြီး အသစ်မှာ ကျီးကန်းတွေ မလွဲမချော် တစ်သဝေမတိမ်း
အဖြစ်အပျက်တွေ အရေပြားထဲဝင်သွား
ဆက်တိုက် ညနေဆိုးများ၊ အလျင်မပြတ် မနက်ကောင်းများ
ဖြတ်နေသမျှ အားလုံးတင်းကျပ် အာရုံကြောတိုင်း အမနာမ်ဆိုင်ရာ ဖြစ်ရဲ့
ကမ္ဘာ့မြေပုံချပ်ကြီးထဲက စက္ကူစွန်ပုံစံ အမြီးတစ်ကြောမှာ
ငါ့ဘော်ဒီ အတွင်းထဲက ခေါင်းလောင်းသံတွေ ငါပြန်ဆို
ညှိလက်စတစ်တိုတိုင်းဟာ နောက်ဆုံးကျည်ဆံ
နောက်ဆုံးကျည်ဆံကိုပဲ အရသာမျှော် ဖွာရှိုက်လိုက်ပါတယ်
သင်္ချိုင်းမှ အားလုံးပြန်ရှင် စစ်ပွဲပြန်မိသားစုတွေ ပြန်ဆုံဖို့ တစ်နေ့ နေ့ 
ရပ်စပြူတင် ပါရာမောင့် ရုပ်ရှင်ထုတ်လုပ်ရေး တော်ဖလာ၏
တတိယလှိုင်းနှင့် စတုတ္ထလှိုင်းများ စီးတငြိမ့်ငြိမ့်ကမ္ဘာ
အချစ်လောက် ညစ်ပတ်စုတ်ပြတ်တဲ့အရာ ဘယ်မှာမှ မရှိဘူး
ခါးအောက်ပိုင်းအားလုံး စွမ်းအားပြည့် လဲလျောင်းချည့်နဲ့ 
ပုံစံတူ အသံပက်တန်များ အလျားဆွဲဆွဲငင်ငင်
' ပေါလ်ကို ပေးဖို့ ဂျွန့် ဆီက လုရစမြဲ' တစ်ကိုယ်ရည်သုံး ငွေကြေးပေါ်လစီ
မက်သနောအပြည့်တင်ဆောင်လာသော ဟူးမင်းန် ဗိုက်ဗုံးကြီး
မတော်တဆလိုလို သစ်သီးမှည့်အဖြစ် လောင်ကျွမ်းနေဆဲ ပြာတစ်တောင့်အဖြစ်
မီးအရည်ပျော်ယိုစီး အငွေ့ ပျံ၊လပြည့်ဝန်းဆီ မရောက်သေးလဲ ဘာဖြစ်လဲ
ကွင်းစကွင်းပိတ် ကျယ်ပြောနိုင်သလောက် မသိမသာချက်တွေ ဝပြောသာယာ
'လုပ်မထားတဲ့နေ့ ဟာပိုမူးတယ်'
ဒုက္ခပါပဲ စာရွက်ဖြူဖြူလေး ပေရေကုန်ပြန်ပါပြီ
သမီးနဲ့ အန်တီ အသက်အရွယ်ကွာတာက လွဲလို့ သူ့ အတွက်တော့ အတူတူပဲ
မှတ်ပုံတင်နဲ့ ကဒ်ပြားစာအုပ်နီ ကိုင်တဲ့ လူတစ်ယောက်က ပွဲစားလို စကားပြောတယ်
ဘယ်သူမှ မလွတ်ပါဘူး၊ ဧရာမ မိုးပျံ ပူဖောင်းကြီး ငြိနေတဲ့ မြို့
အမြတ်နိုးဆုံးမှ အလုခံရခြင်း
ဤဝါကျသည် ကျစ်လစ်သိပ်သည်း၏
အခြားသောဝါကျသည် ပွယောင်းခေါင်းဆံသည်
ခင်ဗျားဦးခေါင်းမအေးသေး၊သိပ်မကဲရင် ခေါင်းမခဲပါ ခဲများကျလာမည်
ချက်ကြိုးတစ်ချောင်းတည်းနဲ့ ပွင့်ဖတ်ပွင့်ချပ် အင်္ဂါအိမ်ကြီးထဲ
ငါ ဦးစောက်ကျွမ်းပြန်လည်မွတ်နေပြီ
မျက်ခွံပေါ်မျက်ရည်စက်၊ မိုးထဲလေထဲ စိုးမိုးထွန်းကိုလည်း ထွန်းညှိထားပါတယ်
Emotion ဘယ်တော့ ဟုန်းခနဲ တောက်မယ် မသိ
ကိုယ့်ခါးပေါ် မွေးမြူနေသော ပေါက်ဖတ်တစ်ကောင်
မောမောနဲ့ ကွန်မြူနစ်ကေးရှင်းမြောက် အချစ်
သစ်ပင်နဲ့ ကျားသစ်ဟာ တစ်သားတည်း
မြစ်တွေတောင် ကျိုးပြီး ကျန်ရစ်ကြ
သင်္ကြန်လို ထိန်ထိန်သာချင်ပါတယ်
တစ်ယောက်မျက်လုံးကနေ တစ်ယောက်မျက်လုံးထဲ သွေးစက်တွေ
မိန်းမတွေ ဂါဝန်မလိုက်ကြပြီး ယောက်ျားတွေ ကျည်ခါးပတ်ဂန်း ဖြုတ်လိုက်ကြတယ်
သစ်စေ့တွေက စားပင်တွေဖြစ်လာတယ် စားပင်က သစ်စေ့တွေ ပြန်ပေးမယ်
ကမ္ဘာကို ဖက်ထားလိုက်
( ဆရာလူဆန်းရဲ့ ' ရေးသူလူဆန်း' ကဗျာစာအုပ်ပါ စာသားများနဲ့ ပြုလုပ်ထားပါတယ်)
လင်းလက်တာရာ
31.7.2013
Tuesday 23 July 2013
စာသားအဆောက်အအုံမှာ ပြတင်းပေါက် တပ်လိုက်တယ် ဝရန်တာ ထည့်လိုက်တယ် လေကောင်းလေသန့် ပါ ဖြည့်လိုက်တယ်
ရှုခင်းကို ရှူသွင်းပစ်လိုက်တယ်။ မြင်ကွင်းကျယ်။ အဆုပ်ထဲဝင်သွားတဲ့ နေ ရှိရာ
ခေါင်းငိုက်စိုက် ပွင့်နေတဲ့ နေကြာတွေ။ နေရတာလည်း ကြာပါပြီ။ မကြာလိုက်သလို
မနေ့ တစ်နေ့ က လိုလို။ လိုလို လားလား ကိုယ့်ကြာမျိုး ၅ ပါးနဲ့ ကိုယ် ။ ကိုယ့် အာရုံ ၅ ပါးနဲ့ ကိုယ်။
မသိလို့မိုးလင်း မသိလို့မိုးချုပ် အမိုက်အမဲလေးတွေမို့ အမှောင်အမဲကြီးများ ခွင့်လွှတ်ပေးပါ။
ဂျိုးဖြူအစား ခိုဖြူတွေ ခိုးလွှတ်လိုက်မိတယ်။ ခေတ်ကြီးထဲမှာ ခိုကပ်နေရပါတယ်။
ညည်းနေတဲ့ခိုတွေမှာ ငြီးစရာအဟောင်းနဲ့ ငွေ့စရာအကြောင်းတော့ရှိမှာပေါ့
လူ့ဘဝဟာ အဲ အဲ ခိုဘဝဟာ ငြီးစော်နံလာတဲ့ကုန်တင်ကားကြီးပေါ့
အညပ်လည်းခံရပါတယ် အညံ့လည်းခံရပါတယ်ဆိုတဲ့ ခြင်းထဲကသစ်သီးတွေပေါ့
ဆိုပါစို့ လို့ဆိုပြီး ဆက်ပြောတာပေါ့။ ရပ်နေတဲ့အရပ်ကနေ ဆက်သွားလို့မရတဲ့ စက်သွားတွေပေါ့
အပေါစားဆန်/ဆန် မပေါ့မပါးကိုင်းညွှတ်နေရတဲ့ စပါးနှံလေးပေါ့
ဈေးကွက်စီးပွားရေးထဲ သွေးထွက်လွန်နေတဲ့ သနပ်ခါးနံ့လေးပေါ့
ပေါ့ပ်ယဉ်ကျေးမှုဆိုတော့ ပေါ့မှာပေါ့။ အပျော်ဖတ်ဟာ ပျော်စရာမကောင်းတဲ့ ပျော့ဖတ်တွေပေါ့
စက်ရုံထဲဝင်သွားပြီး စက်ရုံထဲကပြန်ထွက်တော့ စက္ကူဘဝပဲပြန်ရောက်ရတယ်
စက္ကူလမ်းပေါ် စာသားလေးတွေ လမ်းလျှောက်နေတယ်။ စာကလေးတွေ လို စာသားတွေ
အုပ်လိုက် ပြိုကျလာတဲ့ ဒီနေ့  နောက် မနက်ဖြန် နောက် သူသူငါငါ ပန်ဖို့ ပစ္စပ္ပန်
အပွင့်စနစ်နဲ့ ဇာတ်မျောတစ်ခုပဲ ကျွန်းမျောတစ်ခုပဲ ရွေ့ တော့ရွေ့ သလိုလို
ဒိန်ခဲ တွေ ရွှေ့ ယူရတာပေါ့ ကြွက်တွေက အနံ့ ခံသိပ်ကောင်း။ ကြောင်တွေ သင်ယူသင့်
ငါးကြော် ဟာ မြစ်ထဲကျသွားတယ် ကူးတယ်ခတ်တယ် သိပ်ခက်တယ် အခက်အခဲတွေ
အပြွတ်လိုက် အခက်လိုက် သီးချိန်တန်တောင် ပွင့်မလာဘူး လိပ်ပြာတွေ ရနံ့ အဖြစ် ပြောင်းလဲတင်ဆက် ပြုလုပ်။ ပြုတ်လု ပြုတ်ခင်လေးမှာ မျိုးပွားလာတာပါ
အင်းဆက်တွေ။ facebook ကို face Mask စွတ်ပြီးသုံးသင့်လာတာ။ ကျန်းမာရေးအရ
ဘယ်သူဘယ်ဝါရဲ့ အသက်ရှူလမ်းကြောင်းတည့်တည့်မှာ လေလည်ရမယ်ဆိုတာမျိုးတွေ။
လေဝင်လေထွက် အပေါက်ကလေးကနေ နေဝင်နေထွက်ကိုစောင့်ကြည့်ရမှာ
၂၀၁၅ / ၂၀၂၀/၂၀၂၅ / ၂၀.. ကိန်းဂဏန်းတွေတွက်ချက် ရွေ့လျား။ မြေကြီးအောက်မှာရေတွေ ဘယ်အချိန်ကရောက်ခဲ့သလဲဆိုတာထက် မြေကြီးအောက်ကို မြို့ကြီး ဘယ်တော့ရောက်သွားမလဲဆိုတာ
မြှုပ်တာနဲ့ မြုပ်တာက မယားညီအစ်ကို လိုလို အိုးစားဖက်လိုလို စစ်ကြီးစစ်စစ်တစ်ခွက် ဘယ်လောက် အပေါ်ဘလောက်နဲ့ အောက်ဘလောက်ကြားမှာ ကဗျာတော့ ရှိမယ် ထမင်းချိုင့်လေးတွေထဲမှာ ချိုင့်ဝှမ်းလွင်ပြင်တွေ ရှိမယ် စလင်းဘတ်လေးတွေထဲ တစ်ခါသုံးတွေ ရှိမယ် ပက်ဘလစ်ဖုန်းထဲမှာ
သူမ ပုံသဏ္ဍာန်အမျိုးမျိုးနဲ ကွေ့ ကောက် ဖြောင့်စင်း။ ကြိုးဟာ ကျိုးသွားပြီ ။
အီဖယ်လ်မျော်စင်ပေါ်နားတဲ့ငှက်ဟာ နှစ်ထပ်သင်္ဘောနဲ့ မြို့လေးပေါ်နားတဲ့ ငှက်နဲ့ 
အတွေးအခေါ် တော်စပ်မစပ်။ ငြုပ်သီးပိုးဟာ ငြုပ်ဆုံထဲမှာ သူ့ အဓိပ္ပါယ်သူ လှလှပပထောင်းပြသွား
သူ့အကြောင်းက ကိုယ့်ခေါင်းကိုလာဖိထားတယ် သူ့အထာကို ကိုယ့်လျှာနဲ့ရသလောက်
အရသာခံမိတဲ့ ရသတဏှာ ညပြာပြာ လဝါဝါ အမှောင်ရဲ့ကြွက်သားပေါ်တွားတက်လာတဲ့ အမှား
အမှန်တရားကို မင်ရည်ကျဲလိုက်တာလား ချဲ့ လိုက်တာလား ။ သနပ်ခါးရေကျဲလေးက အိပ်စ်ပါရာဒိတ်ကုန်နေလို့ လား။ ကုန်းလမ်းရော ရေလမ်းပါ ယမ်းတွေနဲ့ ဝိုင်းလိုက်ကြ။
ကျည်ခွံတွေနဲ့ ဉီးခေါင်းခွံတွေပဲကျန်တော့တဲ့ မြို့ခွံကြီးကို ဘယ်လိုအခွန်တွေနဲ့
ပြန်လည်တည်ဆောက်ဖို့ ။ တည်ထားတာပျောက်သွားတယ် ဟိုနားဒီနား ရှာမိ
နားနှာခေါင်းလျှာပါးစပ်မျက်စိ အရသာရှာဖွေတူးဖော်စေ့ငုရေး အေဂျင်စီ
ဆီမထည့်ဘူးလား ဆီထည့်မှ လည်မှာ ဆီဟာ စာပဲ စာများများထည့် ဆားတော့ များများမထည့်နဲ့  ချိုသွားဦးမယ် ချိုရာသွားရာတော့ ဘယ်ကင်းကင်းပါ့မလဲ နွားက ပလာတာ မစားဘူး ပီဇာပဲစားတယ် အို မြက်နုလေးတွေပေါ် နှင်းဥတုကလေးငဲ့။ စွတ်စွတ်စိုနေတဲ့အတောင်ပံတွေကိုလည်း နေလှန်းထားပါတယ်
ရန်ကုန်ဟာ ငါတို့သွေးခုန်နှုန်းကို ထိုးထိုးဆောင့်တယ် ဟေးးး တိုးတက်လာပြီကွ
ဟေ့ ပျော်ပျော်ပါးပါး ဘတ်စ်ကားကြီး မငြီးဖွယ် မညည်းဖွယ်
ထပ်ခိုးတွေပေါ် တစ်ကောင့်အသံ တစ်ကောင် ကန်းရိုးတန်းကကြားနိုင်တယ်
ဓါးရိုးကမ်းနည်းအမျိုးမျိုး။ ဖျံကျနည်းအမျိုးမျိုး ။ ခွေးကျဝက်ကျနည်းအမျိုးမျိုး
နောက်ဆုံးပေါ်နည်းစနစ်များနဲ့ ဂါနိုင်ပါတယ် ဂိန်နိုင်ပါတယ် ဂေါ်နိုင်ပါတယ်
ခွေးချေးကြုံးတဲ့ ဂေါ်လည်းဖြစ်နိုင်ပါတယ် ။ sexyတွေ ပေရေနေတဲ့ ဆော်တွေ
ဘီးကြဲ ဘဲကြီးလား အာလူးနဲ့ ရောပစ်မယ် ဆိုပါလား ဟာဟ ဟာသ ထပ်ချည်းတလဲလဲ သမုဒယမှာ ဝါဆိုနိုင်လွန်းတဲ့ မိုးတွေ ။ ဒီမိုက ဘယ်လို ဟိုမိုက ဘာညာ သာရကာ သာလိကာ ။ လသာမသာထက် မီးလာမလာဘဲ ဆုတောင်းနေကြရတဲ့ ငါတို့ မသာတွေ ။ မင်းမျိုးမင်းနွယ်လည်း သေမျိုးသေနွယ်ပါပဲ
ပေါက်ကရ ၄၀ မဟုတ်ပါဘူး ပေါက်ကရ ၅၀ ၊ ၆၀၊ ရ၀...။ ၁၀၀ တန်ချင်းအတူတူတောင် တစ်သိန်းလောက်ကွာတယ်။ သိမ်းထားတာကြာပြီ နန်းကိုသိမ်းနေပြီ မြို့ကိုသိမ်းနေပြီ
မြို့ရိုးနဲ့မြို့ဟာ မရိုးတော့တဲ့မြို့လား အရိုးပဲကျန်တော့တဲ့မြို့လား
အဆီတစ်ထပ် အသားတစ်ထပ်ကြီးလား တစ်ထပ်ပြီးတစ်ထပ် ဂရိတ်ဝေါလ်ကြီး လည်ပင်းပတ်လာပြီ။ ပြူးလာတယ် ပျာလာတယ် ဖြူလာတယ် ဖျားလာတယ်။ အဖျားဟာ အရင်းကိုရောက်လို့မဖြစ်ဘူး။ အရင်းကိုစစ်အမြစ်ကိုလှန် မြစ်လန် ချောင်းလန် တောလည်းလန်
တောင်လည်းလန် အလံကို တစ်လန်အကွာမှာ ဉာဏ်ဘယ်နှထွာလောက်မြင့်မြင့် လွှင့်ထားရမလဲ
လေထိုးလေလျော်လား ဟိုလူကြီးက လက်ညှိုးထိုးပြီး ရောင်းနေတာ မိုက်မှမိုက်
တိုင်းပြည်က ချမ်းသာပြီး ပြည်သူတွေက ဆင်းရဲသတဲ့ မဆင်းရဲပါဘူး
အောက်မှာ ခွေးနက်ကြီးက ဆွဲဖို့ မာန်ဖီနေတာ။ ဆီးဂိမ်းမှာ ဗိုလ်စွဲမလား ပျားစွဲမလား
လောလောဆယ် ယင်အုံနေတယ် ရင်ဘတ်က ဘက်ဂျက်တော်တော်ထိနေတယ် တစ်ချက်ခြစ်တစ်ချက်တောက်တတ်တဲ့ အကုသိုလ်မီးတို မီးစလေး အပြာရောင်ဟာ ပြာကျသွားတယ် အပြာကားဆန်ဆန် ကားပြာထဲက ကြွက်တွေက ထမင်းဖိုးတောင်းပြန်ပြီ KTV ဖိုးတောင်းပြန်ပြီ လမ်းလယ်ခေါင်ကြီး လူလည်ခေါင်င်္ကြီးး အရှက်မရှိ သရက်စေ့ဟာ အပင်ပေါက်လာပြန်ပြီ အတောင်ပါ ပေါက်လာပြန်ပြီ ပေါက်နေတဲ့ ဖိနပ်နဲ့ နင်းတယ် အမှန်ဆို နမ်းရမှာ
အခန်းတွေ ဖြတ်ချခံရ ဆင်ဆာ။ ဆင်တော့မဆာပါနဲ့ ဗျာ စင်ပေါ်က ဆင်းပါတော့
အဆင်းမှာအစွပ်ခံရတဲ့ပန်းကုံးဟာ အဆင်းမှာတပ်ပေးလိုက်တဲ့ဘီး
ဘီးကုတ်ကလေးလည်း ဘီယာနဲ့အမြည်းခံလိုက်ရပြီလား ဘေဘီ
ဘေထုပ်ပုံထဲမှာ ဘဝကိုရှာမတွေ့တော့ရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုမှမလဲနိုင်ပါဘူး သန်းခြောက်ဆယ်တန်ကစားသမား ဘယ်နှရာသီကုန်ကုန် အရန်ခုံမှာ မကုန်နိုင်တဲ့ဒဏ်ရာနဲ့
ကုန်ကုန်ပြောရရင် မကုန်နိုင်မခမ်းနိုင်တာတွေလည်း ကုန်နေပြီ ခမ်းနေပြီ
ခမ်းနားလွန်းပါတယ် အခမ်းအနားကြီးရယ် လေးစားပါတယ် အလေးပြုပါတယ်
လုမပြေးပါနဲ့ လစ်လျုမရှုပါနဲ့ ဆိုက်ကားဆရာတွေသယ်လာတဲ့ပန်းခွေမှာ ဘဝနဲ့သီထားတဲ့
မျက်ရည်တွေပါတယ်။ ပါပါရာဇီတွေ ရာသီစာတွေနောက် ကောက်ကောက်ပါလွန်း
ကောက်သော်စားမကုန် ဖြောင့်သော် စားမလောက်။ ဗိုက်ရွှဲကြီးပေါ်မှာ ပါးနုနုလေး
ရှက်သွေးဟာ ရာသီမလာတော့ဘူး။ ဥတုကလည်း အင်ထုထားတဲ့အတိုင်း။
စာဥနဲ့ ငုံးဥရော ခင်ဗျားကွဲရဲ့လား ။ ဥလည်းကွဲတယ် အသိုက်လည်း ပျက်တယ်
ဘုတ်သိုက်သိုက် ဆံပင်အရှုပ်အထွေးကြီး အပေါ်က ထွေးချလိုက်တဲ့ တံတွေးဟာ ထမင်းစားပွဲပေါ်လာကျတယ်။ သေနာကျတွေ။ သေနာပတိတွေ ။သဘာပတိတွေ။
ရွှေဖြင့်အတိပြီးသော အပုပ်ကောင်တွေ။ ကောင်းလား မန်းလေးမြို့ကြီး ကို အရသာခံမိလား
ခွီးမှပဲ ခကွေးအက္ခရာတွေနဲ့ ခေးအော့ဖ်။ အော့နှလုံးနာချင်စရာ အော့ဝှစ်ဇ်။
နာကျင်စရာ အရိုးအသားထဲကထွက်ထွက်လာတဲ့လောက်တွေ သွေးရိုးသားရိုးမဟုတ်ဘူး
သွေးရူးသွေးတန်းဖြစ်တဲ့အထိ သွေးစုပ်ဖို့ဝိုင်းနေတဲ Vampire တွေ
ပထဝီအရ ရာသီသွေးကအစ သယံဇာတပဲ ကြွားလွန်းပါတယ် ကြွယ်လွန်းပါတယ်
လက်ခလယ်ကြီးက လူရာဝင်လာပါတယ်။ လက်တစ်လုံးခြား လက်ညိုးညွှန်ရာ ရေတွေ။
လမျိုးလနွယ်ချင်း လက်ဆွဲနှုတ်ဆက်။ ဂဟေဆက်သလို အပိုင်းပိုင်းအစစတွေ စုစည်းတယ်
 ပေါင်းစပ်တယ် ငွေ့ ရည် ဖွဲ့ တယ် အဆက်အစပ်မရှိ ရွာလာတယ်
ရွာလာတဲ့ အကြောင်းအရင်း။ ရွာမှာရှိတဲ့ ရပ်ဆွေရပ်မျိုး ။
ရွာလည်နေတယ်။ ရွာထဲမှာ တိုင်ပတ်။ ရွာဟာ မြို့လိုလို ။
မြို့ကိုလိုသလိုလို။ ရွာနေပုံက လှလှပပ။ ရွာထဲက မထွက်ချင်လောက်အောင်
ရွာဟာ ချုပ်ထားတယ်။ ရွာထဲမှာ ပိတ်မိနေတယ်။ မိုးတွေ ရုတ်တရက် ရွာလာတယ်
ရုတ်တရက်တွေ ရိတ်သိမ်းလိုက်တော့ စပါးသင်းနံ့ လေးက ရင်ထဲ ဆီလို ဝေ့။
ဆီလို အပေါက်ရှာထွက်သွားတဲ့ ပြဿနာတွေ။ ခြင်ထောင်ထဲ အပေါက်ရှာနေတဲ့ခြင်နဲ့ 
အိမ်ထောင်ထဲ အပေါက်ရှာနေတဲ့လူ။ လူရောခြင်ရော ထောင်ထဲမှာ။ အပေါက်ထဲက
ယိုစိမ့်ကျလာတာ နေရာင်လား လရောင်လား။ အကောင်မပေါက်လိုက်ရတဲ့ ကြက်ဥဟာ ဂလောက်လောက်နဲ့ အဆံချောင်။ ဂလိုဘယ်လ်ကြီးကလည်း ဂလောက်ဂလောက်နဲ့ 
ဘယ်လောက်ပဲရရ မလောက်ဘူး။ မလောက်လည်း တည်ဆောက်နေရတာပဲ ။
A ကလည်း တည်ဆောက်တယ် B ကလည်း တည်ဆောက်တယ်
A ကလည်း ထပ်ပြီးတည်ဆောက်တယ် B ကလည်း ဆက်ပြီးတည်ဆောက်တယ်
A နဲ့ B ပေါင်းစပ်တည်ဆောက်ပစ်လိုက်တယ်။
ဆူးရဲ ၊ လင်းလက်တာရာ
၂၁၊ ၇၊ ၂၀၁၃
ဝတ္ထု / ဝဋ်ထု ( ၂ )
ဧည့်သည်တွေကိုမုန်းတယ်။ ကျုပ် ဧည့်သည်တွေကို မုန်းတယ်။
ဧည့်သည်တွေကြောင့် ကျုပ် အဖေ ဆုံးခဲ့တယ်။ ဧည့်သည်တွေကြောင့် ကျုပ်အမေ ဆုံးခဲ့တယ်။
ဧည့်သည်တွေကြောင့် ကျုပ်ယောက်ျား ၊ ကျုပ်အစ်ကို ၊ ကျုပ်အစ်မ ဆုံးခဲ့တယ်။
ဧည့်သည်တွေဟာ ကျုပ်တို့ အတွက် နာဇီ။ ဧည့်သည်တွေဟာ ကျုပ်တို့ အတွက် အော့ဝှစ်ဇ်ငရဲစခန်း။
ဂျူးတွေ ဟစ်တလာကို မုန်းသလိုမျိုး ကျုပ် ဧည့်သည်တွေကို မုန်းတယ်။
ကိုလိုနီ ဖက်ဆစ်နဲ့ အရင်းရှင်စနစ်ကို မုန်းသလိုမျိုး ကျုပ် ဧည့်သည်တွေကို မုန်းတယ်။
ကမ္ဘာ့စစ်ကြီးတွေကို မုန်းသလိုမျိုး ကျုပ် ဧည့်သည်တွေကို မုန်းတယ်။
ဧည့်သည်တွေဟာ သူတို့ ရဲ့ မိတ်ဖြစ်ဆွေဖြစ်အတွက် ကျုပ်တို့ ကို စတေးတယ်။
ဧည့်သည်တွေဟာ သူတို့ ရဲ့ အောင်မြင်မှု အတွက် ကျုပ်တို့ ကို အောင်သေအောင်သား စားတယ်။
ဧည့်သည်တွေဟာ သူတို့ ရဲ့ နယ်မြေသစ်ချဲ့ ထွင်မှုအတွက် ကျုပ်တို့ ကို စနက်တံတပ်တယ်။
ကျုပ် ဧည့်သည်တွေကို မုန်းတယ်။ ဧည့်သည်တွေ ကျုပ်တို့ ဆီ
အရိပ်ကလေးတစ်စတောင် ထိုးကျမလာစေဖို့ ကျုပ်အမြဲ ဆုတောင်းတယ်။
ကျုပ် ဆုတောင်း လွဲတယ်။ ကျုပ် ဆုတောင်းမှားတယ်။
ဧည့်သည်တွေကတော့ ကျုပ်တို့ ဆီ ခဏခဏ။ ကျုပ်တို့ ဆီ ဝင်လိုက်ထွက်လိုက်။
ကျုပ်တို့ ဟာ ခုတုံး။ ကျုပ်တို့ ဟာ ဓါးစာခံ။ ကျုပ်တို့ ဟာ မြေဇာပင်။
ခေတ်အဆက်ဆက် ကျုပ်တို့ ဟာ ဧည့်သည်တွေအတွက် အသုံးတော် ခံနေရတုန်း။
ကျုပ် ဧည့်သည်တွေကို မုန်းတယ်။ ဟော...ပြောရင်းဆိုရင်း ကျုပ်မုန်းတဲ့ ဧည့်သည်တွေ
ကျုပ်တို့ ဆီ တရွေ့ ရွေ့ ။ ကျုပ်တို့ ဆီ တလိမ့်လိမ့်။ အဆီယစ်နေတဲ့ ဗိုက်တွေ။
အဆီပျံနေတဲ့ မျက်နှာတွေ။ အဆီတဝင်းဝင်းနဲ့ မျက်လုံးတွေ။
ကျုပ် ဧည့်သည်တွေကို မုန်းတယ်။ မကြာဘူး ။ တုတ်တွေ ၊ ဓါးတွေ၊ ခဲတွေ။
ကျုပ်ခေါင်းပေါ် တဝီဝီ။ ကျုပ် ရှောင်တယ်။ ကျုပ် တိမ်းတယ်။ ကျုပ် ပြေးတယ်။
သတိကြီးစွာ ကျုပ်အသက်ကို ကျုပ်အနည်းလုပြီး ကယ်တယ်။
ကျုပ် ဧည့်သည်တွေကို မုန်းတယ်။ ခဲတွေ၊ ဓါးတွေ၊ တုတ်တွေ။
ကျုပ်နောက်မှာ အမြောက်အဆံတွေလို တဝီဝီ။ ကျုပ်ပြေးတယ်။
ကျုပ်တိမ်းတယ်။ ကျုပ် ရှောင်တယ်။ သတိကြီးစွာ ကျုပ်မနည်းလုပြီး ကယ်နေရတဲ့
ကျုပ်အသက်ဟာ သေလုမျောပါး။ ကျုပ် ဧည့်သည်တွေကို မုန်းတယ်။
အော်သံ၊ ဟစ်သံ၊ ဟောက်သံ၊ ကျိန်းသံ၊ တက်ခေါက်သံတွေ။ ကျုပ် ကံကောင်းတယ်။
ကျုပ် ပုန်းနေတာကို သူတို့ မမြင်ဘူး။ ရှာတယ်။ ပိုက်စိပ်တိုက် ရှာတယ်။
ဒေါသရောင် တငွေ့ ငွေ့ လောင်နေတဲ့ မျက်လုံးကြီးတွေနဲ့ ရှာတယ်။ ကျုပ်ကို ရှာတယ်။
ကျုပ်မလှုပ်ရဲဘူး။ ကျုပ်အသံမထွက်ရဲဘူး။ ကျုပ် ဧည့်သည်တွေကို မုန်းတယ်။
မချိတင်ကဲ ဆဲတယ်။ ကြိတ်မနိုင်ခဲမရ အော်ဆဲတယ်။
သူတို့ ကျုပ်ကို လက်လျော့သွားပုံရတယ်။ ' အချိန် မရှိဘူး။ ကြာတယ်ဟေ့။ မရ ရတာပေါ့' ။
လျှပ်တပြက် လှည့်သွားတဲ့ ပစ်မှတ်။ ကျုပ်ခေါင်းပေါ် မိုးကြိုး အချက်တစ်ရာ။
မလုပ်နဲ့ ။ ကျုပ် မျက်လုံးတွေ ပြာသွားတယ်။ မလုပ်ကြပါနဲ့ ။
ကျုပ်အသံတွေ ပြာသွားတယ်။ အဲဒါ ကျုပ်သားတွေ။
ကျုပ်မျက်ရည်တွေ ပြာသွားတယ်။ အဲဒါ အရွယ် မရောက်သေးတဲ့ ကျုပ်ရဲ့ သားတွေပါ။
ကျုပ် ပစ္စက္ခတစ်ခုလုံး စစ်ငွေ့ စစ်ရိပ်တွေ ဖုံးသွားတယ်။ ကျုပ် ဆက်ပုန်းမနေတော့။
သူတို့ ခြေစုံရှေ့ ကို တောင်ပံခတ်ပြီး ခုန်ထွက်လိုက်တယ်။ ကျုပ် ဧည်သည်တွေကို မုန်း...။
လင်းလက်တာရာ
၂ ၀ ၁ ၃
Thursday 11 July 2013
ရင်ကွဲပက်လက်ဆိပ်ကမ်းဆီ၊ ငါ့ကဗျာသင်္ဘောတွေ အချိန်မီ မဆိုက်ကပ်နိုင်တဲ့အကြောင်း၊ တိမ်တွေဆီ အီးမေးလ် မပို့ ရသေးဘူး
အနုပညာတံဆိပ်နဲ့ ခရီးဆောင်အိတ်တစ်လုံး၊ မမြင်ရတဲ့ ဝန်ထုပ်ဝန်ပိုး အပြည့်အစုံ
မျက်ရည်ပုံဆောင်ခဲ၊ မအောင်မြင်တဲ့ ယုံကြည်ချက်တွေ တိတ်တိတ်လေး ကြိတ်ခွဲနေရတဲ့ စက်
ဓါတ်ကြီး ၄ ပါးနဲ့ လူယာဉ်၊ ဆီရေလေဝိုင် ဖြည့်၊ လောကဓံ ၈ ပါးပါ ဖြည့်
ရှေ့ မှာ ငရဲရော နိဗ္ဗာန်ရော ငရဲမဟုတ် နိဗ္ဗာန်မဟုတ်ရော
ဟော့ဒီ ကွန်ကရစ်ပင်တန်းကြီးက လှောင်ရယ်သံတွေ သီးလိုက်တာ တသောသောတဖြောဖြော
ထိုးနေကျ လက်မှတ်လေးဟာ နံနေကျ ချွေးစက်တွေနဲ့ ကွက်တိ / ကွက်ကြား
မိသားစု၊ လေထဲက ငါရိုးစူးသလို နင်နေတဲ့ ဝမ်းအူသံတွေ
လင့်ခ်ပေးထားတဲ့ ခေတ်ပေါ်ယဉ်ကျေးမှုကြီးက လိုင်းသိပ်မကောင်းဘူး အစ်ကို
တိုင်းရင်းသားကျေးရွာ မင်းကွန်းခေါင်းလောင်းကြီးပေါ်က စာသားတွေ ဇာတ်လမ်းတွေ
စိတ်ပြုလုပ်ပုံ အဆင့်ဆင့် ရင်တွင်း တွင်းထွက်ပစ္စည်း
ကျွန်တော့်နာမည်လား ' ဧရာဝတီ အိမ်ပြေး ' ပါ
စိတ် / ဇီဝ ဖြစ်စဉ် ချော်ရည်ပူတွေ မီးတောင်မြုံလို ပေါက်ကွဲ
ခရီးဆောင် အိတ်ကလေး ပြဲပြန်ပြီ၊ ပြဲလက်စဟာ မတိတ်ဘူး ဆက်ရွာတယ်
ရွှေဘိုသူလေးရဲ့ ပါးပြင်မှာ သနပ်ခါး မရှိတော့တဲ့ ကိစ္စ
သံနဲ့ ပဲ လုပ်လုပ် သဲနဲ့ ပဲ ဆောက်ဆောက် မေတ္တာတရား မရှိတဲ့ အိမ်ဟာ တစပြင်ပဲ
ဂျက်ချထားတဲ့ ညစာကို ခေါက်ကြည့်တော့ ခေါက်ဆွဲခြောက်တွေပဲ သံကြောင်ထွက်လာ
နှလုံးသားကို ' ON' 'OFF' လုပ်လို့ ရလား၊ ပလက်စတစ်ဆာဂျီရယ် အပြုံးဝင်းဝင်းလေး
ကွိုင်လောက၊ ကွိုင်အရေးအသား၊ ကွိုင်ရွတ်ပွဲ၊ ကွိုင်များကွိုင်နိုင်၊ ကွိုင်ပဲ
[ ခင်ဗျားရော ကျွန်တော်ရော အချိန်ရဲ့ ကွင်းစကွင်းပိတ်ထဲမှာ ကွယ်လွန်ပြီးသား သက်ရှိတွေ ]
နတ်သျှင်နောင်အုပ်ဂူကနေ မြစ်သုံးဆိုင်၊ မြို့သုံးဆိုင်ဆီ
လှမ်းငေးတဲ့ အရသာ အရှေ့ ပိုင်း တက္ကသိုလ်ကြီး သိတယ်
ညကြီးမင်းကြီးထဲ မစံပယ်တွေ မနှင်းဆီတွေ ကြွေပြန်ပြီ
ဆေးသားပြယ် ငယ်ဘဝ အယ်လ်ဘမ်ထဲ အမျိုးအမည်မသိ ဗိုင်းရပ်စ် ဝင်နေ
မှတ်ဥာဏ်တွေပါ ဆေးသားတွေ ထပ်ပြယ်၊ ဗိုင်းရပ်စ်တွေ ထပ်ကိုက်
ငွေကြေးစလစ်၊ ၈ ထပ်တိုက်ပေါ်က ပြုတ်ကျတဲ့ သတင်းက ဖုန်းထဲဝင်လာ
ခေတ်ကြီးက သူ့ ခြေထောက်ကြမ်းကြမ်းကြီးနဲ့  ရင်ဝ စောင့်စောင့် ကန်တယ်
နေဝင်နဲ့ နေထွက် ကြားမှာ မျောနေတဲ့ ဖြစ်တည်မှု အကျဉ်း အကျပ်တွေ
အိုအေစစ်လေးတွေပေါ် အင်းဆက်တွေ တွားသွားတက်လာ အက်ဆစ်တွေ ဖိတ်စင်စီးဆင်းလာ
ကောင်းကင်ပြာပြာကြီးကို တစ်ဘဝစာ download ဆွဲချင်ပါတယ်
ရုပ်နဲ့ နာမ် တူးဖော်စီမံကိန်းမှ ဆဲလ်သေ တွေ့ ရှိချက်
ကြုံရာဇာတ်ကားမှ ကျရာဇာတ်ကွက်များ၊ ဖီလင်ရော ဖလင်ပါ ပျက်နေတယ်
လူတွေကပဲ ကြယ်တွေကို နာမည်ပေး၊ ကြယ်တွေကို ရေတွက်၊ ကြယ်တွေကို စိတ်ကူး
ဂြိုဟ်မလေး ဂျစ်ရေ ကိုယ့်ပတ်လမ်းလေးနဲ့ ကိုယ် သွေးသားလည်ပတ်နေတာပဲ ကောင်းပါတယ်ကွာ
ပါရီမြို့ကြီး သိပ်လှတာပဲလား ၊ နားထား
ကိုယ့်ကျောက်တန်းမြို့လေးကိုပဲ ကိုယ်ပန်မယ်
လင်းလက်တာရာ
10. 7. 2013
တောင့်နေတဲ့အတိုင်း ၊ သို့ မဟုတ်
တောင့်နေတဲ့အတိုင်းပဲ သက်တောင့်သက်သာနေ
အပိုတွေလာမပြောနဲ့  အပိုတွေလာမလုပ်နဲ့ 
အခြား ဘာအဓိပ္ပါယ်မှ မရှိဘူး
လက်သီးဟာ လက်သီးပဲ မီးခြစ်ဟာ မီးခြစ်ပဲ
အဲဒီ သားသတ်ရုံဟာ ဂျပန်ခေတ်တုံးက ဆေးရုံပေါ့
နောက် တစ်လှမ်းဆုတ်ပြီး အံ့သြရ၊ ဒေါသထွက်ရ၊ ကြေကွဲရ၊ ရယ်မောရ
နောက်ခံဝန်းကျင် အသံဗလံတွေကို ဆူညံသံတစ်ခုနဲ့ စစ်ထုတ်
( သို့ မဟုတ်၊ တောင့်နေတဲ့အတိုင်း )...
ဘာသာစကားဟာ လူကို ပါးရိုက်သွားသလို စပ်ဖျင်းဖျင်း
စိတ်ကြီးဝင် ညကောင်းကင်ကြီးဆီ ပြန်ထွေးထုတ်လိုက်တယ်
ရေဟာ ကြယ်တွေ မြိုလိုက်ပြီ
ကြယ်တွေ ရေသောက်ဆင်းတယ် မပြောနဲ့ 
( သို့ မဟုတ်၊ တောင့်နေတဲ့အတိုင်း)...
အချက်အလက်များ ပိုလျှံမှု နောက်ကွယ်ကို သူ ရောက်ရောက်သွားတော့တယ်
ဒါမှမဟုတ်၊ ဆက်သွယ်မှု မရှိခြင်း / ဆက်သွယ်နေခြင်းကို ဘယ်လို ဆက်သွယ်
ဒါမှမဟုတ်၊ ဘယ်သူမဆိုဟာ တခြား ဘယ်သူမဆိုနဲ့ ဘယ်လို ဆက်သွယ်
ရေစီးကြောင်းဖြစ်စဉ်ထဲ အလိုတူ အလိုပါ ငါးတစ်ကောင်လို
စနစ်တကျ အသေးစိပ် တပ်ဆင်မှု ( တစ်ခုမဟုတ် တစ်ခု လွဲချော်)
အဲဒီမှာ ဘာရှိတယ် အဲဒီမှာ ဘာမှ မရှိဘူး
လူအမည်များ၊ အရပ်အမည်များ၊ ကုန်ပစ္စည်းတံဆိပ် အမည်များ
မေ့ဖျောက်မှုအပေါ် တည်ဆောက်ထားတဲ့ အရာတွေ
( သို့ မဟုတ်၊ တောင့်နေတဲ့အတိုင်း)...
တစ်ပိုင်းတစ်စပြီး အပိုင်းအစတစ်ခုလို ရွေ့ လျား
လေ့လာခြင်း၊ ဇဝနဥာဏ်သုံးခြင်း၊ လက်တွေ့ လုပ်ဆောင်မှုအားဖြင့် တည်ဆောက်
မရေရာတဲ့ကုန်တွေ တင်သွင်းလာတဲ့ ပစ္စက္ခခဏငယ်များ ကပ်ခွာ
ဝေဖန်၊ သရော်၊ ပုတ်ခတ်၊ ရွဲ့ ၊ ထိခိုက်ပျက်ဆီးလွယ်၊ နာလွယ်
အဝတ်ဗီဒိုလိုစိတ်၊ မိမိကိုယ်ကိုယ် မိမိ စိတ်ကြီးဝင်၊ လှေနံဓါးထစ်
ပတ်ဝန်းကျင်အမြင်နဲ့ တသီးပုဂ္ဂလကိစ္စများ ၊ ကန့် သတ်ချက်များ
ရင်ဆိုင်၊ စဉ်းစား၊ ပေါင်းစပ်၊ သို့ မဟုတ် ၊ ပျက်ရယ်ပြု ၊ ထိုင်ဟား
ပြန်ပြောင်းအောက်မေ့ဖွယ်ရာ မိမိကို မိမိ ချိုးနှိမ်ခြင်း အချိုးဖျက်ခြင်း
စကားရှေ့ နောက် မညီခြင်း တစ်ချိန်တည်းမှာ တည်ငြိမ်ပြီး ဆောက်တည်ရာမရ
ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်နဲ့ ကိုယ် မကပ်ခြင်း၊ ထင်ယောင်မှားခြင်း
သို့ မဟုတ် ၊ တောင့်နေတဲ့ အတိုင်း
[ ဆရာဇေယျာလင်းရဲ့ ' သို့ မဟုတ် ၊ တောင့်နေတဲ့အတိုင်း' ကဗျာအား
အထက်အောက် ပြောင်းပြန်လှန် ပြန်ရေးထားခြင်း)
လင်းလက်တာရာ
၂ ၀ ၁ ၃
ဝတ္ထု / ဝဋ်ထု
( ၁ )
မြုံနေတဲ့ ဝက်ခြံ မထွက်သေးသ၍ မြင်မြင်သမျှဟာ အကျည်းတန်
နေဦးမှာပဲလို့  ပါးပြင်မို့ မို့ လေးက ပြောပါတယ်။
' တိမ်လွှာမို့ မိုလွင် ' တောင် တိမ်လွှာတွေကြား / တောင်လွှာတွေ
ကြားအောင် တိုးတိုးလေး ဆိုညည်းမိပါတယ်လို့ ပါးပြင်မို့ မို့ လေးက တိုးတိုးလေး
ပြောပါတယ်။ တိမ်လွှာတွေကြားက လေယာဉ်သံတွေကြားရင် အိမ်သိပ်ဆာတာပဲလို့ ပါးပြင်မို့ မို့ လေးက ငေးငေးလေး
ထပ်ပြောပါတယ်။ ချစ်ခြင်းမေတ္တာဟာ ငွေရေးကြေးရေးရဲ့ ဓါးလွယ်ခုတ်အနေအထားမှာ လည်စင်းပေးနေရပါတယ်လို့ 
ပါးပြင်မို့ မို့ လေးက အထပ်ထပ် ပြောရှာပါတယ်။
မျက်ရည်စီးကြောင်း ဟာ ပါးပြင်မို့ မို့ လေးပေါ်မှာ သောင်ထွန်း ကျွန်းဖြစ်
နေပါပြီလို့ ပါးပြင်မို့ မို့ လေးက တိတ်တိတ်လေး အထပ်ထပ်
ထပ်ပြောရှာပါတယ်။
( ၂ )
' နွံနစ်နေတာလည်း ကြာပြီ။ ပေါ်ကို ပေါ်မလာသေးတာလည်း
နှစိနဲ့ ချီပြီ။ ပတ္တမြားအတုလည်း မဟုတ်ပြန်ဘူး '။
ကဗျာစာသားလေးဟာ ကဗျာစာသားသက်သက်ချည်းလဲ မဟုတ်ပြန်ဘူး။
ရွာထိပ် ထုံးဖြူစေတီလေးဆီက အသံတိတ်ဆည်းလည်းလေး ဖိတ်စင်
လှုပ်ခတ်နေတာတော့ ဟုတ်ပါတယ်။ နေရောင်နဲ့ သစ်ရွက်ရော်ကြားမှာ
ဥသြငှက်လေးရဲ့ အသံအက်အက် ၊ ညပ်လည်းညပ်
နစ်လည်းနစ်နေတာလည်း ဟုတ်ပါတယ်။ ဆိုင်ကယ် ကယ်ရီသမား လူငယ်လေးရဲ့
နှလုံးသားမှာ ၃ နှစ်စာ လွယ်ပိုးထားရသော သမုဒယ ကျောက်တုံး
ကျောက်စိုင်ကြီးများ။ အိပ်မက်တွေကတော့ အရင်လို
ညကောက်ရိုးပုံမှာ လမသာလည်း လသာမြဲသာနေဆဲ ဆိုတာတော့
အဟုတ်ကြီး ဟုတ်ပါတယ်။
( ၃ )
တိမ်လွှာမို့ မို ကြားမှာ လေယာဉ်ကြီး။ လေယာဉ်ကြီးပေါ်မှာ
ပါးပြင်မို့ မို့ လေး။ ပါးပြင်မို့ မို့ လေးပေါ်မှာ ပိတ်ဖြူ။
ထို့ နောက် မင်္ဂလာရှိသောလေဆိပ်ကြီးထဲသို့ ပိတ်ဖြူအုပ်ထားသော ပါးပြင်မို့ မို့ လေး။
ိဆိုင်ကယ် ကယ်ရီသမားလူငယ်လေးကို နောက်ဆက်တွဲ ရလာဒ်တစ်ခုက
သစ်လုံးကားကြီးဆီ တွန်းပို့ ပေးလိုက်တယ်။
ပါးပြင်မို့ မို့ ဓါတ်ပုံလေးပေါ် စုတ်ချက်ကြမ်းကြမ်း သွေးပန်းချီ။
လင်းလက်တာရာ
4.7.2013
လေယာဉ်ဥယျာဉ်တစ်ခု ဆောက်လုပ်ပြီးစီး ပြေးဆွဲ ပျံသန်း ရာသီဥတုကြီး ၃ လုံး စက်ချို့ ယွင်းမှု ဖြစ်စဉ်
ငါ့မှာ ရန်ကုန်မိုးရေ ဘယ်နှစက် ရှိခဲ့ပါလိမ့်။ ရေစက် တစ်စက်နဲ့ တစ်စက်
ပေါင်းစပ် ဓါတ်ပြုထားတဲ့ ရန်ကုန်။ ရန်ကုန်ဟာ မိသားစု။ အစုအဝေးတစ်ခုဟာ
ဓါတုဗေဒစမ်းသပ်ချက်အရ ပေါက်ကွဲ လွင့်စင် ဖြာထွက်။ အခိုးအငွေ့ တွေ။
ပြည်လမ်းမပေါ် လျှောကျနေဆဲ မြည်သံစွဲ အလင်္ကာများ။ ဘဝ ရောင်ခြည်အမျိုးမျိုး။
ထိုင်နေကျခုံမှာ လာနေကျ စုံတွဲလေး ပျောက်နေတယ်။ အီမိုးရှင်းရှုခင်း။
မျက်ရည်ရနံ့ ဟာ နှစ်နဲ့ ချီ ချွတ်တာတောင် မကျွတ်ဘူး။ မြစ်ကိုချစ်လို့ 
ငါးတွေဆီ ခုန်ခုန်ချနေတဲ့ တိမ်တွေ။ မီးခိုးတွေ အူနေတယ်။ ခွေးတွေ အူနေတယ်။
အနာဂတ်ပလာစတာနဲ့ အစွန်းရောက် ဒဏ်ရာ။ ဖက်ရှင်တွေ မြို့ကျီးကန်းတွေလို ပြိုကျလာ။
လူ့ အဖြစ်ရဲ့ Identity ။ ဓါတ်ကြိုးနဲ့ မလွတ်တဲ့ သစ်ကိုင်းတွေလို ဘယ်နေ့ ခုတ်ချခံရမလဲ။
မှိုင်းမိခံ Mr: အသိဥာဏ်နဲ့ Ms: အတွေးအခေါ်။ ထိုနည်း ၄င်း သံချေးတက် process တွေ။
ခရိုနီတွေရဲ့ နည်းစနစ်ထဲမှာ ပိတ်မိနေပြီလား။ အမှောင်ခေတ်ထဲက ရုန်းထွက်လိုက်နိုင်ချိန်
အလျှိုးရာတွေက သေရာပါ။ ပွင့်လင်းမြင်သာမှု သိပ်ကို ခေးအော့ဖ်လွန်းတယ်။
လူမှုအဖွဲ့ အစည်းကြီးဟာ Parody အရေးအသားတွေနဲ့ ချီးမြှင့် ခံလိုက်ရ။
ဒီနှစ်ရဲ့ နာမည်အပြည့်အစုံ= အနည် အနှစ် အမှိုက်သရိုက် ဒုစရိုက်သုစရိုက် များနှင့်အတူ
                                    ရေကြည်ရေနောက် အပြိုင်စီးဆင်းလျှက် ရှိသော
လောလောဆယ်ခန့်မှန်းချက်အရ အနာဂတ်ရဲ့ မွေးသက္ကရာဇ် = စစ်အစိုးရ လက်ထပ်က ကဗျာရွေးစာရင်းတွေလို
                                                                                အခြေအနေအရ အပြောင်းအလဲရှိသည်
ယဉ်ကျေးမှုဟာ ယောထမီနဲ့ ရင်သားဟိုက်လိုက်နဲ့ ။ ဝါခင်းတွေနဲ့  ဆေးဆိုးပန်းရိုက်
တက္ကနော်လော်ဂျီတွေနဲ့ ။ ဟိုမှာ လူတစ်ယောက် မတ်တက်ကြီး သေနေတယ်။ အသက် မဟုတ်ဘူး။ စိတ်တွေ။
လေအေးပေးစက်တွေကြောင့်ပဲ ကမ္ဘာကြီး ဟာ ပိုပူလာ။ အတ္တကို သရေကွင်းလို ချုံ့ ချည် ချဲ့ ချည်။
Taxi ထဲ Sexy လေး ပါသွားတယ်။ ရောင်းပန်းလေး လှသလောက် ဝယ်လက်ကြီးက
ညစ်ပတ်ပေရေ မည်းတူးချိပ်နေတာပဲ။ သတင်းစာထဲက သတင်းစာသားတွေ
ဓါးနဲ့ ကွက်လှီးခဲ့ရ နှစ်ကာလများ။ လူလုပ်ငွေကြေး ဟာ လူကို ပြန်လည်ပြုလုပ် တင်ဆက် နေတာ။
ပြဿနာပဲ။ နည်းပညာရဲ့ အိမ်သာတွင်းထဲက လောက်တွေ။ အချစ်ဟာ သောက်ရေးမပါတော့ဘူးလား။
ခေတ်ပြိုင် ဗိုင်းရပ်စ်တွေ ပန်းထွက်လာ။ သွေးသားယားယံမှုတွေ ဖောင်းပွလာ။
Celebrity တွေကလည်း Like ခိုင်းနေတော့တာပဲ။ ကြွပ်ကြွပ်အိတ်ခေတ် လွန်ပြီလား။
ကြွပ်ကြွပ်အိတ် အသိအမြင်တွေ ရှိသေးတယ်။ သက်မဲ့ မီးပွိုင့်က သက်ရှိလူသားတွေကို
စနစ်တကျ ထိန်းချုပ်ထားပုံ။ စက်ရုပ်သွေးတွေစီးဆင်း။ ပရိုဂရမ်ကြီးတွေ လည်ပတ်။
ရထားမှားစီးမိသူ ကားဒရိုင်ဘာ။ ကိုယ့်အရှေ့ တောင် နဲ့ ကိုယ် အာတွေရှကုန်ပြီ။
ဒီမိုးစစ်စစ်တွေ ရွာချပေးမှ ဟိုမီးခိုးစစ်စစ်တွေက တိတ်မှာ။
လင်းလက်တာရာ
27. 6. 2013
ရွှေနဲ့ လည်း ယိုးမှားတယ်၊ စိန်နဲ့ လည်း ယိုးမှားဖွယ်၊ ရနံ့ သက်သက်စကား
စာအုပ်နီနီလေးက ပန်းသီးလေးကျနေတာပဲ
ကိုယ့်ကိုယ်ကို တွေးခေါ်ပစ်လိုက်တာ အာတိတ်စက်ဝိုင်းအထိ
အရည်ပျော် ရေခဲပြင်ကြီးကို စမ်းမိတယ်၊ သွေးသားတွေ ပူနွေးလာသလိုပဲ
အခိုက်ဓါတ်လေးက မထိတစ်ချက် ထိတစ်ချက်
ဘယ်စာသားတွေ စီးပြီး ဘယ်စာသားတွေဆီ ဆင်းမလဲ
ဘဝကို ' ဘွ ' လို့ အသံထွက်ကြည့်တော့ ရယ်ရသား
ကိုယ့်အမြုတေနဲ့ ကိုယ် တေတယ် ပေတယ်
သေနတ်မကိုင်ဖူးဘူး၊ ထောင်မကျဖူးဘူး
သူတောင်းစား မဖြစ်ဖူးဘူး၊ ' မ.....ဖူးဘူး ' တွေ များတယ်
ကော်ဖီသောက်တိုင်း တစ်စုံတစ်ယောက်က ကိုယ့်ကို လှမ်းပြီး ဖိတ်စင်စေတာ
မြတ်နိုးဖွဲ့  ငလျင်လှိုင်းလေး သင်
ပခုံးပေါ်မှာ အပွင့်တွေ အရစ်တွေ ဗရပျစ်နဲ့  ဟေ့ လောကဓံ ၊ ခင်ဗျားဟာ ဂျပန်ဝက်အူပဲ
ငွေလမ်းခင်းမှ ဝင်လို့ ရတဲ့ အပေါက်တွေ
အိမ်နောက်ဖေးက သရက်ကင်းလေးနဲ့ ရက်ပေါင်း တစ်ထောင်ကျော် ဝေးပြီ
ခံစားမှု ဆားရေစိမ်၊ သံယောဇဉ်ကို ဂိမ်းစွဲသလို စွဲတယ်
လူငယ်ဘဝဟာ သိပ်စိမ်းလန်းတာပဲလို့ 
တရားမဝင် အရှို့ ခံရတဲ့ တောတန်းကြီးက ဖုန်းဆက်တယ်
စာသားအဆောက်အအုံထဲ သဲ ဘယ်နှပွင့် အုတ်ဘယ်နှချပ်
အစွဲအလမ်းကို ဘိလပ်မြေ ကိုင်ပစ်လိုက်တယ် ၊ အေးရော
မအေးဘူး ၊ ပူတယ်၊ စိတ်ပူတယ်
ကိုယ်ပူသေးလား ၊ ကျန်းမာရေး ဂရုစိုက်ပါ
ဘဝထဲပင်လယ်၊ ဘဝထဲဆိုမာလီ၊ ဘဝထဲအမေဇုံ
သိပ်ကို တိုလီမုတ်စလွန်းတယ်၊ အရှုပ်ကြီးထဲမှာ၊ အခက်ကြီးထဲမှာ
မှုတ်ဝဲ စုပ်ဝဲများစွာ၊ မရိတ်သိမ်းရသေးတဲ့ ရိက္ခာ ပူပူနွေးနွေးလေး
အိပ်မက်ထဲမှာ လ ခဏခဏ ကြတ်တယ်
လူဟာ ကျောက်ခတ်ပန်းဆွဲလို မျက်ရည်စက်လက်နဲ့ ဂူ
အိပ်မက်ထဲမှာ နေ ကြတ် ပြန်ပြီ
မြင်ရတဲ့ ထုထည်ရော မမြင်ရတဲ့ ထုထည်ရော အနတ္တ နဲ့  စားကြည့်
အရသာ ဘယ်လိုလဲ၊ ဖန်တန်တန်ကြီးလား၊ ဖန်လုံအိမ် အရသာလား
အိပ်မက်ထဲမှာ လ ရော နေ ရော တပြိုင်နက်တည်း ကြတ်ပြန်ပြီ
ကိုယ်က ဒုတိယမြောက် ပြင်ဦးလွင်မြို့ကလေးပါ အချစ်ရယ်
ကျေးဇူးပြုပြီး ကြက်ဆူပင် မစိုက်ခိုင်းပါနဲ့ 
နိုင်ငံရေးတွေက Notifications တွေ တအားလေးတာပဲ
' TIME ' ပြန်ပြီ၊ တစ်ပူပေါ် တစ်ပူ ပွင့်
အရှေ့  ( ၇) ပူ၊ အနောက် (၇) ပူ၊ မိဘပြည်သူ အပူသည်များ
တရားမျှတခြင်းကို ဆီးဂိမ်းထဲ ထည့်ကစားပါ
ယဉ်ကျေးမှု အနုပညာ၊ နွေဦးပေါက်ကို မစောင့်နိုင်တဲ့ လိပ်ပြာ
ဦးပိန်တံတားပေါ် စာသားတွေထဲကနေ လမ်းလျှောက်ထွက်ခဲ့တယ်
စာသားတွေထဲကနေ ကျုံးတစ်ပတ် စက်ဘီးစီးထွက်ခဲ့တယ်
စာသားတွေထဲကပဲ ' ကျွန်တော် ' ဆိုတဲ့ စာလုံးလေးကို စက်ဘီးတင်နင်းလိုက်တယ်
ရောက်တတ်ရာရာ စိတ်အထည်ကြီးသက်သက် ရွေ့ လျား
အထက်ပါ စာသားတွေကို စီးပြီး အောက်ပါ စာသားမှာ ဆင်းတော့မယ်
စာအုပ်နီနီလေးက ပန်းသီးလေး ကျနေတာပဲ
ရင်ဘတ်ပေါ် ကောက်တင်လိုက်တယ်
-----------------------
လင်းလက်တာရာ
1.7.2013
Tuesday 25 June 2013
မီးသွေးရောင် ရှုမျှော်ခင်း
ငယ်ငယ်တုန်းက သစ်ရွက်တွေ ဟာ ပိုက်ဆံတွေပေါ့
သစ်ရွက်တွေခူးပြီး ရောင်းတမ်းဝယ်တမ်း ကစားကြ
ကြီးလာတော့ ပိုက်ဆံတွေဟာ သစ်ရွက်တွေပေါ့
သစ်တောကြီးတစ်တောမဟုတ်တောင် ပန်းခြံလေးတစ်ခု ခြုံပုတ်လေး တစ်ပုတ် ပိုင်ဆိုဖို့ 
အလုအယက်လောင်ကြ
အခု အင်ဒိုနီးရှားသစ်ရွက်တောကြီးဟာ မီးညွှန့် မီးစွယ်တွေ ဖြစ်သွားတယ်
အဲဒီ မီးညွှန့် မီးစွယ်တွေဟာ ပြာတွေ ဖြစ်သွားတယ်
အဲဒီပြာတွေဟာ မလေးကျွန်းဆွယ်အထိ ဖုံးအုပ်
နောက် အိမ်လွမ်းကင်ဆာတွေ အဆုပ်လိုက်ပွင့်နေတဲ့ ငါတို့ အဆုတ်ထဲ
ပိုက်ဆံခူးတမ်းကစားရတာ ပျော်စရာမကောင်းဘူး
ကမ္ဘာကြီးက ငိုနေတယ်။
------------------
လင်းလက်တာရာ
၂၄၊၆၊၂၀၁၃ 
၁၈ နှစ်သားအရွယ်က ကဗျာလေးများ
နီယွန်ရောင် ဟွန်းမျောရှည်
-------------------------------
အမှားအယွင်းဆန်မှုကပဲ
ငါ့ကို တယောထိုး နေလေတော့တယ်
တစ်ကိုယ်တော် ရာသီ။
တိမ်တွေရဲ့နောက်မှာ လေတွေပါသွားသလား
လေတွေရဲ့နောက်မှာ တိမ်တွေ ပါသွားသလား
ငယ်အိမ်မက်တွေကပဲ ငါ့ကို ခလုတ်နှိပ်တယ်။
နှစ်ကာလများရဲ့ အနှစ်သာရအောက်
ပျောက်ရှသွားတဲ့ မြေနီလမ်းကလေး
အဝေးပြေးလမ်းမရဲ့ ဘီးတွေဟာ ငါတို့ လား။
နားထဲမှာ ခေါင်းလောင်းသံတွေ ခဏခဏမြည်တယ်
ငယ်ချစ်ဦးရဲ့ လက်ဖဝါးနုနုလေးကို သတိရတယ်
အဖေမပါလို့ မစားဖြစ်ခဲ့တဲ့ ထမင်းဝိုင်းကလေး
ဆွေးမြေ့ဖွယ်။
သတိ
ကူးစက်လွယ်သည်
ပုံ/ ချစ်မေတ္တာ။
လွမ်းရင် ကဗျာရေးတယ်ဆိုတဲ့ အစ်ကိုကြီးလည်း
လွမ်းလို့ ကဗျာမရေးတော့ဘူး။
တစ်ခါတခါ ကိုယ့်ကိုယ်ကို ရှို့ ပစ်လိုက်ချင်တဲ့ ပင့်သက်
'မြို့ကြီးပြကြီး' ဆိုတဲ့ ကွန်ဂရိတောနက်ကြီးထဲ
ကျွန်တော်ရေငတ်တယ်မေမေ။ ။
.
.
လင်းလက်တာရာ
15.2. 2007
-----------------
ဘဝဟာ လူပြောများများနေတဲ့ ရုပ်ရှင်
-------------------------------------------
လောကဓံက ပျံကျဈေးလေးလို ဆူညံနေတော့တယ်
မြို့ပြရဲ့ လျှပ်စစ်မီးသီး တစ်ခုလို ငါ
ဒီနေ့ လည်း ဒီကဗျာလေးကိုပဲ ဝတ်ခဲ့
လမ်းမဟုတ်တဲ့ လမ်းတွေနဲ့  စကားပြောရဦးမယ်
မိသားစုရဲ့ သံပြိုင်တေးလေးကို အလွတ်မရသေးဘူး
လူငယ် တဲ့ မီးတောင်လို သာယာခဲ့
ရွက်ခြောက်လမ်းလေးအတိုင်း
သံသရာရဲ့ ရထားဘီးသံက ဂျွတ်ဆတ်ထန်ပြင်း
ကြယ်တွေရဲ့ အလင်းကို မှောက်မချ ပစ်ရက်ဘူး
လောလောဆယ်
တီးလုံးစိမ်းတွေနဲ့ နပမ်းလုံးတယ်
စိတ်ရဲ့ အဆိပ်တွေနဲ့  အပြင်းဖျားတယ်
ဘဝဟာ လူပြောများများနေတဲ့ ရုပ်ရှင်။ ။
.
.
လင်းလက်တာရာ
11.3.2007
-------------------
ရန်ကုန်- ၂
---------------
သူ့ လက်သည်းရှည်ကြီးတွေနဲ့ 
ငါ့ရင်ဘတ်ကို လာလာကုပ်ခြစ်
အကြိမ်ကြိမ်။
သိမ်ငယ်စိတ်က
မလိုအပ်ဘဲ ဘရိတ်ခဏခဏ အုပ်မိ
နားနဲ့ မနာ ခေတ်နဲ့ နာပါ
တင်ကအစ အတုရှိတယ်။
အချစ်ကို တူးဖော်ကြည့်ဖို့ 
ပိုက်ဆံမရှိသေးပါ။
တရားကျစရာ
စပယ်ယာကအစ လောဘကြီးတယ်။
အဟောင်းဆိုင်လေးထဲက ဂျင်းဘောင်းဘီလေး တစ်ထည်ဟာ လှရဲ့။
လမ်းဖြတ်ကူးဖို့ 
သမ္ဗုဒ္ဓေဂါထာ အလွတ်ကျက်ရတယ်။
အမေပြောပြောနေတဲ့ ထပ်ခိုးလေးရဲ့ တန်ဖိုး
အိပ်မက်တွေ တရေးနိုးရလေတယ်။ ။
.
.
လင်းလက်တာရာ
9.6. 2007
--------------
ပြတင်းပေါက် ၊ သတင်းစာနဲ့ ရေဒီယို
----------------------------------
ကျွန်တော့်မှာ ပြတင်းပေါက် တစ်ချပ်ရှိတယ်
မြင်ချင်တဲ့အရာရော မမြင်ချင်တဲ့ အရာရော မြင်နေရတယ်
ကျွန်တော့်မှာ သတင်းစာ တစ်စောင် ရှိတယ်
တွေ့ ချင်တဲ့ အရာရော မတွေ့ ချင်တဲ့ အရာရော တွေ့ နေရတယ်။
ကျွန်တော့်မှာ ရေဒီယို တစ်လုံး ရှိတယ်
ကြားချင်တဲ့ အရာရော မကြားချင်တဲ့ အရာရော ကြားနေရတယ်။
တစ်ခါတခါ
မြင်ချင်တဲ့အရာက မမြင်ချင်တဲ့အရာတွေ ဖြစ်သွားတယ်
တွေ့ ချင်တဲ့ အရာက မတွေ့ ချင်တဲ့ အရာ ဖြစ်သွားတယ်
ကြားချင်တဲ့ အရာက မကြားချင်တဲ့အရာ ဖြစ်သွားတယ်။
လူ့ ဘဝဟာ ပြတင်းပေါက်နဲ့ တူတယ်
လူ့ ဘဝဟာ သတင်းစာနဲ့ တူတယ်
လူ့ ဘဝဟာ ရေဒီယိုနဲ့ တူတယ်။
မိတ်ဆွေ
ပြတင်းပေါက်ကို ဖွင့်ပါ
သတင်းစာကို ဖတ်ပါ
ရေဒီယိုကို နားဆင်ပါ။
.
.
လင်းလက်တာရာ
4. 8. 2007
-------------------
ဆင်ခြေဖုံး
-----------------
တစ်နိုင်တစ်ပိုင် အိပ်မက်လေးတောင်
အပေါင်ဆိုင် ပို့ ထားရ
ဆူးဖြင့်အတိပြီးသော ဝပ်ကျင်းများ
အပေါက်အပြဲများသော သမုဒ္ဒရာများ
ဘဝဟာ စက္ကူနဲ့ ထုတ်ပိုးမိတဲ့ မီးတောက်
ဖြစ်နိုင်ရင် အစာအိမ်တစ်ခြမ်းလောက် ထုတ်ရောင်းချင်တယ်
အရေးပေါ် ခွဲစိပ်ခန်းထဲက ရပ်ကွက်လေးရဲ့ အော်သံ။
.
.
.
လင်းလက်တာရာ
အွန်လိုင်းလူငယ်ကဗျာစကားဝိုင်း။ ဆရာအောင်ရင်ငြိမ်း မေးပြီး လင်းလက်တာ၇ာ ဖြေဆိုပါတယ်
မေး  ၁။ အောင်ချိမ့်အစ မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေ
ဆက် မဖန်တီးနိုင်တော့ဘဲ
ခေတ်ပေါ်ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံ လတ်ဆတ်ပြီး လူငယ်ဆန်တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊
ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကိုရွေး သူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ ညီလေးတို့ အမြင်ကို ပြောပါဦး။
ဖြေ ၁။  ။
  ပင်မရေစီးခေတ်ပေါ်ဆရာတွေဟာ ကျွန်တော်လေးစားအားကျခဲ့ရတဲ့ ဆရာသမားတွေပါပဲဗျာ။ သူတို့ ကဗျာတွေနဲ့ ကြီးပြင်းခဲ့ရတာပါ။ ရပ်တန့် ကျန်ခဲ့တယ် ဆိုတာထက် ခရီးတစ်ခု ကို ခရီးပေါက်အောင် ချီတက်ခဲ့ကြတာပါ။ မှတ်တိုင်တွေ စိုက်ထူခဲ့ကြတာပါ။ အဲ့ဒီ မှတ်တိုင်နဲ့ မတင်းတိမ်နိုင်တဲ့ အနုပညာလောဘကြီးသူတွေကတော့ ကိုယ့်အနုပညာကို ချွန်မြအောင် သ,ရင်း သ,ရင်း ရွေ့ နေတဲ့ ခေတ်ကြီးနဲ့ အတူ လိုက်ပါရွေ့ လျားရင်း ရှိရင်းစွဲ မှတ်တိုင်ကနေ နောက်မှတ်တိုင်ဆီ နောက်ခြေလှမ်းတွေ ခရီးဆက်နေကြတယ်လို့ မြင်ပါတယ်။ တချို့ ကလည်း ရှိရင်းစွဲ မှတ်တိုင်မှာ သူ့ တို့ အလုပ် သူတို့ ပီပီသသ လုပ်ဆောင်နေကြဆဲပဲလေ။  ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ ကိုယ့်အယူအဆနဲ့ ကိုယ် ၊ ကိုယ့်ခံယူချက်နဲ့ ကိုယ်၊ ကိုယ့်သမိုင်းနဲ့ ကိုယ်ပဲလေ။ ကိုယ်လုပ်ချင်ရာ လုပ်ဖို့ အတွက် လူ့ ဘဝကို ရရှိခဲ့တာပဲ မဟုတ်လား။တစ်ခုပါပဲ။ ကဗျာရေးသူတွေသာ အကြောင်းကြောင်းကြောင့်ကျန်ရစ်၊ ဒါမှမဟုတ် သေဆုံးသွားကြတယ်။ ကဗျာကတော့ ခေတ်နဲ့ အတူ ရွေ့ လျား စီးဆင်နေမှာပဲ။ သမင်လည်ပြန်ကြည့်လိုက်မယ်ဆိုရင် အစဉ်အလာကဗျာ လေးလုံးစပ်တွေကနေ မော်ဒန်၊ မော်ဒန်ကနေ ခေတ်ပေါ်၊ ခေတ်ပေါ်ကနေ အခု ခေတ်ပြိုင်လို့ တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ်နေကြတဲ့ ကျယ်ပြန့် နက်ရှိုင်း ရှုပ်ထွေးလှတဲ့ ကွန်တမ်ပိုရာရီ အခင်းအကျင်းထိပေါ့။ လက်မခံချင်လည်း လက်မခံလို့ မရတဲ့ အနေအထားကို ရောက်နေပါပြီ။
မေး ၂။ ညီလေးတို့က ၂၀၁၀ အလွန်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မျိုးဆက်သစ် လူငယ်ကဗျာဆရာတွေပေါ့။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ညီလေးတို့ ရဲ့ အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီ။ ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်း ညီလေးတို့ လက်ထဲ ရောက်နေပြီလို့ ကိုယ် ယူဆတယ်။ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံး မျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိမထားမိကြသေးဘူး။ တချို့ ကဗျာဆရာတွေအယ်ဒီတာတွေကျတော့လည်း သတိထားမိပေမဲ့ လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထား နေရာပေးဖို့ ၀န်လေးတွန့်ဆုတ်နေကြသေးတယ်။ သူတို့ကို ဘာပြောချင်လဲ။
ဖြေ(၂)
နောက်ဆုံးမျိုးဆက်သစ် ဆိုတာ ခေတ်အဆက်ဆက်မှာ ပေါ်ထွက်ခဲ့တာပဲ။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်သဘာဝတစ်ခုပါ။ အဲဒီ့ မျိုးဆက်သစ်ကပဲ အချိန်ကာလ အချိုးအကွေ့ တစ်ခု အရောက်မှာ မျိုးဆက်ဟောင်းဖြစ်သွားတာပါပဲ။ အဟောင်းနေရာမှာ အသစ်က အော်တိုမစ်တစ် ဝင်လာမှာပဲ။ အဓိကက စစ်မှန်တဲ့ အသစ်ဖြစ်မဖြစ် အရေးကြီးတာပါ။ ဒါဟာ လူငယ်တွေအတွက် ကြီးလေးတဲ့တာဝန်ပဲ။ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးပဲ။ ညံ့လို့ မရပါဘူး။ အချောင်လိုက် ရေသာခိုနေလို့ လည်း မရတော့ပါဘူး။ ကြိုးစားအားထုတ်မှုတွေ နဲ့ ထင်သာမြင်သာ ရှိရပါတော့မယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း မျိုးဆက်သစ်ဖြစ်ရဲ့လား ဆိုတာ သံသယဝင်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း အားရမိတယ်လို့ ကို မရှိသေးဘူး။ ကဗျာကျောင်းသား အဆင့်ပဲ ရှိပါသေးတယ်။ လေ့လာဆဲ ၊ သင်ယူဆဲ၊ ကြိုးစားဆဲပါ။ ကျွန်တော့်အမြင်ရ ခေတ်ပြိုင်မြန်မာကဗျာရဲ့ ဂယက်ဟာ ပရင့်တ်မှာထက် အွန်လိုင်းမှာက ပိုပြီးလှုပ်ခတ်နေပါတယ်။ အွန်လိုင်းသုံးနေတဲ့ ကဗျာဆရာတွေ ကဗျာချစ်သူတွေ ပိုပြီးသတိထားမိမှာပါ။ ဆရာမောင်ပြည့်မင်း၊ ဆရာသစ္စာနီ၊ ဆရာနိုင်မွန်အောင်သွင်၊ ဆရာ ခရမ်းပြာထက်လူ၊ ဆရာစေတ၊ ဆရာ အောင်ရင်ငြိမ်း၊ ဆရာ မောင်ယုပိုင်၊ ဆရာ လူဆန်း ၊ ဆရာနရနီ၊ ဆရာလွန်းဆက်နိုးမြတ် စတဲ့ ဝါရင့် ကဗျာဆရာတွေ ကိုယ်တိုင် အွန်လိုင်းပေါ်ကလူငယ်တွေရဲ့ ကဗျာတွေကို အရေးတယူဖတ်ပြီး ထင်မြင်ချက်တွေ၊ ဟိုက်လိုက် တွေ ၊ ကွန်မန့် တွေ ပေးကြတယ်။ လူငယ်တွေကို လက်တွဲခေါ်ကြတယ် အားပေးကြတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ပါ။ လူသားဆန်တဲ့ ကြည်နူးဖွယ် ယဉ်ကျေးမှု တစ်ခုပါ။ လူငယ်တွေအပေါ် အလေးထားတဲ့ လူကြီးတွေကိုလည်း ရှိရင်းစွဲ လေးစားမှုတွေကို ၂ ထပ်ကိန်းတင်မိပါတယ်။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာဟာ လူငယ်တွေပေါ်မှာ မူတည်နေတယ်ဆိုတာ မှန်ပေမယ့် မပြည့်စုံပါဘူး။ ဒီနေရာ မှာ အလေးအနက် ထပ်ပြောချင်တာက ကျွန်တော်တို့ လူငယ်တွေဟာ ကဗျာပညာရှင်တွေ မဟုတ်ပါဘူး။ လေ့လာဆဲ သင်ယူဆဲ ကြိုးစားဆဲ ကဗျာကျောင်းသားတွေ ဆိုတော့ အစွန်းအထင်း အမှားအယွင်းတွေ တလွဲဆံပင်ကောင်းတာတွေလည်း ရှိနိုင်ပါတယ်။ တတ်သိနားလည်တဲ့ ဆရာသမားတွေရဲ့ ထောက်ပြမှု ၊ အတိမ်းအစောင်းတွေ ကို လမ်းကြောင်း ကျောင်းပေးတာမျိုးတွေ လိုအပ်တယ်လို့ ယူဆမိပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ အတွကိ ရွှေပါပဲ။ ခေတ်ပြိုင် မြန်မာကဗျာရဲ့အလားအလာ ပိုပြီးကျယ်ပြန့် ခိုင်မာဖို့ ဆိုရင် အွန်လိုင်းအပြင် ပရင့်တ်ဘက်မှာပါ ပေါက်ရောက်ဖို့ လိုအပ်ပါတယ်။ ပရင့်ဘက်မှာတော့ အယ်ဒီတာတွေနဲ့ ဆိုင်တာပေါ့ဗျာ။ အယ်ဒီတာတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ပါပဲ။
မေး ၃။ လက်ရှိ အခြေအနေအရ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ်ကဗျာအပြင် အယ်လ်ပီ ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ် စသဖြင့် ကဗျာအမျိုးအစားသစ်တွေ အယူအဆတွေ အမျိုးမျိုး ရှိနေကြတယ်။ အဲဒီ ကဗျာအယူအဆ/ အနုပညာ လက်ရာတွေအပေါ် ညီလေးတို့ရဲ့ အမြင်။
ဖြေ(၃)   ခေတ်ပြိုင် မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ် ကဗျာအပြင် ကဗျာအမျိုးအစား အသစ်တွေ အပြိုင် ဖြစ်ထွန်းပေါ်ထွက်လာတာဟာ မြန်မာကဗျာလောကရဲ့ တိုးတက်တဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ ကောင်းမွန်ပါတယ်။ ဆက်လက်ပြီး ဘယ်လို ကဗျာအမျိုးအစားသစ်တွေ ပေါ်ထွက် လာဦးမလဲ ဆိုတာ ရင်ခုန်စရာကောင်းပါတယ်။ နိုင်ငံတစ်နိုင်ငံတည်းမှာ လူမျိုးပေါင်းစုံ ဘာသာစကား ဘာသာတရားပေါင်းစုံ အတူတကွ မှီတင်းနေထိုင်သလိုမျိုး ကဗျာနိုင်ငံတော်မှာ ကဗျာအမျိုးအစားပေါင်းစုံ အတူတကွမှီတင်းနေထိုင်ကြခြင်းပေါ့။ တိုက်ခိုက်ရန်ပြုနေမယ့်အစား ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး အတူတကွ နေထိုင်သမှုပြုကြမယ်ဆိုရင် ကဗျာနိုင်ငံတော်ကြီး ငြိမ်းချမ်းမှာပေါ့။ စိတ်ချမ်းမြေ့စရာကောင်းမှာပေါ့။ ဘယ်လိုကဗျာအမျိုးအစားသစ်မဆို ပင်မရေစီး ခေတ်ပေါ်ကဗျာလိုပဲ ခိုင်မာတောင့်တင်းတဲ့ ကျောရိုးဆစ်တွေ ရှိနေဖို့ အရေးအကြီးဆုံးပါပဲ။ ဒါဆိုရင် အကောင်းဆုံးပေါ့။
မေး ၄။  အဲဒီ ခေတ်ပြိုင်ကဗျာတွေထဲက ညီလေးတို့ အာရုံတိမ်းညွတ်မှု ရှိတဲ့ ကဗျာအမျိုးအစား။ အဲဒီ ကဗျာဗေဒအပေါ် နားလည်ခံယူထားပုံ အနှစ်ချုပ်။ တကယ်လို့ ညီလေးတို့ လက်ရှိရေးနေတဲ့ ကဗျာအနုပညာလက်ရာ တွေကို ဖန်တီးသူကိုယ်တိုင် အမှတ်တံဆိပ်တစ်ခုခု ခွဲခြားပြောပြပါ။ ကိုယ့် အနုပညာကိုယ် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် ပြောပါလို့ မေးရင် ဘယ်လိုဖြေကြမလဲ။ တချို့ ကဗျာဆရာတွေ/ ကဗျာဖတ်သူတွေကတော့ ကဗျာအနုပညာကို အမည်အမှတ်တံဆိပ်တွေ တပ်တာအပေါ်ယံ ကိစ္စတွေပဲလို့ ယူဆပြီး နှစ်သက်လက်ခံမှု မရှိကြဘူး။ ကိုယ့် အမြင်ပြောရရင် ကဗျာကိုယ်တိုင်ကိုကတခြား အနုပညာ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားနေတဲ့ စာပေပုံသဏ္ဍာန်တစ်မျိုးပဲလေ။ အဲဒါကြောင့် မေးတာပါ။
အဖြေ(၄)  ။ ခေတ်ပြိုင်ကဗျာ အခင်းအကျင်းမှာ ဘယ်လိုကဗျာအမျိုးအစားမဆို ကျွန်တော်စိတ်ဝင်စားပါတယ်။ ကဗျာရေးသူတစ်ယောက်အနေနဲ့ အားလုံးကို ခြုံငုံလေ့လာသင့်ပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ကဗျာအမျိုးအစားတစ်ခုတည်းအပေါ် အာရုံတိမ်းညွှတ် သွားတာမျိုး မရှိပါဘူး။ ကဗျာအမျိုးအစားတစ်ခုတည်းနဲ့ လည်း မလုံလောက်တော့ပါဘူး။ ကဗျာအမျိုးအစားမျိုးစုံရဲ့ လွှမ်းမိုးရိုက်ခတ်မှုတွေ ကတော့ ကျွန်တော့်အပေါ်မှာ အနည်းနဲ့ အများပါပဲ။ ကိုယ်တိုင်က ကဗျာအမျိုးအစားအသစ်တစ်မျိုး ရေးစွမ်းဖန်တီးနိုင်တဲ့ အစွမ်းအစ မရှိတော့ ရှိနှင့်ပြီးသား ကဗျာအမျိုးအစားတွေထဲကပဲ ကျွန်တော် သဘောကျ နှစ်သက်တာ တွေကို ငှားယူသုံးစွဲပြီး ပေါင်းစပ်ရေးသားကြည့်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကဗျာရေးသူတစ်ယောက်အနေနဲ့ ကိုယ်ဘာတွေ ရေးနေလဲ ဘယ်လိုအမျိုးအစားတွေ ရေးနေလည်းဆိုတာတော့ သိသင့်တယ်လို့ ထင်တယ်။ ကိုယ်စီးနေတာ ရထားလား ကားလားဆိုတာတော့ သိထားရမယ် မဟုတ်လားဗျာ။ လောလောဆယ် Hybrid ပါပဲ။  ကျွန်တော်အရေးအသားအများစုဟာ အယ်လ်ပီရဲ့ အငွေ့ အသက်တွေ၊ ပို့ စ်မော်ဒန်ရဲ့ ပိုင်းစစိတ်မွှာမှု fragments တွေ၊ နီယိုမော်ဒန်ရဲ့ အာရုံခံစားပုံနဲ့ နောက်ခံအယူအဆ တချို့ တွေ ရောယှက်ပါဝင်နေပါတယ်။ ပြီးတော့ collage နဲ့ collaborate တွေလည်း စိတ်ဝင်တစား ရေးဖြစ်ပါတယ်။ ခေတ်ပြိုင်ကဗျာ အခင်းအကျင်းဟာ အနံ့ အရသာ မျိုးစုံ ခင်းကျင်းထားတဲ့ ပွဲတော်အုပ်ကြီးနဲ့ တူပါတယ်။ ကျွန်တော်တို့ ကြိုက်နှစ်သက်ရာ ရွေးချယ် စားသုံးနိုင်တာ မဟာအခွင့်အရေးတစ်ခုပါပဲ။ အဲ့ဒီအပေါ်မှာပဲ ရှာဖွေရင်းချဲ့ ထွင်ရင်း စမ်းသပ်ရင်း ဥာဏ်မီသလောက် ကြိုးစားအားထုတ်ကြည့်ရမှာပါပဲ။ တံဆိပ်တွေကတော့ ကဗျာရေးသူကိုယ်တိုင် လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ကပ်ပါလာမှာပဲ။ တတ်သိနားလည် ကျွမ်းကျင်သူတွေ ကိုယ်တွယ်သင့်တဲ့ ပညာရပ်ဆန်တဲ့ ကိစ္စမျိုးပါ။ ကဗျာရေးသူတစ်ယောက်ရဲ့ ကဗျာအနည်းငယ်ကို ခွဲခြမ်းစိပ်ဖြာပြီး တံဆိပ်ကပ်လိုက်တာ အမျိုးအစားခွဲလိုက်တာမျိုးဟာ  အဲဒီကဗျာရေးသူအပေါ်မှာ ဘယ်အတိုင်းအတာ ဘယ်ကာလထိ ခံမလဲ။ မသေချာပါဘူး။ ခေတ်ကလည်း ရွေ့ နေပါတယ်။ ကဗျာတွေကလည်း ရွေ့ နေပါတယ်။ ကဗျာရေးသူတွေကလည်း တစ်နေရာတည်း ကျောက်ချ မနေပါဘူး။ ဒါကြောင့် ကျွန်တော်ရေးခဲ့တဲ့ ကဗျာတွေကို အမျိုးအစားခွဲနိုင်ပါတယ်။ တံဆိပ်ကပ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီတံဆိပ် အဲဒီအမျိုးအစား ဘယ်အတိုင်းအတာထိ တည်ရှိနေမလဲ ဆိုတာကိုတော့ ကျွန်တော် အာမ မခံနိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အချိုးအကွေ့ တစ်ခုခုမှာ အားလုံးဟာ ပြောင်းလဲ သွားနိုင်လို့ ပါ။ မရောက်ဖူးသေးတဲ့ အရပ်ဒေသတွေကိုလည်း ခရီးထွက်ချင်ပါသေးတယ်။
မေး  ၅။ ညီလေးတို့ အနေနဲ့ ကဗျာအနုပညာ လက်ရာတစ်ခုကို ဘယ်လို အတွေးအခေါ် ဘယ်လို အာရုံခံစားပုံ ဘယ်လို အတတ်ပညာပိုင်း နည်းစနစ်ပိုင်းတွေနဲ့ ရေးသားဖန်တီးနေကြသလဲ။ ကဗျာရေးသားခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လို နောက်ခံ အယူအဆနဲ့ ခံယူ ယုံကြည်ချက်တွေ ရှိနေကြသလဲ။
အဖြေ (၅) ခေတ်ပြိုင်ကဗျာရဲ့ အခန်းကဏ္ဍမှာ အတွေးအခေါ် အာရုံခံစားပုံ အတတ်ပညာပိုင်း နည်းစနစ်ပိုင်းတွေ မရှိမဖြစ်လိုအပ်ပါတယ်။ သိထားသင့်ပါတယ်။ တချို့ ကလည်း ကဗျာရေးဖို့ တစ်ခုတည်းသာ အာရုံစိုက်ပြီး poetic ပိုင်းဆိုင်ရာတွေ ၊ Ideology ပိုင်းဆိုင်ရာတွေ သိပ်ဂရုမစိုက်ကြပါဘူး။ ဒါတွေ ပြောဖို့ လည်း ဝန်လေးတွန့် ဆုတ်တတ်ကြတယ်။ လောလောဆယ် လက်လှမ်းမီသလောက် လေ့လာနေဆဲပါပဲ။ ကျွန်တော်ကတော့ သီဝရီတွေ နည်းစနစ်တွေကြား ကိုယ့်ကဗျာလိပ်ပြာလေး ပိတ်မိညပ်သေမသွားအောင် ရှဥ့်လည်း လျှောက်သာ ပျားလည်းဆွဲသာ ဂရုစိုက်ချင်ပါတယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ် ပုံစံခွက်ထဲကအတိုင်း ထွက်ကျလာတာ မဟုတ်ပဲ လွတ်လပ်လန်းဆန်းနေတာမျိုးပေါ့။ ဖြစ်ချင်တာကို အကောင်အထည် ဖော်ဖို့ အတွက်ကလည်း မလွယ်ကူပါဘူး။ ဘာပဲဖြစ်ဖြစ်ကဗျာရေးသူ တစ်ယောက်အနေနဲ့ poetic ပိုင်းဆိုင်ရာတွေ Ideology ပိုင်းဆိုင်ရာတွေ ရှောင်လွှဲလို့ မရပါဘူး။ ကျွန်တော်ကတော့ သဒ္ဒါအလင်္ကာရ နဲ့ အတ္ထါအင်္လကာရ နှစ်ရပ်စလုံးပါအောင် အတတ်နိုင်ဆုံး အားထုတ်ပါတယ်။ ခေတ်စနစ်၊ နိုင်ငံရေး၊ယဉ်ကျေးမှု၊ လူအဖွဲ့ အစည်းကြီးရဲ့ အဖြစ်အပျက်နဲ့ ရှုမြင်သုံးသပ်ချက်တွေ၊ ပုဂ္ဂလအာရုံခံစားမှုတွေ၊ စတဲ့ အရာတွေကို ဘာသာစကားနဲ့ hybrid လုပ်ရေးဖြစ်တာများပါတယ်။ အကြမ်းအားဖြင့် Expression နဲ့ Construction ကို ပေါင်းစပ်ရေးသားဖို့ အားသန်ပါတယ်။ ကျွန်တော့်ကို ရိုက်ခတ်လာတဲ့ ကျွန်တော့်အပေါ်မှာ ကပ်ငြိလာတဲ့ သိမှုနဲ့ အဓိပ္ပါယ်တွေကို ဘာသာစကားကို ကြားခံထားပြီး ပေးပို့ စေသလို၊ ဘာသာစကားထဲကပဲ သိမှုနဲ့ အဓိပ္ပါယ်တွေ ပြုလုပ်တည်ဆောက်ရတာကိုလည်း စိတ်ဝင်တစားသဘောကျမိပြန်တယ်။ ဘောလုံးသမားကောင်းတစ်ယောက် ဖြစ်ဖို့ ဘယ်ခြေရော ညာခြေရော သန်ရပါ့မယ်။ ခေါင်းတိုက်ဘောတွေ ဖရီးကစ်တွေ၊ အလိမ်အခေါက်၊ သက်လုံ၊ ကြံ့ခိုင်မှု၊ နည်းစနစ် ၊ အားကစားစိတ်ဓါတ် စတဲ့ အင်္ဂါရပ်တွေ ပြည့်စုံဖို့ လိုအပ်ပါတယ်။ ကဗျာရေးသူကလည်း ဒီလိုပါပဲ။ ကျွန်တော်ကတော့ ကျွန်တော်လေ့လာထားသလောက် သိသလောက် ဥာဏ်မီသလောက်နဲ့  ဂိုးရှူးဖို့ ဘယ်ခြေညာခြေတော့ ရွေးနေမှာ မဟုတ်ပါဘူး။
မေး ၆။ မြန်မာနိုင်ငံက ကွန်ဆက်ခြူရယ်၊ အယ်လ်ပီ စသဖြင့်နဲ့ ပို့စ်မော်ဒန် ပထမမျိုးဆက် စာပေအယူအဆတွေကို လက်ခံယုံကြည်တဲ့ ကဗျာဆရာတွေမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလအာရုံခံစားမှုကို အဓိကမထားတဲ့၊ ခေတ်စနစ်လူမှုဝန်းကျင်ရဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို မျက်ကွယ်ပြုချင်တဲ့ အယူအဆမျိုးတွေ ရှိနေကြတယ်။ တကယ်တော့ အဲဒီ အယူအဆတွေက ၁၉ ရာစုအလယ်ပိုင်းလောက်က ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ Aestheticism ရဲ့ စာပေအနုပညာ အယူအဆတွေ။ Oscar Wilde တို့လို ကိုယ်တို့ဆီမှာဆိုရင် ဆရာသစာနီတို့လိုပေါ့ အနုပညာရသအဓိက၀ါဒီတွေက သန့်စင်တဲ့ အနုပညာဟာလူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးမသွန်သင်မှုတွေနဲ့ မရောထွေးသင့်ဘူးလို့ ယူဆခဲ့ကြတယ်။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြေညာချက်က Aestheticism ရဲ့ အနှစ်ချုပ် အယူအဆပေါ့။ ညီလေးတို့ အမြင်ကရော...ကဗျာအနုပညာမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့် မပါသင့်။
ဖြေ ၆။ ကဗျာအမျိုးအစားတစ်ခုချင်းစီမှာ ယျေဘူယျသွင်ပြင် လက္ခဏာတွေ၊ ဒေါက်တိုင်တွေ ကတော့ သူ့ အယူအဆနဲ့ သူ ရှိနေတာပဲ။ မတူညီနိုင်ပါဘူး။ ကဗျာစားသုံးသူချင်းလည်း မတူညီနိုင်ပါဘူး။ အသီးအရွက်ကြိုက်သူနဲ့ အသားငါးကြိုက်သူ။ ကိုယ်က အသားငါး မစားလို့ အသားငါးစားသူတွေကို ရန်လုပ်စော်ကားထိုင်ဆဲ မနေသင့်ဘူးလေ။ ပွဲတော်အုပ် ဥပမာလို ပဲပေါ့ဗျာ။ ကိုယ်ကြိုက်တဲ့ဟင်း ရွေးနှိုက်စားရုံပါပဲ။ ယဉ်ကျေးမှု ခေတ်စနစ်နဲ့ မျက်မှောက်ခေတ် လူမှုအဖွဲ့ အစည်း အကြောင်းချင်းရာတွေက နေ့ စဉ်နဲ့ အမျှ လူသားတွေ အပေါ် ရိုက်ခတ်နေပါတယ်။ ရှောင်လွှဲလို့ မလွတ်ပါဘူး။ ဒါတွေရဲ့ ကောင်းကျိုး ဆိုးကျိုးကိုလည်း ကျွန်တော်တို့ အနေနဲ့ မီးမောင်းထိုးပြသင့်တယ်။ ရှုမြင်သုံးသပ်သင့်ပါတယ်။ ' ငါ ' ဗဟိုပြုကိစ္စတွေကလည်း ခုထိ အငြင်းအခုန်ကောင်းတုန်းပါပဲ။ ' ငါ' နဲ့  'ငါ့ ခံစားမှု ဟာ ပင်မရေစီးခေတ်ပေါ်ကဗျာမှာ အဓိက ဇာတ်ဆောင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ခေတ်ပြိုင်ကဗျာတချို့ က 'ငါ' ဗဟိုပြုတွေကို နည်းအမျိုးမျိုးနဲ့ ဖျောက်ဖျက်ကြိုးစားလာကြတယ်။ ငါ' ကို ဆောက်သွားနဲ့ တစ်ချက်ပြီးတစ်ချက်ဖဲ့ထုတ်ကြတယ်။ ငါ' ပါနေခဲ့ရင်လည်း အဲဒီ 'ငါ' ဟာ 'ငါ ' ဗဟိုပြု ' ငါ' မဖြစ်ရလေအောင် ပြုလုပ်ကြတယ်။ ခုနောက်ပိုင်းဆို Parody ပုံစံ 'ငါ' တွေ ခေတ်ပြိုင်ထဲမှာ ထွက်ပေါ်လာပြန်တယ်။ ကျွန်တော့်တစ်ဦးတည်အမြင်အရ လူအုပ်ကြီးထဲမှာ ရောနှောပျောက်ဆုံးနေတဲ့လူသားရဲ့ Identity ကို ရှာဖွေတည်ဆောက်တာကို လက်ခံပါတယ်။ ဒါပေမယ့် ကဗျာဆရာတစ်ဦးတည်းမှာပဲ 'ငါ' ဗဟိုပြုကဗျာတွေ ချည်းပဲ ဖြစ်နေတယ် ဆိုရင်တော့ ငြီးငွေ့ စရာကောငိးပြီး ကဗျာအနုပညာအမြင် အရ ဘောင်ကျဉ်းလွန်းနေမှာပါ။ ဒီလိုပါပဲ ကဗျာဗေဒအယူအဆတွေအရ 'ငါ'ကို လုံးဝကြီး ပစ်ပယ်ထားပြန်ရင်လည်း ကဗျာဗေဒအယူအဆတွေအရ မှန်ကန်ပေမယ့် အနုပညာအမြင်အရတော့ ဘောင်ကျဉ်းနေဦးမှာပဲ။ ငါ ဆိုတာ အတ္တပါပဲ။ ကဗျာရေးသူတွေဟာ ပုထုဇဉ်တွေပါပဲ။ ပုထုဇဉ်မှန်ရင် အတ္တနဲ့ မကင်းပါဘူး။ ” ငါ ” ဗဟိုမပြုတဲ့ ကဗျာတွေကရော ငါ့ကဗျာမှာ “ငါ“ ဗဟိုမပြုအောင် ရေးမယ်ကွာ။ ငါ့ ကဗျာအမျိုးအစားမှာ “ငါ” ကိုဖဲ့ထုတ်မယ်ကွာ ဆိုတဲ့ “ငါ“ အတ္တကြီး ပါနေပြီမဟုတ်လား။ ဆိုတော့ ကဗျာရေးသူမှာ အတ္တမကင်းစင်သေးသမျှ ကဗျာအနုပညာမှာ “ ငါ” ကင်းစင်တယ်လို့ ယူဆလို့ ရပါ့မလား။ ကဗျာနဲ့ ကဗျာရေးသူကို ပူးတွဲ မမြင်သင့်ဘူးဆိုပေမယ့် လူဆိုတာ အတ္တနဲ့ မကင်းကြောင်း ပြောပြတာပါ။ အနုပညာ က အရမ်းကို ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ကဗျာဆရာတွေရဲ့ အတ္တကြောင့် ကျဉ်းမြောင်းနေရတာပါ။ အနုပညာမှာ အရာအားလုံးပါသင့်ပါတယ်။ အနုပညာကို မကန့် သင့်ပါဘူး၊ မသတ်သင့်ပါဘူး၊ မကန့် သတ်သင့်ပါဘူး။ ကျွန်တော်ကတော့ ' ငါ' ကို လုံးဝ ပစ်ပယ်လိုက်တာမျိုး မရှိပါဘူး။ တစ်ခါတလေ ဇာတ်ဆောင်၊ တစ်ခါတလေ ဖြတ်လျှောက်ပါပဲ။ အနုပညာဟာ ပြည်သူအတွက်၊ မဟုတ်သေးပါဘူး၊ အနုပညာဟာ အနုပညာရှင်အတွက် ၊ မဟုတ်သေးပါဘူး၊ အနုပညာဟာ အနုပညာအတွက်၊ မဟုတ်သေးပါဘူး။ အနုပညာဟာ အဲဒီအရာတွေ အားလုံးအတွက်ပါ။
မေး ၇။ ကိုယ့် အမြင်ပြောရရင် မြန်မာစာပေလောကမှာ Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကို စွဲလမ်းဆုပ်ကိုင်ထားတဲ့ အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေလို့ မြန်မာဝတ္ထုတို/ အက်ဆေး အရေးအသားတွေဟာ Realism နယ်ပယ်ထဲမှာပဲ ပိတ်မိနေကြပြီး မြန်မာစကားပြေယဉ်ကျေးမှု အသစ်ဖွံဖြိုးတိုးတက်မှု မရှိဘဲ နှစ်ပေါင်းများစွာ ရပ်တန့်နေတာလို့ မြင်မိတယ်။ ၁၉၉၅ ၀န်းကျင်ကနေ ၂၀၀၅ လောက်အထိ ခေတ်စားရျင်သန်ခဲ့တဲ့ မော်ဒန်နဲ့ ပို့စ်မော်ဒန် စကားပြေတွေကတော့ ခြါင်းချက်ပေါ့လေ။ ကဗျာအနုပညာမှာ ဆိုရင်လည်း Modern Conservative ဖြစ်နေတဲ့ ၀ါရင့် ၀ါနုကဗျာဆရာတွေ၊ အယ်ဒီတာတွေ ကဗျာဖတ် ပရိသတ်တွေ ရှိနေကြသေးတယ် ထင်တယ်။ အဲဒီလို Modern Conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ၊ အနှောင့် အယှက် အဟန့်အတား ဖြစ်စေမယ့် သူတွေလို့
ဆိုနိုင်မလား။
ဖြေ ၇ ။   ။မြန်မာစကားပြေတွေဟာ မြန်မာကဗျာတွေထက် တိုးတက်မှု နှောင့်နှေး နေတာ အားလုံးမျက်မြင်ပါပဲ။ စကားပြေမှာက realism တွေ အားကောင်းမောင်းသန်ဖြစ်ဆဲပါပဲ။ ဒါဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အမှောင်ခေတ်မှာ နှစ်ရှည်ကြာမြင့်စွာ နစ်မြုပ်ခဲ့တာတွေရဲ့ နောက်ဆက်တွဲ ရလဒ် လို့ လည်း ပြောနိုင်တာပဲ။ ဆန်းသစ်တဲ့ စကားပြေရေးဟန်တွေ၊ မော်ဒန်နဲ့ ပို့ စ်မော်ဒန် စကားပြေတွေ ရေးသားခဲ့/ နေသူ အများစုဟာ ကဗျာဆရာတွေ ဖြစ်နေတာကလည်း ထည့်စဉ်းစားသင့်တဲ့အချက်ပါ။ modern conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ ဖြိုးတိုးတက်ရေးမှာ အနှောက်အယှက် အဟန့် အတား ဖြစ်စေမယ့် သူတွေလို့ ကျွန်တော် မသတ်မှတ်ချင်ပါဘူး။ အနည်းနဲ့ အများတော့ အနှောက့်အယှက် အတားအဆီး ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကိုယ့်ပန်းတိုင်ရှိရာ ကိုယ့်ယုံကြည်မှုကို ခိုင်ခိုင်မာမာ မလျော့သောဇွဲနဲ့ ကိုယ့်လမ်းကိုယ်ဖောက်သွားမယ်ဆိုရင် အကောင်းဆုံးအနေအထားတစ်ခုကို ရရှိလာမှာပါပဲ။ အနုပညာဟာ စစ်အစိုးရမှ မဟုတ်တာ။ ဟစ်ပ်ဟော့ပ်တွေ အောင်မြင်ဖို့ ရော့ခ်တွေ အမှိုက်တောင်းထဲ/ ရေဆိုးမြောင်းထဲ ထိုးကျပေးလိုက်ရတာမှ မဟုတ်တာ။ အနုပညာယဉ်ကျေးမှုအသစ်တွေ ပေါ်ထွန်းဖို့ အနုပညာယဉ်ကျေးမှုအဟောင်းတွေ မီးရှို့ ဖျက်စီး ပစ်ဖို့ မလိုပါဘူး။ အနုပညာယဉ်ကျေးမှု အဟောင်းတွေဟာ တလေးတစား တမြတ်တနိုး ထိန်းသိမ်းထားသင့်တဲ့ အရာတွေပါ။
မေး ၈။ အွန်လိုင်း ကဗျာယဉ်ကျေးမှုဘက် တစ်ချက်လောက် လှည့်ကြည့်လိုက်ရအောင်။ အွန်လိုင်းက ကဗျာဆရာတွေနဲ့ ကဗျာတွေအပေါ် ညီလေးတို့ အမြင်ကို အုပ်စုနဲ့ အမျိုးအစားတွေ ခွဲခြားဝေဖန်ပေးပါ။ အွန်လိုင်းနဲ့ ပရင့်တ်မီဒီယာ ပဋိပက္ခ ကိစ္စ၊ အနုပညာဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံ အနုအရင့်ကိစ္စ၊ အယ်ဒီတာ မရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ် ရေးလို့ရနေတဲ့ အခွင့်အလမ်းရဲ့ နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုး၊ အနုပညာ အဆင့်အတန်း သိပ်မရှိတဲ့ ကဗျာတွေအောက်က Like & Comment ကိစ္စတွေက အစပေါ့။
ဖြေ ၈။  ။ပွင့်လင်းမြင်သာမှုနဲ့ နည်းပညာတိုးတက်မှုတွေရဲ့ အကျိုးရလဒ်က အွန်လိုင်းမှာ ကဗျာရေးသူတွေ အုံနဲ့ ကျင်းနဲ့ ဖြစ်လာတာပါပဲ။ အွန်လိုင်းက ရှိနှင့်ပြီးသား လူငယ်တွေအပြင် ပရင့်တ်သမားတွေပါ အွန်လိုင်းပေါ်ရောက်လာတော့ အတော်ကို မြိုင်လာပါတယ်။ အုပ်စုတွေ အမျိုးအစားတွေကတော့ အတိအကျ မပြောနိုင်ပါဘူးဗျာ။ အစုံပလုံပါပဲ။ ကျွန်တော် သိသလောက်တောင် လူငယ်ကဗျာရေးသူတွေ တော်တော်ကြီးကို များနေတယ်။ နာမည်တွေ အရမ်းများလွန်းလို့ ကျွန်တော် အကုန်မပြောနိုင်လို့ ချန်လှပ်ပရစေ။ တွေ့ မိတဲ့ ကဗျာအမျိုးအစား အများစုကတော့ ခေတ်ပေါ်ကဗျာ၊  lp နဲ့  lp နွယ်ကဗျာတွေ ၊ နီယိုမော်ဒန်နဲ့  ပို့ စ်မော်ဒန်၊  စကားပြေ၊ စမ်းသပ်၊  ကော့လာ့ဂ်ျ၊  ဖလာ့ဖ်တွေ၊ hybrid တွေ။ ဆူရီရယ်၊ ဒီဂျစ်တယ် ကဗျာတွေ၊ အစုံပါပဲ။ အနည်းနဲ့ အများပဲကွာတာပါ။ အွန်လိုင်းနဲ့ ပရင့်တ်ကတော့ အရင်လောက် အဖုအထစ်တွေ သိပ်မရှိတော့ဘူးပါဘူး။ သမီးရည်းစားအဆင့်တောင် ရောက်လောက်ပါပြီ။ ပရင့်တ်သမားတွေ အွန်လိုင်းပေါ် ရောက်လာသလို အွန်လိုင်းသမားတွေလည်း ပရင့်ပေါ်တက်လှမ်းနေကြပါပြီ။ မဂ္ဂဇင်းတွေ အီးမေးလ်လိပ်စာတွေ အသုံးပြုလာတာ အွန်လိုင်းနဲ့ ပရင့်ကွာဟ မှုကို ကျဉ်းမြောင်းစေတာပါပဲ။ မဂ္ဂဇင်းတိုင်းလိုလို အီးမေးလ်လိပ်စာတွေ သုံးလာနိုင်မယ်ဆိုရင် အွန်လိုင်းပေါ်က လူငယ်ကဗျာဆရာတွေ ပရင့်တ်ပေါ် ခပ်စိပ်စိပ်မြင်လာနိုင်ပါတယ်။ အွန်လိုင်းချည်းသက်သက် ရေးသားနေတဲ့ လူငယ်တွေလည်း ရှိနေပါသေးတယ်။ အွန်လိုင်းရဲ့ အားသာချက်က ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ်ချပြလို့ ရတယ်။ ဒ့ါက ကဗျာအနုပညာ ကို ပိုပြီး ကျယ်ပြန့် စေတဲ့အချက်ပေါ့။ ဖက်သူဆီက ချက်ချင်း တုန့် ပြန်မှုရတယ်။ ပရင့်တ်မှာဆို ကိုယ့်ကဗျာ စာဖတ်သူဆီရောက်ဖို့ အဆင့်ဆင့် ကျော်ဖြတ်ရတယ်။ အယ်ဒီတာက မကြိုက်လို့ ပလုံစွက်လိုက်ရင် ကိစ္စပြတ်ရော။ ဆိုးကျိုးကတော့ ပရမ်းပတာ နိုင်လာတယ်။ မင်းမဲ့ဆန်လာတယ်။ copy paste တွေကလည်း ခေတ်စားတော့ ခပ်တည်တည် ကလောင် ပြောင်းတပ်ခံရတာတွေ ပေါ့။ like တွေ comment တွေကိစ္စကတော့ ကဗျာရေးသူအတွက် အားအင် ဖြစ်စေနိုင်သလို like တွေ comment တွေ ထဲမှာပျော်ဝင်မသွားဖို့ လည်း သတိထားသင့်မယ်ထင်တယ်။ အွန်လိုင်းမှာလည်းသာမန်ကဗျာဖတ်ပရိသတ်များပါတယ်။ ခေတ်ပေါ်ကဗျာကောင်းတစ်ပုဒ်ဟာ ခေတ်ပြိုင်ကဗျာကောင်းတစ်ပုဒ်ထက် like တွေ၊ commentတွေ ၊ share တွေ ပိုရနေတာ အထင်းသားပါ။ ပရိသတ်အကြိုက် လိုက်ရေးနေမယ်ဆိုရင်လည်း တိုးတက်သင့်တာတွေ နောက်ကျသွားနိုင်ပါတယ်။ လူငယ်ကဗျာရေးသူအများစုကတော့ သူတို့ ရှေ့ က တတ်သိနားလည်တဲ့ ဆရာသမားတွေရဲ့ အပြုသဘောဆန်တဲ့ comment တွေ ကို ပိုပြီးဆာလောင်တတ်ကြပါတယ်။ တန်ဖိုးထားတတ်ကြပါတယ်။
မေး ၉။ မြန်မာကဗျာလောကမှာ ကဗျာချဉ်းကပ်ခံစား ဝေဖန်မှု လုပ်ကြတဲ့အခါ တန်ဖိုးထား နားလည်ခံစားမှု( Appreciation ) နဲ့ ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်( Criticize ) လုပ်တာ ဆိုပြီး နှစ်မျိုးနှစ်စားလုံး လုပ်ဆောင်ကြတာ တွေ့ရတယ်။ ဆရာမြဇင်၊ ဆရာ မင်းလှညွန့်ကြူး၊ ဆရာမျိုးသန့်၊ ကိုမင်းခက်ရဲ၊ သူရနီတို့ရဲ့ ကဗျာချဉ်းကပ်မှုတွေက Criticize ဘက်ကို အလေးသာပြီး ဆရာမောင်သာချိုနဲ့ ကို အောင်ခင်မြင့်တို့က Appreciation ဘက်ကို အလေးသာတယ်လို့ ကိုယ် မြင်တယ်။ မြန်မာကဗျာဝေဖန်ရေးအပေါ် ညီလေးတို့ရဲ့ အမြင်။ ပြီးတော့ အခု နှစ်ပိုင်း အွန်လိုင်းမှာ သဘောထားအမြင်မျိုးစုံနဲ့ လူပြောသူပြောများနေတဲ့ မောင်ဂျိုကာရဲ့ ကဗျာချဉ်းကပ်မှုတွေနဲ့ လူမှုရေး ဝေဖန်ချက်တွေအပေါ် အမြင်။
ဖြေ ၉။  Appreciation ရော Criticize ရော နှစ်ခုစလုံး လိုအပ်ပါတယ်။ ဝေဖန်ဆန်းစစ်မှု တွေ ရှိမှလည်း တိုးတက်မှု တွေ ရှိမှာပါ။ အခုအခြေအနေက ကဗျာဝေဖန်ရေးသမားက ဗေဒါ တစ်ပင်ဆို ကဗျာရေးသားသူက ဘဲအုပ် တစ်ရာ နှစ်ရာ အနေအထားကို ရောက်နေသလိုပဲ။ ဝေဖန်ရေး ဆိုရာမှာလည်း ချစ်သူကို သာစေ မုန်းသူကို နာစေ ကြီးကတော့ လုံးဝကို မရှိသင့်တဲ့ အရာပါ။ သမာသမတ်ရှိဖို့ အရေးကြီးပါတယ်။ ပုဂ္ဂိုလ်ရေး ဝေဖန်မှုတွေမလုပ်ပဲ စာပေအနုပညာပေါ်မှာပဲ အကယ်ဒမစ်ကျကျ လုပ်ဆောင်ရင်တော့ ဒါဟာ  တကယ်လေးစားစရာပါပဲ။ ဆရာဇော်ဇော်အောင်၊ဆရာဇေယျာလင်း၊ဆရာဇော်ဇော်ထွန်းတို့ ရဲ့ ကဗျာဆိုင်ရာဆောင်းပါးတွေ၊ ဆရာမင်းခက်ရဲ၊ ဆရာသူရနီ၊ ဆရာအောင်ရင်ငြိမ်း စတဲ့ ဆရာတွေရဲ့ ကဗျာချဉ်းကပ်တွေဟာ
 လေ့လာသူလူငယ်တွေအဖို့ အလွန်ကိုတန်ဖိုးရှိပါတယ်။ ကဗျာအမြင်တွေလည်း တိုးတက်ပွင့်လင်းလာပါလိမ့်တယ်။ မောင်ဂျိုကာ နဲ့ မောင်ချာလီကိုတော့  ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု တွေကို လျော့ပြီး ကဗျာဝေဖန်ရေး တွေ ဆက်လုပ်ပေးပါလို့ တောင်းဆိုလိုက်ပါတယ်။
မေး။  ၁၀။ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ခေတ်ပေါ်ကဗျာ၊ အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ ဖလာ့ဖ်၊ စကားပြေကဗျာ စသဖြင့် ကဗျာအယူအဆ/ အမျိုးအစားတွေ ရှိနေကြတယ်။ ခေတ်ပြိုင်ကဗျာ( Contemporary Poetry) ဆိုတဲ့ ဝေါဟာရအပေါ်မှာလည်း အမြင်နဲ့ ၀ိဝါဒ အမျိုးမျိုး ကွဲပြားနေကြတယ်လို့ ထင်တယ်။ ကိုဇော်ဇော်ထွန်းကတော့ ခေတ်ပြိုင်ကဗျာလို့ မြန်မာလို မပြောဘဲ Contemporary Poetry လို့ အင်္ဂလိပ်လို တိုက်ရိုင် သုံးနှုန်းပြောဆိုဖို့ အကြံပေးထားတယ်။ ခေတ်ပြိုင်ကဗျာဆိုတာ တချိုကဗျာဆရာတွေ ယူဆနေသလို ကဗျာအမျိုးအစားသစ် တစ်ခုလား။ ဒါမှမဟုတ် ၂၀၁၀ အလွန် မြန်မာနိုင်ငံမှာ အသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုလား။ ညီလေးတို့ ဘယ်လို ခွဲခြားနားလည်ထားလဲ။ ညီလေးတို့ အမြင်နဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုရော ၂၀၁၀ အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်မလား။ ချန်ထားခဲ့ချင်လား။ ပြီးတော့ လာမယ့် ဆယ်စုနှစ်တစ်ခု အတွင်း ခေတ်ပြိုင်မြန်မာကဗျာရဲ့ အလားအလာ။ ဘယ်လို ကဗျာအမျိုးအစားတွေ ဆက်လက် ရှင်သန်ရပ်တည် နေနိုင်မယ် ထင်လဲ။ ဘယ်လို ကဗျာ အမျိုးအစားသစ်တွေ အသစ် ပေါ်ပေါက် ထွန်းကားလာမယ်လို့ ခန့်မှန်း ထင်ကြေးပေးမလဲ။
ဖြေ ၁၀။  ခေတ်ပြိုင် ကဗျာ ဆိုတာ ခေတ်တစ်ခေတ်တည်းမှာ အပြိုင်ပေါ်ထွက်လာတဲ့ ကဗျာအမျိုးအစားအကုန်လုံး ကို ခြုံငုံခေါ်ဝေါ်တာ ဖြစ်သလို ခေတ်ပြိုင်ကဗျာအမျိုးအစားအသစ်တွေကို ရည်ညွှန်းတာလည်း ဖြစ်တယ် လို့ အကြမ်းဖျင်းသဘောပေါက်ထားပါတယ်။ပြီးတော့ ခေတ်ပြိုင်အကြောင်းချင်းရာတွေကို ရေးသားထားတဲ့ကဗျာတွေကိုလည်း ခေတ်ပြိုင်ကဗျာလို့ လည်း ပြောလို့ ရပါတယ်။ ခေတ်ပေါ်ကဗျာတွေကလည်း ခေတ်ပြိုင်အကြောင်းချင်းရာတွေ ရေးသားကြတော့ ခေတ်ပြိုင်ကဗျာထဲ အကျုံးဝင်နေမှာပါပဲ၊  ခေတ်ပေါ်ကဗျာကို ဘယ်သူတွေက ဘယ်လိုပဲထားခဲ့ ထားခဲ့ ပင်မရေစီးကြောင်းကတော့သူ့ အလှနဲ့ သူစီးဆင်းနေဦးမှာပါပဲ။
 ခေတ်ပေါ်သာမရှိခဲ့ဘူးဆိုရင် ခေတ်ပြိုင်ကဗျာအမျိုးအစားအသစ်တွေလည်း ပေါ်လာစရာ
အကြောင်း မရှိပါဘူး။ ကျွန်တော်တို့ ရဲ့ မိခင်မြစ်မ,ဖြစ်တဲ့ ခေတ်ပေါ်ကဗျာကိုတော့ ယန်ဇီမြစ်လို မခန်းခြောက်စေချင်ပါဘူး။ သူ အနုပညာနဲ့ သူ ၊သူ့ တန်ဖိုးနဲ့ သူ ဆက်လက်စီးဆင်းစေချင်ပါတယ်။ ဆရာဇော်ဇော်ထွန်းရဲ့ အကြံပေးမှုဟာ အလေးအနက်ထား ဝိုင်းစဉ်းစားစရာပါ။ ပညာရပ်ဆန်တဲ့ အတွက် ကျွန်တော် လက်လွှတ်စပယ် မသတ်မှတ်ဝံ့ပါဘူး။ ဘယ်လိုကဗျာအမျိုးအစားတွေ ဆက်လက်ရှင်သန်ရပ်တည်မလဲ ဆိုတာကတော့ ပြောရခက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က ကဗျာလောဘကြီးသူတစ်ယောက်ဆိုတော့ ကဗျာအမျိုးအစားအကုန်လုံးကို ဆက်လက်ရှင်သန် တိုးတက်ရပ်တည်စေချင်ပါတယ်။ တစ်မျိုးတစ်စားတည်း အားကောင်းသွားမယ်ဆို ကဗျာအနုပညာ ဘောင်ကျဉ်းသွားနိုင်ပါတယ်။ အနုပညာနယ်ပယ်မှာ ကဗျာဟာ အနက်ရှိုင်းဆုံးနဲ့ အကျယ်ပြန့် ဆုံးပါပဲ။ နောက်ထပ် ဘယ်လို ကဗျာအမျိုးအစား အသစ်တွေ ပေါ်ထွက်မလာတော့ဘူးဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ပေါ်ထွက်လာခဲ့ရင်လည်း ကြိုဆိုဖို့ အသင့်ပါ။ လူငယ်တွေရဲ့ အသံကို ဖော်ထုတ်ပေးတဲ့ ဆရာအောင်ရင်ငြိမ်းကိုလည်း ကျေးဇူးအရမ်းတင်ရှိပါတယ်။
Tuesday 18 June 2013
ခေတ်ပြိုင် # 7 ကဗျာစာအုပ် ဆရာသစ္စာနီ အမှာစာ
[ ၁ ]
သူတို့ (၇) ယောက်။(၅)ယောက်က မလေးမှာ။ (၂)ယောက်က မြန်မာပြည်မှာ။ကဗျာဆရာဆိုသူတွေမှာ အနေဝေးကြသော်လည်း သွေးနီးသူတွေဖြစ်သည်။ ကိုသျှားကလွဲ၍ ကျန်သူတွေကို
ကျွန်တော် မမြင်ဖူး။သို့သော် facebook ပေါ်မှာတော့ တွေ့သိနေသူတွေ။သူတို့ထဲမှ တစ်ချို့မှာ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် အတန်အသင့် နေရာရပြီးသူတွေ။ ဘ၀ပေးအခြေအနေအရ ရေခြားမြေခြားတွင် စီးပွားရှာနေကြသော်လည်း အသက်ဓာတ်ကို အနုပညာနှင့် ပူနွေးစေခြင်းဖြင့် အနှစ်သာရရှိရှိ ကုန်လွန်နိုင်သူတွေဖြစ်သည်။ သူတို့သည် လူလတ်ပိုင်းသို့ ချဉ်းနင်းဝင်ရောက်စ လူငယ်တွေဖြစ်သည်။ အရွယ်နှင့်မမျှသော ရင့်ကျက်မှုကို သူတို့ကဗျာများတွင် တွေ့ရသဖြင့် ကျွန်တော် ပီတိဖြစ်မိသည်။ ကျွန်တော်က လက်တွဲကာ လမ်းလျှောက်သင်ပေးရမည့်သူတွေမဟုတ်။ သူတို့သည် ကောင်းကောင်းကဗျာလားမြောက်နေကြောင်း မကြာခင် ဖတ်ရှုရမည့် သူတို့ကဗျာများဟာ သက်သေခံပါလိမ့်မည်။ သူတို့ဝါ သူတို့သမ္ဘာကို မြင်ရလိမ့်မည်။ ကဗျာလက်သင်ကလေးများမဟုတ်ကြ။မလေးရှားသည် မြန်မာလူငယ်ကဗျာဆရာ
များအတွက် ရေခံမြေခံတစ်ခုပေလားမသိ။ လှသန်း မလေးရှားက ပြန်လာသောအခါ ကဗျာတွေ ပိုကောင်းလာတာ တွေ့ရသည်။အတွေ့အကြုံရော အတွေးအမြင်ပါ ရင့်ကျက်လာသည်။ရေခြားမြေခြားတွင် ဘ၀ကို အဓိပ္ပာယ်ရှိရှိ ကုန်လွန်ဖို့ သူတို့ ကဗျာကို ရွေးချယ် ခဲ့တာ ကျွန်တော် စိတ်ရင်းနှင့် ချီးမွမ်းမိပါသည်။
[ ၂ ]
သူတို့ကဗျာပုံစံမှာ ယနေ့လူငယ်အများစု အားပြုရေးသားနေသော ခေတ်ပေါ်နှင့်ခေတ်ပြိုင်အကြား(hybrid)ပုံစံဖြစ်သည်။
ခတ်ပေါ်ကဗျာ၏အရင်းခံကျသော ပြင်းရှသည့်စိတ်ခံစားမှုနှင့် အားကောင်းသော အလင်္ကာအသုံးကို မစွန့်လွှတ်။ ခေတ်ပြိုင်ကဗျာ၏ အလျားလိုက်သဘော စာကြောင်းအစီအစဉ် ပြန့်ကြဲနေသောအကြောင်းအရာနှင့် စိပ်မွှာနေသောအာရုံရုပ်များကိုလည်း ကိုင်စွဲ။ ဤနှစ်ချက် ရောနှောပျော်ဝင်နေသည်ကို သူတို့ကဗျာများတွင် တွေ့ရမည်။ အားလုံးလိုလိုပင် အိုင်တီနည်းပညာနှင့် နီးစပ်သူတွေဖြစ်သဖြင့် အဲဒီအသုံးအနှုန်းတွေကို သူတို့ကဗျာများတွင် တွေ့ရှိရခြင်းမှာလည်း ထူးခြားချက်ဖြစ်သည်။ Theme က . . . ဒီနေ့လူငယ်ထုရဲ့အသံလို့ဆိုနိုင်တဲ့၊
တည်ရှိဆဲလူ့အဖွဲ့အစည်းအပေါ် စိတ်တိုင်းမကျဖြစ်ရာကနေ တအုံနွေးနွေးပေါက်ကွဲနေ တဲ့ဆူပွက်သံစဉ်တွေ။ သူတို့ အဆင်ပြေနေတဲ့ကောင်မလေးတွေ၊ အဆင်မပြေတဲ့ကောင်မလေးတွေ
လည်း (လူငယ်ပီပီ)ပါလိမ့်မယ်။ မိသားစုအခြေအနေ၊အလုပ်အကိုင်၊ အလိုမပြည့်စရာတွေ များတဲ့ဘ၀၊ တစ်ခါတစ်ရံ နာကျည်းဒေါသ၊ တစ်ခါတစ်ရံ စိတ်ဓာတ်ကျ။ သူတို့(၇)ယောက်ပေါင်းရေးတဲ့ကဗျာရှည်ထဲက စာပုဒ်တစ်ပုဒ်လိုပါပဲ။
“ ငါတို့စိတ်ဓာတ်တွေကို အရိုးကြေကြေ အရေခမ်းခမ်း ခေတ်ကြီးတစ်ခုလုံးထဲ
သွေးသံရဲရဲ သွန်ပစ်ခဲ့လိုက်ကြတယ်
ဒီကဗျာတွေဟာ ခေတ်ကြီးထဲကို သွန်ချပစ်လိုက်တဲ့သူတို့ရဲ့သွေးသံရဲရဲတွေပါပဲ။
[ ၃ ]
“ စိတ်ကို ကျည်မထိုးဘဲ ပြောခဲ့မယ် ”
“ လူမှန်ရင် လောကဓံ ခုတ်ရာတစိုစိုနဲ့ ကိုယ့်အလောင်းကိုယ်ထမ်းနေရတဲ့
ဘ၀ခရီးသွားတွေချည်းပါပဲ
“ ငါမသေခင် ပန်းတစ်ပွင့် မညှိုးနွမ်းစေရဘူး မင်း မသေခင် မြက်တစ်ရွက်နွမ်းမသွားစေနဲ့ ”
(မင်း/ငါ မရှိတော့ဘူးဆိုရင် ဟောဒီကမ္ဘာကြီးကို ဘယ်သူ့လက်အပ်ထားခဲ့ရမလဲ)ကဗျာမှာ ညီလင်းနိုင်က အဲဒီလိုမှာသည်။
(အမှန်ပြောရရင် ဟောဒီတစ်ညလုံး ကိုယ့်စိတ်ကိုယ် Suicideလုပ်ပစ်လိုက်မိတယ်)ကဗျာမှာတော့...
“ ဆွဲမထုတ်ရသေးတဲ့နောက်ဆုံးဖဲချပ်မှာ အသေခံဗုံးခွဲသမားလည်း ရှိနိုင်သလို သူတော်စင်လည်း ရှိနိုင်တယ်လို့ ငါ ယုံကြည်နေပါရစေ ”
ဟုလောကကို အကောင်းမြင်ဖို့ ကြိုးစားခဲ့သည်။
လင်းလက်တာရာရဲ့...
(ပျော်ကျနေတဲ့ မပျော်ရွှင်မှုထဲ ပျော်ဝင်နေတဲ့အရေးအသား)ကဗျာမှာတော့...
“ သာတူညီမျှဟာ တစ်ဖက်တည်းကိုပဲ စောင်းပြီးနင်းနေတယ် လီဗာပြင်းပြင်း
ကျွန်တော်လည်း ဘရိတ်ပေါက်နေတဲ့လူငယ်တစ်ယောက်ပါ
မတရားမှုဟာ တစ်ချက်တည်းနဲ့ ကျင်းဝင်သွားတယ်
လို့ အတိအလင်း ကြေညာလိုက်သလို . . .
(ရောက်နေတဲ့နေရာနဲ့ရောက်ချင်တဲ့နေရာမြှောက်လိုက်တော့ စကြ၀ဠာကြီးရတယ်)ကဗျာမှာတော့.....
“ ကိုယ့်ယာခင်းလေးမှာ ပိုးမထိုးတဲ့ရာသီဥတု ဘယ်နှပင် အမှန်တရားစိမ်းစိမ်း ဘယ်နှခင်း ကောင်းကင်ကြီးကို မိုးချင်တိုင်းမိုးနေတဲ့ဒုက္ခသစ္စာတွေက ကျစ်လိုက်တိုင်း ခိုင်တဲ့ကြိုး ”
ဟု ဘ၀ကို ဆန်းစစ်ပြထားတာ တွေ့ရသည်။ သူ့ကဗျာတွေထဲက ကျွန်တော် အကြိုက်ဆုံးကဗျာမှာ (ဘာသာစကားသစ်ပင်မှာ လူတို့ အလွယ်တကူမဆွတ်ခူးနိုင်တဲ့အသီးအပွင့်တွေ) ဖြစ်သည်။
ရွှေကိုယ်နတ်ရဲ့ကဗျာတွေကတော့ စမ်းသပ်ထားသော ပုံစံခပ်ဆန်းဆန်းတွေဖြစ်သည်။ လတ်ဆတ်မှုကို ထင်ထင်ရှားရှား တွေ့ရသည်။ သူ့ကဗျာတွေက တစ်ကြောင်းတစ်ပါဒစီထုတ်ပြတာထက် တစ်ပုဒ်လုံးဖတ်မှ ကဗျာဆရာပေးသော ရသကို ခံစားနိုင်မည်ဖြစ်သည်။ ဥပမာ အောက်တွင် ဖော်ပြထားသော သူ့ကဗျာတစ်ပုဒ်ခေါင်းစဉ်ကို ကြည့်ပါ။
(ဒါမှမဟုတ် ဒီစာသားအဆောက်အအုံကို ဒေါင်းလော့လုပ် နှစ်သက်ရာ deviceတစ်မျိုးမျိုးနှင့်
သရုပ်ခွဲကြည့်လျှင် ၀မ်းနည်းမှုအစိုင်အခဲ)
ရဲရင့်လမင်းကတော့ ရိုးရိုးစင်းစင်းရေးဟန်နှင့် လှလှပပတွေးစရာတွေ ပေးတတ်
သူဖြစ်သည်။သူ့ပထမဆုံးကဗျာခေါင်းစဉ်...
(လူဟာ လူယောင်ဆောင်ပြီး လူ့အဖြစ်ကို ရလာတာ)ကပင် စဉ်းစားစရာ။
“ ခန္ဓာတစ်ခုချင်းစီဟာ စက်ရုံတွေသာဖြစ်ရင် နေ့စဉ်နဲ့အမျှ ရယ်သံတွေပဲ ထုတ်လုပ်နေမှာပေါ့ ” ဆိုတာ သူ့လောကအမြင်ရဲ့တစ်စိပ်တစ်ဒေသ။
(ကကြီးက ဗျာလို့ထူးတော့ ထုံးစံအတိုင်း ကမ္ဘာကြီးက အထစ်ထစ်အငေါ့ငေါ့) ကဗျာနှင့် (ပန်းစိုက်ခြင်းအနုပညာ/လူတစ်ကောင်ရဲ့အထူးပြုလုပ်ချက်/အပေါစားအပ်ဖျားပေါ်ကခေတ်ကြွင်းခေတ်ကျန်ဗိုင်းရပ်စ်များ) ကဗျာတို့မှာ စွဲမက်စရာဟု ဆိုချင်ပါသည်။
ကိုသျှားရဲ့
(ငါတို့ပြောရင် သီချင်း ငါတို့ရေးရင် ကဗျာ ငါတို့ဟာ မင်းသားယောင်ဆောင်ထားတဲ့မင်းသားတွေ)
ကဗျာမှာ FBတွင် ဖတ်ပြီးသားဖြစ်သည်။အစပုဒ်ဖြစ်သော.....
ထုံးစံအတိုင်း နင်တို့ကို အိမ်စောင့်နတ်က နှင်ထုတ်ထားတာလားနဲ့ စရင်
ဘယ်သူ့စီးပွားရေး တုတ်နဲ့ထိုးချနေလို့လဲအမေရဲ့နဲ့ ဆုံးမယ်
အိမ်မှာဆိုရင် အိနြေ္ဒမရ ဟိုရွရွ ဒီရွရွ
လမ်းပေါ်မှာဆိုရင် လန်ထွက်နေအောင် လန်းကြပေါ့ လူငယ်
ဆိုတာသည် ခေတ်လူငယ်တို့ဘ၀ကို အပီအပြင် မီးမောင်းထိုးပြသလို မှတ်ရသည်။(ကျွန်တော်တို့လည်း ဒီဘ၀ကို ဖြတ်သန်းခဲ့ရသည်။ လူကြီးနဲ့လူငယ်အကြားမှ နားလည်မှုအလွဲများ သို့မဟုတ် မျိုးဆက်
ကွာဟမှုပြဿနာ။)
(တစ်ခုခုဖြစ်ခဲ့တယ် ဘာဖြစ်နေတယ် ညာဖြစ်နေတယ် ကိုသျှားဖြစ်ချင်တယ်)ကဗျာသည် သူ့ဘဝ
ဖြစ်တည်မှု ကြေညာစာတမ်းနဲ့ တူသည်။
(စကားလုံးမဟုတ်တဲ့ဝိုင်ယာကြိုးထဲကလူတွေ ဂျွန်စတိန်းဘတ်ဖတ်ရင်းနဲ့ တစ်ယောက်တစ်မျိုး အမည်မဲ့ အဓိပ္ပာယ်များကို
ဆေးကြောခြင်း)တွင်မူ သူ့ရဲ့အသစ်ထွင်လိုမှုနှင့် ဆက်စပ်မှုအနုပညာ၌ ပါးနပ်ပုံကို တွေ့ရသည်။
ခေတ်ပေါ်လူမှုဆက်ဆံရေးဆိုတာ လှုပ်မသောက်မိတဲ့ဆေးပုလင်းပေါ့
အခုတော့ မင်းခေါင်းနဲ့ငါ့ပုခုံးလည်း ကျွန်းကိုင်းမမှီနိုင်တော့ဘူး
ဤကဲ့သို့ တိုတိုရှင်းရှင်းထိထိမိမိလေးနက်အောင် ရေးတတ်ပြောတတ်သူမှာ ကဗျာဆရာ ဆူးရဲဖြစ်သည်။(ဟိုတွေးဒီတွေးကလည်း ဟိုသွေးဒီသွေးလို အမျိုးအစားအလိုက်...ကဗျာမှ)
သူ့ကဗျာများမှာ သူ့ကလောင်နာမည်လိုပင် စူးစူးရဲရဲရှိသည်။သို့မဟုတ် ဆူးဆူးရဲရဲရှိသည်။
ဥပမာ (ကျစိမ့်တစ်ခွက်ရယ် စိတ်ကျတစ်ညနေရယ် စိတ္တဇတွေ စိမ့်ကျနေတဲ့စိတ်ဆဲလ်တွေရယ်
ကဗျာမှာ...)
လူတွေဟာ အူတွေလို ရှုပ်ထွေးရင်း ဗိုက်ဟောင်းလောင်းပွင့်နေတာမျိုး
ကိုယ်နားမလည်တဲ့သီချင်းဟာ ကိုယ့်နားထင်ကို ကျည်ဆံလို ဖောက်ဝင်ပြီး
အတွေးကို သွေးသွင်းရတာမျိုး
သူသည် ဝေါဟာရများကို ဘာသာဗေဒကဗျာများကဲ့သလို့ တစ်ခါတစ်ရံ ကစားတတ်သူဖြစ်သည်။ (ကိုယ်ရေးကိုယ်တာ ကိုယ့်အရေးအသားဟာ ကိုယ့်အသွေးအသားအာရုံကိုက်ခဲမှုအတိုင်း)ဆိုတဲ့ ကဗျာခေါင်းစဉ်ကို ကြည့်ပါ။
သူ့ရဲ့ (အစပိုင်းက စထားတဲ့အပိုင်းအစတွေဟာ ကောက်သင်းကောက်သလို အလေအလွင့်) ကဗျာမှာ အဆင့်မှီခေတ်ပြိုင်ကဗျာတစ်ပုဒ်ဟု ဆိုလျှင် ငြင်းမည့်သူနည်းမည်ထင်ပါသည်။ဒီကဗျာအမည်ဖြင့်
ပင် (၂)ပုဒ်ကို ဆက်ရေးခဲ့ပါသည်။
ကျည်ဆံတစ်တောင့်ကနေ ပန်းပွင့်သွားတယ် သေပန်းပေါ့သူငယ်ချင်း
ငါ့နားမှာထားတဲ့ခပ်ရိုင်းရိုင်းစကားလုံးတွေကို ၀ါးစားမိတော့မယ်
ဖရုဿဝါစာတွေ တစ်လှေကြီးကို လက်မှတ်တိတိကျကျနဲ့ စီးမိတော့မယ်
အဲသလို မကျေမချမ်းလေသံပေးတတ်သူ ကဗျာဆရာ ကျော်ဦး(လှိုင်)ဖြစ်သည်။( မင်းဟာ မင်း
ရွတ်/ဆိုမဲ့ ကဗျာ/သီချင်း ကဗျာမှ...)
သူသည်(ကိုယ်ချိုးထားတဲ့နံရိုးဟာ ကိုယ့်ကို ပြန်ခြောက်တဲ့ည)ကဗျာလို လူငယ်ဘ၀ကို ထင်ဟပ် သည့် ကဗျာမျိုးတွေလည်း ရဲရဲရေးတတ်သည်။ သူသည် ပတ်ဝန်းကျင်အမျိုးမျိုးတို့ဘ၀ကိုလည်း သိမြင်စာနာတတ်သူဖြစ်သည်။
(ခင်ဗျားတို့ကိုယ် ခင်ဗျားတို့စားဖို့ သုံးမိနစ်ပဲ စောင့်ပါ)ကဗျာ....
(ကိုယ့်ကဗျာမှာ ကိုယ့်နာမည်တပ်လိုက်တဲ့အခါ မိုက်တွင်းပိုနက်သွားတယ်)
ကဗျာများတွင်မူ လောကအမြင်နှင့်သူ့ဖောက်ခွဲမှုကို တွေ့မြင်နိုင်သည်။
လူငယ်(၇)ယောက်လုံး၏ကဗျာများမှာ ရဲရင့်ပွင့်လင်းလွတ်လပ်သည်။ ခေတ်လူငယ်ထု၏ ဘ၀ဒဿနကို ကိုယ်စားပြုနိုင်သည်။ ဒီလိုတိုးတက်သော လူငယ်ကဗျာဆရာလေးတွေ အဆက်မပြတ် ဖြစ်ထွန်းနေတာမြင်ရသဖြင့် ကျွန်တော် ဘ၀င်ကျသွားသောအရာတစ်ခုရှိကြောင်း နောက်ဆုံး ပြောလိုပါသည်။ ထိုအချက်မှာ ကျွန်တော်တို့ မြန်မာကဗျာလောကကြီး ဘယ်သောအခါမှ
ဆိတ်သုဉ်းမည်မဟုတ်ဆိုသော အချက်ပင်ဖြစ်ပါတော့သည်။
အားလုံးကို လေးစားလျှက် . . .
သစ္စာနီ
(၃၀.မေ.၂၀၁၃)
ရန်ကုန်။
လင်းလက်တာရာ စကားလုံး မောင်းပြန်ရိုင်ဖယ် ခေတ်ပြိုင်လူ့အဖွဲ့အစည်းကို စူးရဲကျယ်ပြန့်တဲ့ မျက်လုံးတွေနဲ့ ထွင်းဖောက်ကြည့်မြင်သူ
လင်းလက်တာရာ
စကားလုံး မောင်းပြန်ရိုင်ဖယ်
ခေတ်ပြိုင်လူ့အဖွဲ့အစည်းကို စူးရဲကျယ်ပြန့်တဲ့ မျက်လုံးတွေနဲ့ ထွင်းဖောက်ကြည့်မြင်သူ
အောင်ရင်ငြိမ်း
                 လင်းလက်တာရာ၊အသက် (၂၅ )၊ ရေလယ်ကျောက်တန်းဇာတိ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က မြန်မာစာအထူးပြုနဲ့ ဘီအေဘွဲ့ရ၊ ပထမဆုံး ပုံနှိပ်စာမူ ရုပ်ရှင်အမြုတေမဂဇင်း ၂၀၀၆၊ ဟာသ၀တ္ထုတိုတွေလည်း ရေးခဲ့ဖူး၊ ကဗျာဆရာ လူခါး၊ ရာဇာမျိုး( အင်းကုန်း) တို့နဲ့အတူ " ပင်လယ်နဲ့ ပတ်သက်နေတဲ့ ရွက်တွေ " ကဗျာစာအုပ်( ၂၀၁၂) ၊ ကဗျာဆရာမောင်ရေချမ်း၊ စစ်နိုင်၊ လူခါး၊ လင်းဝေအိမ်၊ ထွန်းလင်းသစ်( ကန့်ဘလူ)၊ အဂလင်း၊ ဆူးရဲ တို့နဲ့အတူ " အက္ခရာလမ်း" ကဗျာစာအုပ်( ၂၀၁၃) တွေ ပုံနှိပ်ထုတ်ဝေခဲ့ဖူးတယ်။
                 လင်းလက်တာရာဟာ ပင်မရေစီးခေတ်ပေါ်ကဗျာသင်ရိုးကို ကျေညက်ခဲ့သူ လူငယ်ကဗျာဆရာတစ်ယောက် ဖြစ်ပြီး ကဗျာဘာသာစကား ကျွမ်းကျင်နိုင်နင်းသူ။ ခေတ်ပေါ်ကဗျာကနေ ခေတ်ပြိုင်ကဗျာ ယဉ်ကျေးမှု အသစ်ဆီ အရွေ့မှာ Expressive, Experimental & Prose Neomodern ကဗျာတွေ ပြောင်းလဲ စမ်းသပ်ရေးသားလာတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့ ကဗျာအယူအဆရေးရာ ဗဟုခေတ်ကို ဖြတ်သန်းနေရတဲ့ လူငယ်တွေအနေနဲ့ ခေတ်ပြိုင်မြန်မာကဗျာအခင်းအကျင်းထဲက L.P, Neomodern, Conceptual, Experimental ကဗျာအယူအဆတွေ အားလုံးကို ထိတွေ့လေ့လာနေကြရပါတယ်။ အဲဒီ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု အနေနဲ့ လင်းလက်တာရာရဲ့ ကဗျာစာသားတွေမှာ ဘာသာစကားကဗျာ( မြန်မာ) ရဲ့ လက္ခဏာတစ်ရပ်ဖြစ်တဲ့ Language Game ပြုလုပ်မှု တချို့ပါဝင်ပေမဲ့ အဓိပ္ပာယ်တွေ ချိုးဖျက်/ ရပ်ဆိုင်း/ ကမောက်ကမဖြစ်သွားစေတဲ့အထိ နည်းစနစ်ပိုင်း အစွန်းမရောက်ဘဲ Poetic Technique တစ်ခုအဖြစ် စမ်းသပ်ယူငင်သုံးစွဲတာမျိုးသာ ဖြစ်တာ တွေ့ရပါတယ်။
                 လင်းလက်တာရာရဲ့ ကဗျာစာသားတွေမှာ အတ္ထာလင်္ကာရ( အနက်တန်ဆာဆင်မှု) ပိုင်းအရ ကဗျာဘာသာစကား အလေးထား သုံးစွဲ၊ အကြောင်းအရာပေါင်းစုံ ရောနှောရေးဖွဲ့၊ ပုဂလိက အာရုံခံစားမှုထက် ခေတ်စနစ်နဲ့ လူမှုဝန်းကျင်အပေါ် သဘောထားအမြင်တွေကို ဦးစားပေး၊ နီယိုမော်ဒန်ရဲ့ Fibrous Lines & Text အများစု၊ Fragments အနည်းငယ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ အထင်အရှား မြင်ရပါတယ်။ သူ့ ကဗျာတွေမှာ သဒ္ဒါလင်္ကာရ( အသံတန်ဆာဆင်မှု) ပိုင်းအရ  နောက်ထပ် ထင်ရှားမြင်သာတဲ့ အချက်တစ်ခုက အသံနိမ့်မြင့်စီးဆင်းမှု (Rhythm ) အားကောင်းပြီး စကားလုံးနဲ့ ပါဒ/ ၀ါကျ အဖြတ်အတောက်တွေ တိကျသပ်ရပ်တာပါပဲ။ ကဗျာဝါကျ အဆုံးသတ်တွေမှာ လုံးချင်းကြိယာ၊ အငြင်းစကား၊ အသံပြတ်တွေနဲ့ ရပ်တန့်ထားပြီး ၀ါကျတည်ဆောက်ပုံ မျိုးစုံ၊ လေယူလေသိမ်းမျိုးစုံ ဆော့ကစားထားတဲ့အတွက် အတ္ထာလင်္ကာရ ရော သဒ္ဒါလင်္ကာရပါ ရိုးအီ ငြီးငွေ့မှု မဖြစ်စေဘဲ သွက်လက်လန်းဆန်းနေတာ သတိပြုမိပါတယ်။
                 သူ့ကဗျာတွေရဲ့ နောက်ခံအကြောင်းအရာတွေမှာ အွန်လိုင်းယဉ်ကျေးမှု၊ နိုင်ငံတကာ အခင်းအကျင်း၊ ရုပ်ဝတ္ထု ငွေကြေးနဲ့ နည်းပညာရဲ့ ကျေးကျွန် ဖြစ်နေရတဲ့ ခေတ်သစ်လူသားရဲ့ လက်ရှိ အနေအထား၊ ခေတ်ပေါ်ဖက်ရှင်ပစ္စည်း အသစ်အဆန်းတွေနဲ့ ပေါ့ပ်ယဉ်ကျေးမှုထဲ နစ်မြုပ်နေတဲ့ လူသားရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းကို မေးခွန်းထုတ်ခြင်း၊ သမားရိုးကျ အစဉ်အလာ အသိအမြင်တွေကို လူငယ်ဆန်ဆန် တော်လှန်ပုန်ကန်ခြင်း၊ အပေါ်ယံအရေပြားဆန်တဲ့ ခေတ်သစ်လူမှုဆက်ဆံရေး ပုံစံများ၊ ခေတ်ပေါ်မြို့ပြမြင်ကွင်းနဲ့ မြို့ပြအာရုံခံစားမှု၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လူသားဆန်မှု၊ စက်ရုပ်ဆန်မှုနဲ့ အမျိုးသမီး အခွင့်အရေး၊ စိတ်ပိုင်းဆိုင်ရာ အချိုးပျက်မှုတွေနဲ့ အာရုံအဆက်အစပ် ပြတ်တောက်မှုများ၊ အမှန်တရားနဲ့ ဆိုင်တဲ့ မသေချာ မရေရာမှု စသဖြင့် ခေတ်သစ်အကြောင်းအရာပေါင်းစုံ ပါဝင်တာ ကဗျာဖတ်သူတွေလည်း သတိပြုမိကြပါလိမ့်မယ်။
                 လင်းလက်တာရာဟာ ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့ လူမှုအလေ့အကျင့်တွေ၊ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုတွေကို စူးရဲကျယ်ပြန့်တဲ့ ကဗျာမျက်လုံးနဲ့ ထွင်းဖောက်ကြည့်မြင်ပြီး ကဗျာဘာသာစကားကျည်ဆံတွေ အပြည့်ဖြည့်ထားတဲ့ စကားလုံးမောင်းပြန်ရိုင်ဖယ်တစ်လက်နဲ့ ခေတ်စနစ်နဲ့ လူမှုဝန်းကျင်ကို အဆက်မပြတ် တဒိုင်းဒိုင်း မွှေ့ယမ်း ပစ်ခတ်နေတဲ့ လူငယ်ကဗျာဆရာတစ်ယောက်လို့ ဆိုနိုင်ပါတယ်။
                 ကျွန်တော်လည်း ဘရိတ်ပေါက်နေတဲ့ လူတစ်ယောက်၊ ငွေရေ မင်းချုပ်ကိုင်ခြယ်လှယ်လို့ ၀ရင်လည်း လူ့ယဉ်ကျေးမှုကွန်ရက်ကြီးထဲကနေ အပြီးအပိုင် ထွက်ခွာသွားပါတော့၊ ကိုယ်ချင်းစာတရားကို မူကြိုကျောင်းသားလေးဆီက သွားသင်လိုက်ဦး၊ လုပ်ပြုံးကြီးဟာ လူအုပ်ထဲ အတင်းကာရော မောင်းဝင်လာပြန်၊ လူမှုဆက်ဆံရေး Live Show မှာ မုသားဟာ နားဝင်အချိုဆုံးသီချင်း၊ မြို့ကြီးပြကြီးဟာ မေတ္တာတရားကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်၊ ဂုဏ်သိက္ခာတွေ အ၀တ်ဗလာနဲ့ လမ်းသလားနေတာ လန်းသလား၊ လူသားချင်း တန်းတူညီမှုဟာ အနည်းငယ်ဖောင်းပွလာတာက လွဲရင် ပိန်ရှုံ့နေတုန်းပဲ၊ ဟေ့ အချစ် မင်းလည်း စစ်အစိုးရ မလုပ်နဲ့ ငါလည်း အစွန်းရောက်ပြည်သူ မလုပ်ဘူး၊ ဒီနေ့ရောက်လာတဲ့ အမှန်တရားဟာ မနက်ဖြန်အတွက် မသေချာတော့ဘူးလား၊ ကာလယန္တရားကြီးက Women's Voices ကို အထူးတလည် လိုအပ်နေပါတယ်၊ အကျပ်အတည်းက လူမှုဇုန်ထဲကနေ ကုပ်ဆွဲခေါ်လာခဲ့တယ် ကျွန်တော့်ကို/ ခင်ဗျားကို၊ VIP ၀ိုင်းကြီးဆီက အပုပ်နံ့ ရတယ်၊ ဦးနှောက်တွင်း ကဗျာသွေးယိုစီးမှု၊ နိုင်ငံရေး အခင်းအကျင်းမှာ နယ်ရုပ်လေးတစ်ရုပ်ကအစ အဆိပ်ပြင်းတယ်၊ လူသားရဲ့ ဘတ္ထရီဒေါင်းနေတဲ့ နှလုံးသားကို စာအုပ်တွေနဲ့ ချာဂျင်ပြန်သွင်း၊ Viber ထဲမှာ ချက်တ်ဘောက်ခ်စ်ထဲမှာ အပူလှိုင်းတွေက Vibration လို တုန်ခါ၊ စက်တွေလို Run စက်တွေနဲ့ Run ဖော်မြူလာဝမ်းလို Run ၊ ရင်းဂစ် ၃၀၀ တန် ဖုန်းတစ်လုံးက အပျိုရည်ညလေးကို မြိုးမြိုးမြက်မြက် ထုတ်ကုန်သွင်းကုန် လုပ်ပစ်လိုက်တယ် စသဖြင့်။
                 လင်းလက်တာရာဟာ ခေတ်ပြိုင်လူ့အဖွဲ့အစည်းကို ကျယ်ပြန်တဲ့ အမြင်နဲ့ ထွင်းဖောက်ကြည့်မြင်နိုင်စွမ်း မြင့်မားတဲ့ လူငယ်ကဗျာဆရာတစ်ယောက်ဆိုတာ အကောင်းဆုံး သက်သေပြနေတဲ့ စာသားတွေ။ သူ့ဦးနှောက်/ နှလုံးသား/ လက်ထဲက စကားလုံးမောင်းပြန်ရိုင်ဖယ်ရဲ့ ပြောင်းဝကနေ ကျည်ဆံတွေ အဆက်မပြတ် တဒိုင်းဒိုင်း။
                 ကျွန်တော်တို့ ခေတ်ပြိုင်မြန်မာကဗျာလောကထဲမှာ ၂၀၁၀ နောက်ပိုင်း ၀ါရင့်ကဗျာဆရာတွေ အပြောများနေတဲ့ မခိုင်လုံတဲ့  ဆင်ခြေစကားတစ်ခု ရှိပါတယ်။ စစ်အစိုးရလက်ထက် စာပေစိစစ်ရေးမူဝါဒတွေ တင်းကြပ်ထားတဲ့ အမှောင်ခေတ်ကာလတွေတုန်းက စစ်အစိုးရ ဆန့်ကျင်ရေး၊ ပျောက်ဆုံးနေတဲ့ အမှန်တရား ပြန်လည်ရှာဖွေတွေ့ရှိရေး အကြောင်းအရာတွေ ရေးစရာ အမြောက်အမြား ရှိခဲ့ပေမဲ့ ၂၀၁၀ နိုင်ငံရေး အခင်းအကျင်း ပွင့်လင်းလွတ်လပ်လာတော့ ဘာ အကြောင်းအရာ ရေးလို့ ရေးရမှန်း မသိအောင် ဖြစ်နေရတယ်တဲ့။ အဲဒီလို Unreasonable Reason တွေ ပေးနေသူတွေအတွက် လင်းလက်တာရာရဲ့ ကဗျာအကြောင်းအရာပေါင်းစုံက ၀ါရင့်ကဗျာဆရာတွေကို Indirect Lecture တွေ ပေးနေသလိုပါပဲ။ ခေတ်ကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်မြင်နိုင်သူ အတွက် အကြောင်းအရာ မရှား၊ သင်ခန်းစာ ယူတတ်သူတွေအတွက် သင်ခန်းစာ ယူချင်စရာပဲ ဖြစ်ပါတယ်။
                  လင်းလက်တာရာရဲ့ " လူသားဟာ စက်ရုပ်နဲ့ သားစပ်ထားတဲ့ အသားစိုင်ကြီး.... " ကဗျာမှာ ခေါင်းစဉ်ရောအတွင်းစာသားတွေကိုပါ ပြောင်းပြန်လှန် ပြန်ရေးထားတာ သတိပြုမိကြပါလိမ့်မယ်။ ကဗျာဆရာရဲ့ စိတ်ကူးဆန်းသစ်မှုနဲ့ စမ်းသပ်ရေးသားမှုကို အသိအမှတ်ပြုမိပေမဲ့ အကြောင်းအရာပိုင်းအရ မလိုအပ်ဘဲ ပြောင်းပြန်ထပ်ကျော့ထားတာမျိုး ဖြစ်နေလို့ ကဗျာဖွဲ့စည်းတင်ပြပုံ နည်းစနစ်ပိုင်း အားနည်းသလို ဖြစ်သွားစေပါတယ်။ ဒီလို ဖွဲ့စည်းတင်ပြပုံမျိုးက သံသရာလည်ခြင်း သဘော၊ ပြောင်းပြန်အကျိုးသက်ရောက်ခြင်း သဘောတွေ ပါဝင်တဲ့ အကြောင်းအရာမျိုးနဲ့မှသာ လိုက်ဖက်ဆီလျော်မှု ရှိမယ်လို့ မြင်မိပါတယ်။
                  " ဖေဖော်ဝါရီရဲ့ ရှိုက်သံဟာ ဇန်န၀ါရီ အဆက်ဆက် တုန်ခါ.... " ကဗျာမှာ ပုံသဏ္ဍာန်ပိုင်းအရ ကဗျာစာသားဖွဲ့စည်းပုံ စမ်းသပ်/ ဆန်းသစ်ထားတာကတော့ အကြောင်းအရာနဲ့ ဟာမိုနီဖြစ်နေတဲ့အတွက် စမ်းသပ်မှုကို  အသိအမှတ်ပြုရပါလိမ့်မယ်။
                 လင်းလက်တာရာရဲ့ ကဗျာတွေက နီယိုမော်ဒန်ရဲ့ အဓိပ္ပာယ်ပြီးပြည့်စုံတဲ့၊ ချည်မျှင်ဆန်တဲ့ လိုင်း/ စာသား ( Fibrous Line & Text ) တွေ အမြောက်အမြား၊ ပို့စ်မော်ဒန်က စာသားအပိုင်းအစ ( Fragments ) အနည်းငယ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားလို့ စကားပြေကဗျာဆန်တယ်လို့ ယေဘုယျ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ Prose Poetry ရဲ့ ဇာတ်လမ်းသဘော၊ Pomo Sensibility နဲ့ စကားပြေဆန်တဲ့ အရသာမျိုး မထင်ရှားဘဲ နီယိုမော်ဒန်နောက်ခံအယူအဆနဲ့ Expressive & Prose Neomodern ကဗျာရသမျိုး ထင်ရှားပေါ်လွင်နေပါတယ်။
                 အဲဒီလို ကဗျာနောက်ခံအယူအဆ၊ သွင်ပြင်လက္ခဏာ၊ တက္ကနစ်၊ ဘာသာစကားအမြင်တွေကြောင့်ပဲ လင်းလက်တာရာကို L.P အရိပ်အငွေ့ အနည်းငယ်စွန်းထင်းနေတဲ့ Expressive & Prose Neomodern ကဗျာဆရာလို့ သတ်မှတ်ပြောဆိုနိုင်တာ ဖြစ်ပါတယ်။
အောင်ရင်ငြိမ်း
အဲဒီသန္ဓေသားကို တာဝန်အပြည့်အဝယူတယ် ကဗျာကိုတော့ ကွန်ဒုံးလာမစွပ်နဲ့ 
စားတယ်။ 'တီ' အကြောင်းတွေးရင်း 'ဆား' နဲ့ 'ငါးမျှား' တွေ အသီးသီး ကပ်ပါလာသလိုမျိုး။
နှလုံးသားနဲ့ အာရုံကြောကို ပျက်စီးယို့ ယွင်းစေတဲ့ အာဟာရတွေကို စားမိပြန်တယ်။
ငယ်ငယ်တုန်းက 'အိမ်စာ' တွေနဲ့ ကစား။ ကြီးလာတော့ သတ်ကွင်းထဲ 'အိမ်ဆာ' တွေနဲ့ ။
လောကဟာ လောကသန့်သန့်မနေဘူး။ 'ဓံ' နဲ့ ပါ ပေါင်းပြီး ကမြင်းကြော ထနေတယ်။
ယုံကြည်မှုဆိုတာ အချိန်မရွေး ထပေါက်သွားနိုင်တဲ့ မင်္ဂလာဦးအိပ်ခန်းထဲက ပူဖောင်းလေးတွေပါပဲ အချစ်ရယ်။
သမံတလင်းပေါ်က ကြေကွဲအစအနတွေဟာ အခွံမာဇာတ်လမ်း အကြီးကြီးတွေ။
သွေးပူလေ့ကျင့်ခန်းတွေဟာ နံနက်ခင်း နှင်းထူထူထဲကနေ ပြုတ်ထွက်နေတယ်။ ပျော်ရွှင်ဖွယ် မျက်ရည်ကြီးငယ်များ။
စကြာဝဠာထဲမှာ 'ငါ' ကို ထည့်မလား။ စကြာငါဝဠာ။
စကြာဝဠာထဲမှာ 'ကဗျာ' ကို ထည့်မလား။ စကြာကဗျာဝဠာ။
ကဗျာထဲမှာ 'ငါ' ကို ထည့်မလား။ ကငါဗျာ။
'ငါ' နဲ့ 'ကဗျာ' နဲ့ ငြင်းခုန်ကြပေါ့။ ပုဂ္ဂိုလ်ရေးတွေ ထိုးနက်ကြပေါ့။
မျက်နှာဖုံးစွပ်ပြီး နောက်ကျောကို ဓါးနဲ့ ပိုင်းကြပေါ့။
ပေါ့ တယ် ဆိုရင်လည်း ပထမဆုံးလိုင်းက ဆားရယ် ငါးမျှားရယ် တီတွေရယ် ပစ်ထည့်လိုက်ကြပေါ့။
စစ်အစိုးရစော်နံတဲ့ သစ်သီးထဲမှာ အရည် မရွှန်းပါရစေနှင့်။
ဒီမိုပန်းဥယျာဉ်ကြီးထဲမှာလည်း ပိုးမကိုက်ပါရစေနှင့်။
ကွင်းစကွင်းပိတ်တွေဟာ လူသေရဲ့နာမည်ကို ဘာ့ကြောင့် အကျဉ်းချထားရသလဲ။
မေးခွန်းတောင်ယာမှာ မီးလောင်နေတဲ့ အဖြေတွေ။
ကဗျာထဲမှာ ဇာတ်လိုက်ဟာ သေသွားတယ်။ ဇာတ်လမ်းဟာ သေသွားတယ်။
ဇာတ်ဆရာဟာ သေသွားတယ်။ စာသားချည်းသက်သက် လွတ်မြောက်ရှင်သန်သွားပါသလား။
( အပေါ်က ကွင်းစကွင်းပိတ်ကို ဒီနေရာမှာ ပြန်ထည့်မယ် မီးလောင်နေတဲ့ အဖြေတွေ ဖြည့်ချင်ဖြည့်လို့ ရတယ်)
ရွာရိုးကိုးပေါက်ထဲ ဖြာကျခဲ့ပြီးသော ငယ်ဘဝရဲ့ လရောင်။  သိမှုဟာ ကျောက်သားထဲ တိုးဝင်
ကျောက်တုံး ကျောက်ခဲ ကျောက်စ တွေ  ကွဲထွက်ပွင့်ဝေစေတယ်။ အေးစက်နေတဲ့ အဲကွန်းအောက်
အိုက်စပ်နေတဲ့ စိတ်များ။ လေကောင်းလေသန့် ကို ဘယ်နှကြိမ်မြောက် ပစ်မှားမိပြီလဲ။
မိမိအနေနှင့်ကတော့ ဘာသာစကားရဲ့ အခန်းကဏ္ဍကိုလည်း လစ်လျူမရှုချင်။
မိမိအနေနှင့်ကတော့ ခေတ်စနစ်နဲ့ လူမှုဝန်းကျင် မျက်မှောက်အကြောင်းချင်းရာတွေကိုလည်း မျက်ကွယ်မပြုချင်။
မိမိအနေနှင့်ကတော့ “ငါ”ဗဟိုပြု “အား”ကြီးလွန်းမုန်တိုင်းတွေကိုလည်း ငြီးငွေ့ ချင်ချင်။
မိမိအနေနှင့်ကတော့ သိပ်သည်းထူထဲလွန်း ပါးလျပြေလျော့လွန်း အစွန်းရောက်မှုတွေကိုလည်း အစွန်းမရောက်ချင်။
အဲ ဒီ 'မိမိ' ဟာ ကျွန်တော် ဖြစ်နိုင်သလို ခင်ဗျားဖြစ်နိုင်သလိုသူငါကျားမလည်း ဖြစ်နိုင်သလို
အဲဒီ 'မိမိ' ဟာ၂၀၁၅ ရွေးကောက်ပွဲ အသာထား ၂၀၁၃ ဆီးဂိမ်း အထိ ခံပါ့မလားလည်း ဖြစ်နိုင်တယ်။
ကျွန်တော် ဆီးဂိမ်းအမီ အိမ်ပြန်မည်။
၂၀၁၅ မှာ တရားမျှတတဲ့ မဲတစ်မဲ အမှန်တကယ် ပေးခွင့် ရချင်သည်။
လင်းလက်တာရာ
17. 6. 2013
ဘာတုပါဟတ်၊ ဂျိုဟိုး၊ မလေးရှား။
အတူယှဉ်တွဲ နေထိုင်ခြင်း အနုပညာ
လူ့ ဘဝဟာ တဝီဝီအော်မြည်နေတဲ့ စက်ယန္တရားကြီး
လူထုကြီးဟာ သမိုင်းစာအုပ်ထဲက မှုန်ဝါးဝါးဓါတ်ပုံထဲမှာ ' ရှေ့ သို့ ၊ ရှေ့ သို့ ' ညံတုန်းပဲ
ငါတို့ ဟာ လူ့ အသိအမြင်ကို ပြောင်းလဲပစ်မယ့် Manequin တွေ
ငါတို့ အစုလိုက်အပြုံလိုက် သေပေးလိုက်ရတယ်
ငါတို့ ပြန်ရှင်သန်ထမြောက်လာကြတယ်၊ ရောဂါစိမ်းတွေ အများကြီးပဲ
ဦးနှောက်က ငွေစက္ကူအနံ့ ထွက်နေတယ်၊ ရန်ကုန် ၊ မတ်တပ်ရပ်ဖို့ တောင် မလွတ်တဲ့ နယ်မြေ
သမိုင်း ၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစိတ်ဓါတ်တွေဟာ ဂလိုဘယ်ခေတ်မှာ အမြင်ကျဉ်းမြောင်းမှုတွေသာ
လူ့ အဖြစ်ဟာ ဖက်ရှင်တွေအောက်မှာ အရည်ပျော်/ပျောက်ဆုံး/လျှောထွက်လို့ 
စာသားဟောင်းတွေ ရောင်းဝယ်ဖောက်ကား ခေတ်ပြိုင်ကုမ္ပဏီလီမီတက်
အချစ်ဆိုတာ ပိုက်ဆံ၊ အချစ်ဆိုတာ မြေအိုးမြီးရှည်၊ အွန်လိုင်းပေါ် အမြန်ရိုက်ထည့်လိုက်တဲ့ စာသား
ဈေးအမြင့်ဆုံးရသူလေးရဲ့ အပျိုမြှေး၊ တက်သစ်စ ဗွီဒီယိုမင်းသမီးလေးရဲ့ မပြုမပြင် ရင်သားပျော့ပျော့
အသည်းကွဲတယ်ဆိုတာ ၂၁ ရာစုမှာ ဖတ်လို့ အကောင်းဆုံးသရော်စာပဲ
ငါ့ CM စာသားက Love is a nick-name of sex
ဆာဂျရီလုပ်မယ်  ဆီလီကွန်ထိုးမယ်
စိတ်ထဲက ဆံပင်ဖြူတွေ ငယ်မူငယ်သွေး ဆိုးလိုက်မယ်
၁၆နှစ်သမီး ကိုယ်ကျင့်တရားဟာ ငွေကြေးဖောင်းပွမှု အကျပ်အတည်းမှာ သေဆုံးသွား
လမ်းသစ်ဖောက်ရာတွင် ချိုင့်ကြီးဖို့ ရန် မိမိတို့ အားထည့်သွင်းစေ
စကားလုံးတစ်လုံးဟာ ကျွန်တော့်လက်ထဲမှာ ရွစိရွစိနဲ့ သံသယဖြစ်ဖွယ်ရာ 'လူ့ ဘဝ'
ငါ့ထဲမြည်ဟည်းနေတဲ့ အသံစိမ်းကြီးဟာ ကပ်တစ်ခုရဲ့ ရှေ့ ပြေးလား
လူတွေဟာ မိတ္တူကူးစက်ထဲက အဆက်မပြတ်ထွက်ကျလာနေတယ်
စာအုပ်အသစ်လေးဟာ တိုင်းပြည်အသစ်ကလေးလိုပဲ ပုံနှိပ်စက်အနံ့ 
ငါတို့ အားလုံးဟာ ထိန်းချုပ်ခံထားရတဲ့ ပရိုဂရမ်တွေ
အင်အားကြီး အာဏာကြီး ပုရိသတစ်ယောက်ကို ဗဟိုပြု၍ တောက်လျှောက်ပဲ နှစ် ၃၀၊ ၄၀ ၊ ၅၀
ကြည့်စမ်း သူတို့ အတွင်းစိတ်ဟာ ဟောင်းလောင်းပေါက်ကြီးနဲ့ 
'ကုန်သွယ်လယ်ယာ' ကလည်း ဓမ္မရုံကြီးပဲ ကျန်ခဲ့တယ်တဲ့
လူတွေမှာ အပေါစားဟာသကြိုက်တဲ့ ဥာဉ်နဲ့ ပိုက်ဆံကို ဘုရားသခင်ထင်တဲ့ ဦးနှောက်လောက်ပဲ ရှိတယ်
ကလော်ဆဲစရာတွေရဲ့ 'အရှိတရား'ဟာ ဆွဲဆန့် လို့ ရတဲ့ ကြက်ပေါင်စေး
မျက်နှာခွဲစိပ်ပြုပြင်ထားတဲ့ ရုပ်ဆိုးဆိုးစာသားတွေ
ပုဆိန်ရိုးဟာ ဘာသားလဲ ဓါးသွားထက် ဖားသားထက်တယ်
ဟေး လူငယ်! ပျော့မနေနဲ့ ပြဲမနေနဲ့ ခင်ဗျား ပါရဒိုင်း အမြန်ချိန်း
မီးအိမ်နဲ့ နေဝင်မီးငြိမ်းအမိန့် အောက်မှာ စွန့် စားရှာရသလို
ဆူနာမီ ရိုက်ထုတ်လိုက်တဲ့ တစ္ဆေသင်္ဘောဟာ ကိုယ်တို့ ကို စိုက်ကြည့်လို့ 
လူ့ အဖြစ်ဟာ A ကိုက်နေသလိုပဲ ချစ်ခြင်းမေတ္တာရှိသလား အသက်ဇီဝနဲ့ လဲပါ့မယ်
သောက်လက်စအရက်နဲ့ 'အမှန်တရား'ကို ပက်လိုက်ဖို့  ခွက်ကိုပစ်ခွဲဖို့ 
ပြဿနာပဲ ကိုယ်ခန္ဓာထဲ သုက်ပိုးတွေ ပျစ်ခဲနေပြီ
စိတ်ဟာ စွဲသုံးရတဲ့ အရေးပေါ် သန္ဓေတားဆေး
ငါ့လိပ်စာကဒ်၊ ငါ့ User name ၊ ငါ့ Password ၊ ငါ့လျှို့ ဝှက်ချက်
တရုတ်ကြွေခွက်ဟာလည်း ဒူးရွှန့် ရဲ့ ရေပန်းပဲလို့ ပန်းလိုက်တယ်
အပေါစားအောင်မြင်မှုကို အသားတုံးတစ်တုံးလိုထိုးမဟပ်မိစေဖို့ 
ငွေဟာ မကောင်းမှုရဲ့ ဇာစ်မြစ်၊ ဒုစရိုက်ရဲ့ မိခင်
စစ်ဖြစ်ရင် အရင်ဆုံး သေကြေပျက်စီးရတာ အမှန်တရားပဲ
လူ့ အဖွဲ့ အစည်း သွေးသစ်လဲသင့်တာ အနှစ် နှစ်ဆယ်
အာဏာရှင်စနစ်ရဲ့ ဘွတ်ဖိနပ်မှာ စွန်းထင်းနေတဲ့ အမှတ်ရမှု
လေဟာနယ်ထဲ ပေါလောမျောနေတဲ့ နေ့ စဉ်လူမှုဘဝဇာတ်လမ်း
ငါဟာ လွှတ်တော်မှာ တင်ပြဖို့ ဆူးချွန်မေးခွန်းဖြစ်သလား
လူ့ အဖြစ်ဆီ ရှပ်တိုက်ပြေးဝင်လာတဲ့ လောကဓံတရား
လူဆိုတာ ကိုယ့်အတ္တကိုယ် တည်ဆောက်နေကြတဲ့ ဗိသုကာတွေ
ခြင်ထောင်ထဲမှာ မင်းခွေအိပ်နေတာ သမိုင်းခေတ်ကြီး အလုံးလိုက်ပဲ
ငါတို့ ဘဝတွေကောင်းစားဖို့ သူတို့ ဆုံးဖြတ်ချက်တွေ ချနေကြတယ်
အနုပညာအတုတွေ သားလျှောပါစေ အနုပညာအဟောင်းတွေ ကိုယ်ဝန်ပျက်ကျပါစေ
ယဉ်ကျေးမှုတစ်ခုလုံးကြီးနဲ့ ခြုံပြောရမယ့်ကိစ္စတဲ့
ခြုံမပြောနဲ့ တောတောင် မရှိတော့ဘူး မျိုးသုဉ်းသွားကြပြီ
လောင်စာခန်းတော့မယ့် ယန္တရားကြီး အသံကုန်အော်ဟစ်
အတွင်းလှိုက်စားနေတဲ့ ပြည်ပုပ်နာတွေ အော်ဂလီဆန်ဆန် အမူအကျင့်တွေ
လက်ခလယ်တစ်ချောင်းနဲ့ အလေးပြုလိုက်တယ်
မသိလိုက်ခင်မှာ မြစ်ရဲ့တန်ဖိုးဟာ ဈေးကွက်မှာ မြင့်တက်လာ
'ပေါ့ပါးတဲ့ ဝတ်စုံတစ်စုံ' မြို့ထဲ ထွက်သွားတယ်
'လေးလံတဲ့ ဝတ်စုံတစ်စုံ' မြို့ထဲက ပြန်လာတယ်
ငါ့တစ်ခုတည်းသော ကိုယ်ခန္ဓာကို နည်းမျိုးစုံနဲ့ သုံးစွဲမယ်၊ ငါဟာ နိုင်ငံတော် အလံလိုပဲ ရောင်စုံနဲ့ 
ငါ့ကို စိတ်ကြိုက်ပစ်ခတ်ပါ အချစ်+ လိင်= အနုပညာ
ကမ္ဘာ့မီဒီယာရဲ့ အသည်းစွဲ ကင်ဂျုံအီးလ် သေပြီ
ငါတို့ ခေတ်လူမှု ဆော့ဗ်ဝဲဟာ အဆင့်မြင့်ရှုပ်ထွေး
အစ်ကို ဟိုမှာ စစ်ကြီး ဒီဘက်လာနေတယ် လမ်းဖယ်ပေးလိုက်ရမလား
အမှန်က အမှားကို သွေးကြောထဲ စနစ်တကျ ထိုးသွင်းခဲ့တာပဲ
ခေတ်ဆိုတာကြီးဟာ ကွင်းပြင်မှာ ကိုယ်တုံးလုံးနဲ့ အော်ဟစ်ပြေးလွှားနေတယ်
( ကဗျာခေါင်းစဉ်မှ အပ ဆရာဇေယျာလင်းနဲ့ ဆရာအောင်ရင်ငြိမ်းတို့ ရဲ့ စာသားများဖြစ်ပါတယ်)
ညွှန်း။  ။ ကဗျာဆန်နေခြင်း၊ တစ်ကိုယ်ရေ အာသာဖြေခြင်း။
လင်းလက်တာရာ
၂၈၊ ၅၊ ၂၀၁၃
Tuesday 11 June 2013
အစက်အပြောက်တွေနဲ့ ဗျောက်ထ ၊ကျော်ရစ်ပစ်လို့ မရတဲ့ ချန်နယ် ၊ ရီမုတ်ကြောင်နေတယ်
ရာသီဥတုက အရက်သမားမယားရဲ့ လင်သားလို ပါးချည်းလှိမ့်ရိုက်
Icon စော်နံတယ် ဆီလီကွန်စော်နံတယ် မဲစော်နံတယ် နံရင်နံတယ်လို့ မှတ်
နံရံမှာ သွေးကွက်တွေ၊ ကယ်ရီကေးချားကညှော့်ချက်တွေ
အော်သံတွေ၊ ဆဲရေးတိုင်းထွာမှုတွေ၊ ခေတ်မီတက်တူး ဒီဇိုင်းတွေလိုမျိုး
မြင်လား မျက်စိနဲ့ မမြင်နိုင်တဲ့ ချော်ရည်ပူချောင်းကြီး ဖြတ်စီးနေတဲ့ မြင်ကွင်းကျယ်
ဘယ်ညာဘယ်ညာ လူကျီးကန်းတွေ တောင်းမှောက်ကိုရှာ ဘယ်ညာဘယ်ညာ
တောလည်းမှောက် တောင်လည်းပြုန်း မြစ်လည်း အပျိုရည်ပျက်
ကျွန်တော့်နာမည်က အစိမ်းချုပ်တောအုပ်ပါ ကျွန်မနာမည်က ကွန်ကရစ်မြစ်မင်းပါ
တောင်ရဲ့ ဗိုက်သားထဲ ရေနံပိုက်လိုင်းကြီး ဖောက်ဝင်သွားတာ လကွယ်ည သွေးစိမ်းရှင်ရှင်ကြီး
လမိုက်ကွယ်ည ဘယ်တော့သာမှာလဲ မေးခွန်းဟာ ခွေးလေခွေးလွင့် ၁၀၉/၁၁၀ ပလက်ဖောင်းခေါင်းအုံး
အကြီးမားဆုံးစွတ်ကြောင်းရာဟာ ငွေတွင်းလမ်း တနည်း သေတွင်းလမ်း တနည်း ငရဲလမ်း
မျက်ရည်ပေါ် မျက်ရည်ပျိုး မျက်ရည်ပင် မျက်ရည်ပန်း မျက်ရည်ပွင့်
ဘာညာ ဘာညာ ' ဒါက ဒီလို ရှိတယ်လေ လူလေးရ နိုင်ငံရေး ဆိုတာ '
ဘာညာ ဘာညာ ' ဒါက ဒီလိုရှိတယ်လေ လူလေးရ ဘာသာရေး ဆိုတာ '
ပုံပြင်ကို အင်ဂျင်တစ်လုံးလို ပြင်ဆင်ဖြည့်စွက်လို့ မဆုံးတော့
ပြသာဒ်ဟာ မီးတောက်မီးလျှံတွေ ပန်လို့ 
လူတွေ သေပေးခြင်းဖြင့် အပန်းဖြေ ပျော်တော်ဆက်ပေး နေရပါသည်
သွပ်ဆူးကြိုးမှာ အညွှန့် ကျိုးသွားသူ အဖူးအငုံလေး
ချန်ဂီ လေဆိပ်မှ အိမ်ဖော်မလေးရဲ့ ပြည်တော်ပြန်လက်ဆောင် သန္ဓေသား
လက်နက်ကြီးငယ် ခဲယမ်းမီးကျောက်များ ကိုင်ဆောင်လျှက် ဘဝထဲကို ဝင်နေကြပါသည်
လက်နက်ကြီးငယ် ခဲယမ်းမီးကျောက်များ ကိုင်ဆောင်လျှက် လူသားအာဝါသထဲကို တိုးဝှေ့ နေကြပါသည်
တရုတ်ဖြစ်တွေ ဟာ တစ်ရက်တည်းနဲ့ စုတ်သွားတယ် တရုတ်စုတ်တွေဟာ တစ်ရက်တည်းနဲ့ ဖြစ်သွားတယ်
ရှေ့ တန်းစစ်မြေသားမှာ မိသားစုဓါတ်ပုံလေး တိုက်ပွဲကျသွားတယ်
လာခဲ့တယ် ရက်ကန်းသံနဲ့  ရက်လုပ်ထားတဲ့ အညာကနေ စက်မှု ထုတ်ကုန်တွေဆီ
စက်မှု ထုတ်ကုန်တွေဆီကနေ ရက်ကန်းသံနဲ့ ရက်လုပ်ထားတဲ့ အညာဆီ လာခဲ့တယ်
အဲဒီအညာဟာ နည်းပညာပေါင်းစုံနဲ့ ဖျက်စီးလို့ မရတဲ့ အညာသားလေးတစ်ယောက်ကို မွေးခဲ့တယ်
ဂျပန်က ကြွေးမြီတွေ လျှော်ပေးလိုက်သလိုမျိုး ဥရောပက ပိတ်ဆို့ မှုတွေ သော့ဖွင့်ပေးလိုက်သလိုမျိုး
ကြပ်/ ကျစ်ထားတဲ့ မိဘပြည်သူတွေကို တစ်ရစ် နှစ်ရစ် လောက် လျော့ပေးပါလား ဇာတ်ဆရာ
ထိုင်ခုံ ၊ မိန်းမပျိုလေး 'က' ရေးဆင်နေသလို မြေပုံပေါ်က ထိုင်ခုံ
လက်ရင်းဒိုးနာမည် ' The electric chair '
ရွှံ့ နဲ့ လုပ်ထားတဲ့ အိုးပုတ် ချိုးရုပ်လေးမှာတောင် ပျော်ရွှင်မှု စစ်စစ်ရှိတယ်
ချိုးငှက်စစ်စစ်လေးကရော ရွှံ့ ယောင်မဆောင်တတ်ဘူးလား
မြို့ပြဝါယာကြိုးတွေထဲ ရှော့ခ်တွေ အပြေးအလွှား မြို့ပြပုံစံခွက်ထဲ သစ်ပင်တွေ ခေါင်းညှပ်ခံနေရ တဖွားဖွား
၁၁/ ၆ ပေါ် ဖြာကျနေသော အနက်ရောင် Profile Pictures များ ၊  အသုဘကျွန်းဆွယ်
လူဆိုးတွေ ကိစ္စဝိစ္စ ပြီးမှ ရဲတွေ ရောက်လာတယ် ဒါက ရုပ်ရှင်
လူကောင်းတွေ ကိစ္စဝိစ္စ မစခင် ရဲတွေ ဝိုင်းလာတယ် ဒါက ရိုက်ကွင်း
' လူကြီးမင်းခေါ်ဆိုနေသော လူကြီးမင်းမှာ သမိုင်းကို မောင်းထောင်း၊ သမိုင်းကို မိုင်းထောင်နေပါတယ် ရှင်'
လင်းလက်တာရာ
၁၁၊၊ ၆၊ ၂၀၁၃
Thursday 16 May 2013
ဒီအရေးအသားရဲ့ ခေါင်းစဉ်ကို ဒီအရေးအသားရဲ့ နောက်ဆုံးစာသားကို သက်စေ့ပေးထားတယ်
ပြောနေရင်းတန်းလန်း ပျောက်သွားတဲ့ အပျော်တွေ။ ရက်စေ့လစေ့ ဒုက္ခသန္ဓေသားလောင်းများ
မွေးဖွားခန်း။အရေးပေါ် သတင်းကြေငြာချက်။ လိုအပ်သည်ထက် ပိုမို ဆုတ်ယုတ်/ ဆိုးရွား။ လိုအပ်သည်ထက် ပိုမို ကျယ်လောင်/အက်ကွဲ။ ကမ္ဘာကြီး ပူနွေးလာမှုမှာ စိတ်ရောကိုယ်ပါ ဆူပွက်လာခြင်း။
                 တစ်နေ့ ကို  ဘာသာစကားအကျိုးအပဲ့  ၄ မျိုးလောက်နဲ့   ထစ်အနေရတယ်။ဆဲနည်းမျိုးစုံကိုလည်း အင်တာနေရှင်နယ်ဆန်ဆန်ရရှိ။ ကိုယ်က ဒီမှာ တစ်ယောက်တည်း တစ်ကောင်တည်း။ ခြင်္သေ့လည်းမကျ ကြွက်စုတ်
လည်းမက အဲဒီကြားထဲက တစ်ခု။ ကိုယ့်အသက်ထဲက ပင့်သက်တွေ ခဏခဏပြုတ်ကျတယ်။ အခန်းလွတ်ထဲမှာ
ဘယ်သူမှ မရှိသလို ကဗျာရေးတယ်။ ခုဒီအရေးအသားတောင် ကိုယ့်သန်းခေါင်ကို ကြိုးရှည်ရှည်နဲ့ လှန်ပြီးရေးနေတာ။
                   လူ့ ဘဝကိုရောက်လာတာ ရစရာရှိတာတွေကို ယူဖို့ ပေးစရာရှိတာတွေကို ပေးဖို့ ။ ပထမ အမျိုးအစားမှာ
လူဦးရေ ပိုမိုထူထပ်နေတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝပ်ရှော့ပ်တွေထဲ လူတွေရဲ့ အသိဥာဏ်တွေကို အင်ဂျင်
ပြန်ကိုင်ဖို့ အထူးတလည် လိုအပ်။ အရေခွံဟောင်းကြီးဆီ ပူဆွေးလွမ်းဆွတ်မှုကို  သုံးပြီးသားကွန်ဒုံးလို သေသေသပ်သပ်
စွန့် ပစ်သင့်ပြီ။ မပစ်ရက်လို့ မြိုချထားသူတွေလည်း ဒုနဲ့ ဒေး။ သေနေတဲ့ အန္ထရာယ်ကို ပြန်လည် အသက်သွင်းကြသူများ။
                  အာရုံပန်းအိုးလေးထဲ တစ်ချက်တစ်ချက် ခွေးဟောင်သံတွေ လာလာစိုက်တယ်။ အပေါ်ထပ်က ကလေး
ငိုသံတွေ ယိုစီးကျလာတယ်။ နောက်ဖေးလမ်းကြားထဲ လရောင်သင်းသင်းလေးကို အမှတ်ထင်ထင် တွေ့ လိုက်သေးတယ်။ ကိုယ့်ဝရန်တာရဲ့ မျက်စောင်းထိုး လေတချွန်သာသာမှာ လိင်အလုပ်ရုံရှိတယ်။ တနင်္ဂနွေတွေ ဟောလီးဒေးတွေဆို ဘာသာစကားအမျိုးမျိုး အသားအရောင်အမျိုးမျိုးနဲ့  သိပ်စည်တာပဲ။ ဒီမကောင်းဆိုးဝါး အနံ့ အသက်ကြီးကို ကိုယ်
မနှစ်မြို့ဘူး။ တစ်ကိုယ်ရည်ပဲ အာသာဖြေပစ်လိုက်တယ်။
              ထိန်ချန်သိုဝှက်မှုဟာ အနုပညာရဲ့ နောက်ကျောကို ဓါးနဲ့ ထောက်တာပဲ။ ပြည်သူတွေရဲ့ နှလုံးအိမ်ထဲက နာမည်အရင်းခေါက်ခေါက်တွေကို နည်းအမျိုးမျိုးနဲ့ ဖုံးကွယ်ဖျောက်ဖျက်ဖို့ ကြိုးစားတာဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တာပဲ။ လူ့ အရင်းအမြစ်တွေ ဘေးထွက်ဖိတ်စင် နေပုံများ။။ သယံဇာတအနဂ္ဂတွေ ဘေးထွက်ဖိတ်စင်
နေပုံများ။ ဆင်းရဲမွဲတေမှုတွေ ကိန်းဂဏန်းတိုးလာ။ မစ္ဆေရစိတ်တွေ ပွယောင်းဖောင်းကားလာ။ လူကြီးတွေ ပစ်ချ
ထားတဲ့ အမှိုက်တွေကို လူငယ်တွေက လိုက်ကောက်နေရတယ်။
              ငွေဈေးအတက်အကျကို စောက်ဂရုစိုက်မနေတော့ဘူး။ ရတဲ့ဈေးနဲ့ ပဲ ကိုယ့်လူငယ်ဘဝရဲ့ လွတ်လပ်မှုတွေ
ရောင်းထုတ်ပစ်မိတယ်။ မိသားစုအကြောင်းတွေးရင် ကိုယ့်အိမ်ပြန်ချိန်ဟာ မှုန်မှုန်ဝါးဝါးဝေးဝေးလွင့်လွင့်။ ဆီအုန်းတော
တွေထဲမှာ ကျွဲလို နွားလို ခွေးလို ဝက်လို ဘဝတွေ ရှိတယ်။ ကိုယ့်အဆီနဲ့ ကိုယ် ပြန်ကြော်ခံရတဲ့ ဝမ်းရေးတွေ။
လူသားဆန်မှုတွေ လူသားစားခံနေရတယ်။ မျက်နှာမှာ ချောဆီလူးထားသလို လစ်ဗီးတူဂဲလ်သားများ။ သွေးအေးအေးနဲ့ 
ဘဏ်ဖောက်သွားတာများ ကလေးလေးတွေ ပူဖောင်းဖောက်သလိုပဲ။ ကိုယ့်ဘော်ဒါတစ်ယောက် ထိုင်းနယ်စပ်အသွန်
ခံလိုက်ရလို့ ကိုယ့်အိပ်ကပ်ပါးပါးလေးကို ထုခွဲလိုက်ရသေးတယ်။ ပက်စပို့ စ်အတု ပါမစ်အတု ယူအင်န်ကဒ်အတု
နိုင်ငံသားအတု ရဲအတု မဲအတု။လိုအပ်လွန်းလို့ အပြုံးတွေကို အတုလုပ်ထားရတာ မိတ္တူစက်ရဲ့ ပါးစပ်ပေါက်ထဲက တဖျတ်ဖျတ်ထွက်အန်ကျလာတဲ့ အေဖိုးတွေလိုပဲ။
            တောက်ခေါက်သံတွေက အလေ့ကျပေါက်လာတာတော့ မဟုတ်ဘူး။ ဒိုမီနိုဆင့်ကဲဖြစ်စဉ်တွေ။ အတွေးအမျှင် အတွေ့ အထိ တစ်ခုခုနဲ့ သွားငြိနေတတ်တဲ့ လူ့ အဖြစ်ရဲ့ အပေါစား ဇာက်လမ်းဇာတ်ကွက်များ။ ပက်ဘလစ်နဲ့ လွှတ်တင်
ထားတဲ့ အိုင်ဒင်တတီတွေ။ ထောင်ချောက်တွေ တစ်ယောက်ပြီးတစ်ယောက်  ထောင်ချောက်တွေ တစ်လိပ်ပြီး တစ်လိပ် မီးညှိဖွာရှိုက်။ လူသားတွေပဲ အညှီအဟောက် လူသားတွေပဲ ယင်ကောင်။ သက်ရှိတွေတည့်တည့် ထပေါက်တော့မယ့် မီးတောင်ကြီးကို ကုတ်နဲ့ ကော်ထုတ်ပေးစမ်းပါ။
            ငါတို့ ဟာ ကုလားနှစ်ကောင်ကြား ညပ်နေတဲ့ ဆယ်ဖဲ။ ငါတို့ ဟာ မီးရှို့ ခံရတဲ့ အိမ်ယာတွေ။ ငါတို့ ဟာ အသိမ်းခံလိုက်ရတဲ့ လယ်မြေတွေ။ ငါတို့ ဟာ အဓမ္မအကျင့်ခံလိုက်ရတဲ့ အပျိုစင် အမြှေးပါး။ ငါတို့ ဟာ ကွန်တိန်နာ
တွေထဲ အောက်ဆီဂျင်ပြတ်သွားတဲ့ အသက်ရှူသံတွေ။ ငါတို့ ဟာ ရှောခ့်ရိုက်ခံရတဲ့ လူသားချင်းတန်းတူညီမှု။
ငါတို့ ဟာယောက်ျားချင်းပါးရိုက်ခံရတဲ့ သမိုင်းခါးခါး။
            စမုတ်တိုင်တွေ တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ထွက်နေတဲ့ ဘိုင်စကယ်ကမ္ဘာကြီး။ စနက်တံတွေ တစ်ခုပြီး
တစ်ခု ကျွတ်ထွက်နေတဲ့ မြေကမ္ဗလာ။ မျက်လုံးတွေ မှိတ်ထားလည်း မြင်နေရ။ နားတွေပိတ်ထားလည်း ကြားနေရ။
အာရုံတွေ သန့် ရှင်းရေးလုပ်လည်း ဖုန်တွေ အထပ်ထပ်တက်လာ။ အရုဏ်တွေ ဖုန်တွေ သုတ်လိုက်လည်း မြူတွေ အထပ်ထပ်ပိတ်လာ။ ရင်းခဲ့သမျှတွေဟာ ယင်းခဲ့ရ။ စိတ်မှာ အနာဟာ ပြည်တည်လို့ ။ တည်နေတဲ့ ပြည်ကို လောက်
တွေထိုးလို့ ။ 'ကိုယ့်အလောင်းကို ကိုယ့်နိုင်ငံဆီ ပြန်ပို့ ပေးကြပါ့မလား' ဆိုတဲ့ မီးကျည်ခဲကြီးဟာ လည်ပင်းဝတွေမှာ တစ်တစ်ခွခွကြီး။ တူးစော်နံနေတဲ့ မထူးဇာတ်ဟာ လေထုကို ညစ်ညမ်းစေပါတယ်။ လူထုကို ညစ်ညမ်းစေပါတယ်။
           ဂျလန်းယူသန့် လို့ ခေါ်တဲ့ ဦးသန့် လမ်းပေါ် အရောက်သွားမယ်။ ဖိနပ်ချွတ်ပြီး လမ်းလျှောက်မယ်။
လင်းလက်တာရာ
၁၄၊ ၅၊ ၂၀၁၃
မာကျူရီမီးလျှံတွေကပြင်းအား နှစ်ဆ ကူးစက်ဗိုင်းရပ်စ်တွေက ဖလန်းဖလန်း မြန်နှုန်းမြင့် ဆိုရှယ်အသစ်ကျပ်ချွတ်ကြီးက ၉ လောက်ရှိတယ်
ဖြစ်နေကျဟာ ပျက်နေကျ တက္ကနစ်ကြီးထဲကနေ မလွတ်မြောက်နိုင်
ဒီနေ့ နားထောင်မိတဲ့ မဟာဆန်သူ က ဦးတိုးကြီးမဟုတ်ဘူး အပူပိုင်းမုန်တိုင်း
ပျက်စီးနိုင်ဖွယ်အလားအလာရှိသော အသက်အိုးအိမ်များ နေ့စဉ်သတင်းခန့်မှန်းချက် စိုးရိမ်ရေအမှတ်များ
လေတိုက်နှုန်း တစ်နာရီ မိုင်(၆၀) Emergency အရေးပေါ် လတ်တလော အနိဌာရုံ တိုက်ရိုက်တင်ဆက်ပြသချက်များ
လူမှုရေးအရှုပ်တော်ပုံကြီးက မီးခဏခဏပျက်နေတယ် ဗျောက်ထနေတဲ့ ချန်နယ်ပေါ်ကနေ ရီမုတ်ဟာ ရွေ့ မရဘူး
မြို့ ပြ သစ်ကိုင်းကြီးပေါ်မှာ တစ်ခုခုကို ထိုးသုတ်ဖို့ အသင့်အနေအထား ကြီးမိုက်တွေ
ငွေနံ့ ဟာ လူကြိုက်များတဲ့ ရေမွှေး ခေတ်ပေါ်ယဉ်ကျေးမှု ဓါးသွားမျိုးစုံ နယ်ခြားစည်းတွေ တရကြမ်းချိုးဖျက်
ခေတ်အမြိုက်ကြီးထဲ အရှိန်ပြင်းပြင်းထိုးဖောက်ဝင်ရောက်လာ
လူကြီး၊လူငယ်၊လူမျိုးဘာသာမရွေး အသင့်စားသုံးနိုင် မဖွယ်မရာ အော်ဂလီဆန်မှုများ အဆင့်မြင့်မျိုးပွားနှုန်းမြင့်တက်
လေကောင်းလေသန့် နဲ့ ခေတ်ကောင်း ခေတ်သန့် ကို ဆာလောင်ငတ်မွတ်ကြသူတွေချည်းပဲ
စိတ်တွင်းနက်ကြီးထဲ အဖိတ်အစင်များများ အညစ်အကြေးများများ
အဆင့်မြင့်အိမ်ယာထဲက လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ  လိုကယ် နဲ့  ဗီအိုင်ပီ နဲ့  ငစိန်နဲ့  ပေါ်ဆန်မွှေးနဲ့ 
အာဏာရှင်စနစ်ရဲ့ ဖွားဖက်တော်ဟာ ဟော့ဒီလျော်မရဖွတ်မရတဲ့ အနီရောင် ကင်းဗက်စ်ကြီးပဲ
လျောကျပွန်းပဲ့ပါးလျလာတဲ့ လူမှု ဆက်ဆံရေးတွေ ရေပေါ်ဆီ အရေးတယူမှုတွေ
သွေးတွေ တစက်စက်ကျလာတဲ့အထိ လက်ဆွဲနှုတ်ဆက်လိုက်ကြ
ပြည်သူတွေရဲ့မျက်ရည်ပူပူနဲ့ ခြောက်ကပ်ကပ်လက်ခုပ်သံတွေ ဖျော်စပ်ထားတဲ့ အကျိုးတူပူးပေါင်းခြင်းကော်ဖီခွက်
အစွန်းရောက်မှုဟာ ကင်ဆာထက် ဆိုးတယ် အေ့စ်ထက် သာတယ် နောက်ဆုံးပေါ် မကောင်းဆိုးဝါး
တစ်ဖက်ပိတ်ဂူကြီးထဲ လူ့ ယဉ်ကျေးမှုတွေ ပိတ်မိနေတယ်
ဆန္ဒပြပွဲ အငှားလိုက်သည် တဲ့ ရယ်ရတယ် ငိုရတယ် စေးကပ်ပျစ်ခဲလာတဲ့ ရုပ်နာမ်အစုအဝေးကြီး
မလူးသာမလွန့်သာ ဆုတ်ကပ် ဆိုက်ကပ်တွေ တစ်ကပ်ပြီးတစ်ကပ် တစ်ကဒ်ပြီးတစ်ကဒ် တဖျတ်ဖျတ်
အာရုံခံစားမှုက ဘိန်းစားတစ်ယောက်သာသာ ခေတ်ကြီးရဲ့သွေးကြောထဲ
မူးယစ်ရီဝေခြင်းတွေ အတောင့်လိုက်ထိုးသွင်းရင်း social တွေ တဖြည်းဖြည်းကျ တ၀ုန်းဝုန်းကျ
ကျသထက်ကျ ကျပ်သထက်ကျပ် လျှပ်ပေါ်လောလီမှုဟာ ဖုံးမရဖိမရတဲ့ အက်ကွဲကြောင်းကြီးဖြစ်လာ
ပညာကို FEC နဲ့ ဝယ်ရ ဦးနှောက်ထဲ စက်ရုပ်အတွေးအခေါ်တွေ အနည်ထိုင် ကျောက်ဖြစ်
ချစ်လှစွာသော မြစ်ကြီးရဲ့ ကျန်းမာရေးကလည်း ချူချာ အလင်းဟာ ပိန်လာတယ် ပိန်းလာတယ် ပိတ်လာတယ်
ရီဆိုင်ကယ် ဟာ မည်းမည်းမြင်ရာ ထည့်ကြိတ်နေတော့တာပဲ ခြေချင်းလိမ်နေတဲ့အရှုပ်ထုပ်များ
ပေါ်ပင်ဆန်ဆန် လူအခွင့်အရေးများ အာဏာ/နာ လျှာနာခွာနာများ ထွေးမရအန်မရ မြိုချမရ freedom ကြီး
'စစ်'တုရင် ပေါ်မှာ နယ်ရုပ်လေးတွေ တစ်ကွက်တက်တာနဲ့ တစ်ခါအစားခံလိုက်ရ တစ်လှမ်းတိုးတာနဲ့ တစ်ခါမျိုးကန်းရ
ဒီအရေးလား ဒို့အရေးလား သူ့အရေးလား ခပ်တည်တည် ရေးလိုက်ကြ demo လိုလို homo လိုလို ဟိုလိုလို ဒီလိုလို
ချည်မျှင် အရှုပ်အထွေးကြီးထဲ ဝမ်းရေးတွေ လိမ်ပတ် ပျော်ရွှင်မှု စစ်စစ်ဟာ စစ်တွေ စနစ်တွေထဲမှာ
သန္ဓေ ခဏခဏ ပျက်ကျတယ် effect တွေထူလပျစ်နဲ့ ကမ္ဘာ ရမ္မက်ခိုးတွေ အရည်ထွက်နေတဲ့ ကမ္ဘာ
ချစ်ခြင်းမေတ္တာဟာ ပိုင်းစစိတ်မြွှာခံနိုင်ဆုံးစာသားပဲ  ဆိုက်ကိုလိုဂျီ အဆောက်အအုံ
အနုပညာစိုက်ခင်း အသစ်နံ့ တွေအူထွက်နေတဲ့ လူငယ် ပွယောင်းယောင်း ဖောင်းကားကား လိင်ယဉ်ကျေးမှု
ထိတ်လန့့်ဖွယ်ရာတွေ ဒလဟောစီးဆင်း မြို့ပြရေတံခွန်အတုကြီး
ဦးနှောက်အတု နှလုံးသားအတု မျက်လုံးအတု နားအတု စိတ်အတု ဆီလီကွန်မြို့ကြီးထဲ
တစ်စစီ တစ်မှုန့် စီ တစ်ခဲစီ တစ်ချပ်စီ တ ဆစ် ဆစ် ကိုက်ခဲနေတဲ့ အနာဟောင်းကြီးလို ညှီစို့ စို့ 
မှုတ်ဝဲစုပ်ဝဲတွေနဲ့ ဖွဲ့ စည်းတည်ဆောက်ထားတဲ့ လူ့ ကွန်ယက်ရေစီးကြောင်းကြီး
နိုင်ငံရေးဆိပ်ကမ်းမှာ ဆိုက်ကပ်မှုစိတ်တွေ ကန်းလို့ မဖြစ်ဘူး စိုက်ထားတဲ့ပန်းတွေ ရင်မြေသားအပြည့်
ရွှေဆက် လင်းလက်တာရာ
၁၄၊၅၊၂၀၁၃
Saturday 4 May 2013
ဖဲစကားနဲ့ ပြောရင် ၃ ပင်စလုံးစားတယ် ကအစ freedom ကြီးကို လက်တမမ ရင်တမမ အလယ် ညှို့ ငင်မြှူဆွယ် ဖမ်းစားထားသည်မှာ ကြောက်ခမန်းလိလိ အဆုံး
ဖဲစကားနဲ့ ပြောရရင် ၃ ပင်စလုံး စားတယ် ခေါင်းရော အမြီးရော အဆီပူးရော
အရေခွံကနေ အရိုးအရွတ်အထိ စားတယ် အက်ဆစ်လို ကင်ဆာလို
ပက်ပက်စက်စက်ကြီး လျော်ခဲ့ရတာပါ ပက်ပက်စက်စက်ကြီး အိမ်တိုင်ချွတ်ခဲ့ရတာပါ
ပက်ပက်စက်စက်ကြီး ကိုယ့်ပေါင်ကို ကိုယ်ပေါင်ခဲ့ရတာပါ  အချိုဓါတ် ကုန်ခမ်းနေတဲ့ ပီကေကို
မရိုးနိုင် မအီနိုင် မထွေးနိုင် ဝါးနေရသလို အမြှုပ်တွေပဲ အော့အန်ထွက်လာ
ငါတို့ ကို မိုးထားတဲ့ မီးခိုးတွေက မည်းနက်ထူပြော ငါတို့ ဆာနေတဲ့ ညစာက ငါတို့ ကို ပြန်ဆာ
ဟာတာတာကြီးကို ခြုံပြီး ဟာတာတာကြီးကိုပဲ ခင်းအိပ်ခဲ့ရ  စိတ်တွေ ပက်ကြားအက်လာ
အာခေါင်မှာ မြက်ခြောက်တွေ ပေါက်လာ ကျောတည့်တည့်မှာ သတ္တုကြောကြီး ငေါထွက်လာ
နောက်တစ်ခေါက်  စိတ်တွေ မြက်ခြောက်တွေ ပေါက်လာ  အာခေါင်မှာ သတ္တုကြောကြီး ငေါထွက်လာ
ကျောတည့်တည့်မှာ ပက်ကြားအက်လာ  လရောင်ဟာ မသာမယာကြီး
မြို့လယ်ခေါင်ခေါင်မှာ သားလျှောနေတဲ့ တိုက်တန်းလျားကြီး ငြီးငွေ့ ခြင်းက ခြင်တွေလို အပြုံလိုက်
လာကိုက်နေတယ် တံခါးတွေ တစ်ချပ်ပြီးတစ်ချပ် လော့ကျသွား
ဦးနှောက်ထဲ လောက်တွေ တစ်ကောင်ပြီးတစ်ကောင် လော့ကျသွား
ထွင်လို့ မဆုံးနိုင်တဲ့ ဆူးတွေကိုပဲ ပြုံးဖြီးဖြီးနဲ့ စီးနေရ  သွေးပြန်ကြောနဲ့ သွေးလွှတ်ကြောကြားမှာ ဗုံးခိုကျင်းတွေ
ရွာထဲကို vote တွေ မောင်းဝင်လာပြီ ရွာထဲကို နဖူးစည်းတွေ မောင်းဝင်လာပြီ
အဝီစိတွင်းထဲက အလင်းကို ရေငတ်သလိုငတ် ရေငင်သလိုငင်
တနင်္ဂနွေဟာ ရုပ်ရှင်လက်မှတ်လေး နှစ်စောင် ဖြစ်ချင်ပါ သတဲ့ တနင်္ဂနွေဟာ နေကြာစေ့ထုပ်လေး တစ်ထုပ်
ဖြစ်ချင်ပါသတဲ့ ရန်ကုန်ဟာ တနင်္ဂနွေပဲ ဘာတုပါဟတ်မြို့လေးဟာ တနင်္ဂနွေပဲ
ကိုယ့်ကိုယ်ကို ပြန်နင်ရင်း ကိုယ့်ကိုယ်ကို ပြန်နင်းရင်း နှင်းတွေများ ကျလာမလားလို့ ပုဝါပါးလေးနဲ့ ခံရင်း
ဖဲ့သင့်တာဖဲ့ ဖြည့်သင့်တာဖြည့် ဖြဲသင့်တာဖြဲ  တည်ဆောက်ပုံ အဆင့်ဆင့် လျှောကျ
ဆယ်ယူ ပြန်တက် လူမှုဘက်စ်ကားကြီးထဲ ငါးဖယ်တိုးလေးလည်း တိုးတတ်မှ
ငွေတွန်သံတွေနဲ့ အိပ်မောကျပြီး ငွေတွန်သံတွေနဲ့ နိုးထရတာတော့ ဖီးလ်ကျဲ လွန်းတယ်
်freedom ကြီးကိုပဲ လက်တမမ ရင်တမမ  ဘော်စတွန်က သွေးညှီနံ့ တွေက မြန်မာကဗျာတွေထဲထိ လာစင်
ဦးနှောက်ဆဲလ်တွေထဲ နှလုံးအကြည်ဓါတ်တွေထဲထိ လာစင်
ဘာဖြစ်လို့ များ “အကြမ်း” ကို “ဖက်” နဲ့ လိပ်ပြီး ဖွာရှိုက်နေကြတာလဲ
ပြာတွေ  ပြာတွေ  ပြာတွေ မျက်ကလူးဆန်ပျာ လူတွေ လူတွေ လူတွေ တလူလူတလည်လည် လူးလာဆန်ခတ်
“ငါ့ခွက်ထဲက အမြှုပ်တစီစီတွေက သေရည်တွေ မဟုတ်ဘူး အိမ် လွမ်း စိတ် တွေ ”
“ငါတို့ လူငယ်ဘဝကလည်းကွာ မလေးကျွန်းဆွယ်ကြီးကိုမှ ရွေးထမ်းထားရတယ်လို့ ”
“ညီမလေးက လာမယ်တကဲကဲလုပ်နေလို့ ဒီကအထုပ်တွေကို ဖြည်ချပြရတာ မျက်ရည်နဲ့ မဆံ့ဘူး”
viber ထဲမှာ ချက်ဘောက်ထဲမှာ အပူလှိုင်းတွေက vibration လို တုန်ခါ
ရှော့ခ်တွေကို ဘယ်လို နည်းဗျူဟာတွေနဲ့ လျော့ချရမလဲ မေဒေးကလည်း ချွေးတွေသံတွေ ရွှဲလို့ 
စက်တွေလို Run စက်တွေနဲ့ Run ဖော်မြူလာဝမ်းလို Run ကွန်နက်ရှင်ကြီးလို Run ဝရမ်းပြေးလို Run
ရင်းဂစ် ၃၀၀ တန် ဖုန်းတစ်လုံးက အပျိုရည်ညလေးကို မြိုးမြိုးမြက်မြက် ထုတ်ကုန်သွင်းကုန်လုပ်ပစ်လိုက်တယ်
အကြမ်းထည်တွေ သန်းနဲ့ ချီလာ နယ်ရုပ်တွေ သန်းနဲ့ ချီလာ ချောက်ကမ်းပါးတွေ အကူအကယ်မဲ့ လှိုက်ပြိုလာ
သံခြေချင်းညတွေ ပိုနက်ပိုထူလာ အနာအဆာများများ သစ်သီးတွေ ဗီတာမင်ချို့ တဲ့ရှုခင်းတွေ
ရိရွဲနေတဲ့ မျှော်လင့်ခြင်း အကျိအချွဲတွေ  ဗွက်တဗွမ်းဗွမ်း အိပ်မက်ပြေးလမ်းတွေ
ဂွမ်းစလေးလို လွင့် လွင့် လွင့်  ကျောက်ဒိုးလေးလို လိမ့် လိမ့် လိမ့်  သစ်လုံးလှေလေးလို လူး လူး လူး
အဖြူထည်ဆိပ်ကမ်းလေးကို မြစ်မြွေကြီး မြိုသွားပြီ
နေ့ သစ်သည် ရွှေကြောကြီးကဲ့သို့  ဖတ်ဖိတ်တောက်လျှက် ခေတ်ပေါ် အဖော်အလှစ် အညှီအဟောက်
ဒီဇိုင်းအလန်းအဆန်းများဖြင့် ညှို့ ငင်မြှူဆွယ် ဖမ်းစားထားသည်မှာ ကြောက်ခမန်းလိလိ
လင်းလက်တာရာ
၎၊၅၊၂၀၁၃
Thursday 2 May 2013
ပစ္စက္ခသားကောင်ဟာ ကျွန်တော် ခင်ဗျား အခြား သတ္တဝါများ သွေးကို ပါးကွက်ကြားထားတဲ့ မိန်းမလှလေးရဲ့ nick name က ကမ္ဘာဆိုလား
ပစ္စက္ခသားကောင်ဟာ ကျွန်တော် ခင်ဗျား အခြား သတ္တဝါများ သွေးကို ပါးကွက်ကြားထားတဲ့ မိန်းမလှလေးရဲ့ nick name က ကမ္ဘာဆိုလား
ရုန်း
အားသွန်ခွန်စိုက်ရုန်း မဟားတရားရုန်း
တုံးပိနေတဲ့ဖားလို တန်းဆင်းဇုန်လို ရုန်း
ကျွဲလို နွားလို သုံ့ ပန်းလို ကလေးစစ်သားလို ရုန်း
ကောင်းကင်လွှာကြီးထဲ မြုပ်ဝင်နေတဲ့ တိမ်ချွန်တိမ်စလို လူ့ ဘဝကြီးရဲ့ သံယံဇာတဟာ လွတ်မြောက်မှု ဆိုလို့ 
ရီမုတ်နဲ့ ရစ်ထုတ်လို့ မရရင် ဓါးနဲ့ လှီးထုတ်ရမှာလား
မမြင်ကွယ်ရာများ အမိုက်အမဲများ ရှော့ခ်များ အရှုပ်ထုပ်များ
မီးဖိုကြီး ခေါင်းပေါ် ရွက်ထားသလို အခင်းအကျဉ်းများ
ကိုယ့်ရှိတဲ့ တစ်ပဲခြောက်ပြားလေးနဲ့ သန်းပေါင်း ၇၀၀၀ ကျော်အတွက် တွေးပူ
တစ်ယောက်နဲ့ တစ်ယောက် မမြင်နိုင်အောင် ပိန်းပိတ်လွန်းတဲ့ အမှောင်တွေကိုပဲ ရိုက်ခွဲ ပစ်လိုက်ချင်တယ်
ဟေ့ အချစ် မင်းလည်း စစ်အစိုးရမလုပ်နဲ့ ငါလည်း အစွန်းရောက် ပြည်သူ မလုပ်ဘူး
အရိအရွဲတွေထဲကပဲ အကြည်ဓါတ်လေးတွေ ကျင်ယူ ပြီးရင် ကြဲဖြန့် 
အမျှဝေသံတွေပဲ မျှဝေနေရတာတော့ မမိုက်သေးဘူး
အပျောက်အရှများများ အထိအရှများများ အပစ်အခတ်များများ
သန္စေပျက် အင်္ဂါတစ်ခုလို သွေးလွန် သွေးလို
မတရားလုစား လူတွေကြား တရားသဖြင့် တောင်းစားနေတဲ့ သူတောင်းစားလေးရဲ့ လိပ်ပြာက လွှတ်လှ
လန်ဒန်က လူငယ်တွေက ” ဂိုး”လို့ ထအော်
ကွာလာလမ်ပူက အိုဗာစတေးလေးက” ဂိုး“ လို့ ထခုန်
ရန်ကုန်က လက်ဖက်ရည်ဆိုင်လေးကလည်း “ ဂိုး” လို့ ထကြုံး
တစ်နေ့ တည်း တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဒါလည်း လွှတ်လှ
လူမျိုး ဘာသာ ဘာသာစကား ယဉ်ကျေးမှု နယ်ခြားစည်း ဘယ်လောက်ကွဲကွဲ
ရယ်သံကတော့ အတူတူပဲ ဒါလည်း လွှတ်လှ လွှတ်လှ
ခွဲစိပ်ပြုပြင်ခံရတဲ့ ရင်သား ခွဲစိပ်ပြုပြင်ခံရတဲ့ မျက်နှာ ခွဲစိပ်ပြုပြင်ခံရတဲ့ သဘာဝတရား
ပြီးခြေတု လက်တုများ အစစ်တွေ “အ“ ပြုတ်ကုန်ပြီ  မလှတော့ဘူးးးးး
ဆိုင်မှားထိုင်မိတာလား သံလွင်ခက် တစ်ပွဲနဲ့ ကြိုးဖြူငှက်တစ်ကောင် မှာထားတာကြာပြီ
ခုထိ လာမချပေးသေး လက်ဖက်ရည်ခွက်တွေတောင် ကွဲကုန်ပြီ
ဒီတစ်နွေသစ်ရင် အိမ်အသစ်လေးရော ရနိုင်ပါ့မလား
သစ်သီးရှာသွားတဲ့ ဖေဖေဆိုတာကရော သစ်ငုပ်တိုနားက ကျည်ခွံတစ်စလား
ဒီနေ့ ရောက်လာတဲ့ အမှန်တရားဟာ မနက်ဖြန်အတွက် မသေချာတော့ဘူးလား
ဝတ္တရားများစွာ ကရိကထများစွာ ပဋိ ရယ် ပက္ခရယ်က စွယ်တော်ရွက်လို အမြွှာ
ပြဿနာရဲ့နောက်မှာ အပေါင်းလည်းပါ အပါလည်းပါ e.t.c ရော infinity ရော
ဘစ်ကနီ လေးနဲ့ ဖလိုင်းကစ်စ် လေး ပစ်ချလိုက်တော့ လူ့ အဖွဲ့ အစည်းကြီးက သွားဖြီး သဘောတွေကျ
ရှောရှောရှူရှူ နေ့ ရက်တွေထဲ တစ်ငေါ့ ခုတ်ထစ် ပုံသွင်း
သားသတ်စခန်းထဲက သားသည်မိခင်တွေ
အူသံရှည်တောအုပ်ထဲ ဖြတ်နေရသလို ည
သွေးကြောထဲ အော်ပရာစီတွေ ထိုးသွင်းခံထားရတဲ့ ည
မီးထွန်းရှာနေကြတာ အမှန်တရားများလား   ပြဿနာပဲ
မာစတာ fec က သောက်ကြီးသောက်ကျယ် လာပြောနေတယ်
“သက်ရှိဒြပ်မဲ့ ဒြပ်ရှိသက်မဲ့ “ အဲဒီလို ပြန်ပြောင်းသုံးစွဲ ရတော့မလား
အရေပြားတွေလည်း နေစားလိုစား အာဏာ စားလိုစား မျက်ရည်တွေ အဖတ်လိုက်ကွာကျ
“ဟဲလို ဒီလ ငွေ့ မပို့ နိုင်ဘူး မေမေ“
အရွေ့ တစ်ခုခု  အရွေးခံ တစ်ခုခု “ချောက်ထဲကို ချောက်ထဲကို”
ဦးရှင်ကြီး သေခဲ့တာကြာပြီ  မသေနိုင်သေးတဲ့ အရိုးစွဲ အယူဝါဒအရွဲ့ များ
ဂါထာမန္တရားတွေကြား ရုပ်ဝတ္ထု ယန္တရားတွေကြား လူသားဟာ ဌာပနာလိုလို
လှည်းတန်းက ခုံးကျော်တံတားကြီးကို ထမ်းထားနေရပါပြီ
မဟုတ်သေးဘူး ခေတ်ကြီးတစ်ခုလုံးကို ထမ်းထားတာ
သတိထား မနေတတ်မထိုင်တတ် ကိုယ့်ကျောက ကိုယ့်ဓါးကို သွားထိုးမိဦးမယ်
လွှတ်ပစ်လိုက်တဲ့ စိတ်တွေအတွက် မိတ္တူကူးမထားတော့ဘူး
စကားလုံးအိမ်ကြီးထဲ ပြတင်းတံခါးတွေ တပ်ဆင်လိုက်ပါ
လေနုအေးလား လေနီကြမ်းလား တစ်ခုခု.....
လင်းလက်တာရာ
၉၊၄၊၂၀၁၃
Sunday 21 April 2013
ရောက်နေတဲ့နေရာနဲ့ ရောက်ချင်တဲ့ နေရာမြှောက်လိုက်တော့ စကြာဝဠာကြီးရတယ်
မီးလျှံထဲ ပျံသန်းမှာလား ပျက်ကျမှာလား ကဗျာက ကဗျာကယာ
ကိုယ့်ယာခင်းလေးမှာ ပိုးမထိုးတဲ့ ရာသီဥတုဘယ်နှစ်ပင် အမှန်တရားစိမ်းစိမ်းဘယ်နှစ်ခင်း
ကောင်းကင်ကြီးလို မိုးချင်တိုင်းမိုးနေတဲ့ ဒုက္ခသစ္စာတွေက ကျစ်လိုက်တိုင်း ခိုင်နေတဲ့ကြိုး အခု ခန္စာကို ချည်နေပြီလား
အသက်ပေါ်လုံးကြီးတင်ဆန်ခတ် လူအဖြစ်ရဲ့ အက္ခရာအသံထွက်ဟာ ညှီစို့ စို့ ကြီး
တိုက်ကြိုတိုက်ကြားတိုက်တဲ့လေလေးကိုပဲ တယုတယ လမ်းကြိုလမ်းကြားကျတဲ့ လရောင်လေးကိုပဲ တမြတ်တနိုး
ဘေးထွက်ဆိုးကျိုးတွေကိုလည်း အထူးတလည် ဧည့်ဝတ်ကျေပွန်ပြနေရတဲ့ လူ့ ဘုံ
ပြောစရာဆိုလို့ ပြစရာတွေပဲ အပြည့်  ပျော်ကျလိုက် ပြာကျလိုက် ပေါ်လာလိုက် ပျောက်သွားလိုက်
ကိုက်ခဲနေတဲ့အခက်အခဲတွေ မဖွယ်မရာ နေ့ စေ့လစေ့တွေ နည်းပညာထဲ မြုံနေတဲ့ နှလုံးသားတွေ ထုံနေတဲ့
အာရုံခံစားမှုတွေ ရိုးရိုးသားသား ကျေးလက်လေးတောင် အရိုးချည်းသက်သက် အသားဟာ လက်ဝါးကြီးအအုပ်ခံရ
ပျောက်ဆုံးနေတဲ့မြို့တော်ဆီ ကိုယ့်ပေါ်လစီနဲ့ ကိုယ်လှော်  မျော့လိုတွယ်စုပ်နေတဲ့ အဓမ္မတွေ
ရင်ဖဝါးဟာ ဆူးတွေနဲ့ အပြည့် ဂန္ဒီရဲ့ ဖိနပ်တစ်ဖက်လောက်တောင်မတန်တဲ့ ဟိုလူကြီး
ခဏခဏထုနှက်ခံရလို့ ငြိမ်းချမ်းရေးခမျာ အသံနက်ကြီးထွက်လို့  အမေ့ အိမ်လေးရဲ့ အမြိုက်တရားနဲ့ ဝေးရာ
အခါးသက်သက်သစ်တော်သီးလေးတွေ တလိမ့် လိမ့်  အပါးမှာ ပါးကလေးကလည်းမရှိ သနပ်ခါးရနံ့ လေးတော့ရနေ
လောကကြီးရေ ခုချက်ချင်း ဝမ်းကနေ တန်းအထိရေပါ ခုံးနေတဲ့ကုန်းကျော်တံတားလေးလို ကျောထဲ ခြေသံတွေနစ်ဝင်
မြတ်နိုးမှုတွေပဲ အသွေးအသားထဲ ထိုးစိုက် ကမ္ဘာ့မြေပုံကြီးကို အစိမ်းရောင်ထူထူ ခြယ်ချင်တယ် မြန်မာ့မြေပုံကြီးကိုလည်း...
အဲဒီအစက်ကလေးသုံးစက်နောက်မှာ ကိုယ့်စိတ်ကြိုက်ကိုယ်ဖြည့်ပါ  မြို့ကြီးဟာ ခလုတ်တွေကို
ကလေးတစ်ယောက်လို ကလိလို့ တည်ရှိခြင်းတရားကို မမြဲခြင်းက သုံးကောင်စားကင်းဝင်သွားတာ လှချက်
ပလက်ဖောင်းပေါ် ပလက်စတစ်လေးတွေက ပလက်စတစ်လေးတွေကို ကောက်လို့ 
ငတ်မွတ်မှုကို ဘယ်တော့ ရွှေနားကွပ်မှာလဲ စောင့်မျှော်ရခြင်းတွေ အီစလံဝေလို့ အလံရဲ့နောက်မှာ
အသံတွေ တလူလူလွင့်လို့  အညစ်အကြေးဟာ ကြေးကြီးလို့  အနုပညာဟာ ကြမ်းတမ်းခက်ထရော်လို့ 
နိစ္စဒူဝတွေဟာ ဒူဝေဝေနဲ့ တစ်ရက်ပြီးတစ်ရက်ရွက်စုတ်လို့  တွန့် လိမ်နေတဲ့ အိပ်မက်ပြာပြာတွေ မီးပူကြီးကြီးအောက်မှာ
ကျွမ်းလို့  ကျပ်မပြည့်တဲ့ အမှောင်ထုဟာ ရွှေဗဟိုရ်စည်ကိုထုလို့  နေ့ စဉ်သုံးသတင်းစာထဲ စာလုံးအယ်စတုံကြီးတွေ မည်းလို့ မှောင်လို့  အရောင်တွေ အရိပ်တွေ အရုပ်တွေ ကံကြမ္မာကြီးဟာအရိုးအပေါ်အရေတင် ဂုဏ်သိက္ခာတွေ အဝတ်ဗလာနဲ့ လမ်းသလားနေတာ လန်းသလား အထွေထွေအလုပ်သမားလေးလည်း ညနေဆို ထွေထွေလာတယ် ဗျို့ ဆိုက္ကားဆရာ သံသရာတစ်ပတ်လောက် ရပ်ကွက်လေးက ရပ်ကွက်လေးကို ကွက်ကျော်ရိုက်လို့ နီယွန်ညပျိုမလေးဟာ သူ့ တင်းတိတ်တွေကို မိတ်ကပ်ဖို့ လို့  ခိုတွေခိုနေတဲ့ ခုံကလေးတွေ တစ်ယောက်ကိုယ်တစ်ယောက်ငေးလို့ 
တစ်ယောက်ကိုယ်တစ်ယောက် ညှော်လို့ တစ်ယောက်ကိုယ်တစ်ယောက် ညံ့လို့ တစ်ယောက်ကိုယ်တစ်ယောက်ညည်းလို့ 
သစ်သီးဆိုင်လေးရဲ့ ရိုးသားမှုကို ဈေးဦးဖောက်ပေးလိုက်ရတဲ့ အရသာ ကြိုးတွေအလိုကျ ကရင်း အလိုတွေပဲ ကျကျလာတဲ့
မနက်နှင်းကလေး ခေတ်ကိုက သံလိုက်ဓါတ်ပြင်းပြင်းနဲ့ မြင်မြင်သမျှ ဆွဲစိချင်နေတာ ရှေ့ ရေးကို ရေးကြည့်တော့
ရှုပ်ထွေးနေတဲ့ သပွတ်အူ ကျောက်သင်ပုန်း အဟောင်းလေးရှိရာအရပ် ဝလုံးဝိုင်းဝိုင်းလေးတွေကို ခေါင်းအုံးအိပ်ချင်တယ်
လေးသံတွေထဲ လေးလံနေတဲ့ စိတ်ဝန်ထုပ်တွေ ခင်ဗျားရော ညောင်သီးမက်နေတုန်းလား ကိုယ့်အချင်းချင်းတောင်
တစာစာဆာနေရတဲ့ ကိုယ်ချင်းစာတရားတွေ ရေဆိုးမြောင်းလေးထဲ အကြည်ဓါတ်လေးတွေ ပလုံစီသွား
လူတွေကို ရယ်စေပြုံးစေသူကြီးကိုယ်တိုင် သူ့ ဘဝကြီးကို ဝက်အူလို အပြုန်းခံလို့  ဘယ်သူတောင်းစားဆီမှာမှ မနေချင်ဘူးလို့ 
ဘယ်ငွေစက္ကူလေးတွေကမှ ကွန်ပလိန်းမတက်ဘူး သွေးပေါင်တိုးနေတဲ့ ဇာတ်နာတွေအတွက် သွေးကိုအပေါင်ထားလိုက်ပြီ
အတိုးဘယ်လောက်လဲ
                                                                              လင်းလက်တာရာ
                                                                                  ၂၅၊၂၊၂၀၁၃
Tuesday 16 April 2013
အာရုံကြောရုံမှ ထုတ်လုပ်တင်ဆက်ချက်များ
                         ရနံ့ ။ မိုးပေါ်က လျှောကျလာသလိုလို။ မြေကြီးထဲက တွန်းထိုးတက်လာသလိုလို။
မိုးနဲ့ မြေလွှာကြားက ဓါတ်ပြုမှု တစ်မျိုးလိုလို။  စိတ်ကြည်လွှာမှာ လာစိုက်နေတဲ့ ပုံရိပ်က အစိမ်း။ အရှင်။
ခေတ်ပေါ်ထုတ်ပိုးမှု မျိုးစုံ။
                         စုထားတဲ့ ရှုခင်း။ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်တွေ နည်းအမျိုးမျိုးနဲ့ လွှတ်တင်နေကြ။
ကိုယ့်ဂစ်တာသံလေးဟာ ဘိုင်ပျက်နေတဲ့ ဂျစ်ပစီတစ်ယောက်နဲ့ ခပ်ဆင်ဆင်။ ကွမ်းယာဆိုင်က တစ်ခါသုံး
မီးခြစ်လေးလို တွဲလျောင်းကျ။ တစ်ခါသုံး ကွန်ဒုံးများ။ တစ်ခါသုံး နည်းပရိယာယ်များ။ လူနေမှု အဆောက်
အဦတွေ မြင့်မားလာပြီးနောက်။ သူလိုကိုယ်လိုထဲ သူလိုကိုယ်လို ပျောက်ဆုံးလာပြီးနောက်။ မေးရိုးကိုဖြောင်းခနဲ
ထိုးချလိုက်တဲ့ လက်သီးဟာ လူ့ ယဉ်ကျေးမှုကို မေးခွန်းထုတ်လိုက်တဲ့ လက်ခုပ်သံတွေ ဟုတ်မဟုတ်။
                       အစိုးမရခြင်းပေါ် လာနားနေတဲ့ လိပ်ပြာလေး။ နှုတ်ခမ်းချင်း ဖိကပ်ထားချင်တယ်။ လက်ဖဝါးချင်း
ပူးကပ်ထားချင်တယ်။ နှစ်ဖက်ချွန် ရမ္မက်တွေက ငါတို့ ကို လာလာတူး။ တိုးဖွဖွလေးဟာ ကျယ်လောင်ပေါက်ကွဲ။
ကိုယ့်အသွေးအသားထဲက လောက်တွေ   ကိုယ့်အသွေးအသားတွေကို မြိန်ရက်ရှက်ရည်။  သမိုင်းဘူတာမှာ
ရထားဟာ စက်ခေါင်းချိန်းသွားပြီ။  ဒီခရီး။  ဒီလမ်းနဲ့ ဒီပန်းတွေ။
                       အရက်ခွက်ထဲ ရေခဲတုံးလေးတစ်တုံး အရည်ပျော်သွားရုံ။ ရော့ခ်သီချင်းတစ်ပုဒ် တုန်းကြမ်းကြမ်းနဲ့ 
စောင့်ဝင်လာ။ ဂျင်းဘောင်းဘီ။ တီရှပ်။ ကျောပိုးအိတ်နဲ့ ငတ်မွတ်မှု တံဆိပ်တွေ။ လူသားရဲ့ ဘတ္ထရီဒေါင်းနေတဲ့
                        ကိန်းဂဏန်းတွေကပဲ ခင်ဗျားရဲ့ အရေးအကြောင်းတွေကို တွန့် ခေါက်သွားစေတာ။ ခင်ဗျားရဲ့
ဆံပင်တွေကို ကျွတ်ကျဲ သွားစေတာ။ လည်ချောင်းထဲ ခြေစုံပစ်ဝင်လာတဲ့ ထမင်းလုတ်တွေ။ စိတ်အညှိဟာ
ဂုဏ်သိက္ခာတွေ ဘယ်နှကီလိုလောက် မြိုချထားပြီးပြီလဲ။ ရှောင်ရင်းတိမ်းရင်း မြို့ကြီးနဲ့ မှ ငြိစွန်းခဲ့ရ။
                        တဖြည်းဖြည်း အရည်ထူလာ။  ထိခတ်မိတာနဲ့ ရှော့ခ်ဖြစ်ချင်လာ။  သောက်ပြဿနာတွေ။
အရေးပေါ်သတင်းကြေငြာချက်ကို လိုင်းအရှည်တွေနဲ့ ရေးချလိုက်တယ်။ ဒုက္ခသစ္စာများ။ ငယ်ဘဝလေးဆီ
ပြန်မျှားနေရတာ အရသာ။ စုန်သွားတဲ့ ရေအလျင်ထဲ အိမ်အရိပ်ကလေး စီးလို့ ။ သောင်တင်နေတဲ့ ကမ်းတွေ။
အထီးကျန်နေ့ တွေဆို ကိုယ့် Tango လေးကလည်း မျက်ရည်လည်တယ်။
                       လူငယ်တွေကပဲ ချွန်ထက်လွန်းတာလား။ လူကြီးသူမတွေကပဲ ပါးလှပ်လွန်းတာလား။  အင်္ကျီ
အသစ်လေးပေါ် ဆေးလိပ်မီးပွားတွေ ကျသွားတယ်။ ငါ အားအင်ချိနဲ့ ကုန်ခမ်းနေချိန်မှ မင်းက ပလက်ဆွဲဖြုတ်။
ရုတ်တရက်ကြီးအတိုင်း။   မိုးကြိုးပစ်သံအတိုင်း။   ချောက်ချောက်ချားချားဟာ   ချောက်ချောက်ချားချား။
အိမ်ပြန်စရာ လမ်းစရိတ်ကလည်း မင်္ဂလာဦးည အိပ်ယာလို တွန့် ကြေလို့ ။
                      ကိုယ်ပိုင် အပျော်လေးကို ချစ်သူနဲ့ လှော်ချင်တယ်။ ဇာတ်ဝင်ခန်းဟာ ကျောက်သားကျောက်စိုင်နဲ့ 
အသားစိုင်နဲ့  အကင်ဆိုင်နဲ့ ။ ငတေကလည်း မာလိုက်တာ။ လည်ပင်းထဲ ကန့် လန့် စူးနေတဲ့ အရိုးဟာ အမျှော်။
ကော်ဖီခွက်ထဲ ကြယ်တွေထည့်ဖျော်ထားတဲ့ ည။  ထင်ရှားသည့် အမှတ်အသား  မိသားစုပေါ်မှ အမာရွတ်များ။
ငါ့ကို ဘယ်သူ install လုပ်မှာလဲ။ တားဆေးတွေ ဘယ်လောက်ပဲ သုံးသုံး မခင်နှင်းဆီတွေ ပွင့်ဝေနေဦးမှာပဲ။
စက်ရုပ်ပြုံး ပြုံးတတ်ပြီ။
                                                                                        လင်းလက်တာရာ
၁၅၊ ၄၊ ၂၀၁၃။ သင်္ကြန်အကြတ်နေ့ ။