Thursday 16 May 2013
ဒီအရေးအသားရဲ့ ခေါင်းစဉ်ကို ဒီအရေးအသားရဲ့ နောက်ဆုံးစာသားကို သက်စေ့ပေးထားတယ်
ပြောနေရင်းတန်းလန်း ပျောက်သွားတဲ့ အပျော်တွေ။ ရက်စေ့လစေ့ ဒုက္ခသန္ဓေသားလောင်းများ
မွေးဖွားခန်း။အရေးပေါ် သတင်းကြေငြာချက်။ လိုအပ်သည်ထက် ပိုမို ဆုတ်ယုတ်/ ဆိုးရွား။ လိုအပ်သည်ထက် ပိုမို ကျယ်လောင်/အက်ကွဲ။ ကမ္ဘာကြီး ပူနွေးလာမှုမှာ စိတ်ရောကိုယ်ပါ ဆူပွက်လာခြင်း။
                 တစ်နေ့ ကို  ဘာသာစကားအကျိုးအပဲ့  ၄ မျိုးလောက်နဲ့   ထစ်အနေရတယ်။ဆဲနည်းမျိုးစုံကိုလည်း အင်တာနေရှင်နယ်ဆန်ဆန်ရရှိ။ ကိုယ်က ဒီမှာ တစ်ယောက်တည်း တစ်ကောင်တည်း။ ခြင်္သေ့လည်းမကျ ကြွက်စုတ်
လည်းမက အဲဒီကြားထဲက တစ်ခု။ ကိုယ့်အသက်ထဲက ပင့်သက်တွေ ခဏခဏပြုတ်ကျတယ်။ အခန်းလွတ်ထဲမှာ
ဘယ်သူမှ မရှိသလို ကဗျာရေးတယ်။ ခုဒီအရေးအသားတောင် ကိုယ့်သန်းခေါင်ကို ကြိုးရှည်ရှည်နဲ့ လှန်ပြီးရေးနေတာ။
                   လူ့ ဘဝကိုရောက်လာတာ ရစရာရှိတာတွေကို ယူဖို့ ပေးစရာရှိတာတွေကို ပေးဖို့ ။ ပထမ အမျိုးအစားမှာ
လူဦးရေ ပိုမိုထူထပ်နေတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝပ်ရှော့ပ်တွေထဲ လူတွေရဲ့ အသိဥာဏ်တွေကို အင်ဂျင်
ပြန်ကိုင်ဖို့ အထူးတလည် လိုအပ်။ အရေခွံဟောင်းကြီးဆီ ပူဆွေးလွမ်းဆွတ်မှုကို  သုံးပြီးသားကွန်ဒုံးလို သေသေသပ်သပ်
စွန့် ပစ်သင့်ပြီ။ မပစ်ရက်လို့ မြိုချထားသူတွေလည်း ဒုနဲ့ ဒေး။ သေနေတဲ့ အန္ထရာယ်ကို ပြန်လည် အသက်သွင်းကြသူများ။
                  အာရုံပန်းအိုးလေးထဲ တစ်ချက်တစ်ချက် ခွေးဟောင်သံတွေ လာလာစိုက်တယ်။ အပေါ်ထပ်က ကလေး
ငိုသံတွေ ယိုစီးကျလာတယ်။ နောက်ဖေးလမ်းကြားထဲ လရောင်သင်းသင်းလေးကို အမှတ်ထင်ထင် တွေ့ လိုက်သေးတယ်။ ကိုယ့်ဝရန်တာရဲ့ မျက်စောင်းထိုး လေတချွန်သာသာမှာ လိင်အလုပ်ရုံရှိတယ်။ တနင်္ဂနွေတွေ ဟောလီးဒေးတွေဆို ဘာသာစကားအမျိုးမျိုး အသားအရောင်အမျိုးမျိုးနဲ့  သိပ်စည်တာပဲ။ ဒီမကောင်းဆိုးဝါး အနံ့ အသက်ကြီးကို ကိုယ်
မနှစ်မြို့ဘူး။ တစ်ကိုယ်ရည်ပဲ အာသာဖြေပစ်လိုက်တယ်။
              ထိန်ချန်သိုဝှက်မှုဟာ အနုပညာရဲ့ နောက်ကျောကို ဓါးနဲ့ ထောက်တာပဲ။ ပြည်သူတွေရဲ့ နှလုံးအိမ်ထဲက နာမည်အရင်းခေါက်ခေါက်တွေကို နည်းအမျိုးမျိုးနဲ့ ဖုံးကွယ်ဖျောက်ဖျက်ဖို့ ကြိုးစားတာဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တာပဲ။ လူ့ အရင်းအမြစ်တွေ ဘေးထွက်ဖိတ်စင် နေပုံများ။။ သယံဇာတအနဂ္ဂတွေ ဘေးထွက်ဖိတ်စင်
နေပုံများ။ ဆင်းရဲမွဲတေမှုတွေ ကိန်းဂဏန်းတိုးလာ။ မစ္ဆေရစိတ်တွေ ပွယောင်းဖောင်းကားလာ။ လူကြီးတွေ ပစ်ချ
ထားတဲ့ အမှိုက်တွေကို လူငယ်တွေက လိုက်ကောက်နေရတယ်။
              ငွေဈေးအတက်အကျကို စောက်ဂရုစိုက်မနေတော့ဘူး။ ရတဲ့ဈေးနဲ့ ပဲ ကိုယ့်လူငယ်ဘဝရဲ့ လွတ်လပ်မှုတွေ
ရောင်းထုတ်ပစ်မိတယ်။ မိသားစုအကြောင်းတွေးရင် ကိုယ့်အိမ်ပြန်ချိန်ဟာ မှုန်မှုန်ဝါးဝါးဝေးဝေးလွင့်လွင့်။ ဆီအုန်းတော
တွေထဲမှာ ကျွဲလို နွားလို ခွေးလို ဝက်လို ဘဝတွေ ရှိတယ်။ ကိုယ့်အဆီနဲ့ ကိုယ် ပြန်ကြော်ခံရတဲ့ ဝမ်းရေးတွေ။
လူသားဆန်မှုတွေ လူသားစားခံနေရတယ်။ မျက်နှာမှာ ချောဆီလူးထားသလို လစ်ဗီးတူဂဲလ်သားများ။ သွေးအေးအေးနဲ့ 
ဘဏ်ဖောက်သွားတာများ ကလေးလေးတွေ ပူဖောင်းဖောက်သလိုပဲ။ ကိုယ့်ဘော်ဒါတစ်ယောက် ထိုင်းနယ်စပ်အသွန်
ခံလိုက်ရလို့ ကိုယ့်အိပ်ကပ်ပါးပါးလေးကို ထုခွဲလိုက်ရသေးတယ်။ ပက်စပို့ စ်အတု ပါမစ်အတု ယူအင်န်ကဒ်အတု
နိုင်ငံသားအတု ရဲအတု မဲအတု။လိုအပ်လွန်းလို့ အပြုံးတွေကို အတုလုပ်ထားရတာ မိတ္တူစက်ရဲ့ ပါးစပ်ပေါက်ထဲက တဖျတ်ဖျတ်ထွက်အန်ကျလာတဲ့ အေဖိုးတွေလိုပဲ။
            တောက်ခေါက်သံတွေက အလေ့ကျပေါက်လာတာတော့ မဟုတ်ဘူး။ ဒိုမီနိုဆင့်ကဲဖြစ်စဉ်တွေ။ အတွေးအမျှင် အတွေ့ အထိ တစ်ခုခုနဲ့ သွားငြိနေတတ်တဲ့ လူ့ အဖြစ်ရဲ့ အပေါစား ဇာက်လမ်းဇာတ်ကွက်များ။ ပက်ဘလစ်နဲ့ လွှတ်တင်
ထားတဲ့ အိုင်ဒင်တတီတွေ။ ထောင်ချောက်တွေ တစ်ယောက်ပြီးတစ်ယောက်  ထောင်ချောက်တွေ တစ်လိပ်ပြီး တစ်လိပ် မီးညှိဖွာရှိုက်။ လူသားတွေပဲ အညှီအဟောက် လူသားတွေပဲ ယင်ကောင်။ သက်ရှိတွေတည့်တည့် ထပေါက်တော့မယ့် မီးတောင်ကြီးကို ကုတ်နဲ့ ကော်ထုတ်ပေးစမ်းပါ။
            ငါတို့ ဟာ ကုလားနှစ်ကောင်ကြား ညပ်နေတဲ့ ဆယ်ဖဲ။ ငါတို့ ဟာ မီးရှို့ ခံရတဲ့ အိမ်ယာတွေ။ ငါတို့ ဟာ အသိမ်းခံလိုက်ရတဲ့ လယ်မြေတွေ။ ငါတို့ ဟာ အဓမ္မအကျင့်ခံလိုက်ရတဲ့ အပျိုစင် အမြှေးပါး။ ငါတို့ ဟာ ကွန်တိန်နာ
တွေထဲ အောက်ဆီဂျင်ပြတ်သွားတဲ့ အသက်ရှူသံတွေ။ ငါတို့ ဟာ ရှောခ့်ရိုက်ခံရတဲ့ လူသားချင်းတန်းတူညီမှု။
ငါတို့ ဟာယောက်ျားချင်းပါးရိုက်ခံရတဲ့ သမိုင်းခါးခါး။
            စမုတ်တိုင်တွေ တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ထွက်နေတဲ့ ဘိုင်စကယ်ကမ္ဘာကြီး။ စနက်တံတွေ တစ်ခုပြီး
တစ်ခု ကျွတ်ထွက်နေတဲ့ မြေကမ္ဗလာ။ မျက်လုံးတွေ မှိတ်ထားလည်း မြင်နေရ။ နားတွေပိတ်ထားလည်း ကြားနေရ။
အာရုံတွေ သန့် ရှင်းရေးလုပ်လည်း ဖုန်တွေ အထပ်ထပ်တက်လာ။ အရုဏ်တွေ ဖုန်တွေ သုတ်လိုက်လည်း မြူတွေ အထပ်ထပ်ပိတ်လာ။ ရင်းခဲ့သမျှတွေဟာ ယင်းခဲ့ရ။ စိတ်မှာ အနာဟာ ပြည်တည်လို့ ။ တည်နေတဲ့ ပြည်ကို လောက်
တွေထိုးလို့ ။ 'ကိုယ့်အလောင်းကို ကိုယ့်နိုင်ငံဆီ ပြန်ပို့ ပေးကြပါ့မလား' ဆိုတဲ့ မီးကျည်ခဲကြီးဟာ လည်ပင်းဝတွေမှာ တစ်တစ်ခွခွကြီး။ တူးစော်နံနေတဲ့ မထူးဇာတ်ဟာ လေထုကို ညစ်ညမ်းစေပါတယ်။ လူထုကို ညစ်ညမ်းစေပါတယ်။
           ဂျလန်းယူသန့် လို့ ခေါ်တဲ့ ဦးသန့် လမ်းပေါ် အရောက်သွားမယ်။ ဖိနပ်ချွတ်ပြီး လမ်းလျှောက်မယ်။
လင်းလက်တာရာ
၁၄၊ ၅၊ ၂၀၁၃
မာကျူရီမီးလျှံတွေကပြင်းအား နှစ်ဆ ကူးစက်ဗိုင်းရပ်စ်တွေက ဖလန်းဖလန်း မြန်နှုန်းမြင့် ဆိုရှယ်အသစ်ကျပ်ချွတ်ကြီးက ၉ လောက်ရှိတယ်
ဖြစ်နေကျဟာ ပျက်နေကျ တက္ကနစ်ကြီးထဲကနေ မလွတ်မြောက်နိုင်
ဒီနေ့ နားထောင်မိတဲ့ မဟာဆန်သူ က ဦးတိုးကြီးမဟုတ်ဘူး အပူပိုင်းမုန်တိုင်း
ပျက်စီးနိုင်ဖွယ်အလားအလာရှိသော အသက်အိုးအိမ်များ နေ့စဉ်သတင်းခန့်မှန်းချက် စိုးရိမ်ရေအမှတ်များ
လေတိုက်နှုန်း တစ်နာရီ မိုင်(၆၀) Emergency အရေးပေါ် လတ်တလော အနိဌာရုံ တိုက်ရိုက်တင်ဆက်ပြသချက်များ
လူမှုရေးအရှုပ်တော်ပုံကြီးက မီးခဏခဏပျက်နေတယ် ဗျောက်ထနေတဲ့ ချန်နယ်ပေါ်ကနေ ရီမုတ်ဟာ ရွေ့ မရဘူး
မြို့ ပြ သစ်ကိုင်းကြီးပေါ်မှာ တစ်ခုခုကို ထိုးသုတ်ဖို့ အသင့်အနေအထား ကြီးမိုက်တွေ
ငွေနံ့ ဟာ လူကြိုက်များတဲ့ ရေမွှေး ခေတ်ပေါ်ယဉ်ကျေးမှု ဓါးသွားမျိုးစုံ နယ်ခြားစည်းတွေ တရကြမ်းချိုးဖျက်
ခေတ်အမြိုက်ကြီးထဲ အရှိန်ပြင်းပြင်းထိုးဖောက်ဝင်ရောက်လာ
လူကြီး၊လူငယ်၊လူမျိုးဘာသာမရွေး အသင့်စားသုံးနိုင် မဖွယ်မရာ အော်ဂလီဆန်မှုများ အဆင့်မြင့်မျိုးပွားနှုန်းမြင့်တက်
လေကောင်းလေသန့် နဲ့ ခေတ်ကောင်း ခေတ်သန့် ကို ဆာလောင်ငတ်မွတ်ကြသူတွေချည်းပဲ
စိတ်တွင်းနက်ကြီးထဲ အဖိတ်အစင်များများ အညစ်အကြေးများများ
အဆင့်မြင့်အိမ်ယာထဲက လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ  လိုကယ် နဲ့  ဗီအိုင်ပီ နဲ့  ငစိန်နဲ့  ပေါ်ဆန်မွှေးနဲ့ 
အာဏာရှင်စနစ်ရဲ့ ဖွားဖက်တော်ဟာ ဟော့ဒီလျော်မရဖွတ်မရတဲ့ အနီရောင် ကင်းဗက်စ်ကြီးပဲ
လျောကျပွန်းပဲ့ပါးလျလာတဲ့ လူမှု ဆက်ဆံရေးတွေ ရေပေါ်ဆီ အရေးတယူမှုတွေ
သွေးတွေ တစက်စက်ကျလာတဲ့အထိ လက်ဆွဲနှုတ်ဆက်လိုက်ကြ
ပြည်သူတွေရဲ့မျက်ရည်ပူပူနဲ့ ခြောက်ကပ်ကပ်လက်ခုပ်သံတွေ ဖျော်စပ်ထားတဲ့ အကျိုးတူပူးပေါင်းခြင်းကော်ဖီခွက်
အစွန်းရောက်မှုဟာ ကင်ဆာထက် ဆိုးတယ် အေ့စ်ထက် သာတယ် နောက်ဆုံးပေါ် မကောင်းဆိုးဝါး
တစ်ဖက်ပိတ်ဂူကြီးထဲ လူ့ ယဉ်ကျေးမှုတွေ ပိတ်မိနေတယ်
ဆန္ဒပြပွဲ အငှားလိုက်သည် တဲ့ ရယ်ရတယ် ငိုရတယ် စေးကပ်ပျစ်ခဲလာတဲ့ ရုပ်နာမ်အစုအဝေးကြီး
မလူးသာမလွန့်သာ ဆုတ်ကပ် ဆိုက်ကပ်တွေ တစ်ကပ်ပြီးတစ်ကပ် တစ်ကဒ်ပြီးတစ်ကဒ် တဖျတ်ဖျတ်
အာရုံခံစားမှုက ဘိန်းစားတစ်ယောက်သာသာ ခေတ်ကြီးရဲ့သွေးကြောထဲ
မူးယစ်ရီဝေခြင်းတွေ အတောင့်လိုက်ထိုးသွင်းရင်း social တွေ တဖြည်းဖြည်းကျ တ၀ုန်းဝုန်းကျ
ကျသထက်ကျ ကျပ်သထက်ကျပ် လျှပ်ပေါ်လောလီမှုဟာ ဖုံးမရဖိမရတဲ့ အက်ကွဲကြောင်းကြီးဖြစ်လာ
ပညာကို FEC နဲ့ ဝယ်ရ ဦးနှောက်ထဲ စက်ရုပ်အတွေးအခေါ်တွေ အနည်ထိုင် ကျောက်ဖြစ်
ချစ်လှစွာသော မြစ်ကြီးရဲ့ ကျန်းမာရေးကလည်း ချူချာ အလင်းဟာ ပိန်လာတယ် ပိန်းလာတယ် ပိတ်လာတယ်
ရီဆိုင်ကယ် ဟာ မည်းမည်းမြင်ရာ ထည့်ကြိတ်နေတော့တာပဲ ခြေချင်းလိမ်နေတဲ့အရှုပ်ထုပ်များ
ပေါ်ပင်ဆန်ဆန် လူအခွင့်အရေးများ အာဏာ/နာ လျှာနာခွာနာများ ထွေးမရအန်မရ မြိုချမရ freedom ကြီး
'စစ်'တုရင် ပေါ်မှာ နယ်ရုပ်လေးတွေ တစ်ကွက်တက်တာနဲ့ တစ်ခါအစားခံလိုက်ရ တစ်လှမ်းတိုးတာနဲ့ တစ်ခါမျိုးကန်းရ
ဒီအရေးလား ဒို့အရေးလား သူ့အရေးလား ခပ်တည်တည် ရေးလိုက်ကြ demo လိုလို homo လိုလို ဟိုလိုလို ဒီလိုလို
ချည်မျှင် အရှုပ်အထွေးကြီးထဲ ဝမ်းရေးတွေ လိမ်ပတ် ပျော်ရွှင်မှု စစ်စစ်ဟာ စစ်တွေ စနစ်တွေထဲမှာ
သန္ဓေ ခဏခဏ ပျက်ကျတယ် effect တွေထူလပျစ်နဲ့ ကမ္ဘာ ရမ္မက်ခိုးတွေ အရည်ထွက်နေတဲ့ ကမ္ဘာ
ချစ်ခြင်းမေတ္တာဟာ ပိုင်းစစိတ်မြွှာခံနိုင်ဆုံးစာသားပဲ  ဆိုက်ကိုလိုဂျီ အဆောက်အအုံ
အနုပညာစိုက်ခင်း အသစ်နံ့ တွေအူထွက်နေတဲ့ လူငယ် ပွယောင်းယောင်း ဖောင်းကားကား လိင်ယဉ်ကျေးမှု
ထိတ်လန့့်ဖွယ်ရာတွေ ဒလဟောစီးဆင်း မြို့ပြရေတံခွန်အတုကြီး
ဦးနှောက်အတု နှလုံးသားအတု မျက်လုံးအတု နားအတု စိတ်အတု ဆီလီကွန်မြို့ကြီးထဲ
တစ်စစီ တစ်မှုန့် စီ တစ်ခဲစီ တစ်ချပ်စီ တ ဆစ် ဆစ် ကိုက်ခဲနေတဲ့ အနာဟောင်းကြီးလို ညှီစို့ စို့ 
မှုတ်ဝဲစုပ်ဝဲတွေနဲ့ ဖွဲ့ စည်းတည်ဆောက်ထားတဲ့ လူ့ ကွန်ယက်ရေစီးကြောင်းကြီး
နိုင်ငံရေးဆိပ်ကမ်းမှာ ဆိုက်ကပ်မှုစိတ်တွေ ကန်းလို့ မဖြစ်ဘူး စိုက်ထားတဲ့ပန်းတွေ ရင်မြေသားအပြည့်
ရွှေဆက် လင်းလက်တာရာ
၁၄၊၅၊၂၀၁၃
Saturday 4 May 2013
ဖဲစကားနဲ့ ပြောရင် ၃ ပင်စလုံးစားတယ် ကအစ freedom ကြီးကို လက်တမမ ရင်တမမ အလယ် ညှို့ ငင်မြှူဆွယ် ဖမ်းစားထားသည်မှာ ကြောက်ခမန်းလိလိ အဆုံး
ဖဲစကားနဲ့ ပြောရရင် ၃ ပင်စလုံး စားတယ် ခေါင်းရော အမြီးရော အဆီပူးရော
အရေခွံကနေ အရိုးအရွတ်အထိ စားတယ် အက်ဆစ်လို ကင်ဆာလို
ပက်ပက်စက်စက်ကြီး လျော်ခဲ့ရတာပါ ပက်ပက်စက်စက်ကြီး အိမ်တိုင်ချွတ်ခဲ့ရတာပါ
ပက်ပက်စက်စက်ကြီး ကိုယ့်ပေါင်ကို ကိုယ်ပေါင်ခဲ့ရတာပါ  အချိုဓါတ် ကုန်ခမ်းနေတဲ့ ပီကေကို
မရိုးနိုင် မအီနိုင် မထွေးနိုင် ဝါးနေရသလို အမြှုပ်တွေပဲ အော့အန်ထွက်လာ
ငါတို့ ကို မိုးထားတဲ့ မီးခိုးတွေက မည်းနက်ထူပြော ငါတို့ ဆာနေတဲ့ ညစာက ငါတို့ ကို ပြန်ဆာ
ဟာတာတာကြီးကို ခြုံပြီး ဟာတာတာကြီးကိုပဲ ခင်းအိပ်ခဲ့ရ  စိတ်တွေ ပက်ကြားအက်လာ
အာခေါင်မှာ မြက်ခြောက်တွေ ပေါက်လာ ကျောတည့်တည့်မှာ သတ္တုကြောကြီး ငေါထွက်လာ
နောက်တစ်ခေါက်  စိတ်တွေ မြက်ခြောက်တွေ ပေါက်လာ  အာခေါင်မှာ သတ္တုကြောကြီး ငေါထွက်လာ
ကျောတည့်တည့်မှာ ပက်ကြားအက်လာ  လရောင်ဟာ မသာမယာကြီး
မြို့လယ်ခေါင်ခေါင်မှာ သားလျှောနေတဲ့ တိုက်တန်းလျားကြီး ငြီးငွေ့ ခြင်းက ခြင်တွေလို အပြုံလိုက်
လာကိုက်နေတယ် တံခါးတွေ တစ်ချပ်ပြီးတစ်ချပ် လော့ကျသွား
ဦးနှောက်ထဲ လောက်တွေ တစ်ကောင်ပြီးတစ်ကောင် လော့ကျသွား
ထွင်လို့ မဆုံးနိုင်တဲ့ ဆူးတွေကိုပဲ ပြုံးဖြီးဖြီးနဲ့ စီးနေရ  သွေးပြန်ကြောနဲ့ သွေးလွှတ်ကြောကြားမှာ ဗုံးခိုကျင်းတွေ
ရွာထဲကို vote တွေ မောင်းဝင်လာပြီ ရွာထဲကို နဖူးစည်းတွေ မောင်းဝင်လာပြီ
အဝီစိတွင်းထဲက အလင်းကို ရေငတ်သလိုငတ် ရေငင်သလိုငင်
တနင်္ဂနွေဟာ ရုပ်ရှင်လက်မှတ်လေး နှစ်စောင် ဖြစ်ချင်ပါ သတဲ့ တနင်္ဂနွေဟာ နေကြာစေ့ထုပ်လေး တစ်ထုပ်
ဖြစ်ချင်ပါသတဲ့ ရန်ကုန်ဟာ တနင်္ဂနွေပဲ ဘာတုပါဟတ်မြို့လေးဟာ တနင်္ဂနွေပဲ
ကိုယ့်ကိုယ်ကို ပြန်နင်ရင်း ကိုယ့်ကိုယ်ကို ပြန်နင်းရင်း နှင်းတွေများ ကျလာမလားလို့ ပုဝါပါးလေးနဲ့ ခံရင်း
ဖဲ့သင့်တာဖဲ့ ဖြည့်သင့်တာဖြည့် ဖြဲသင့်တာဖြဲ  တည်ဆောက်ပုံ အဆင့်ဆင့် လျှောကျ
ဆယ်ယူ ပြန်တက် လူမှုဘက်စ်ကားကြီးထဲ ငါးဖယ်တိုးလေးလည်း တိုးတတ်မှ
ငွေတွန်သံတွေနဲ့ အိပ်မောကျပြီး ငွေတွန်သံတွေနဲ့ နိုးထရတာတော့ ဖီးလ်ကျဲ လွန်းတယ်
်freedom ကြီးကိုပဲ လက်တမမ ရင်တမမ  ဘော်စတွန်က သွေးညှီနံ့ တွေက မြန်မာကဗျာတွေထဲထိ လာစင်
ဦးနှောက်ဆဲလ်တွေထဲ နှလုံးအကြည်ဓါတ်တွေထဲထိ လာစင်
ဘာဖြစ်လို့ များ “အကြမ်း” ကို “ဖက်” နဲ့ လိပ်ပြီး ဖွာရှိုက်နေကြတာလဲ
ပြာတွေ  ပြာတွေ  ပြာတွေ မျက်ကလူးဆန်ပျာ လူတွေ လူတွေ လူတွေ တလူလူတလည်လည် လူးလာဆန်ခတ်
“ငါ့ခွက်ထဲက အမြှုပ်တစီစီတွေက သေရည်တွေ မဟုတ်ဘူး အိမ် လွမ်း စိတ် တွေ ”
“ငါတို့ လူငယ်ဘဝကလည်းကွာ မလေးကျွန်းဆွယ်ကြီးကိုမှ ရွေးထမ်းထားရတယ်လို့ ”
“ညီမလေးက လာမယ်တကဲကဲလုပ်နေလို့ ဒီကအထုပ်တွေကို ဖြည်ချပြရတာ မျက်ရည်နဲ့ မဆံ့ဘူး”
viber ထဲမှာ ချက်ဘောက်ထဲမှာ အပူလှိုင်းတွေက vibration လို တုန်ခါ
ရှော့ခ်တွေကို ဘယ်လို နည်းဗျူဟာတွေနဲ့ လျော့ချရမလဲ မေဒေးကလည်း ချွေးတွေသံတွေ ရွှဲလို့ 
စက်တွေလို Run စက်တွေနဲ့ Run ဖော်မြူလာဝမ်းလို Run ကွန်နက်ရှင်ကြီးလို Run ဝရမ်းပြေးလို Run
ရင်းဂစ် ၃၀၀ တန် ဖုန်းတစ်လုံးက အပျိုရည်ညလေးကို မြိုးမြိုးမြက်မြက် ထုတ်ကုန်သွင်းကုန်လုပ်ပစ်လိုက်တယ်
အကြမ်းထည်တွေ သန်းနဲ့ ချီလာ နယ်ရုပ်တွေ သန်းနဲ့ ချီလာ ချောက်ကမ်းပါးတွေ အကူအကယ်မဲ့ လှိုက်ပြိုလာ
သံခြေချင်းညတွေ ပိုနက်ပိုထူလာ အနာအဆာများများ သစ်သီးတွေ ဗီတာမင်ချို့ တဲ့ရှုခင်းတွေ
ရိရွဲနေတဲ့ မျှော်လင့်ခြင်း အကျိအချွဲတွေ  ဗွက်တဗွမ်းဗွမ်း အိပ်မက်ပြေးလမ်းတွေ
ဂွမ်းစလေးလို လွင့် လွင့် လွင့်  ကျောက်ဒိုးလေးလို လိမ့် လိမ့် လိမ့်  သစ်လုံးလှေလေးလို လူး လူး လူး
အဖြူထည်ဆိပ်ကမ်းလေးကို မြစ်မြွေကြီး မြိုသွားပြီ
နေ့ သစ်သည် ရွှေကြောကြီးကဲ့သို့  ဖတ်ဖိတ်တောက်လျှက် ခေတ်ပေါ် အဖော်အလှစ် အညှီအဟောက်
ဒီဇိုင်းအလန်းအဆန်းများဖြင့် ညှို့ ငင်မြှူဆွယ် ဖမ်းစားထားသည်မှာ ကြောက်ခမန်းလိလိ
လင်းလက်တာရာ
၎၊၅၊၂၀၁၃
Thursday 2 May 2013
ပစ္စက္ခသားကောင်ဟာ ကျွန်တော် ခင်ဗျား အခြား သတ္တဝါများ သွေးကို ပါးကွက်ကြားထားတဲ့ မိန်းမလှလေးရဲ့ nick name က ကမ္ဘာဆိုလား
ပစ္စက္ခသားကောင်ဟာ ကျွန်တော် ခင်ဗျား အခြား သတ္တဝါများ သွေးကို ပါးကွက်ကြားထားတဲ့ မိန်းမလှလေးရဲ့ nick name က ကမ္ဘာဆိုလား
ရုန်း
အားသွန်ခွန်စိုက်ရုန်း မဟားတရားရုန်း
တုံးပိနေတဲ့ဖားလို တန်းဆင်းဇုန်လို ရုန်း
ကျွဲလို နွားလို သုံ့ ပန်းလို ကလေးစစ်သားလို ရုန်း
ကောင်းကင်လွှာကြီးထဲ မြုပ်ဝင်နေတဲ့ တိမ်ချွန်တိမ်စလို လူ့ ဘဝကြီးရဲ့ သံယံဇာတဟာ လွတ်မြောက်မှု ဆိုလို့ 
ရီမုတ်နဲ့ ရစ်ထုတ်လို့ မရရင် ဓါးနဲ့ လှီးထုတ်ရမှာလား
မမြင်ကွယ်ရာများ အမိုက်အမဲများ ရှော့ခ်များ အရှုပ်ထုပ်များ
မီးဖိုကြီး ခေါင်းပေါ် ရွက်ထားသလို အခင်းအကျဉ်းများ
ကိုယ့်ရှိတဲ့ တစ်ပဲခြောက်ပြားလေးနဲ့ သန်းပေါင်း ၇၀၀၀ ကျော်အတွက် တွေးပူ
တစ်ယောက်နဲ့ တစ်ယောက် မမြင်နိုင်အောင် ပိန်းပိတ်လွန်းတဲ့ အမှောင်တွေကိုပဲ ရိုက်ခွဲ ပစ်လိုက်ချင်တယ်
ဟေ့ အချစ် မင်းလည်း စစ်အစိုးရမလုပ်နဲ့ ငါလည်း အစွန်းရောက် ပြည်သူ မလုပ်ဘူး
အရိအရွဲတွေထဲကပဲ အကြည်ဓါတ်လေးတွေ ကျင်ယူ ပြီးရင် ကြဲဖြန့် 
အမျှဝေသံတွေပဲ မျှဝေနေရတာတော့ မမိုက်သေးဘူး
အပျောက်အရှများများ အထိအရှများများ အပစ်အခတ်များများ
သန္စေပျက် အင်္ဂါတစ်ခုလို သွေးလွန် သွေးလို
မတရားလုစား လူတွေကြား တရားသဖြင့် တောင်းစားနေတဲ့ သူတောင်းစားလေးရဲ့ လိပ်ပြာက လွှတ်လှ
လန်ဒန်က လူငယ်တွေက ” ဂိုး”လို့ ထအော်
ကွာလာလမ်ပူက အိုဗာစတေးလေးက” ဂိုး“ လို့ ထခုန်
ရန်ကုန်က လက်ဖက်ရည်ဆိုင်လေးကလည်း “ ဂိုး” လို့ ထကြုံး
တစ်နေ့ တည်း တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဒါလည်း လွှတ်လှ
လူမျိုး ဘာသာ ဘာသာစကား ယဉ်ကျေးမှု နယ်ခြားစည်း ဘယ်လောက်ကွဲကွဲ
ရယ်သံကတော့ အတူတူပဲ ဒါလည်း လွှတ်လှ လွှတ်လှ
ခွဲစိပ်ပြုပြင်ခံရတဲ့ ရင်သား ခွဲစိပ်ပြုပြင်ခံရတဲ့ မျက်နှာ ခွဲစိပ်ပြုပြင်ခံရတဲ့ သဘာဝတရား
ပြီးခြေတု လက်တုများ အစစ်တွေ “အ“ ပြုတ်ကုန်ပြီ  မလှတော့ဘူးးးးး
ဆိုင်မှားထိုင်မိတာလား သံလွင်ခက် တစ်ပွဲနဲ့ ကြိုးဖြူငှက်တစ်ကောင် မှာထားတာကြာပြီ
ခုထိ လာမချပေးသေး လက်ဖက်ရည်ခွက်တွေတောင် ကွဲကုန်ပြီ
ဒီတစ်နွေသစ်ရင် အိမ်အသစ်လေးရော ရနိုင်ပါ့မလား
သစ်သီးရှာသွားတဲ့ ဖေဖေဆိုတာကရော သစ်ငုပ်တိုနားက ကျည်ခွံတစ်စလား
ဒီနေ့ ရောက်လာတဲ့ အမှန်တရားဟာ မနက်ဖြန်အတွက် မသေချာတော့ဘူးလား
ဝတ္တရားများစွာ ကရိကထများစွာ ပဋိ ရယ် ပက္ခရယ်က စွယ်တော်ရွက်လို အမြွှာ
ပြဿနာရဲ့နောက်မှာ အပေါင်းလည်းပါ အပါလည်းပါ e.t.c ရော infinity ရော
ဘစ်ကနီ လေးနဲ့ ဖလိုင်းကစ်စ် လေး ပစ်ချလိုက်တော့ လူ့ အဖွဲ့ အစည်းကြီးက သွားဖြီး သဘောတွေကျ
ရှောရှောရှူရှူ နေ့ ရက်တွေထဲ တစ်ငေါ့ ခုတ်ထစ် ပုံသွင်း
သားသတ်စခန်းထဲက သားသည်မိခင်တွေ
အူသံရှည်တောအုပ်ထဲ ဖြတ်နေရသလို ည
သွေးကြောထဲ အော်ပရာစီတွေ ထိုးသွင်းခံထားရတဲ့ ည
မီးထွန်းရှာနေကြတာ အမှန်တရားများလား   ပြဿနာပဲ
မာစတာ fec က သောက်ကြီးသောက်ကျယ် လာပြောနေတယ်
“သက်ရှိဒြပ်မဲ့ ဒြပ်ရှိသက်မဲ့ “ အဲဒီလို ပြန်ပြောင်းသုံးစွဲ ရတော့မလား
အရေပြားတွေလည်း နေစားလိုစား အာဏာ စားလိုစား မျက်ရည်တွေ အဖတ်လိုက်ကွာကျ
“ဟဲလို ဒီလ ငွေ့ မပို့ နိုင်ဘူး မေမေ“
အရွေ့ တစ်ခုခု  အရွေးခံ တစ်ခုခု “ချောက်ထဲကို ချောက်ထဲကို”
ဦးရှင်ကြီး သေခဲ့တာကြာပြီ  မသေနိုင်သေးတဲ့ အရိုးစွဲ အယူဝါဒအရွဲ့ များ
ဂါထာမန္တရားတွေကြား ရုပ်ဝတ္ထု ယန္တရားတွေကြား လူသားဟာ ဌာပနာလိုလို
လှည်းတန်းက ခုံးကျော်တံတားကြီးကို ထမ်းထားနေရပါပြီ
မဟုတ်သေးဘူး ခေတ်ကြီးတစ်ခုလုံးကို ထမ်းထားတာ
သတိထား မနေတတ်မထိုင်တတ် ကိုယ့်ကျောက ကိုယ့်ဓါးကို သွားထိုးမိဦးမယ်
လွှတ်ပစ်လိုက်တဲ့ စိတ်တွေအတွက် မိတ္တူကူးမထားတော့ဘူး
စကားလုံးအိမ်ကြီးထဲ ပြတင်းတံခါးတွေ တပ်ဆင်လိုက်ပါ
လေနုအေးလား လေနီကြမ်းလား တစ်ခုခု.....
လင်းလက်တာရာ
၉၊၄၊၂၀၁၃