Tuesday 18 June 2013

လင်းလက်တာရာ စကားလုံး မောင်းပြန်ရိုင်ဖယ် ခေတ်ပြိုင်လူ့အဖွဲ့အစည်းကို စူးရဲကျယ်ပြန့်တဲ့ မျက်လုံးတွေနဲ့ ထွင်းဖောက်ကြည့်မြင်သူ


လင်းလက်တာရာ
စကားလုံး မောင်းပြန်ရိုင်ဖယ်
ခေတ်ပြိုင်လူ့အဖွဲ့အစည်းကို စူးရဲကျယ်ပြန့်တဲ့ မျက်လုံးတွေနဲ့ ထွင်းဖောက်ကြည့်မြင်သူ


အောင်ရင်ငြိမ်း


                 လင်းလက်တာရာ၊အသက် (၂၅ )၊ ရေလယ်ကျောက်တန်းဇာတိ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က မြန်မာစာအထူးပြုနဲ့ ဘီအေဘွဲ့ရ၊ ပထမဆုံး ပုံနှိပ်စာမူ ရုပ်ရှင်အမြုတေမဂဇင်း ၂၀၀၆၊ ဟာသ၀တ္ထုတိုတွေလည်း ရေးခဲ့ဖူး၊ ကဗျာဆရာ လူခါး၊ ရာဇာမျိုး( အင်းကုန်း) တို့နဲ့အတူ " ပင်လယ်နဲ့ ပတ်သက်နေတဲ့ ရွက်တွေ " ကဗျာစာအုပ်( ၂၀၁၂) ၊ ကဗျာဆရာမောင်ရေချမ်း၊ စစ်နိုင်၊ လူခါး၊ လင်းဝေအိမ်၊ ထွန်းလင်းသစ်( ကန့်ဘလူ)၊ အဂလင်း၊ ဆူးရဲ တို့နဲ့အတူ " အက္ခရာလမ်း" ကဗျာစာအုပ်( ၂၀၁၃) တွေ ပုံနှိပ်ထုတ်ဝေခဲ့ဖူးတယ်။

                 လင်းလက်တာရာဟာ ပင်မရေစီးခေတ်ပေါ်ကဗျာသင်ရိုးကို ကျေညက်ခဲ့သူ လူငယ်ကဗျာဆရာတစ်ယောက် ဖြစ်ပြီး ကဗျာဘာသာစကား ကျွမ်းကျင်နိုင်နင်းသူ။ ခေတ်ပေါ်ကဗျာကနေ ခေတ်ပြိုင်ကဗျာ ယဉ်ကျေးမှု အသစ်ဆီ အရွေ့မှာ Expressive, Experimental & Prose Neomodern ကဗျာတွေ ပြောင်းလဲ စမ်းသပ်ရေးသားလာတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့ ကဗျာအယူအဆရေးရာ ဗဟုခေတ်ကို ဖြတ်သန်းနေရတဲ့ လူငယ်တွေအနေနဲ့ ခေတ်ပြိုင်မြန်မာကဗျာအခင်းအကျင်းထဲက L.P, Neomodern, Conceptual, Experimental ကဗျာအယူအဆတွေ အားလုံးကို ထိတွေ့လေ့လာနေကြရပါတယ်။ အဲဒီ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု အနေနဲ့ လင်းလက်တာရာရဲ့ ကဗျာစာသားတွေမှာ ဘာသာစကားကဗျာ( မြန်မာ) ရဲ့ လက္ခဏာတစ်ရပ်ဖြစ်တဲ့ Language Game ပြုလုပ်မှု တချို့ပါဝင်ပေမဲ့ အဓိပ္ပာယ်တွေ ချိုးဖျက်/ ရပ်ဆိုင်း/ ကမောက်ကမဖြစ်သွားစေတဲ့အထိ နည်းစနစ်ပိုင်း အစွန်းမရောက်ဘဲ Poetic Technique တစ်ခုအဖြစ် စမ်းသပ်ယူငင်သုံးစွဲတာမျိုးသာ ဖြစ်တာ တွေ့ရပါတယ်။

                 လင်းလက်တာရာရဲ့ ကဗျာစာသားတွေမှာ အတ္ထာလင်္ကာရ( အနက်တန်ဆာဆင်မှု) ပိုင်းအရ ကဗျာဘာသာစကား အလေးထား သုံးစွဲ၊ အကြောင်းအရာပေါင်းစုံ ရောနှောရေးဖွဲ့၊ ပုဂလိက အာရုံခံစားမှုထက် ခေတ်စနစ်နဲ့ လူမှုဝန်းကျင်အပေါ် သဘောထားအမြင်တွေကို ဦးစားပေး၊ နီယိုမော်ဒန်ရဲ့ Fibrous Lines & Text အများစု၊ Fragments အနည်းငယ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ အထင်အရှား မြင်ရပါတယ်။ သူ့ ကဗျာတွေမှာ သဒ္ဒါလင်္ကာရ( အသံတန်ဆာဆင်မှု) ပိုင်းအရ  နောက်ထပ် ထင်ရှားမြင်သာတဲ့ အချက်တစ်ခုက အသံနိမ့်မြင့်စီးဆင်းမှု (Rhythm ) အားကောင်းပြီး စကားလုံးနဲ့ ပါဒ/ ၀ါကျ အဖြတ်အတောက်တွေ တိကျသပ်ရပ်တာပါပဲ။ ကဗျာဝါကျ အဆုံးသတ်တွေမှာ လုံးချင်းကြိယာ၊ အငြင်းစကား၊ အသံပြတ်တွေနဲ့ ရပ်တန့်ထားပြီး ၀ါကျတည်ဆောက်ပုံ မျိုးစုံ၊ လေယူလေသိမ်းမျိုးစုံ ဆော့ကစားထားတဲ့အတွက် အတ္ထာလင်္ကာရ ရော သဒ္ဒါလင်္ကာရပါ ရိုးအီ ငြီးငွေ့မှု မဖြစ်စေဘဲ သွက်လက်လန်းဆန်းနေတာ သတိပြုမိပါတယ်။

                 သူ့ကဗျာတွေရဲ့ နောက်ခံအကြောင်းအရာတွေမှာ အွန်လိုင်းယဉ်ကျေးမှု၊ နိုင်ငံတကာ အခင်းအကျင်း၊ ရုပ်ဝတ္ထု ငွေကြေးနဲ့ နည်းပညာရဲ့ ကျေးကျွန် ဖြစ်နေရတဲ့ ခေတ်သစ်လူသားရဲ့ လက်ရှိ အနေအထား၊ ခေတ်ပေါ်ဖက်ရှင်ပစ္စည်း အသစ်အဆန်းတွေနဲ့ ပေါ့ပ်ယဉ်ကျေးမှုထဲ နစ်မြုပ်နေတဲ့ လူသားရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းကို မေးခွန်းထုတ်ခြင်း၊ သမားရိုးကျ အစဉ်အလာ အသိအမြင်တွေကို လူငယ်ဆန်ဆန် တော်လှန်ပုန်ကန်ခြင်း၊ အပေါ်ယံအရေပြားဆန်တဲ့ ခေတ်သစ်လူမှုဆက်ဆံရေး ပုံစံများ၊ ခေတ်ပေါ်မြို့ပြမြင်ကွင်းနဲ့ မြို့ပြအာရုံခံစားမှု၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လူသားဆန်မှု၊ စက်ရုပ်ဆန်မှုနဲ့ အမျိုးသမီး အခွင့်အရေး၊ စိတ်ပိုင်းဆိုင်ရာ အချိုးပျက်မှုတွေနဲ့ အာရုံအဆက်အစပ် ပြတ်တောက်မှုများ၊ အမှန်တရားနဲ့ ဆိုင်တဲ့ မသေချာ မရေရာမှု စသဖြင့် ခေတ်သစ်အကြောင်းအရာပေါင်းစုံ ပါဝင်တာ ကဗျာဖတ်သူတွေလည်း သတိပြုမိကြပါလိမ့်မယ်။

                 လင်းလက်တာရာဟာ ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့ လူမှုအလေ့အကျင့်တွေ၊ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုတွေကို စူးရဲကျယ်ပြန့်တဲ့ ကဗျာမျက်လုံးနဲ့ ထွင်းဖောက်ကြည့်မြင်ပြီး ကဗျာဘာသာစကားကျည်ဆံတွေ အပြည့်ဖြည့်ထားတဲ့ စကားလုံးမောင်းပြန်ရိုင်ဖယ်တစ်လက်နဲ့ ခေတ်စနစ်နဲ့ လူမှုဝန်းကျင်ကို အဆက်မပြတ် တဒိုင်းဒိုင်း မွှေ့ယမ်း ပစ်ခတ်နေတဲ့ လူငယ်ကဗျာဆရာတစ်ယောက်လို့ ဆိုနိုင်ပါတယ်။

                 ကျွန်တော်လည်း ဘရိတ်ပေါက်နေတဲ့ လူတစ်ယောက်၊ ငွေရေ မင်းချုပ်ကိုင်ခြယ်လှယ်လို့ ၀ရင်လည်း လူ့ယဉ်ကျေးမှုကွန်ရက်ကြီးထဲကနေ အပြီးအပိုင် ထွက်ခွာသွားပါတော့၊ ကိုယ်ချင်းစာတရားကို မူကြိုကျောင်းသားလေးဆီက သွားသင်လိုက်ဦး၊ လုပ်ပြုံးကြီးဟာ လူအုပ်ထဲ အတင်းကာရော မောင်းဝင်လာပြန်၊ လူမှုဆက်ဆံရေး Live Show မှာ မုသားဟာ နားဝင်အချိုဆုံးသီချင်း၊ မြို့ကြီးပြကြီးဟာ မေတ္တာတရားကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်၊ ဂုဏ်သိက္ခာတွေ အ၀တ်ဗလာနဲ့ လမ်းသလားနေတာ လန်းသလား၊ လူသားချင်း တန်းတူညီမှုဟာ အနည်းငယ်ဖောင်းပွလာတာက လွဲရင် ပိန်ရှုံ့နေတုန်းပဲ၊ ဟေ့ အချစ် မင်းလည်း စစ်အစိုးရ မလုပ်နဲ့ ငါလည်း အစွန်းရောက်ပြည်သူ မလုပ်ဘူး၊ ဒီနေ့ရောက်လာတဲ့ အမှန်တရားဟာ မနက်ဖြန်အတွက် မသေချာတော့ဘူးလား၊ ကာလယန္တရားကြီးက Women's Voices ကို အထူးတလည် လိုအပ်နေပါတယ်၊ အကျပ်အတည်းက လူမှုဇုန်ထဲကနေ ကုပ်ဆွဲခေါ်လာခဲ့တယ် ကျွန်တော့်ကို/ ခင်ဗျားကို၊ VIP ၀ိုင်းကြီးဆီက အပုပ်နံ့ ရတယ်၊ ဦးနှောက်တွင်း ကဗျာသွေးယိုစီးမှု၊ နိုင်ငံရေး အခင်းအကျင်းမှာ နယ်ရုပ်လေးတစ်ရုပ်ကအစ အဆိပ်ပြင်းတယ်၊ လူသားရဲ့ ဘတ္ထရီဒေါင်းနေတဲ့ နှလုံးသားကို စာအုပ်တွေနဲ့ ချာဂျင်ပြန်သွင်း၊ Viber ထဲမှာ ချက်တ်ဘောက်ခ်စ်ထဲမှာ အပူလှိုင်းတွေက Vibration လို တုန်ခါ၊ စက်တွေလို Run စက်တွေနဲ့ Run ဖော်မြူလာဝမ်းလို Run ၊ ရင်းဂစ် ၃၀၀ တန် ဖုန်းတစ်လုံးက အပျိုရည်ညလေးကို မြိုးမြိုးမြက်မြက် ထုတ်ကုန်သွင်းကုန် လုပ်ပစ်လိုက်တယ် စသဖြင့်။

                 လင်းလက်တာရာဟာ ခေတ်ပြိုင်လူ့အဖွဲ့အစည်းကို ကျယ်ပြန်တဲ့ အမြင်နဲ့ ထွင်းဖောက်ကြည့်မြင်နိုင်စွမ်း မြင့်မားတဲ့ လူငယ်ကဗျာဆရာတစ်ယောက်ဆိုတာ အကောင်းဆုံး သက်သေပြနေတဲ့ စာသားတွေ။ သူ့ဦးနှောက်/ နှလုံးသား/ လက်ထဲက စကားလုံးမောင်းပြန်ရိုင်ဖယ်ရဲ့ ပြောင်းဝကနေ ကျည်ဆံတွေ အဆက်မပြတ် တဒိုင်းဒိုင်း။

                 ကျွန်တော်တို့ ခေတ်ပြိုင်မြန်မာကဗျာလောကထဲမှာ ၂၀၁၀ နောက်ပိုင်း ၀ါရင့်ကဗျာဆရာတွေ အပြောများနေတဲ့ မခိုင်လုံတဲ့  ဆင်ခြေစကားတစ်ခု ရှိပါတယ်။ စစ်အစိုးရလက်ထက် စာပေစိစစ်ရေးမူဝါဒတွေ တင်းကြပ်ထားတဲ့ အမှောင်ခေတ်ကာလတွေတုန်းက စစ်အစိုးရ ဆန့်ကျင်ရေး၊ ပျောက်ဆုံးနေတဲ့ အမှန်တရား ပြန်လည်ရှာဖွေတွေ့ရှိရေး အကြောင်းအရာတွေ ရေးစရာ အမြောက်အမြား ရှိခဲ့ပေမဲ့ ၂၀၁၀ နိုင်ငံရေး အခင်းအကျင်း ပွင့်လင်းလွတ်လပ်လာတော့ ဘာ အကြောင်းအရာ ရေးလို့ ရေးရမှန်း မသိအောင် ဖြစ်နေရတယ်တဲ့။ အဲဒီလို Unreasonable Reason တွေ ပေးနေသူတွေအတွက် လင်းလက်တာရာရဲ့ ကဗျာအကြောင်းအရာပေါင်းစုံက ၀ါရင့်ကဗျာဆရာတွေကို Indirect Lecture တွေ ပေးနေသလိုပါပဲ။ ခေတ်ကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်မြင်နိုင်သူ အတွက် အကြောင်းအရာ မရှား၊ သင်ခန်းစာ ယူတတ်သူတွေအတွက် သင်ခန်းစာ ယူချင်စရာပဲ ဖြစ်ပါတယ်။

                  လင်းလက်တာရာရဲ့ " လူသားဟာ စက်ရုပ်နဲ့ သားစပ်ထားတဲ့ အသားစိုင်ကြီး.... " ကဗျာမှာ ခေါင်းစဉ်ရောအတွင်းစာသားတွေကိုပါ ပြောင်းပြန်လှန် ပြန်ရေးထားတာ သတိပြုမိကြပါလိမ့်မယ်။ ကဗျာဆရာရဲ့ စိတ်ကူးဆန်းသစ်မှုနဲ့ စမ်းသပ်ရေးသားမှုကို အသိအမှတ်ပြုမိပေမဲ့ အကြောင်းအရာပိုင်းအရ မလိုအပ်ဘဲ ပြောင်းပြန်ထပ်ကျော့ထားတာမျိုး ဖြစ်နေလို့ ကဗျာဖွဲ့စည်းတင်ပြပုံ နည်းစနစ်ပိုင်း အားနည်းသလို ဖြစ်သွားစေပါတယ်။ ဒီလို ဖွဲ့စည်းတင်ပြပုံမျိုးက သံသရာလည်ခြင်း သဘော၊ ပြောင်းပြန်အကျိုးသက်ရောက်ခြင်း သဘောတွေ ပါဝင်တဲ့ အကြောင်းအရာမျိုးနဲ့မှသာ လိုက်ဖက်ဆီလျော်မှု ရှိမယ်လို့ မြင်မိပါတယ်။

                  " ဖေဖော်ဝါရီရဲ့ ရှိုက်သံဟာ ဇန်န၀ါရီ အဆက်ဆက် တုန်ခါ.... " ကဗျာမှာ ပုံသဏ္ဍာန်ပိုင်းအရ ကဗျာစာသားဖွဲ့စည်းပုံ စမ်းသပ်/ ဆန်းသစ်ထားတာကတော့ အကြောင်းအရာနဲ့ ဟာမိုနီဖြစ်နေတဲ့အတွက် စမ်းသပ်မှုကို  အသိအမှတ်ပြုရပါလိမ့်မယ်။

                 လင်းလက်တာရာရဲ့ ကဗျာတွေက နီယိုမော်ဒန်ရဲ့ အဓိပ္ပာယ်ပြီးပြည့်စုံတဲ့၊ ချည်မျှင်ဆန်တဲ့ လိုင်း/ စာသား ( Fibrous Line & Text ) တွေ အမြောက်အမြား၊ ပို့စ်မော်ဒန်က စာသားအပိုင်းအစ ( Fragments ) အနည်းငယ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားလို့ စကားပြေကဗျာဆန်တယ်လို့ ယေဘုယျ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ Prose Poetry ရဲ့ ဇာတ်လမ်းသဘော၊ Pomo Sensibility နဲ့ စကားပြေဆန်တဲ့ အရသာမျိုး မထင်ရှားဘဲ နီယိုမော်ဒန်နောက်ခံအယူအဆနဲ့ Expressive & Prose Neomodern ကဗျာရသမျိုး ထင်ရှားပေါ်လွင်နေပါတယ်။

                 အဲဒီလို ကဗျာနောက်ခံအယူအဆ၊ သွင်ပြင်လက္ခဏာ၊ တက္ကနစ်၊ ဘာသာစကားအမြင်တွေကြောင့်ပဲ လင်းလက်တာရာကို L.P အရိပ်အငွေ့ အနည်းငယ်စွန်းထင်းနေတဲ့ Expressive & Prose Neomodern ကဗျာဆရာလို့ သတ်မှတ်ပြောဆိုနိုင်တာ ဖြစ်ပါတယ်။


အောင်ရင်ငြိမ်း

No comments:

Post a Comment