Tuesday 18 June 2013

အဲဒီသန္ဓေသားကို တာဝန်အပြည့်အဝယူတယ် ကဗျာကိုတော့ ကွန်ဒုံးလာမစွပ်နဲ့ 

စားတယ်။ 'တီ' အကြောင်းတွေးရင်း 'ဆား' နဲ့ 'ငါးမျှား' တွေ အသီးသီး ကပ်ပါလာသလိုမျိုး။
နှလုံးသားနဲ့ အာရုံကြောကို ပျက်စီးယို့ ယွင်းစေတဲ့ အာဟာရတွေကို စားမိပြန်တယ်။
ငယ်ငယ်တုန်းက 'အိမ်စာ' တွေနဲ့ ကစား။ ကြီးလာတော့ သတ်ကွင်းထဲ 'အိမ်ဆာ' တွေနဲ့ ။
လောကဟာ လောကသန့်သန့်မနေဘူး။ 'ဓံ' နဲ့ ပါ ပေါင်းပြီး ကမြင်းကြော ထနေတယ်။
ယုံကြည်မှုဆိုတာ အချိန်မရွေး ထပေါက်သွားနိုင်တဲ့ မင်္ဂလာဦးအိပ်ခန်းထဲက ပူဖောင်းလေးတွေပါပဲ အချစ်ရယ်။
သမံတလင်းပေါ်က ကြေကွဲအစအနတွေဟာ အခွံမာဇာတ်လမ်း အကြီးကြီးတွေ။
သွေးပူလေ့ကျင့်ခန်းတွေဟာ နံနက်ခင်း နှင်းထူထူထဲကနေ ပြုတ်ထွက်နေတယ်။ ပျော်ရွှင်ဖွယ် မျက်ရည်ကြီးငယ်များ။
စကြာဝဠာထဲမှာ 'ငါ' ကို ထည့်မလား။ စကြာငါဝဠာ။
စကြာဝဠာထဲမှာ 'ကဗျာ' ကို ထည့်မလား။ စကြာကဗျာဝဠာ။
ကဗျာထဲမှာ 'ငါ' ကို ထည့်မလား။ ကငါဗျာ။
'ငါ' နဲ့ 'ကဗျာ' နဲ့ ငြင်းခုန်ကြပေါ့။ ပုဂ္ဂိုလ်ရေးတွေ ထိုးနက်ကြပေါ့။
မျက်နှာဖုံးစွပ်ပြီး နောက်ကျောကို ဓါးနဲ့ ပိုင်းကြပေါ့။
ပေါ့ တယ် ဆိုရင်လည်း ပထမဆုံးလိုင်းက ဆားရယ် ငါးမျှားရယ် တီတွေရယ် ပစ်ထည့်လိုက်ကြပေါ့။
စစ်အစိုးရစော်နံတဲ့ သစ်သီးထဲမှာ အရည် မရွှန်းပါရစေနှင့်။
ဒီမိုပန်းဥယျာဉ်ကြီးထဲမှာလည်း ပိုးမကိုက်ပါရစေနှင့်။
ကွင်းစကွင်းပိတ်တွေဟာ လူသေရဲ့နာမည်ကို ဘာ့ကြောင့် အကျဉ်းချထားရသလဲ။
မေးခွန်းတောင်ယာမှာ မီးလောင်နေတဲ့ အဖြေတွေ။
ကဗျာထဲမှာ ဇာတ်လိုက်ဟာ သေသွားတယ်။ ဇာတ်လမ်းဟာ သေသွားတယ်။
ဇာတ်ဆရာဟာ သေသွားတယ်။ စာသားချည်းသက်သက် လွတ်မြောက်ရှင်သန်သွားပါသလား။
( အပေါ်က ကွင်းစကွင်းပိတ်ကို ဒီနေရာမှာ ပြန်ထည့်မယ် မီးလောင်နေတဲ့ အဖြေတွေ ဖြည့်ချင်ဖြည့်လို့ ရတယ်)
ရွာရိုးကိုးပေါက်ထဲ ဖြာကျခဲ့ပြီးသော ငယ်ဘဝရဲ့ လရောင်။  သိမှုဟာ ကျောက်သားထဲ တိုးဝင်
ကျောက်တုံး ကျောက်ခဲ ကျောက်စ တွေ  ကွဲထွက်ပွင့်ဝေစေတယ်။ အေးစက်နေတဲ့ အဲကွန်းအောက်
အိုက်စပ်နေတဲ့ စိတ်များ။ လေကောင်းလေသန့် ကို ဘယ်နှကြိမ်မြောက် ပစ်မှားမိပြီလဲ။
မိမိအနေနှင့်ကတော့ ဘာသာစကားရဲ့ အခန်းကဏ္ဍကိုလည်း လစ်လျူမရှုချင်။
မိမိအနေနှင့်ကတော့ ခေတ်စနစ်နဲ့ လူမှုဝန်းကျင် မျက်မှောက်အကြောင်းချင်းရာတွေကိုလည်း မျက်ကွယ်မပြုချင်။
မိမိအနေနှင့်ကတော့ “ငါ”ဗဟိုပြု “အား”ကြီးလွန်းမုန်တိုင်းတွေကိုလည်း ငြီးငွေ့ ချင်ချင်။
မိမိအနေနှင့်ကတော့ သိပ်သည်းထူထဲလွန်း ပါးလျပြေလျော့လွန်း အစွန်းရောက်မှုတွေကိုလည်း အစွန်းမရောက်ချင်။
အဲ ဒီ 'မိမိ' ဟာ ကျွန်တော် ဖြစ်နိုင်သလို ခင်ဗျားဖြစ်နိုင်သလိုသူငါကျားမလည်း ဖြစ်နိုင်သလို
အဲဒီ 'မိမိ' ဟာ၂၀၁၅ ရွေးကောက်ပွဲ အသာထား ၂၀၁၃ ဆီးဂိမ်း အထိ ခံပါ့မလားလည်း ဖြစ်နိုင်တယ်။
ကျွန်တော် ဆီးဂိမ်းအမီ အိမ်ပြန်မည်။
၂၀၁၅ မှာ တရားမျှတတဲ့ မဲတစ်မဲ အမှန်တကယ် ပေးခွင့် ရချင်သည်။



လင်းလက်တာရာ
17. 6. 2013
ဘာတုပါဟတ်၊ ဂျိုဟိုး၊ မလေးရှား။

1 comment:

  1. ကြိက်လွန်းလို့ fb မှာမျှဝေပါရစေ
    ကူးယူလိုက်ပါတယ်
    (ဝါသနာရှင် မိုးတိမ်ကဗျာ)

    ReplyDelete