ခေတ်ပြိုင် # 7 ကဗျာစာအုပ် ဆရာသစ္စာနီ အမှာစာ
[ ၁ ]
သူတို့ (၇) ယောက်။(၅)ယောက်က မလေးမှာ။ (၂)ယောက်က မြန်မာပြည်မှာ။ကဗျာဆရာဆိုသူတွေမှာ အနေဝေးကြသော်လည်း သွေးနီးသူတွေဖြစ်သည်။ ကိုသျှားကလွဲ၍ ကျန်သူတွေကို
ကျွန်တော် မမြင်ဖူး။သို့သော် facebook ပေါ်မှာတော့
တွေ့သိနေသူတွေ။သူတို့ထဲမှ တစ်ချို့မှာ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်
အတန်အသင့် နေရာရပြီးသူတွေ။ ဘ၀ပေးအခြေအနေအရ ရေခြားမြေခြားတွင်
စီးပွားရှာနေကြသော်လည်း အသက်ဓာတ်ကို အနုပညာနှင့် ပူနွေးစေခြင်းဖြင့်
အနှစ်သာရရှိရှိ ကုန်လွန်နိုင်သူတွေဖြစ်သည်။ သူတို့သည် လူလတ်ပိုင်းသို့
ချဉ်းနင်းဝင်ရောက်စ လူငယ်တွေဖြစ်သည်။ အရွယ်နှင့်မမျှသော ရင့်ကျက်မှုကို
သူတို့ကဗျာများတွင် တွေ့ရသဖြင့် ကျွန်တော် ပီတိဖြစ်မိသည်။ ကျွန်တော်က
လက်တွဲကာ လမ်းလျှောက်သင်ပေးရမည့်သူတွေမဟုတ်။ သူတို့သည်
ကောင်းကောင်းကဗျာလားမြောက်နေကြောင်း မကြာခင် ဖတ်ရှုရမည့် သူတို့ကဗျာများဟာ
သက်သေခံပါလိမ့်မည်။ သူတို့ဝါ သူတို့သမ္ဘာကို မြင်ရလိမ့်မည်။
ကဗျာလက်သင်ကလေးများမဟုတ်ကြ။မလေးရှားသည် မြန်မာလူငယ်ကဗျာဆရာ
များအတွက်
ရေခံမြေခံတစ်ခုပေလားမသိ။ လှသန်း မလေးရှားက ပြန်လာသောအခါ ကဗျာတွေ
ပိုကောင်းလာတာ တွေ့ရသည်။အတွေ့အကြုံရော အတွေးအမြင်ပါ
ရင့်ကျက်လာသည်။ရေခြားမြေခြားတွင် ဘ၀ကို အဓိပ္ပာယ်ရှိရှိ ကုန်လွန်ဖို့ သူတို့
ကဗျာကို ရွေးချယ် ခဲ့တာ ကျွန်တော် စိတ်ရင်းနှင့် ချီးမွမ်းမိပါသည်။
[ ၂ ]
သူတို့ကဗျာပုံစံမှာ ယနေ့လူငယ်အများစု အားပြုရေးသားနေသော ခေတ်ပေါ်နှင့်ခေတ်ပြိုင်အကြား(hybrid)ပုံစံဖြစ်သည်။
ခေတ်ပေါ်ကဗျာ၏အရင်းခံကျသော
ပြင်းရှသည့်စိတ်ခံစားမှုနှင့် အားကောင်းသော အလင်္ကာအသုံးကို မစွန့်လွှတ်။
ခေတ်ပြိုင်ကဗျာ၏ အလျားလိုက်သဘော စာကြောင်းအစီအစဉ်
ပြန့်ကြဲနေသောအကြောင်းအရာနှင့် စိပ်မွှာနေသောအာရုံရုပ်များကိုလည်း ကိုင်စွဲ။
ဤနှစ်ချက် ရောနှောပျော်ဝင်နေသည်ကို သူတို့ကဗျာများတွင် တွေ့ရမည်။
အားလုံးလိုလိုပင် အိုင်တီနည်းပညာနှင့် နီးစပ်သူတွေဖြစ်သဖြင့်
အဲဒီအသုံးအနှုန်းတွေကို သူတို့ကဗျာများတွင် တွေ့ရှိရခြင်းမှာလည်း
ထူးခြားချက်ဖြစ်သည်။ Theme က . . . ဒီနေ့လူငယ်ထုရဲ့အသံလို့ဆိုနိုင်တဲ့၊
တည်ရှိဆဲလူ့အဖွဲ့အစည်းအပေါ် စိတ်တိုင်းမကျဖြစ်ရာကနေ
တအုံနွေးနွေးပေါက်ကွဲနေ တဲ့ဆူပွက်သံစဉ်တွေ။ သူတို့
အဆင်ပြေနေတဲ့ကောင်မလေးတွေ၊ အဆင်မပြေတဲ့ကောင်မလေးတွေ
လည်း
(လူငယ်ပီပီ)ပါလိမ့်မယ်။ မိသားစုအခြေအနေ၊အလုပ်အကိုင်၊ အလိုမပြည့်စရာတွေ
များတဲ့ဘ၀၊ တစ်ခါတစ်ရံ နာကျည်းဒေါသ၊ တစ်ခါတစ်ရံ စိတ်ဓာတ်ကျ။
သူတို့(၇)ယောက်ပေါင်းရေးတဲ့ကဗျာရှည်ထဲက စာပုဒ်တစ်ပုဒ်လိုပါပဲ။
“ ငါတို့စိတ်ဓာတ်တွေကို အရိုးကြေကြေ အရေခမ်းခမ်း ခေတ်ကြီးတစ်ခုလုံးထဲ
သွေးသံရဲရဲ သွန်ပစ်ခဲ့လိုက်ကြတယ် ”
ဒီကဗျာတွေဟာ ခေတ်ကြီးထဲကို သွန်ချပစ်လိုက်တဲ့သူတို့ရဲ့သွေးသံရဲရဲတွေပါပဲ။
[ ၃ ]
“ စိတ်ကို ကျည်မထိုးဘဲ ပြောခဲ့မယ် ”
“ လူမှန်ရင် လောကဓံ ခုတ်ရာတစိုစိုနဲ့ ကိုယ့်အလောင်းကိုယ်ထမ်းနေရတဲ့
ဘ၀ခရီးသွားတွေချည်းပါပဲ ”
“ ငါမသေခင် ပန်းတစ်ပွင့် မညှိုးနွမ်းစေရဘူး မင်း မသေခင် မြက်တစ်ရွက်နွမ်းမသွားစေနဲ့ ”
(မင်း/ငါ မရှိတော့ဘူးဆိုရင် ဟောဒီကမ္ဘာကြီးကို ဘယ်သူ့လက်အပ်ထားခဲ့ရမလဲ)ကဗျာမှာ ညီလင်းနိုင်က အဲဒီလိုမှာသည်။
(အမှန်ပြောရရင် ဟောဒီတစ်ညလုံး ကိုယ့်စိတ်ကိုယ် Suicideလုပ်ပစ်လိုက်မိတယ်)ကဗျာမှာတော့...
“ ဆွဲမထုတ်ရသေးတဲ့နောက်ဆုံးဖဲချပ်မှာ အသေခံဗုံးခွဲသမားလည်း ရှိနိုင်သလို သူတော်စင်လည်း ရှိနိုင်တယ်လို့ ငါ ယုံကြည်နေပါရစေ ”
ဟုလောကကို အကောင်းမြင်ဖို့ ကြိုးစားခဲ့သည်။
လင်းလက်တာရာရဲ့...
(ပျော်ကျနေတဲ့ မပျော်ရွှင်မှုထဲ ပျော်ဝင်နေတဲ့အရေးအသား)ကဗျာမှာတော့...
“ သာတူညီမျှဟာ တစ်ဖက်တည်းကိုပဲ စောင်းပြီးနင်းနေတယ် လီဗာပြင်းပြင်း
ကျွန်တော်လည်း ဘရိတ်ပေါက်နေတဲ့လူငယ်တစ်ယောက်ပါ
မတရားမှုဟာ တစ်ချက်တည်းနဲ့ ကျင်းဝင်သွားတယ် ”
လို့ အတိအလင်း ကြေညာလိုက်သလို . . .
(ရောက်နေတဲ့နေရာနဲ့ရောက်ချင်တဲ့နေရာမြှောက်လိုက်တော့ စကြ၀ဠာကြီးရတယ်)ကဗျာမှာတော့.....
“
ကိုယ့်ယာခင်းလေးမှာ ပိုးမထိုးတဲ့ရာသီဥတု ဘယ်နှပင် အမှန်တရားစိမ်းစိမ်း
ဘယ်နှခင်း ကောင်းကင်ကြီးကို မိုးချင်တိုင်းမိုးနေတဲ့ဒုက္ခသစ္စာတွေက
ကျစ်လိုက်တိုင်း ခိုင်တဲ့ကြိုး ”
ဟု ဘ၀ကို
ဆန်းစစ်ပြထားတာ တွေ့ရသည်။ သူ့ကဗျာတွေထဲက ကျွန်တော် အကြိုက်ဆုံးကဗျာမှာ
(ဘာသာစကားသစ်ပင်မှာ လူတို့ အလွယ်တကူမဆွတ်ခူးနိုင်တဲ့အသီးအပွင့်တွေ)
ဖြစ်သည်။
ရွှေကိုယ်နတ်ရဲ့ကဗျာတွေကတော့ စမ်းသပ်ထားသော
ပုံစံခပ်ဆန်းဆန်းတွေဖြစ်သည်။ လတ်ဆတ်မှုကို ထင်ထင်ရှားရှား တွေ့ရသည်။
သူ့ကဗျာတွေက တစ်ကြောင်းတစ်ပါဒစီထုတ်ပြတာထက် တစ်ပုဒ်လုံးဖတ်မှ ကဗျာဆရာပေးသော
ရသကို ခံစားနိုင်မည်ဖြစ်သည်။ ဥပမာ အောက်တွင် ဖော်ပြထားသော
သူ့ကဗျာတစ်ပုဒ်ခေါင်းစဉ်ကို ကြည့်ပါ။
(ဒါမှမဟုတ် ဒီစာသားအဆောက်အအုံကို ဒေါင်းလော့လုပ် နှစ်သက်ရာ deviceတစ်မျိုးမျိုးနှင့်
သရုပ်ခွဲကြည့်လျှင် ၀မ်းနည်းမှုအစိုင်အခဲ)
ရဲရင့်လမင်းကတော့ ရိုးရိုးစင်းစင်းရေးဟန်နှင့် လှလှပပတွေးစရာတွေ ပေးတတ်
သူဖြစ်သည်။သူ့ပထမဆုံးကဗျာခေါင်းစဉ်...
(လူဟာ လူယောင်ဆောင်ပြီး လူ့အဖြစ်ကို ရလာတာ)ကပင် စဉ်းစားစရာ။
“ ခန္ဓာတစ်ခုချင်းစီဟာ စက်ရုံတွေသာဖြစ်ရင် နေ့စဉ်နဲ့အမျှ ရယ်သံတွေပဲ ထုတ်လုပ်နေမှာပေါ့ ” ဆိုတာ သူ့လောကအမြင်ရဲ့တစ်စိပ်တစ်ဒေသ။
(ကကြီးက ဗျာလို့ထူးတော့ ထုံးစံအတိုင်း ကမ္ဘာကြီးက အထစ်ထစ်အငေါ့ငေါ့)
ကဗျာနှင့်
(ပန်းစိုက်ခြင်းအနုပညာ/လူတစ်ကောင်ရဲ့အထူးပြုလုပ်ချက်/အပေါစားအပ်ဖျားပေါ်ကခေတ်ကြွင်းခေတ်ကျန်ဗိုင်းရပ်စ်များ)
ကဗျာတို့မှာ စွဲမက်စရာဟု ဆိုချင်ပါသည်။
ကိုသျှားရဲ့
(ငါတို့ပြောရင် သီချင်း ငါတို့ရေးရင် ကဗျာ ငါတို့ဟာ မင်းသားယောင်ဆောင်ထားတဲ့မင်းသားတွေ)
ကဗျာမှာ FBတွင် ဖတ်ပြီးသားဖြစ်သည်။အစပုဒ်ဖြစ်သော.....
“ ထုံးစံအတိုင်း နင်တို့ကို အိမ်စောင့်နတ်က နှင်ထုတ်ထားတာလားနဲ့ စရင်
ဘယ်သူ့စီးပွားရေး တုတ်နဲ့ထိုးချနေလို့လဲအမေရဲ့နဲ့ ဆုံးမယ်
အိမ်မှာဆိုရင် အိနြေ္ဒမရ ဟိုရွရွ ဒီရွရွ
လမ်းပေါ်မှာဆိုရင် လန်ထွက်နေအောင် လန်းကြပေါ့ လူငယ် ”
ဆိုတာသည် ခေတ်လူငယ်တို့ဘ၀ကို အပီအပြင် မီးမောင်းထိုးပြသလို
မှတ်ရသည်။(ကျွန်တော်တို့လည်း ဒီဘ၀ကို ဖြတ်သန်းခဲ့ရသည်။
လူကြီးနဲ့လူငယ်အကြားမှ နားလည်မှုအလွဲများ သို့မဟုတ် မျိုးဆက်
ကွာဟမှုပြဿနာ။)
(တစ်ခုခုဖြစ်ခဲ့တယ် ဘာဖြစ်နေတယ် ညာဖြစ်နေတယ် ကိုသျှားဖြစ်ချင်တယ်)ကဗျာသည် သူ့ဘဝ
ဖြစ်တည်မှု ကြေညာစာတမ်းနဲ့ တူသည်။
(စကားလုံးမဟုတ်တဲ့ဝိုင်ယာကြိုးထဲကလူတွေ ဂျွန်စတိန်းဘတ်ဖတ်ရင်းနဲ့ တစ်ယောက်တစ်မျိုး အမည်မဲ့ အဓိပ္ပာယ်များကို
ဆေးကြောခြင်း)တွင်မူ သူ့ရဲ့အသစ်ထွင်လိုမှုနှင့် ဆက်စပ်မှုအနုပညာ၌ ပါးနပ်ပုံကို တွေ့ရသည်။
“ ခေတ်ပေါ်လူမှုဆက်ဆံရေးဆိုတာ လှုပ်မသောက်မိတဲ့ဆေးပုလင်းပေါ့
အခုတော့ မင်းခေါင်းနဲ့ငါ့ပုခုံးလည်း ကျွန်းကိုင်းမမှီနိုင်တော့ဘူး ”
ဤကဲ့သို့
တိုတိုရှင်းရှင်းထိထိမိမိလေးနက်အောင် ရေးတတ်ပြောတတ်သူမှာ ကဗျာဆရာ
ဆူးရဲဖြစ်သည်။(ဟိုတွေးဒီတွေးကလည်း ဟိုသွေးဒီသွေးလို
အမျိုးအစားအလိုက်...ကဗျာမှ)
သူ့ကဗျာများမှာ သူ့ကလောင်နာမည်လိုပင် စူးစူးရဲရဲရှိသည်။သို့မဟုတ် ဆူးဆူးရဲရဲရှိသည်။
ဥပမာ (ကျစိမ့်တစ်ခွက်ရယ် စိတ်ကျတစ်ညနေရယ် စိတ္တဇတွေ စိမ့်ကျနေတဲ့စိတ်ဆဲလ်တွေရယ်
ကဗျာမှာ...)
“ လူတွေဟာ အူတွေလို ရှုပ်ထွေးရင်း ဗိုက်ဟောင်းလောင်းပွင့်နေတာမျိုး
ကိုယ်နားမလည်တဲ့သီချင်းဟာ ကိုယ့်နားထင်ကို ကျည်ဆံလို ဖောက်ဝင်ပြီး
အတွေးကို သွေးသွင်းရတာမျိုး ”
သူသည် ဝေါဟာရများကို ဘာသာဗေဒကဗျာများကဲ့သလို့ တစ်ခါတစ်ရံ
ကစားတတ်သူဖြစ်သည်။ (ကိုယ်ရေးကိုယ်တာ ကိုယ့်အရေးအသားဟာ
ကိုယ့်အသွေးအသားအာရုံကိုက်ခဲမှုအတိုင်း)ဆိုတဲ့ ကဗျာခေါင်းစဉ်ကို ကြည့်ပါ။
သူ့ရဲ့ (အစပိုင်းက စထားတဲ့အပိုင်းအစတွေဟာ ကောက်သင်းကောက်သလို အလေအလွင့်)
ကဗျာမှာ အဆင့်မှီခေတ်ပြိုင်ကဗျာတစ်ပုဒ်ဟု ဆိုလျှင်
ငြင်းမည့်သူနည်းမည်ထင်ပါသည်။ဒီကဗျာအမည်ဖြင့်
ပင် (၂)ပုဒ်ကို ဆက်ရေးခဲ့ပါသည်။
“ ကျည်ဆံတစ်တောင့်ကနေ ပန်းပွင့်သွားတယ် သေပန်းပေါ့သူငယ်ချင်း
ငါ့နားမှာထားတဲ့ခပ်ရိုင်းရိုင်းစကားလုံးတွေကို ၀ါးစားမိတော့မယ်
ဖရုဿဝါစာတွေ တစ်လှေကြီးကို လက်မှတ်တိတိကျကျနဲ့ စီးမိတော့မယ် ”
အဲသလို မကျေမချမ်းလေသံပေးတတ်သူ ကဗျာဆရာ ကျော်ဦး(လှိုင်)ဖြစ်သည်။( မင်းဟာ မင်း
ရွတ်/ဆိုမဲ့ ကဗျာ/သီချင်း ကဗျာမှ...)
သူသည်(ကိုယ်ချိုးထားတဲ့နံရိုးဟာ ကိုယ့်ကို ပြန်ခြောက်တဲ့ည)ကဗျာလို
လူငယ်ဘ၀ကို ထင်ဟပ် သည့် ကဗျာမျိုးတွေလည်း ရဲရဲရေးတတ်သည်။ သူသည်
ပတ်ဝန်းကျင်အမျိုးမျိုးတို့ဘ၀ကိုလည်း သိမြင်စာနာတတ်သူဖြစ်သည်။
(ခင်ဗျားတို့ကိုယ် ခင်ဗျားတို့စားဖို့ သုံးမိနစ်ပဲ စောင့်ပါ)ကဗျာ....
(ကိုယ့်ကဗျာမှာ ကိုယ့်နာမည်တပ်လိုက်တဲ့အခါ မိုက်တွင်းပိုနက်သွားတယ်)
ကဗျာများတွင်မူ လောကအမြင်နှင့်သူ့ဖောက်ခွဲမှုကို တွေ့မြင်နိုင်သည်။
လူငယ်(၇)ယောက်လုံး၏ကဗျာများမှာ
ရဲရင့်ပွင့်လင်းလွတ်လပ်သည်။ ခေတ်လူငယ်ထု၏ ဘ၀ဒဿနကို ကိုယ်စားပြုနိုင်သည်။
ဒီလိုတိုးတက်သော လူငယ်ကဗျာဆရာလေးတွေ အဆက်မပြတ် ဖြစ်ထွန်းနေတာမြင်ရသဖြင့်
ကျွန်တော် ဘ၀င်ကျသွားသောအရာတစ်ခုရှိကြောင်း နောက်ဆုံး ပြောလိုပါသည်။ ထိုအချက်မှာ ကျွန်တော်တို့ မြန်မာကဗျာလောကကြီး ဘယ်သောအခါမှ
ဆိတ်သုဉ်းမည်မဟုတ်ဆိုသော အချက်ပင်ဖြစ်ပါတော့သည်။
အားလုံးကို လေးစားလျှက် . . .
သစ္စာနီ
(၃၀.မေ.၂၀၁၃)
ရန်ကုန်။
No comments:
Post a Comment