Thursday 10 May 2012

စိတ်ကူးထဲ ခေါက်သိမ်းထားရတဲ့ ဆောင်းဖြူဖြူလေးတစ်ထည်

မိုးပူပူ နေရွာရွာပါပဲ မေမေ
ကျွန်တော်ချစ်တဲ့ နှင်းစက်တွေကို
ရှာပုံတော်ဖွင့်ရတာ ခက်တယ်
အရိပ်တွေက စိတ်တွေထဲ
နစ်ဝင်ခြောက်လှန့် လွန်းတော့
ကျွန်တော့် အိပ်မက်အသစ်တွေလည်း
တစိမ့်စိမ့် မွန်းကျပ်နေရရှာတယ်
သံသရာကပဲကျယ်လွန်းတာလား
ကျွန်တော့် လွတ်လပ်မှုတွေကပဲ ကျဉ်းမြောင်းတာလား
ဝင်္ကပါဆန်ဆန် ပစ္စုပ္မန်လမ်းကြမ်းထက်မှာ
ခါးသက်သက်ဘဝတွေနဲ့ ပဲ
လက်ဆွဲနှုတ်ဆက်နေရတယ်
ဒုက္ခနဲ့ အကြည့်ချင်း တစ်ခါဆုံတိုင်း
တုန်ယင်နေတဲ့ နှလုံးသားကို
ကော်ဖီပူပူလေးတစ်ခွက်တိုက်ခဲ့တဲ့
သူငယ်ချင်းချစ်သူ တောင်ပေါ်သူလေးကို လွမ်းတယ်
ပြီးတော့ ရန်ကုန်ဆောင်းမှာ
ကဗျာကျောင်းတွေ တက်ခဲ့ပုံကိုလည်း လွမ်းတယ်
'ဘယ်လိုပဲဖြစ်ဖြစ်
နှင်းကို ကျွန်တော်ဖွဲ့ နွဲ့ ရမှာပါ' တဲ့
ကိုအောင်မိုးရေ
ခင်ဗျားရေးတဲ့ ကဗျာထဲကလို
ကျွန်တော်လည်း နှင်းကို ဘယ်လိုပဲဖြစ်ဖြစ်
ခင်းကျင်းဖွဲ့ ဆိုလိုက်ပါတယ်
စွတ်ဆိုနေတဲ့ မျက်ရည်တွေနဲ့ ။    ။

(အမှတ် ရ၀၊စက်တင်ဘာ၊၂၀၁၁၊ရယ်စရာရသစုံမဂ္ဂဇင်း)

                                                                   လင်းလက်တာရာ

No comments:

Post a Comment