Monday 25 February 2013
ဓါးသွားတွေကို ချစ်ခြင်းတရားနဲ့ ဖျက်/ ဖြတ်ထားတဲ့ ကဗျာ
                    ကဗျာခံစားမှု ဆောင်းပါးရေးမယ် ဆိုတော့ ကိုယ့်ကိုယ်ကိုယ်  ဘာကောင်လဲလို့ အရင်ပြန်မေးမိပါတယ်။ ဘာကောင်မှ မဟုတ်ပါ။
သူလိုကိုယ်လို ကဗျာကို ဘာသာတရားတစ်ခုလို သက်ဝင်ယုံကြည်နေမိတဲ့ သာမန်လူငယ်လေးတစ်ယောက်မျှပါပဲ။
              တစ်သက်နဲ့ တစ်ကိုယ် ကဗျာခံစားမှု ဆောင်းပါး တစ်ခါမျှ မရေးဖူးပါ။ ဒီတစ်ခါတော့ ရေးချင်တဲ့ စိတ်တွေက ရေတံခွန်တစ်လုံးလို
အဟုန်နဲ့ စီးဆင်းလာပါတယ်။ ဖြစ်မှ ဖြစ်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်ပေမယ့် မဖြစ်ဖြစ်အောင်ရေးမယ်လို့  စိတ်ကို ဂစ်တာကြိုးလို
တင်းပစ်လိုက်တယ်။ ( သံသယဝင်မိတဲ့ အချက်က မူရင်းကဗျာရဲ့ အနှစ်သာရ အရသာတွေကို ပေါ့လျော့ပျက်ဆီး သွားမှာ စိုးရိမ်မိတာပါ)။
              ရေးဖြစ်အောင် တွန်းအားပေးနေတဲ့ တစ်စုံတရာကြီးကလည်း ကျွန်တော့်ရင်အစုံကို ဆွဲခါကိုင်လှုပ်နေပုံက တအံ့ တသြ ၊ ကြီးကြီးမားမား၊
တစ်ပုဒ် ဖြစ်လာဖို့ ဆိုတာလည်း မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ ဆင်းရဲသားတိုင်းပြည်ရဲ့ ငွေစက္ကူတွေလို ဖောင်းပွနေတဲ့ မျက်မှောက်ခေတ်ပစ္စက္ခ ကဗျာ့
ယာဉ်ကြောကြီးကလည်း သိတော်မူတဲ့ အတိုင်း။
             ကဗျာခံစားမှု ဆောင်းပါးလို့ ဆိုခဲ့တဲ့ အတိုင်း ကဗျာအပေါ်ခံစားမိတဲ့ ကျွန်တော့်အမြင်ခံစားချက် တွေကိုသာ ဆွဲထုတ်ဖွင့်ချသွားမှာပါ။
ချဉ်းကပ်ဆောင်းပါး မဟုတ်လို့ ကဗျာဆိုင်ရာ နည်းပညာပိုင်း တက္ကနစ်တွေကို တော့ ချန်လှပ်သွားမှာပါ။ အားသာချက် အားနည်းချက် အနည်း
အကျဉ်းလောက်ပဲ ခပ်ပါးပါးလေးထိခတ်သွားမှာပါ။
            မသွားဖူးတဲ့ အရပ်ကိုသွားပြီး မစားဖူးတဲ့ အစားအစာကို ကျွန်တော် စားကြည့်ပါတော့မယ်။ ပထမဦးဆုံး စွန့် စားမှု တစ်ခု ဖြစ်တဲ့ အတွက်
တစ်စုံတရာ ချွတ်ချော် မှားယွင်းခဲ့ပါက နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတင် စကားပလ္လင် ခံလိုက်ပါတယ်။
.......................................................................................................................................................
          " Te Iubesc Atat De Mult "
              ဒါက ကဗျာခေါင်းစဉ်ပါ။ မြန်မာကဗျာမှာ ဒီလိုခေါင်းစဉ်ကြီးကို မျက်ဝါးထင်ထင် တွေ့ လိုက်ရလို့ မိတ်ဆွေ မျက်လုံးတွေက တန်ဆောင်မုန်း
လပြည့်ကြီးလို ဝိုင်းစက်ပြူးကျယ်သွားနိုင်ပါတယ်။ အရင်ဦးဆုံး ကျွန်တော့် စိတ်ဝင်စားမှုတွေကို ညှို့ ငင်ဆွဲခေါ်သွားတာက အဲဒီခေါင်းစဉ်ပါပဲ။
ကဗျာတစ်ပုဒ် စာတစ်ပုဒ်မှာ ခေါင်းစဉ်ကလည်း ကြီးမားတဲ့ အခန်းကဏ္ဌကို ထမ်းဆောင်ပါတယ်။ ခေါင်းစဉ်က ထူးခြားမှု ဆွဲဆောင်မှု ချို့ တဲ့နေတယ်ဆိုရင်
တော့ ကဗျာဆက်ဖတ်ချင်တဲ့ စိတ်ဟာ တီကို ဆားနဲ့ တို့ လိုက်သလိုပါပဲ။
               အခု ဒီခေါင်းစဉ်က အင်္ဂလိပ်အက္ခရာ ဆိုပေမယ့် အင်္ဂလိပ်ဘာသာစကားရင်း မဟုတ်မှန်းသိသာပါတယ်။ တိုင်းခြား ဘာသာစကား အားနည်းတဲ့
ကျွန်တော် စဉ်းစားခန်းကို လင်မယားလို ပေါင်းသင်းလိုက်ရပါတော့တယ်။ ဒါဟာ ကဗျာဖတ်သူကို ကဗျာထဲ ဆွဲသွင်းလိုက်တာ။ ကဗျာဖတ်သူကို ကဗျာအလုပ်
လုပ်ခိုင်းလိုက်တာ။ ငှက်ပျောသီးအခွံနွှာပြီး ရော့အင့် စား ဆိုတဲ့ အနုပညာထဲမှာ ကဗျာ မပါဝင်ပါဘူး။ ကျွန်တော် အတွေးကို သွေးရပါတော့တယ်။ အင်္ဂလိပ်
ဘာသာစကားရင်းမဟုတ်ရင် ဘာ ဘာသာစကားလဲ။ ကမ္ဘာမှာ အင်္ဂလိပ်အက္ခရာတွေကို ယူငင်သုံးစွဲပြီး မိခင်ဘာသာစကားအဖြစ် မွေးစားတဲ့ နိုင်ငံတွေ ရှိပါတယ်။
အနီးစပ်ဆုံးပြရရင် မလေးရှားဘာသာစကားပေါ့။ ဒီခေါင်းစဉ်ဟာ ဒီလိုနိုင်ငံတွေထဲက တစ်နိုင်ငံရဲ့ ဘာသာစကားဖြစ်ဖို့ များတယ်လို့ ကောက်ချက်ချမိပါတယ်။
               ကဗျာခေါင်းစဉ်က ကျွန်တော့်ကို စပါးကြီးမြွေလို ညှို့ သွားပြီ။ ချောက်ထဲပြုတ်ကျသွားတဲ့ သတ္တဝါတစ်ကောင်လို ကဗျာထဲကို ကျွန်တော် စုန်းစုန်းမြုပ်
သွားပါတော့တယ်။
                        ဖြည်းဖြည်းချင်းအသံထွက်ဖတ်ပါကလေးရယ်  
                        မင်းမြန်မာစာဆရာတော့မကြားစေနဲ့
                       ငါတို့ရင်ခုန်သံတွေရှက်ရွံ့သိမ်ငယ်လိမ့်မယ်
                  ခက်ခဲနက်နဲတဲ့ စကားလုံး တစ်လုံးမျှ မပါပါဘူး၊ ရိုးရိုးသားသား ရိုးရိုးရှင်းရှင်းနဲ့ ပဲ ကဗျာကို စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဟော တွေ့ ပြီ။ ဒီပထမအပိုဒ်ဟာ
ကဗျာခေါင်းစဉ်နဲ့ ဆက်စပ်ပတ်သက်နေတယ်။ သဲလွန်စပေးထားတယ်။  ”မင်းမြန်မာစာ ဆရာတော့ မကြားစေနဲ့ ” ဆိုတဲ့ ပါဒဟာ မြန်မာစာသင်ကြားနေတဲ့  ကောင်မလေး
တစ်ယောက်ကို အတိအလင်း ညွှန်းဆိုလိုက်ပါတယ်။ ခေါင်းစဉ်နဲ့ ချိန်ထိုးကြည့်လိုက်တော့ နိုင်ငံခြားဆိုတာကြီးက ဝုန်းခနဲ ရောက်လာတယ်။ ဒါဆို ဒီကောင်မလေးက
နိုင်ငံခြားကပေါ့။ မြန်မာစကားကို မပီကလာပီကလာ ပြောနေတဲ့ ချစ်စဖွယ် ကောင်မလေးတစ်ယောက်ရဲ့ ပုံရိပ်က ဖျက်ခနဲ လက်လာတယ်။       ပြီးတော့
“ငါတို့ရင်ခုန်သံတွေရှက်ရွံ့သိမ်ငယ်လိမ့်မယ်” ဆိုတဲ့ လူငယ်နှစ်ယောက်ရဲ့ ရင်ခုန်သံ လှိုင်းကြက်ခွပ်များ။
                    ဟိုနေ့ကတစ်မက် မနေ့ကတစ်မက်
                                                    ပြော
                     ခေတ်အဆက်ဆက် ငါ့လောက်ဘယ်သူအိပ်မက်ကောင်းဖူးသလဲ
                     အစွဲအလန်းဟာ အိပ်မက်ထဲထိ အမြစ်စွဲနေတဲ့ စိတ္တဇနာမ်။ ချစ်ခြင်းမေတ္တာရဲ့ သံတမန်ရေးရာ။ သေချာပြီ။ ဒါဟာ အချစ်ဇာတ်လမ်းတစ်ပုဒ်။
ဘယ်လို အချစ်ဇာတ်လမ်းမျိုးလဲ။ ဆက်လက်ဆွဲခေါ်သွားတယ်။
                    ငါတို့တစ်ယောက်နဲ့တစ်ယောက် ပန်းစည်းပေးဖို့ မလို
                     ငါတို့တစ်ယောက်နဲ့တစ်ယောက် ဖုန်းဆက်နှိုးဖို့မလို
                    ငါတို့တစ်ယောက်နဲ့တစ်ယောက် ခွဲခွာကြဖို့မလို
                     ငါတို့တစ်ယောက်နဲ့တစ်ယောက် အတူရှိဖို့မလို
                     မီးရထားဥသြသံကြားတိုင်း ငိုစရာမလို
                     လေယာဉ်ပျံကြီးပျံတက်သွားတိုင်း ဆို့နင့်စရာမလို
                     မှန်လုံကားကြီးထွက်ခွာသွားတိုင်း မျက်ရည်ဝဲစရာမလို
                     မီးအစိမ်းလေးပျောက်နေရင်တော့ နင့်ခနဲစူးချင်စူးမှာပေါ့
                  ကဗျာရေးသူဟာ ကဗျာကို စိတ်ဝင်စားအောင်လုပ်ပြီး တဖြည်းဖြည်း အထုပ်ဖြည်ချလိုက်ပါတယ်။ ခက်ခဲနက်နဲတဲ့ စကားလုံး တစ်လုံးမှ မတွေ့ သေးပါဘူး၊
အရပ်သုံးစကားတွေကို လှိုင်လှိုင်ကြီးသုံးထားပါတယ်။ အသံစီးဆင်းမှုကို အနည်းငယ် အားပြုထားပါတယ်။ “ မီးအစိမ်းလေးပျောက်နေရင်တော့ နင့်ခနဲစူးချင်စူးမှာပေါ့“
ဒီလိုင်းလေးတစ်လိုင်းက ဒီကဗျာတစ်ပုဒ်ကို ခိုင်ခိုင်မာမာ အထောက်အကူပြုထားပါတယ်။ ကောင်လေးနဲ့ ကောင်မလေးတို့ ရဲ့ အောင်သွယ်တော်ဟာ ဖိုးရွှေလမင်းကြီး
မဟုတ်ပါဘူး။ မီးအစိမ်းလေးပါ။ အင်တာနက်အချစ်သင်္ကေတ။ အွန်လိုင်းပေါ်မှာ တွေ့ ကြတဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ အလွန်ဝေးကွာတဲ့ နယ်ခြားစည်းတွေ
အပိုင်းခံထားရရှာပါတယ်။ ဘယ်လောက်ထိ ဝေးကွာခြားနားသလဲဆိုရင် ပန်းစည်းပေးဖို့ မလို၊ ဖုန်းဆက်နှိုးဖို့ မလိုတဲ့ အထိ။ ခွဲခွာကြဖို့ မလို အတူရှိဖို့ မလိုတဲ့အထိ။
ပြီးတော့ လက်ပြနှုတ်ဆက်မျက်ရည်တွေ၊ လွမ်းဆွတ်ကြေကွဲ ဝမ်းနည်းမှုတွေကို သိမ်းထုတ်သယ်ဆောင်သွားမယ့် မီးရထား၊မှန်လုံကား၊ လေယာဉ်ပျံတွေ ကြောင့်လည်း
ငိုစရာမလို၊ ဆိုနင့်စရာမလို၊ မျက်ရည်ဝဲစရာမလိုတဲ့ အထိ။ စိတ်ကူးယဉ်ဆန်တဲ့ သူတို့ နှစ်ဦးရဲ့ နှလုံးသွေးကြော အသက်ရှူသံလေးဟာ မီးအစိမ်းလေးတစ်ခုတည်းပါပဲ။
                   ငါတို့နှစ်ယောက်ကြားက ဖွင့်ဆိုချက်က ၅၇၃၁ မိုင်
                    ကမ္ဘာကြီးအချင်းဝက်ထက်ပိုတာ ထိုင်ဆဲရမှာလား
                     သက်ဝင်လင်းလက်တဲ့ အရေးအသားတစ်ခုကို ဖျက်ခနဲ တွေ့ လိုက်ရပါပြီ။ ဆဲတယ်ဆိုတဲ့ စကားလုံးဟာ ညစ်ညမ်းတယ် ဆိုပေမယ့် ဒီလိုမျိုး တွဲစပ်ချိတ်ဆက်
ရေးသားလိုက်တော့ မညစ်ညမ်းတော့ပဲ အနုပညာတောင် မြောက်သွားပါတော့တယ်။ ၅၇၃၁ မိုင်။ ဒါဟာ ကောင်လေးနဲ့ ကောင်မလေးကြားက ဝေးကွာခြင်းခရီးပြင်း။ ဥပမာ
အလင်္ကာကလည်း လှလိုက်တာ။ ကမ္ဘာကြီးရဲ့ အချင်းဝက်ထက်တောင် ပိုနေသေးသတဲ့။ ဂရုဏာရသတွေ ကျွန်တော့်ရင်ဘတ်ထဲ မြင်းအုပ်ကြီး မောင်းသွင်းလိုက်တဲ့ အတိုင်း။
                 မင်းမှောင်ငါလင်း၊ မင်းလင်းငါမှောင်
                 မင်းအိပ်နေချိန်ငါနိုးနေမယ်၊ မင်းနိုးနေချိန် ငါနိုးနေမယ်
                 မင်းသုံးနေချိန်ငါသုံးနေမယ်၊ မင်းမသုံးနေချိန် ငါသုံးနေမယ်
                 မီးကျိုးမောင်းပျက်ဘာသာစကားတွေနဲ့ ငါတို့
                 ကွဲကွဲလွဲလွဲကျင့်ဝတ်တွေနဲ့ ငါတို့
                 သဒ္ဒါမှားယွင်းဝါကျတွေနဲ့ ငါတို့
                 delay ဖြစ်နေတဲ့ ကင်မရာတွေနဲ့ ငါတို့
                 လာပါပြီ။ တစ်ခြမ်းမှောင်ပြီး တစ်ဖက်လင်းတဲ့ ကမ္ဘာကြီးရဲ့ မညီမျှခြင်းတွေ။ ကောင်လေးတစ်ယောက် ဘယ်လောက်များ ပင်ပန်းလိုက်မလဲလို့ တွေးပူ
ကိုယ်ချင်းစာနာနေမိတော့တယ်။ နေ့ နဲ့ ညလွဲနေတဲ့ သူတို့ နှစ်ယောက်ရဲ့ လွမ်းခန်းဟာ ခမ်းနားလွန်းနေလား။ ချစ်ခြင်းတရားဟာ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေ၊
အားလပ်ချိန်တွေ၊ အိပ်ရေးတွေကိုပါ တိုက်စားဝါးမြို သုံးဆောင်နေတဲ့ အကြောင်း။
                 မီးကျိုးမောင်းပျက်ဘာသာစကားတွေ ၊ delay ဖြစ်နေတဲ့ ကင်မရာတွေ၊ သိပ်ကောင်းတဲ့ အတွဲအစပ်တွေပဲ။ သူတို့ နှစ်ယောက်ကြားမှာ ဘာသာစကားခြားနား
မှုတွေ၊ ယဉ်ကျေးမှု ကွဲလွဲခြင်းတွေ၊ ဘာသာအယူဝါဒ ကွဲပြားမှုတွေ၊ စည်းတွေ စည်းတွေ။ အဲဒီ စည်းတွေကို ရဲရဲကြီး ကျော်ဖြတ်ရည်ငံနေကြတဲ့ မီးစိမ်းလေးနှစ်ပွင့်။ ဘာသာစကား
အထစ်အငေါ့တွေ၊ အခက်အခဲတွေဟာ သူတို့ နှစ်ယောက်အတွက် ပျော်စရာ ဟာသလေးတွေ၊ ခေါင်းစားစရာ ကိုက်ခဲမှုလေးတွေ ဖြစ်နေမယ်ဆိုတာ တွေးပြီးပြုံးနေမိတယ်။ မြန်မာ
စကားလေ့လာသင်ကြားနေတဲ့ ကောင်မလေးကို ကောင်လေးက မြန်မာစကားတွေ တစ်လှေကြီး အိပ်သွန်ဖာမှောက် အားသွန်ခွန်စိုက် သင်ကြားပေးနေမယ့် အထိတောင် တွေး
ပစ်လိုက်တယ်။ သူတို့ နှစ်ယောက် အွန်လိုင်းပေါ်မှာ ဘယ်လို ဘယ်လို ချိတ်မိသွားသလဲဆိုတာကိုလည်း အတွေးယာဉ်ကြောက မျောသွားပြန်သေးတယ်။
                 ငါ့အိမ်က ပုဂံနဲ့နီးလားဆိုတော့ ငါ့မှာ ဖြေရခက်
                  မင်း ပုဂံကို သတိတရရှိနေတဲ့စကားမှာ
                 ငါဟာ ဓာတ်ငွေ့မိုးပျံပူဖေါင်းဖြစ်လို့ဖြစ်  
                  ဘူးဘုရားဆိပ်က စက်လှေဖြစ်လို့ဖြစ်
                  စောင်းတန်းက ယွန်းအုပ်လေးဖြစ်လို့ဖြစ်
                  တမာတွေကြားက သရပါတံခါးကြီးဖြစ်လို့ဖြစ်
                   မင်း ပုဂံကို သတိတရမေးတဲ့စကားမှာ
                  ငါ့အိမ်က ပုဂံနဲ့ဝေးတယ် ဖြစ်သွားတယ်
                     အနှစ်တွေက အခုမှ လာတာပါ။ ကျွန်တော် “ဝိုး” ခနဲ အော်မတတ်ဖြစ်သွားတယ်။ ပုဂံကို ရောက်ဖူးတဲ့ ကောင်မလေး။ မြန်မာစကားကို ချစ်တဲ့ ကောင်မလေး။ ပြီးတော့
အဲဒီကောင်မလေးချစ်တဲ့ မြန်မာကောင်လေး။ ဒီအပိုဒ်ဟာ သိပ်ကြည်နူးစရာ ကောင်းပါတယ်။ ပုဂံ၊ ဘူးဘုရား၊ စောင်းတန်း၊ ယွန်းအုပ်၊ တမာ၊ သရပါတံခါး။ ဒါတွေဟာ ချစ်မက် မြတ်နိုး
စရာကောင်းတဲ့ မြန်မာ့ယဉ်ကျေးမှု စစ်စစ်တွေ။ ပုဂံကို ရောက်ဖူးတဲ့ နိုင်ငံခြားသူကောင်မလေးဟာ မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးသွားပြီး မြန်မာစကားကို သင်ကြားချင်တဲ့စိတ်အထိ
ဖြစ်သွားတာပါလား ဆိုပြီး အံ့ သြ၊ ဝမ်းသာ၊ ချီးကျူး၊ လေးစား။  သူ့ ချစ်သူ ကောင်လေးကိုလည်း မေးလိုက်သေးတယ် ပုဂံနဲ့ နီးလားတဲ့။ ဒီကဗျာထဲမှာ ကောင်မလေးရဲ့ ရုပ်လက္ခဏာကို
လှအောင်ဖွဲ့ တဲ့ အရေးအသားတွေမပါပါဘူး။ ကောင်မလေးရဲ့ စိတ်ကိုပဲ လှအောင်ဖွဲ့ သွားတာ သဘာဝကျကျ သဘောကျပါတယ်။ ရုပ်လက္ခဏာ အဖွဲ့ တွေက ဦးရွှန်းတို့ ခေတ်မှာ ကျန်ခဲ့ပါပြီ။
                               နောက်ထပ်လာရင်ပြောကွယ်
                              ငါက မြစ်ယောင်ဆောင်ပြီး စောင့်နေမယ်
                               မင်းက ငါးကလေးလုပ်ပေါ့
                              လူးခနဲလွန့်ခနဲ ငါ့ရင်ဘတ်ထဲ ကူးခပ်လိုက်စမ်းကွဲ့
                       ဟော...ကောင်မလေး ပုဂံကို ရောက်တာ ဘယ်အချိန်ကလဲ။ ကောင်လေးနဲ့ လိုင်းပေါ်မှာ မတွေ့ ခင်ကလား။ “မြစ်ယောင်ဆောင်ပြီး စောင့်နေမယ်” ဆိုတဲ့ အသုံးအနှုန်းက
သိပ်လှပါတယ်။  ကောင်လေးရဲ့ ချစ်ခြင်းတရားတွေက ဒီနေရာမှာ အသံအချိုဆုံး ဆည်းလည်း လေးတွေပါပဲ။ အလွမ်းမောတွေ တပွေ့ တပိုက်နဲ့ ကောင်မလေးနောက်တစ်ခေါက်  အလည်လာမယ့်
အချိန်ကို မျှော်တော်ဇောနဲ့ စောင့်နေတဲ့ ကောင်လေးရဲ့ လွမ်းမောရက်တွေ။
                           ထပ်ပြောဦးမယ်
                          " te iubesc atat de mult "
                           ဒါဆို ရိုမေးနီးယန်းလက်ခေါက်လေး ဗမာခေါင်းပေါ်ကျလာမလား
                           ဒေါက် တဲ့
                           ရေအောက်ဆက်ကြောင်းကြီးထဲပန်းအလင်းရောင်တွေ ဖြတ်ပြေးသွားရဲ့
                             လယ်ပြင်မှာ ဂေါ်ဇီလာ သွားသလို ကွက်ကွက်ကွင်းကွင်းပေါ်လာပါပြီ။ ရိုမေးနီးယန်း တဲ့။ ဘယ်နိုင်ငံသူမှန်းမသိသေးတဲ့ ကောင်မလေးဟာ ရိုမေးနီးယန်းသူလေးပေါ့။
ခေါင်းစားခဲ့တဲ့ ကဗျာခေါင်းစဉ်ကလည်း ရိုမေးနီးယန်း ဘာသာစကားဆိုတာ လုံးဝ ကျိန်းသေသွားပြီ။ ဒါဆို " te iubesc atat de mult " ဆိုတဲ့ အဓိပ္မါယ်က ဘာလဲ။ ကောင်လေးက အဲဒီစကား
ပြောတော့ ကောင်မလေးရဲ့ လက်ခေါက်လေးက ကောင်လေးရဲ့ ခေါင်းပေါ် ဒေါက်ခနဲ ကျလာမယ့် မြင်ကွင်းကလေး။ သိင်္ဂါရ ရသမြောက်တဲ့ အဖွဲ့ ပါ။ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ နဂ္ဂတစ်
လေးက အာရုံထဲ လင်းလင်းကျင်းကျင်းကြီး ပေါ်လာတယ်။ ကောင်မလေးက ချစ်စနိုးလေးခေါင်းခေါက်ရအောင် ကောင်လေးက ဘာများပြောလိုက်လို့ လဲ။ ဒီစကားရဲ့ အနက်အဓိပ္မါယ်ကို အတိ
အကျ သိမနေတာတောင် အနီးစပ်ဆုံး တွေးကြည့်လို့ ရနိုင်ပါတယ်။  ဒီကဗျာထဲမှာ ကျွန်တော် အကြိုက်ဆုံး စာကြောင်းတစ်ကြောင်းက “ ရေအောက်ဆက်ကြောင်းကြီးထဲ ပန်းအလင်းရောင်တွေ
 ဖြတ်ပြေးသွားရဲ့ “ ပါ။ ကဗျာဘာသာစကားရဲ့ အလှဟာ ဒါမျိုးတွေလို့ ကျွန်တော် ခံစားသိမြင်မိတယ်။
                                  ဒီကဗျာဟာ
                                  ငါဖြတ်ထားတဲ့ရုပ်ရှင်လက်မှတ်
                                  ငါအဆုံးထိမရတဲ့သီချင်း
                                  ငါနဲ့တော်တဲ့ တီရှပ်
                                  ငါနဲ့မတည့်တဲ့ အိပ်ယာ
                                  ဘားမိစ်အီဒီယမ်တွေသိပ်ခက်တာပဲဆို
                                  ကြွေလွင့်စိုက်ဆင်း ဆိုတဲ့စကားလေးတော့
                                  ငါ့ဘ၀နဲ့ရင်းလို့ သင်ပေးခဲ့မယ်
                  ကောင်မလေးအပေါ်ထားတဲ့ ကောင်လေးရဲ့ ရင်တွင်းခံစားချက်တွေပါ။ ကြွေ လွင့် စိုက် ဆင်း တဲ့ ။ စကားလုံး ၄လုံးထဲပါ။ ဒါပေမယ့် ကျစ်လစ်သိပ်သည်းပြီး အနက်အဓိပ္မါယ်
ကျယ်ပြန့် နက်ရှိုင်းပါတယ်။  တခြားဘာသာကို ပြန်ဆိုမယ် ဆိုရင် အရှည်ကြီး ဖြစ်သွားနိုင်ပါတယ်။ မြန်မာ ဘာသာစကားရဲ့ ခက်ခဲနက်နဲပုံကို ပြုံးပြုံးကြီး တွေ့ လိုက်ရပါတယ်။ အဲဒီလောက်
နက်နဲခက်ခဲတဲ့ အကြောင်းတရားတွေကိုတောင် ကောင်လေးက ကောင်မလေးကို ဘဝနဲ့ ရင်းပြီး သင်ပေးခဲ့မယ်တဲ့။ သြော် ချစ်ခြင်းမေတ္တာ။ ရုံတင်ပြသဖို့ တောင် ကောင်းနေပြီ။
                              ဒီနည်းနဲ့ဒီလမ်းကိုလျှောက်ရတာ
                             ခေါင်းအုံးကလေးရေ....
                             ငါ့တိုးတိုးလေးတွေ သိမ်းထုပ်ထားပေး
                             ဒီထက်ဝေးသူတွေတောင်ဒီလောက်မဝေးနိုင်တော့
                             နှင်းဆီရိုးတံပေါ်မှာ ဆူးတွေ..
                             သိလား...ဆူးတွေ....
                      ဒါလည်း  ကောင်လေးရဲ့ စိတ်ခံစားမှုနဲ့ အလွမ်း၊  တိုးတိတ်ကြေကွဲညတွေနဲ့ ဝေးကွာခြင်းဆူးတွေ တစ်ချောင်းပြီးတစ်ချောင်း စူးနေတဲ့ ရင်ဖဝါး။ “ ခေါင်းအုံးကလေးရေ....
ငါ့တိုးတိုးလေးတွေ သိမ်းထုပ်ထားပေး”တဲ့။ လှချက်။
                            Right click ထောက်လိုက်တော့
                           နေကြာစေ့နှစ်စေ့
                           နားမလည်မှု
                           ဆေးလိပ်ပြာ
                           အမှန်တရား
                           အုံ့ပုန်းငို
                           viber
                            မြန်မာသဒ္ဒါ
                          ဆံပင်ရှည်ရှည်
                                  သက်မဲ့အရာတွေထဲ လှုပ်ရှားသက်ဝင်နေတဲ့ အဓိပ္မါယ်တွေ၊ အကြောင်းတရားတွေ၊ အဖြစ်အပျက်တွေ။ သူတို့ နှစ်ယေက်ကြားက ဆက်စပ် ပတ်သက်မှုတွေ။
ဒါတွေဟာ သင်္ကေတတွေ ၊ နိမိတ်ပုံတွေပါပဲ။ ဒီလိုနဲ့ အရှိန်နဲ့ မောင်းလာတဲ့ အဝေးပြေးကားဟာ တဖြည်းဖြည်းစက်ရှိန် လျော့ပစ်လိုက်တယ်။
                    မင်းကငါ့နာမည်ကို အသံထွက်မမှန်
                   ငါက မင်းနာမည်ကို အသံထွက်မမှန်
                   ဘာဖြစ်သေးလဲ
                  ငါတို့သုံးယောက် လောကပင်လယ်ထဲရွက်လွှင့်ရအောင်
                  ငါရယ်၊မင်းရယ်၊သစ္စာတရားရယ်ပေါ့
               နောက်ဆုံးအပိုဒ်ပါ။ ကျွန်တော် ကြက်သီးမွှေးညင်းတွေပါ ထသွားတယ်။ နယ်ခြားစည်းတွေ ဘယ်လောက်ပဲခြားခြား၊ ယဉ်ကျေးမှုတွေ ဘယ်လောက်ပဲ ကွဲကွဲ၊
ဘာသာစကားတွေ ဘယ်လောက်ပဲလွဲလွဲ၊ ဘာသာတရားတွေ ဘယ်လောက်ပဲ ခြားနားခြားနား။ ချစ်ခြင်းတရား ဟာ တားထားသမျှ ဓါးသွားတွေကို ရယ်ရယ်မောမော ကျော်ဖြတ်သွားပါတယ်။
ဆုံစည်းရသည်ဖြစ်စေ၊ မဆုံစည်းရသည်ဖြစ်စေ၊ ကွေကွင်းရသည်ဖြစ်စေ၊ မကွေကွင်းရသည်ဖြစ်စေ၊ ပေါင်းဖက်ရသည်ဖြစ်စေ၊ မပေါင်းဖက်ရသည်ဖြစ်စေ။ နောက်ဆုံး ငါရယ်၊ မင်းရယ်၊
သစ္စာတရားရယ်လေ.....။
   .......................................................................................................................................
                     ဒီကဗျာဟာ ခေတ်ပေါ်/ခေတ်ပြိုင် ဘယ်လောက် မြောက်မှု၊ မမြောက်မှု တွေကို အဓိကထား မပြောချင်ပါဘူး။ ကျွန်တော်နှစ်သက် သဘောကျမိတာက ဒီကဗျာ
ထဲက ချစ်ခြင်းမေတ္ထာပါ။ ချစ်ခြင်းမေတ္တာမှာ နယ်ခြားစည်းတွေ မရှိပါဘူး။ ဘာသာစကားတွေမရှိပါဘူး။ ဘာသာတရားတွေမရှိပါဘူး။ ယဉ်ကျေးမှုတွေ မရှိပါဘူး။ အဲဒါကို ဒီကဗျာက
ရဲရဲဝံ့ဝံ့ချပြထားတာပါ။ တားထားသမျှစည်းတွေ ဘောင်တွေ ဓါးသွားတွေကို ချစ်ခြင်းမေတ္တာနဲ့ ဖျက်/ ဖြတ်ထားတာပါ။ ပြီးတော့ ကဗျာရဲ့နောက်ကွယ်မှာ ရှားပါးထူးဆန်းတဲ့ အချစ်ဇာတ်လမ်းကြီးတစ်ပုဒ်
တည်ရှိနေပါတယ်။ ရိုးရှင်းတဲ့ အရေးအသား၊ လွယ်ကူနားလည်စေတဲ့ အရပ်သုံးစကားတွေနဲ့  အများဆုံးရေးဖွဲ့ ထားပေမဲ့  ခေါင်းစဉ်နဲ့ ဇာတ်လမ်းကိုတော့ ပါးနပ်စွာ လျှို့ ဝှက်မြှုပ်နှံထားပါတယ်။
ကမ္ဘာကျော် ဘယ်စားဖိုမှူးမှ လိုက်မမီနိုင်ပါဘူး။
                      ဒီကဗျာကို ရေးသားတဲ့ “ ဟိန်း” ကို ဒီဆောင်းပါးနဲ့ ကျွန်တော် လေးလေးစားစား လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။ ဂုဏ်ယူပါတယ် ဟိန်း။
                                                                                                                                                                 လင်းလက်တာရာ
                                                                                                                                                                     ၁၆၊၂၊၂၀၁၃
No comments:
Post a Comment