Monday 4 February 2013

အမြဲစိမ်းတော

   “ရေခြားမြေခြား” ဆိုတဲ့ ဘဝရဲ့ ပရက်တီကယ် စာမျက်နှာ တစ်ရွက်မှာ ကျွန်တော့်အတွက် အမှတ်တရ ဖြစ်စရာ စာပိုဒ်တစ်ပိုဒ်က “ကိုကြီးစော” ပါပဲ။

              မျှော်လင့်ချက်တွေ တစ်လှေကြီးနဲ့ ကောင်းကင်သစ်ဆီ အိပ်မက်တွေ လွှတ်တင်လိုက်တဲ့ ရောင်စုံစက္ကူကလေးတွေထဲမှာ ကျွန်တော်လည်း အပါအဝင်ပေါ့။ ဒီလိုနဲ့  “Rawang”ဆိုတဲ့ တောင်ပတ်လည် ဝိုင်းနေတဲ့ မြို့လေးတစ်မြို့ ရဲ့ “Novel” ဖန်နေချာ
စက်ရုံကြီးက ကျွန်တော့်မနက်ဖြန်တွေ အတွက် ရှူသံပြင်းပြင်း ရှု့ မျှော်ခင်းတစ်ချပ် ဖြစ်လာတယ်။ အဲဒီ စက်ရုံကြီးမှာပဲ ကိုကြီးစောကို အမှတ်ထင်ထင် စတွေ့ တော့တာပဲ။

               “ရွှေတွေ ရောက်လာမယ်ဆိုလို့ မျှော်နေတာ ...ဝမ်းသာတယ်ကွာ၊ လာလာ ညီလေးတို့  ဘာမှ အားမငယ်နဲ့ ကွ။ ပေးပေးအထုတ်တွေ အိတ်တွေ အစ်ကို တို့ ဝိုင်းသယ်ပေးမယ်”

                စက်ရုံရှေ့ ရောက်ရောက်ချင်း တွေ့ ထိလိုက်ရတဲ့ နွေးတွေးပျူငှာတဲ့ အပြုံးနဲ့ အသံချိုချိုက စိုးရိမ်သိမ်ငယ်စိတ်တွေနဲ့ မရဲတရဲဖြစ်နေတဲ့ ကျွန်တော်တို့ စိတ်တွေကို အားမာန်သစ်တွေ ထုဆစ်ပေးလိုက်သလိုပါပဲ။


*************************************************************************


             “အစ်ကို့ နာမည်က ကိုစောမင်း၊ ဒီကိုရောက်တာတော့ တစ်နှစ်ပဲရှိသေးတယ်။ စရောက်တုန်းက တော်တော် ဒုက္ခရောက်တာကွ။ မြန်မာလူခံက မရှိ၊  စကားက နားမလည် ၊၊ အိမ်ကိုပြန်ပြေးချင်စိတ်ကို ပေါက်ရောပဲ။ နောက်တော့လည်း အသားကျသွားတာပါပဲကွာ”

               အဆောင်ရောက်တော့ နေရာထိုင်ခင်းတွေချပေးပြီး မိတ်ဆက်စကားပြောနေတဲ့ ကိုကြီးစောပုံက တကယ့်တရင်းတနှီးညီအရင်းအစ်ကိုပမာ။ ဒီမှာရှိတဲ့ လူဟောင်း ၅ယောက်ထဲမှာ ကိုကြီးစောက အသက်ကြီးဆုံး ထင်ရတယ်။ အရပ်မြင့်မြင့် ၊အသား
ညိုညို ၊ အပြုံးချိုချိုနဲ့ အသက် (၃၅) ဝန်းကျင်လောက်ရှိတဲ့  ပုံပန်းသဏ္လာန်က တစ်ခါ မြင်ဖူးရုံနဲ့ အလွယ်တကူ မှတ်မိစေနိုင်တဲ့ ကိုကြီးစောရဲ့ ခဲခြစ်ကောက်ကြောင်း။

               “အိုဗာစတေးလို့ ခေါ်တဲ့ “အို” ကိစ္စကတော့ ဒီမှာ ခေတ်စားတယ်လို့ ပြောရမယ်။ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေလို့ အို ကြတယ်။တချို့ က ကောင်းတဲ့
နေရာ ရောက်သွားတယ်။ တချို့ က အင်မီဂရေးရှင်းနဲ့ မိပြီး ကွိ သွားကြတယ်။
တချို့ ကတော့ သေသလားရှင်သလားတောင် သတင်းမကြားရဘူး။ ဘာပဲဖြစ်ဖြစ် ချင့်ချင့်ချိန်ချိန် စဉ်းစဉ်းစားစား လုပ်ကြပေါ့ကွာ”

                ကျွန်တော်တို့ ပေါ် ဖြာကျနေတဲ့ ကိုကြီးစောရဲ့ အကြည့်က ဂရုဏာ ဆန်တဲ့ အငွေ့ အသက်တွေ ရောယှက် ဖွဲ့ သီထားတယ်။ သတိတရားတွေ ကို မက်ဆေ့ထည့်ထားတဲ့ စကားတွေပါပဲ။

                 “ပြီးတော့ နိုင်ငံခြားဆိုတာ ပျက်စီးဖို့ သိပ်လွယ်တဲ့ နေရာတစ်ခု။ စိတ်ကို အသိဥာဏ်ချွန်းနဲ့ အုပ်နိုင်မှာ တော်ကာကျတာ။ မိဘဆွေမျိုးသားချင်းနဲ့ ဝေးတဲ့ နေရာဆိုတော့ လွတ်လပ်ချင်တိုင်း လွတ်လပ်တယ်လေ။ လွတ်လပ်တော့ ဘာမဆို လုပ်ဖြစ်နိုင်တယ်။ ဒီနိုင်ငံမှာ အိမ်ကို ငွေမပို့ ပဲ ပျက်စီးနေတဲ့ လူငယ်တွေအများကြီးပဲ။
ရောက်တဲ့အချိန်လေးမှာကြိုးကြိုးစားစားလုပ်၊ငွေစုပြီး ပြန်တာ အကောင်းဆုံးပဲ”

                  ကိုကြီးစော ပြောမှပဲနိုင်ငံခြားဆိုတာကြီးက ကျောချမ်းလာတယ်။ ဟော..ခုနက
ကျောကော့အောင် ပူနေတဲ့ နေဟာရုတ်တရက် မိုးသီးမိုးပေါက်တွေ ဝုန်းဒိုင်ကျဲ ရွာကျလာတယ်။ မလေးရှားရဲ့ ရာသီဥတုကြီးက ဒီလိုကြီးလား။

                   ကိုကြီးစောရဲ့ အသံတွေကတော့ မိုးသံလေသံတွေကို ဆန်တတ်နေဆဲ။

                  “ ဆရာကြီး လုပ်တာတော့ မဟုတ်ဘူး။ ညီလေးတို့ အတွက် အစိမ်းသက်သက် ဖြစ်နေတဲ့ “နိုင်ငံခြား”ဆိုတဲ့ ဘာသာဗေဒကြီးကို နည်းနည်းလောက် မိတ်ဆက်ပေးလိုက်တာ။ နောက်ဆိုရင်တော့ မမြင်ချင်မှ အဆုံး၊ မကြားချင် မတွေ့ ချင်မှ
အဆုံး ညီလေးတို့ နဖူးတွေ့ ဒူးတွေ့  တွေ့ လာကြမှာပါ။ ညီလေးတို့ ဘာအခက်အခဲပဲ ရှိရှိ ပြောပါ။ အစ်ကိုတို့ တတ်နိုင်သလောက်ကူညီပေးဖို့ အသင့်ပဲ။ ရေခြားမြေခြားမှာ ကိုယ့်လူမျိုးအချင်းချင်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေကြကွ။ အရေးကြီးရင် သွေး
နီးရတယ်။ ကဲကဲ... ညီလေးတို့ လည်း ခရီးပန်းလာကြပြီဆိုတော့ ထမင်းစားသောက်ပြီး အနားယူကြ။ မန်နေဂျာက ဒီနေ့ မြန်မာလူသစ် ၆ ယောက် ရောက်မယ်ပြောထားလို့  ညီလေးတို့ အတွက် အစ်ကိုတို့ ထမင်းဟင်းတွေ ချက်ထားတာ”


                    အပြင်မှာတော့ မလေးရှားမိုးက ပိုပြီးသည်းလာတယ်။



****************************************************************************


                     ကျွန်တော်တို့ လူသစ်တွေကို လုပ်ငန်းခွင် နေရာချပေးတော့ ကျွန်တော်က ကိုကြီးစောရဲ့ ဆိုက်ဒ် ကို ရောက်သွား
တယ်။ သစ်သားအသေးစားတွေကို စက်နဲ့ ဖြတ်ရတာ။ သိပ်တော့ မပင်ပန်းပါဘူး။

                       ဒီဆိုက်ဒ်မှာက စက် ၆ လုံးရှိတယ်။ လူက ၇ ယောက်။ နီပေါ ၁ ယောက် ၊ ဘင်္ဂလား ၂ ယောက်၊ အင်ဒို ၁ ယောက်၊ တရုတ်စူပါဗိုက်စာ ၁ ယောက်၊ ပြီးတော့ ကိုကြီးစောနဲ့ ကျွန်တော်။

                     ကိုကြီးစောကတော့ ကျွန်တော့်ကို လုပ်ငန်းနဲ့ ပတ်သက်ပြီး အသေးစိပ်သင်ပေးတယ်။ ကံကောင်းတယ်ပြောရမယ်။ မြန်မာလူခံ ရှိတဲ့ ဆိုက်ဒ် ကိုရောက်ခဲ့ တော့ အခက်အခဲ သိပ်မရှိဘူး။ ကျောက်ပန်းတောင်းက သန်းဦးဆို မြန်မာလူခံ
မရှိတဲ့ ဘင်္ဂလားဆိုက်ဒ် ကို ရောက်သွားတာ။ လူကောင်ကညပ်ညပ်၊ ကြောက်တတ်တာလည်း ၂ယောက် မရှိဘူး။ မလေးလိုကနားမလည်၊ E လို က မရ။ ပြောတာ တခြား၊ လုပ်တာ တခြား။ အော်ဟစ် ဆူငေါက်ခံရတာလည်း အကြိမ်ကြိမ်။ အဆောင်ပြန်ရောက်တော့ ညည်းတယ်။

                    “ရွာက ၃ ဧက လယ်ကွက်ကြီးကိုပဲ စပါးပြေးရိတ်လိုက်ချင်တော့တယ် ” တဲ့။

                    ရက်အနည်းငယ် မှာပဲ ကိုကြီးစောရဲ့ မိသားစု အကြောင်းတွေ ကျွန်တော် သိခွင့်ရခဲ့တယ်။ အလုပ် အတူလုပ်ရင်းသူ့ အကြောင်းကိုယ်မေး၊ ကိုယ့်အကြောင်းသူမေးနဲ့ ၊ မြန်မာပြည်လွမ်းခန်းတွေ ဖွင့်ရင်းပေါ့။

                   “ အစ်ကို ဒီကိုရောက်တာ ၁ နှစ် ရှိပြီ။ အကြွေးမကျေသေးဘူး။ အစ်ကိုလည်း ကျစ်ကျစ်ပါအောင်စုပြီး ပို့ နေတာပဲ။ လာတုန်းက အတိုးတွေ ဆွဲလာရတာ၊ အတိုးပေါ် အတိုးဆင့်ပြီး ကျေကိုမကျေနိုင်သေးတာ။ အိမ်က မိသားစုကလည်းအစ်ကို့ ကို မှီခိုနေရတော့ အကြွေးကို လုံးခနဲ မဆပ်နိုင်ဘူး။သုံးလိုက်ဆပ်လိုက်၊ဆပ်လိုက်သုံးလိုက်နဲ့ 
ဂျာအေးသူ့ မေရိုက်ပြီးကြွေးတာရှည်နေတာ။ အိမ်က စားစရိတ်၊ သုံးစရိတ်၊ ကျောင်းစရိတ်၊ လူမှုရေးစရိတ် တွေကလည်း တစ်လတစ်လ မနည်းဘူး။

                     သားကြီးက ၁၀ တန်၊ သမီးလတ်က ၈ တန်း၊ အငယ်ကောင်လေးက ၅ တန်း၊ ကျူရှင်ခကပဲ တော်တော်ကျနေပြီ။အငယ်ကောင်လေးက ကျန်းမာရေး သိပ်ကောင်းတာ မဟုတ်ဘူး။ ချူချာတယ်။ ဆေးခန်း ခဏခဏ ပြနေရတာ။ တွက်ကြည့်ပေါ့ကွာ။ ဒါတောင် မိန်းမက တစ်နိုင်တစ်ပိုင် စက်လေးချုပ်လို့ ကွ။ အကြွေးမကျေသေးတော့ အသက်ရှုရတာ နည်းနည်းကျပ်တာပေါ့ကွာ”

                     ကိုကြီးစောရဲ့ ဘဝအမောတွေက ကျွန်တော့်ရင်ဘတ်ကို ဂျပ်ပင်ထိုးလိုက်သလို စီးကူးလာတယ်။ တဆက်တည်းဆိုသလို အဖေ၊ အမေ နဲ့ ညီမလေးတို့ ရဲ့ ပုံရိပ်တွေက ကျွန်တော့်အာရုံမှာ လျှက်စီးတွေလို တဖျပ်ဖျပ်။

                      “ငါ့ညီက ကျောင်းပြီးအောင် မတက်ဘဲ ဘာဖြစ်လို့ ဒီကိုလာရတာလဲ”

                      ကိုကြီးစောရဲ့ အမေးစကားက ကျွန်တော့် သက်ပြင်းမော တစ်ခုကို ခိုးထုတ်သယ်ယူသွားတယ်။

                      “ကံဇာတ်ဆရာရဲ့ အလိုပေါ့ ကိုကြီးစောရာ။ ကျွန်တော် ဒုတိယနှစ် ဖြေပြီးတဲ့ နှစ်မှာအဖေဆုံးတယ်။ ညီမလေးက၁၀ တန်းအောင်တယ်။ နည်းပညာတက္ကသိုလ် ဝင်ခွင့်ရတယ်။ ကျွန်တော်တို့ မိသားစုက အဖေ့လုပ်အားနဲ့ ကျားကန်ခဲ့ရတာလေ၊
အဖေမရှိတော့ မိသားစု စီးပွားရေးက သိသိသာသာကြီး ယိမ်းယိုင်သွားတယ်။ အမေကလည်း အဖေ့ကို မှီခိုခဲ့ရတဲ့ သူဆိုတော့စီးပွားရေးသိပ်လုပ်တတ်တာ မဟုတ်ဘူး။ ညီမလေးရဲ့ ကျောင်းစရိတ်ကလည်း တော်တော် ကုန်ဦးမှာ။ အစ်ကိုကြီး အဖရာတဲ့။
ဒါနဲ့ ပဲ ညီမလေး အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ ကျွန်တော် ဝိဇ္ဖာဘွဲ့ မယူဘဲ ဒီကို ထွက်လာခဲ့တာ။

                       အမေကတော့ ကျွန်တော့်ဆုံးဖြတ်ချက်ကိုကန့် ကွက်ပါတယ်။ သူ့ သားနဲ့ သမီးကို ဘွဲ့ ရတဲ့ အထိ ကြိုးစားပြီး ကျောင်းထားပေးမယ်တဲ့။ ကျွန်တော် အမေ ပင်ပန်းမှာကို မကြည့်ရက်ပါဘူး။ အမေ့ ကို မရမက နားချပြီးမှ ဒီလမ်းကို လျှောက်ခဲ့တာ”

                        ကိုကြီးစောရဲ့ မျက်နှာပေါ်မှာ အဓိပ္မါယ် ပြည့်ဝတဲ့ အပြုံးတစ်ပွင့်ကို ကျွန်တော် လတ်လတ်ဆက်ဆက် တွေ့ ခွင့်ရလိုက်တယ်။


   *********************************************************************


                        ဆေးဆိုက်ဒ်ဘက်မှ ရုန်းရင်းဆန်ခတ် အသံတွေက ကျွန်တော့်အာရုံကို လေပွေတစ်ချက်လို့ ဝင်မွှေ့ သွားတယ်။ ကြည့်လိုက်တော့...

                       “ဟာ”

                        အာမေဍ္ဍိတ်သံ တစ်ခုက ကျွန်တော့် ပါးစပ်ထဲကနေ ခုန်ထွက်သွားတယ်။ ကိုကြီးစောက ဘင်္ဂလားတစ်ယောက်ကို သူ့ ညာလက်သီးနဲ့ လေးငါးချက် ဆက်တိုက် ကျွေးနေတာ။

                       ရုတ်တရက်..ကျွန်တော် စိတ်က ကျွန်တော့်ခြေလှမ်းတွေကို သယ်ဆောင်သွားတယ်။ ကျွန်တော်ရောက်သွားတော့ ရန်ပွဲက ရှဲ သွားပြီ။ အလုပ်သမားတွေ၊ စူပါဗိုက်စာတွေ ဝိုင်းခွဲပေးလို့ ။

                      ကိုကြီးစော လက်သီးစာမိသွားတဲ့ ဘင်္ဂလားကတော့ မျက်နှာတစ်ပြင်လုံး ညိုညိုမည်းမည်း။ နှုတ်ခမ်းကွဲပြီးသွေးတွေစီးကျနေတယ်။ ကိုကြီးစောကတော့ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီတွတ်လို့ ။ အဲဒီ ဘင်္ဂလားကောင်ကို လက်ညှိုး
ငေါက်ငေါက်ထိုးပြီး ပါးစပ်ကလည်း စက်သေနတ်လို တရစပ်ပစ်ခတ်လို့ ။

                     ကိုကြီးစောဘေးနားမှာတော့ ဇီးစေ့လောက် မျက်နှာလေးနဲ့ အသားတွေ တဆတ်ဆတ်တုန်နေသူက သန်းဦး။ရှေ့ ဆင့်နောက်ဆင့် ဆိုသလို.. လူဟောင်းတွေ  ဖြစ်တဲ့ ကိုမောင်ထွန်း၊ ကိုဖိုးထောင်၊ ကိုအောင်ကြီးတို့ ရောက်လာကြတယ်။

                   “ ကိုစော...ဘယ်လိုဖြစ်တာလဲဗျ”

                   ကိုမောင်ထွန်းက ရောက်ရောက်ချင်း စိုးရိမ်တကြီး မေးတယ်။

                  “ ဘယ်လိုဖြစ်ရမှာလဲ၊ ဒီခွေးမသားပေါ့၊ သန်းဦးကို ခြေထောက်နဲ့ ခိုင်းနေတာ၊ ငါက တွိုင်းလက် လာရင်းတွေ့ လို့ 
မခံချင်တာနဲ့ ဝင်ကျွေးလိုက်တာ”

                   တောက်ခေါက်သံတွေ ညံသွားတယ်။ ဘင်္ဂလားကောင်ကိုလည်း အမှုန့် ကြိတ်ပစ်မတတ် ကြည့်လိုက်မိကြတယ်။ မန်နေဂျာ ရောက်လာတော့ ရန်ဖြစ်တဲ့ ကိုကြီးစောနဲ့ ဘင်္ဂလားကောင်ကို ရုံးခန်းခေါ်သွားတယ်။

                   ညဘက် အိုတီ ဆင်းပြီးလို့ အဆောင်ပြန်ရောက်တော့ ကိုကြီးစော လဝက်တိတိ အလုပ်ဆင်းခွင့် ဖိုင်းချခံလိုက်ရပြီဆိုတဲ့ သတင်းက ကျွန်တော့်ရင်ဘတ်ကိုလာမှန်တယ်။ နောက်တစ်ခါ ရန်ထပ်ဖြစ်ရင် မြန်မာပြည် ပြန်ပို့ ခံရမယ် ဆိုတဲ့ ရာဇသံတောင်ပါသေး။

                     ကျွန်တော် ကိုကြီးစောအတွက် စိတ်မကောင်းဖြစ်သွားတယ်။ ဝမ်းနည်းပေးရုံကလွဲပြီး ဘာမှ မတတ်နိုင်။ ကိုကြီးစော ကတော့ အပြုံး မပျက်။ သူ့ လုပ်ရပ်ကို နည်းနည်းလေးမှ နောင်တ မရတဲ့ပုံ။


********************************************************************


                     ကျွန်တော်တို့ အိမ်ဝေးငှက်တွေ အဖို့  လစာရတဲ့  နေ့ ဟာ အပျော်တွေ ဖိတ်လျှံကျရတဲ့ နေ့ တစ်နေ့ ပါပဲ။ မှတ်မှတ်ရရ။ ကိုကြီးစော အလုပ် ပြန်ဆင်းခွင့်ရတဲ့ နေ့ မှာပဲ ကျွန်တော်တို့ တွေ လစာရကြတယ်။

                     ညနေပိုင်း အိုတီ မဆင်းပဲ မြန်မာတွေ အုပ်စုဖွဲ့ ပြီးမြို့ထဲ ထွက်ခဲ့တယ်။ မြန်မာဆိုင်မှာ ငွေသွားလွှဲ၊ စားချင်တာလေးစား၊ ဝယ်ချင်တာလေးဝယ်။ ကျွန်တော်တို့ လူသစ်တွေ အဖို့ ကတော့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊  လွမ်းဆွတ်ခြင်းတွေက
နောနော် သီချင်းလို အတိုင်းထက် အလွန်။  ပထမဦးဆုံးရတဲ့ လုပ်အားခလေးကို မိဘဆီပို့ ခွင့်ရလို့ ။ ပြီးတော့ ကိုယ့်မိဘရဲ့ အသံ၊ ကိုယ့်ညီအစ်ကို မောင်နှမတွေ ရဲ့ အသံတွေကို ကြားခွင့်ရတော့မှာ မို့ လို့ ပါ။

                      ညောင်တုန်းက စိုးမိုး၊ သုံးခွက ဇော်ထက်၊ မကွေးက အောင်မြင့်တို့ ကတော့ အိမ်ကို ငွေမပို့ ပဲ ဖုန်းဝယ်လိုက်ကြတယ်။ သူတို့ ကတော့ အပူအပင် သိပ်မရှိတဲ့ ပုံ။ ကျွန်တော်ကတော့ ဖုန်းဝယ်ဖို့  စိတ်မကူးအား။ အမေနဲ့ ညီမလေးဆိုတဲ့ ခေါင်းစဉ်
က ကျွန်တော့် ရင်ဘတ်ထဲမှာ။

                       “အိမ်ကို ငွေအရင်ပို့ ကွ၊ ဖုန်းက သိပ်အရေးကြီးတာ မဟုတ်ဘူး။ အဆင်ပြေတော့မှ ဝယ်၊ လောလောဆယ်
အစ်ကို့ ဖုန်းကို ယူသုံးပေါ့”

                      ကိုကြီးစောရဲ့ စကားကလည်း ကျွန်တော့် အတွေးထဲမှာ အမှန်တရားတစ်ခု။ စားစရိတ်လောက်ပဲ ချန်ပြီး ကျန်တာအိမ်ကို အကုန်လွှဲလိုက်တယ်။ ညဘက် ... ကိုကြီးစောဖုန်းနဲ့ အမေနဲ့ ညီမလေးဆီ ဖုန်းဆက်ဖြစ်တယ်။ ကြည်နူးခြင်း၊
ပျော်ရွှင်ခြင်း၊ လွမ်းဆွတ်ခြင်း၊ ဝမ်းနည်းခြင်းတွေက ရောင်စုံပူပေါင်းလေးတွေလို ပလုံစီလို့ ။

                        ကိုကြီးစောကတော့ ကျွန်တော့်ကို ကြည့်ပြီး ကျေနပ်ပြုံး ပြုံးနေပေမယ့် ကျွန်တော့်ရင်ထဲမှာ တစ်တစ်ဆို့ ဆို့ ကြီး။ ဒီလ အိမ်ကို ငွေမပို့ နိုင်သူတွေထဲမှာ ကိုကြီးစောပါနေလို့ လေ။ စက်ရုံရဲ့ စည်းမျဉ်းအရ...အလုပ်ဆင်းချိန် ရာခိုင်နုန်း
မပြည့်မီသူတွေကို လစာထုတ်မပေးဘုးတဲ့။


**********************************************************************

                    “ကြယ်တွေစုံတဲ့ည......ကိုယ့်အိပ်မက်လေးရယ်.....ကြယ်တွေစုံတဲ့ည .....ဘဝ မျှော်လင့်ခြင်းရယ်........ရင်ခုန်သံနဲ့ ထုဆစ်ထားတဲ့......... သီချင်းတွေလည်း........”

                     ဦးငှက်ကြီးရဲ့ သီချင်းသံလေးက လွမ်းမောဆွတ်ပျံ့ ဖွယ် စီးမျောထွက်ကျလာတယ်။ ဘောင်းဘီအိတ်ထဲကဖုန်းလေးကို ကိုကြီးစော နိုက်ယူလိုက်တယ်။ ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ ကပျာကယာဖြစ်သွားတယ်။ စက်သံတွေနဲ့ ဆူညံနေ
တော့ နောက်ထဲက သစ်ပုံဘက် သွားပြောနေတယ်။

                    ပြန်လာတော့ ကိုကြီးစော မျက်နှာက ကောင်းကင်မှာ ဆင်နေတဲ့ တိမ်မည်းတွေလို။

                  “ဘယ်သူဆက်တာလဲ ကိုကြီးစော”

                  ကျွန်တော့်အမေးကို ချက်ချင်းမဖြေနိုင်။ နဖူးက ချွေးစက်တွေကို သုတ်ပြီး ပင့်သက်ရှည် တစ်ခုကို မှုတ်လိုက်တယ်။

                 “အိမ်က ဆက်တာ...အငယ်ကောင် ကျန်းမာရေး တော်တော် ဆိုးနေတယ်တဲ့။ ဆရာဝန်က အချိန်မီ ဆေးရုံတင်ခိုင်း
နေတယ်။ အရေးပေါ် ခွဲစိပ်ရမယ် ပြောတာပဲ။ ပိုက်ဆံ တော်တော် ကုန်မယ်တဲ့။ ငါ့ညီ သိတဲ့ အတိုင်း အစ်ကို ဒီလ.....”

                  ကိုကြီးစောရဲ့ အသံတွေ တိမ်ဝင်သွားတယ်။ မျက်နှာတစ်ခုလုံးလည်း ညိုမှိုင်းလို့ ။ ကျွန်တော့်စိတ်တွေလည်း ကိုကြီးစောနဲ့ ထပ်တူ လေးလံ တင်းကျပ် သွားတယ်။ ဖုန်းလာပြီး ကတည်းက ကိုကြီးစော တက်တက်ကြွကြွ မရှိတော့ဘူး။ ငေးငေး
ငိုင်ငိုင်၊ မှိုင်မှိုင်တွေတွေ နဲ့ ။ စိတ်နဲ့ လူနဲ့ ကပ်ပုံမပေါ်ဘူး။  ကျွန်တော် ကိုကြီးစောကို ကိုယ်ချင်းစာနာ နားလည်နေမိတယ်။ဖြစ်နိုင်ရင်...ကိုကြီးစောရဲ့ အခက်အခဲတွေကို ကူညီ ဖြည့်ဆည်းပေးချင်ပါရဲ့။

                   “အား”

                    ရုတ်တရက်...နာကျင်အက်ကွဲတဲ့ အသံရှရှက စက်သံတွေနဲ့ ဆူညံနေတဲ့ ကျွန်တော်တို့ တစ်ဆိုက်ဒ်လုံးကို လွှမ်းမိုးဖုံးအုပ်သွားတယ်။ ကျွန်တော် အလန့် တကြားကြည့်လိုက်တော့...

                  “ဟာ.....ကိုကြီးစော”

                   ကျွန်တော့်မျက်လုံးတွေ ပြာသွားတယ်။ ဟုတ်တယ်။ ကိုကြီးစောရဲ့ ဘယ်ဘက်လက်ချောင်းတွေမှာ ချင်းချင်းနီနေတဲ့ သွေးတွေ။ ဖြတ်စက်ရဲ့ စက်ဝိုင်းသဏ္လာန် လွှသွားဘေးမှာတော့ တဆတ်ဆတ် တုန်ခါနေတဲ့ လက်ဆစ်လေး သုံးဆစ်။


**************************************************************************

                    ဆေးရုံက ဆင်းလာတဲ့ နေ့ မှာပဲ ကျွန်တော် ဘယ်လိုမှ ထင်မှတ်မထားတဲ့ စကားကို ကိုကြီးစောက ပြောလာတယ်။

                   “ညီလေးရေ...အစ်ကို ဒီနေ့ အိမ်ကို ငွေလွှဲလိုက်တယ်ကွ” တဲ့။

                    ကိုကြီးစောရဲ့ အသံက နာကျင်မှုတွေ ကင်းစင်လို့ အားမာန်တွေ သစ်လွင်နေတာ သိသာပါတယ်။ ကျွန်တော်အံ့သြသွားတယ်။ ဘယ်ကရတဲ့ ပိုက်ဆံနဲ့ ပို့ လိုက်တာလဲ။ ကျွန်တော် စဉ်းစားမရ။ အငမ်းမရ မေးကြည့်လိုက်တော့...

                  “ ဒီမှာ အလုပ်သမားဥပဒေ ဆိုတာ ရှိတယ်လေကွာ၊ အလုပ်ခွင်ထဲမှာ အန္တရာယ် ဖြစ်ရင် ထိုက်သင့်တဲ့ အကျိုးခံစားခွင့် ရတယ်။ ဒါလည်း သူဌေးကောင်းမှ ပါကွာ။ အစ်ကိုကတော့ သူဌေးကောင်းလို့ ငွေပို့ နိုင်တာ။ ဘာပဲဖြစ်ဖြစ် သားလေးရဲ့ အသက်ကို ကယ်တင်နိုင်တော့မှာမို့ လို့  အစ်ကိုကတော့ အတိုင်းမသိ ကျေနပ်ပီတိ ဖြစ်မိတယ်ကွာ”

                    ကျွန်တော့်ရင်ထဲ လှိုက်ခနဲ ဖြစ်သွားတယ်။ ကြည်နူးခြင်းတွေလား၊ ကျေနပ်ခြင်းတွေလား။ ပျော်ရွှင်ခြင်းတွေလား၊
ဆွတ်ကျင်ခြင်းတွေလား။ ဝေခွဲမရတဲ့ ခံစားမှုတွေက နှလုံးသားမြစ်တကြောမှာ စီးမျောသွားလေရဲ့။  

                     ကိုကြီးစောကတော့ ငုံးတိဖြစ်နေတဲ့ သူ့ လက်သုံးချောင်းကိုကြည့်ပြီး ပြုံးလို့ ။ ပီိတိပြုံးစစ်စစ်။ ဖုန်းပါဝါကို ဖွင့်လိုက်တော့ wallpaper တင်ထားတဲ့ သူ့ မိသားစုပုံလေးက ဖျက်ခနဲ ပေါ်လာတယ်။

                                                              လင်းလက်တာရာ
                                                                   ၂၉၊၇၊၂၀၁၂

No comments:

Post a Comment