နောက်ဆုံးတော့(ငါတို့ အားလုံး)
ပြန်လှည့် လို့ မရတဲ့မြစ်ကိုဖြတ်ကူးလိုက်မိပြီ
ပေါင်းရသင်းရခက်တဲ့သူငယ်ချင်းတစ်ယောက်ဟာ
လောကဓံလို့ သိလိုက်ရတဲ့အချိန်
ဘဝ ကအဲဒီမှာ စတာပဲ
အရင်လိုလမ်းဘေးအုတ်ခုံမှာ
ဂစ်တာခေါက်နေလို့ မရတော့ဘူး
အရင်လို မေမေ့မျက်စောင်းချိုချိုလေးအောက်
ပျော်ရွှင်ခြင်းတွေကောက်သင်းကောက်နေလို့ မရတော့ဘူး
အရင်လို လွပ်လပ်ခြင်းကို
ရည်းစားစကားပြောနေလို့ မရတော့ဘူး
အရင်လိုမရတော့ဘူး
ဆရာကြည်မောင်သန်းရေးခဲ့သလို
ငါတို့ တွေ့ ထိလိုက်တာက
''ငွေမရှိတာလဲ အသက်အန္တရာယ်နဲ့ နီးတယ်''ဆိုတာ
လွှဲပြောင်းမပေးနိုင်တဲ့နာကျင်မှုအားလုံးကို
ပိုင်ဆိုင်ထားရသလိုမျိုး
ဒုက္ခသစ္စာဟာ ဒီမှာပိုပြီးပြောင်မြောက် လွန်းတယ်
သုံးစားလို့ မရလောက်အောင်
အိပ်မက်တွေံတွင်းဆုံးကျဖူးတယ်
တောခြောက်သံတွေကြား
ငါတို့ ညတာတွေဟာ
အရိပ်မဲကြီးတွေလိုရှည်မြဲရှည်လို့ 
နွေဦးသစ်ရွက်တွေလို
ငါတို့ ရဲ့ သံမဏိစိတ်ဓာတ်တွေ
လေတိုက်တိုင်းလှုပ်နေရမှာလား
ကမ္ဘာကြီးရဲ့ တစ်နေရာမှာတော့ 
ငါတို့ မွတ်သိပ်တဲ့ စိမ်းလန်းခြင်းရနံ့ တွေ ရှိနိုင်ကောင်းပါရဲ့ 
ခုတော့
အိမ်ဝေးငှက်တွေရဲ့ အက်ဆေးအတိုင်း
အိပ်တန်းပျံချိန်တွေကို တိတ်တိတ်လေးရေးခြစ်
ပြန်လည့်လို့ မရတဲ့မြစ်ကို
ဆက်လက်ဖြတ်ကူးခဲ့ကြပေါ့..။...။
လင်းလက်တာရာ
၂၀၁၂၊လမ်းသစ်ဂျာနယ်
ဇန်နဝါရီ၊မလေးရှား
No comments:
Post a Comment