သူ့ ဘာသာစကားက
ကမ္ဘာသုံးရည်းစားစကား
သူ့ ရုပ်သူ့ ရည်က
သူတောင်းစားကအစဘီလ်ဂိတ်အဆုံး
ဖြေဆေးမရှိဘူး
သူ့ လူရာဝင်မှုက
မျက်နှာကြီးရာဟင်းဖတ်ပါတယ်
သူ့ ကိုယ်ရည် ကိုယ်သွေးတီးလုံးက
ကျေးလက်စာကြည့် တိုက်ကလေးဖြစ်နိုင်သလို
ယူရေနီယံ စက်ရုံကြီးလည်းဖြစ်နိုင်တယ်
သူ့ အကျင့် စာရိတ္တက
အမှောင်ကိုလင်းစေနိုင်သလို
အလင်းကိုလည်းမှောင်စေနိုင်တယ်
သူ့ ဂုဏ်သိက္ခာက
အရှက်တရားကိုချွတ်ခြုံကျစေနိုင်သလို
အမြတ်တရားကိုလည်း ကျိကျိတက်စေနိုင်တယ်
သူ့ ခွန်အားက
အာကာသကိုလည်ပတ်နိုင်သလို
စစ်ပွဲတွေကိုလည်းစိုက်ပျိုးနိုင်တယ်
သူဟာ
မမြင်ရတဲ့ အလင်း
ဝှက်ထားတဲ့ပုဒ်စာ
ငရဲနဲ့ နိဗန်ကြားမှာ
တချွင်ချွင်ပွင့် နေတဲ့ခေါင်းလောင်း...။...။
လင်းလက်တာရာ
အောက်တိုဘာ၊၂၀၀၇၊ကလျာ magazine

No comments:
Post a Comment