Thursday 16 August 2012

ဆူးဖွဲ့ ပိုက်ကွန်

ဆူးဖွဲ့ပိုက်ကွန် PDF Print E-mail
Written by လင်းလက်တာရာ   

၁။
ကြယ်တွေ စုံတဲ့ည သီချင်းက ကျွန်တော့်ကို အတင်း လှုပ်နှိုးနေတယ်။ အိပ်မှုန် စုံမွှားနဲ့ Nokia တံဆိပ် ဟန်းဖုန်းလေးကို ယူကြည့်လိုက်တော့ သဲမောင်။
ဒီကောင် တော်တော် နှောင့်ယှက်တဲ့ ကောင်ပဲ။ အိပ်ချိန်ကြီး ဘာဖြစ်လို့ ခေါ်ရတာလဲ။ စိတ်ထဲ တင်းခနဲ ဖြစ်သွားတယ်။ မျက်စိကို အားယူ ဖွင့်ပြီး အ၀င်ကောလ်ကို နှိပ်လိုက်တော့ “ဇော်လတ် အော်ပရာစီ မိသွားပြီ ဝေလင်း”

ကျွန်တော် ငေါက်ခနဲ ထထိုင်မိလျက်သား ဖြစ်သွားတယ်။ လေးလံနေတဲ့ မျက်ခွံတွေ ရုတ် ခြည်းပြူးကျယ်လို့ အိပ်ချင်စိတ်တွေ ဘယ် အပေါက်က ယိုစိမ့်အငွေ့ပျံသွားသလဲ မသိတော့။   စိုးရိမ်စိတ်တွေက လည်ချောင်းထဲမှာ အရိုးတစ် ချောင်းလို ကန့်လန့်ဖြတ် စူးနင့်သွားတယ်။
“ဘယ်လိုဖြစ်ရတာလဲကွာ”

ကျွန်တော့် အသံတွေ ငလျင်ကြော တစ်ခုလို နာကျင်အက်ကွဲ တုန်ခါလို့။ သူငယ်ချင်း အတွက် ယူကျုံး မရခြင်းတွေသာ ရေကာတာ ကျိုးကျလာတဲ့ အတိုင်း ရင်ဘတ်ထဲမှာ အတားအဆီး မရှိ။ “ည ၁၂ နာရီလောက်က ၀င်ဆွဲသွားတာတဲ့။ ပြေးပေါက်တောင် မရလိုက်ပါဘူး။ ဖြစ်ချင်တော့ ဒီအပတ်မှ ဒီကောင်က  ညဆိုင်း ပြောင်းရတာ။ အေးကွာ။ ဒီကောင်ကြီး သနားပါတယ်။ အိုဗာ စတေးကတစ်မှု၊ တရားမ၀င် လောင်းကစားမှုက တစ်မှု။ နှစ်မှုတောင်”

သဲမောင် ဖုန်းချသွားတော့ ကျွန်တော့်ရင် ဘတ်ပေါ် ကောင်းကင်ကြီး ပိကျလာသလို။ မိ သားစုကို ချစ်မက်တဲ့ ဇော်လတ်။ သူငယ်ချင်းတွေကို ခင်တွယ်တဲ့ ဇော်လတ်။ အသားလတ်လတ်၊ အရပ်ကိုင်းကိုင်းနဲ့ မျက်နှာမှာ အပြုံး တစ်ပွင့်ကို အမြဲတပ်ဆင်ထားတဲ့ ဇော်လတ်။ ကံတရားဟာ မင်းမျက်နှာ တည့်တည့်ကိုမှ ဘာလို့ အမှောင်ထိုး ကျရတာလဲ သူငယ်ချင်းရယ်။ ခုလောက်ဆို သံတိုင်တွေကြားမှာ စိတ်ဓာတ်တွေ ပျက်ပြား နေမလား။ လတ်ဆတ်တဲ့ အပြုံးတစ်ပွင့် ကရော မင်းနှုတ်ခမ်းထက်မှာ ရှိသေးရဲ့လား။

ကျွန်တော့် အတွေးစက သမံတလင်းပေါ်မှာ မှောက်ကျသွားတဲ့ သစ်တော်သီးတွေလို ပြန့်ကျဲလို့။ ဘ၀ခါးခါးနဲ့ ဇော်လတ်။ ကြမ္မာခါးခါးနဲ့ ဇော်လတ်။ တက္ကသိုလ် ဒုတိယနှစ်မှာ အဖေဆုံးလို့ ဘ၀ တက္ကသိုလ်ကို အော်တိုမစ်တစ် ရောက်ခဲ့သူ။ အစ်ကိုကြီးတော့ အဖရာ ဆိုတဲ့ အတိုင်း မိသားစုဟာ သူ့ပခုံးပေါ်ကို အလိုလို ရောက်လာတယ်။

ဒီလိုနဲ့ ညီလေးနဲ့ ညီမလေး ကျောင်းဆက် တက်နိုင်ဖို့အတွက် မုဆိုးမ မိခင်ကြီး မပင်ပန်း မဆင်းရဲစေဖို့ အတွက် မလေးရှား ကျွန်းဆွယ်မှာ ရင်းဂစ်ငါးတွေ မျှားဖို့ သူထွက်လာခဲ့တယ်။ အဆင်မပြေမှု ဆိုတာ ဖက်ရှင်တစ်ခုလို ဖြစ်နေတဲ့ ဇော်လတ် အတွက်ကတော့ အရာရာဟာ ခက်ခက်ခဲခဲတွေချည်းပါပဲ။ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတဲ့ပွဲစားရဲ့တော်ကီတွေက သင်္ကြန် အမြောက်ဆိုတာ ဒီရောက်မှ အရှင်လတ်လတ် တွေ့ရတော့တယ်။ အေးဂျင့်က ခေါင်းပုံဖြတ်၊ စက်ရုံက အလုပ်သမား အခွင့်အရေးတွေ ဖြတ်နဲ့ ရသမျှလေး ခြစ်ခြုတ်စုပြီး အိမ်ကို မနည်းလွှဲရတယ်။

ဒီလိုနဲ့၊ မဖြစ်စလောက် လစာလေးကို မက်မနေတော့ဘဲ မိသားစု အတွက် ဇော်လတ် စွန့်စားခန်း ၀င်လိုက်တယ်။ အိုဗာစတေး ဘ၀ကို ခံယူပြီး ကတ်စီနိုဂိမ်းဆိုင်မှာ စက်ရုံလုပ်အားခနဲ့ နှစ်ဆထက် မကတဲ့ ငွေကြေး ပမာဏကို မက်တွယ်ခဲ့တယ်။ “မှော်”ဆိုတဲ့ စကားဟာ ဇော်လတ် အတွက်တော့ အခုမှ နဖူးတွေ့၊ ဒူးတွေ့။ တရားမ၀င် လောင်းကစားဆိုင် ဆိုတာ သိသိကြီးနဲ့ ငွေ ကြေးရဲ့ ညှို့ငင်ဖမ်းစားမှု အောက်က ရုန်းမ ထွက်နိုင်ခဲ့။ အန္တရာယ် ပြေးလမ်းပေါ် နင်းလျှောက် နေရပေမဲ့ မိသားစုကို အဆင်ပြေပြေ ထောက်ပံ့နိုင် တာတစ်ခုတည်းနဲ့ ဇော်လတ် ရဲ့ဝံ့ခဲ့တယ်။

ခုတော့ ကံကြမ္မာရဲ့ပြစ်ဒဏ်ဘောက သူ့ ဘ၀ကိုမှတည့်တည့်။ ဒါကိုရော ဇော်လတ်ကြို တွက်ခဲ့သလား။
“ငါလည်း ဒီဂိမ်းဆိုင် ရောက်မှ အိမ်ကိုတော် တော်လေး ပို့နိုင်ခဲ့တာ။ လစာက လည်းကောင်း။ ဘေးပေါက်ငွေကလည်း ရတော့ ထွက်ဖို့တော်တော် ခက်တယ်ကွာ။ အန္တရာယ် ရှိတယ်ဆိုတာ ငါ သိပါတယ်။ ကြိုလည်း တွက်ထားပါတယ်။ တကယ်လို့ ငါတစ်ခုခု ဖြစ်သွားမယ် ဆိုရင်တောင် ငါ့မိသားစု အတွက် ငါမပူပင်ရတော့ဘူး။ ငါပို့ ထားတဲ့ငွေနဲ့ အမေတို့ လုပ်ကိုင်စားသောက် လို့ရနေ ပြီပဲ”

ဘ၀တစ်ခုကို မိသားစု အတွက် လောင်းကြေး ထပ်ထားတဲ့ ဇော်လတ်။ စိတ်ဒဏ်ရာ ကိုယ်ဒဏ် ချက်ဗရပွနဲ့ အနစ်နာခံ စွန့်လွှတ်ရှင်သန်ပြီး မေတ္တာ တရားကြီးမားတဲ့ ဇော်လတ်။ မျှော်လင့်ချက် အလင်းစလေးကို ရင်ဘတ်ထဲထည့်ပြီး ပျော်စရာ အနာဂတ်ကမ္ဘာလေးကို စိတ်ကူးဖွဲ့စိုက်ပျိုးထားတဲ့ ဇော်လတ်။

“၆ လပြည့်ရင် ငါပြန်တော့မယ်ကွာ။ မိသား စုကို ငတ်ခဲ့တာ ၃ နှစ်ရှိပြီ။ ဆက်လည်း မမိုက်ချင် တော့ဘူး။ ငါ့မိသားစုရဲ့ အရိပ်အောက်မှာပဲ ဘ၀ ကိုအေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြတ် သန်းတော့မယ်”

ခုတော့ မျှော်လင့်ချက်မနက်ဖြန်ဟာ ပန်းအိုး လှလှလေးတစ်လုံး ပြန်မဖြစ်နိုင်တော့တဲ့ ဖန်ကွဲစ တွေလား။ ကျွန်တော့်ရင်ထဲ မွန်းကျပ်တစ်ဆို့သွား တယ်။ တရားမ၀င် အလုပ်သမားဆိုတဲ့ အိုဗာ စတေးပြစ်မှုက တစ်မှု၊ Casino ဂိမ်းဆိုတဲ့ တရား မ၀င်လောင်းကစားမှုက တစ်မှု။ ဘယ်လို တန်ခိုးရှင်တွေကများ နောက် ၆ လ အတွင်းမှာ မင်းကို အိမ်ပြန် ပို့ပေးကြမလဲ။ ဆက်သွယ်မှု ဧရိယာပြင်ပထဲ ရောက်သွားတဲ့ ဖုန်းနံပါတ်လေးကိုပဲ ကျွန်တော် အကြိမ်ကြိမ်ခေါ် ကြည့်နေမိတယ်။

၂။
ဒီနေ့ Off Day ဖြစ်နေလို့ အိမ်ကို ပိုက်ဆံလွှဲဖို့ အတွက် ကျွန်တော် မြို့ထဲကို ထွက်လာခဲ့တယ်။ ခြစ်ခြစ်တောက်ပူ နေတဲ့ ကွာလာလမ်ပူမြို့ကြီးက ရောင်စုံလူတွေနဲ့ ထုံးစံအတိုင်း ရုပ်လုံးကြွလို့။ ကားပေါ်က ဆင်းလိုက်တယ်ဆိုရင်ပဲ စိတ်မသက်သာစရာမြင်ကွင်းက အဆင်သင့်။ မြန်မာ ဆိုင်တန်းတွေရဲ့ မျက်စောင်းထိုး ကုန်တိုက် ကြီးရှေ့မှာ ၀တ်စုံပြည့်နဲ့ ရဲတွေ။ တွေ့သမျှလူ တွေကို ပတ်စ်ပို့အိုင်စီတောင်း။ မပါရင် ကားပေါ် တွန်းတင်။ ပြေးသူပြေး၊ ရှောင်သူရှောင်၊ ၀ရုန်း သုန်းကား။ Police ဆိုတဲ့ ကားထဲမှာလည်း ကြက်ခြင်းထဲက ကြက်တွေလို ဘ၀များစွာ။ ဒါက အင်မီဂရေးရှင်းက စီမံချက်နဲ့ ၀င်နေတဲ့ အော်ပရာစီ။

ကျွန်တော့်ရင်ထဲ ကျဉ်ခနဲ ဖြစ်သွားတယ်။ အာရုံထဲမှာ သူငယ်ချင်း ဇော်လတ်။ ပင့်သက် တစ်ခုကို မှုတ်ထုတ်လိုက်ပြီး အခြေအနေကို အကဲခတ် ကြည့်နေလိုက်တယ်။ သိပ်မကြာဘူး လူတွေ ပြည့်သွားတာနဲ့ သံဆန်ခါ ကာထားတဲ့ ကားပြာ ကြီး ၀ူးခနဲ မောင်းထွက်သွားတယ်။

မြင်တွေ့နေကျမို့ သိပ်တော့ အထူးအဆန်း မဟုတ်။ အိုဗာစတေးပဲ ဖြစ်ဖြစ်၊ ပတ်စ်ပို့နဲ့ပဲ ဖြစ်ဖြစ်၊ ဒါတွေနဲ့ ထိပ်တိုက်မတွေ့တာ အကောင်းဆုံး။ ကွေ့ပတ် ရှောင်ကွင်းရမဲ့ သားရဲတွင်းဆိုတာ လူတိုင်းလိုလို အထာနပ်ပြီးသား။ မြန်မာဆိုင်အောက် ရောက်တော့ ၀ယ်နေကျ ကွမ်းယာသည်ကောင်မလေးကို မတွေ့ရ။ အော် ပရာစီဝင်လို့ လွတ်ရာကျွတ်ရာကို ပြေးပြီထင်တယ်။ ရေခြားမြေခြား တိုင်းတစ်ပါးမှာ အန္တရာယ်ကို လွယ်ပြီးကြုံရာ ကျပန်းလုပ်ကိုင် စားသောက် နေရတဲ့ အနာဂတ်တွေ အတွက် မနက်ဖြန် ဆိုတာ ဓားသွားထက်က ပျားရည်စက်တွေပဲလား။ မြင် နေရ၊ တွေ့နေရတာတွေက ပင့်သက်ချပြီး ဥပေက္ခာ ပြုနေရတာချည်းပဲ။

“အစ်ကိုကြီး၊ အစ်ကိုကြီး ကွမ်းယာ ယူဦးမှာလား”

မြန်မာဆိုင်ပေါ် တက်မယ်အလုပ်၊ အူယား ဖားယား လွင့်မျောလာတဲ့ အသံစူးစူးလေး။ ဒီအသံ လေးကို ကျွန်တော် အလွတ်ရပါတယ်။ ကျွန်တော် ကွမ်းယာဝယ်နေကျ ကောင်မလေး။ လှည့်ကြည့် လိုက်တော့ လွယ်အိတ် တစ်လုံးကို သိုင်းလွယ် လျက်၊ အမောတကောနဲ့ ပြေးလာနေတဲ့ကောင် မလေး။ နဖူးမှာလည်း ချွေးဥလေးတွေ သီးလို့။

“၃ ထုပ် ယူမယ်ညီမလေး”

ကျင့်သားရနေပြီဖြစ်တဲ့ လက်တစ်ဖက်က လွယ်အိတ်ထဲမှ အသင့်ယာပြီးသား ကွမ်းယာ ၃ ထုပ်ကို လျင်လျင်မြန်မြန်ပဲ ထုတ်ပေးတယ်။
“ခုနက “အော်”၀င်လို့ မောသွားပြီထင်တယ်”

ကျွန်တော်က  ရင်းဂစ် ၅၀ တန်လေးကို ထုတ်ပေးပြီး ပြောလိုက်တော့ ခပ်နွမ်းနွမ်းအပြုံး တစ်ပွင့်ကို အားတင်းပြီးပြုံးတယ်။
“ဒီလိုပါပဲ အစ်ကိုကြီးရယ်။ ပြေးရင်းလွှားရင်း ကျီးကန်းတောင်းမှောက် ကြည့်ရင်း ရောင်းနေရတာ”

အကြွေတွေထုတ်ပြီး ကျွန်တော့်ကို ပြန်အမ်းဖို့ လုပ်တော့
“မအမ်းနဲ့ ညီမလေး၊ ပိုတာက မုန့်ဖိုးပေးတာ။ အလုပ်ကို သတိနဲ့လုပ်နော်။ ကိုယ့်ကိုယ်ကို ဂရုစိုက်”

“ဟုတ်ကဲ့ ကျေးဇူးပါ။ အစ်ကိုကြီး”

ကျွန်တော်ကောင်မလေးကို နှုတ်ဆတ်ပြီး မြန်မာဆိုင်ပေါ် တက်လာခဲ့ တယ်။ အာရုံထဲမှာတော့ ကောင်မလေးက တွယ်ငြိ ကပ်ပါလျက်။ အသက် ၁၅ နှစ်လောက်ပဲ ရှိတဲ့ ကောင်မလေး တစ်ယောက် ရဲ့ ကြမ်းရှရှ ဘ၀ကောက်ကြောင်း။ အသက် မပြည့်ဘဲ မလေးရှားကို ဘယ်လိုနည်းနဲ့ ရောက်လာသလဲ ဆိုတာ ဒီကောင်မလေးနဲ့ တွေ့တိုင်း ကျွန်တော် တွေးနေကြည့်မိတယ်။ အဖြေကတော့ နာကျင်မှု ရသသာ။

၃။
“ညီလေး ကိုယ်ထိုင်မယ်နော်”

မစားရတာကြာပြီ ဖြစ်တဲ့ မုန့်ဟင်းခါးကို စိတ်အဆာပြေ စားနေတဲ့ ကျွန်တော် ဆတ်ခနဲ ခေါင်းထောင်သွားတယ်။ မော့ကြည့်လိုက်တော့ ကျွန်တော် တစ်ကြိမ် တစ်ခါမျှ မမြင်ဖူးတဲ့ အသက် ၃၅ နှစ်ခန့်လူစိမ်းတစ်ယောက်။

“သြော် ဟုတ်ကဲ့။ ရပါတယ် အစ်ကို ထိုင်ပါ”

ကောင်တာမှ ယူလာတဲ့ မုန့်ဟင်းခါး ပန်းကန်နဲ့ ကိုကာကိုလာဘူးကို စားပွဲပေါ် အသာချပြီး ကျွန်တော့် မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်တယ်။
“ညီလေးကလည်း မုန့်ဟင်းခါးကိုး။ ရင်ဘတ်ချင်းတော့ တူနေပြီ”

နှုတ်ခမ်းမွှေးရေးရေးနဲ့ သူ့ရဲအပြုံးဟာ ၀င်းဦးလောက် ဆွဲဆောင်မှု မရှိပေမဲ့ ခင်မင်ဖော်ရွေမှု က အတိုင်းသား။
“မြန်မာပြည် အလွမ်းပြေပေါ့ အစ်ကိုရာ”

ကျွန်တော့်စကားကို ထောက်ခံတဲ့ အနေနဲ့ ခေါင်းတစ်ချက် ညိတ်တယ်။ ပြီးတော့ ငရုတ်သီး မှုန့်နည်းနည်းကို ပန်းကန်ထဲ ထည့်ပြီး သမအောင် မွှေနေတယ်။
“ဒါပေါ့ကွာ။ ဒီမှာက ဒီလိုပဲ ကြုံရာနဲ့ အလွမ်း ဖြေကြရတာ။ မုန့်ဟင်းခါး ဆိုတာတို့ မြန်မာ လူမျိုးတွေရဲ့ရိုးရာ အစားအစာစစ်စစ်ပဲလေ။ ပြောရင်းဆိုရင်း အမေနဲ့ရွာကိုတောင် လွမ်းလာပြီကွာ”

“မုန်းဟင်းခါးတစ်စွန်းကို အားရပါးရစား ပြီး။ ပလုတ်ပလောင်း ပြောနေတဲ့ သူ့အမူအရာက တကယ့် တရင်းတနှီး။

“ဒါပေမဲ့ ငါ့ညီရာ”

စကားကို တုံးတိဖြတ်ချလိုက်ပြီ။ ကိုကာ ကိုလာဘူးကို ဖောက်ကာ မော့သောက်လိုက်တဲ့ သူ့ပုံက ဘာအိုဗာအက်တင်မှ မပါ။
“ဒီမုန့်ဟင်းခါးကိုပဲကြည့်၊ တစ်ခုခု လိုမနေ ဘူးလား”

မုန့်ဟင်းခါးပန်းကန်ကို လက်ညှိုးထိုးပြီး စူး စူးရဲရဲမေးချလိုက်တဲ့ သူ့အသံက အနည်းငယ် ပြတ်သားနေတယ်။
“လိုတာပေါ့ အစ်ကိုရာ၊ ငှက်ပျောအူလေ”

“ဟား ဟား၊ ငါ့ညီက ဘယ်ဆိုးလို့လဲ။ တချို့ဆိုရင် ကိုယ်စားနေတဲ့ မုန့်ဟင်းခါး ငှက်ပျော အူပါလား၊ မပါလားတောင် သတိ မထားမိကြဘူး ကွ၊ ခုငါတို့ ဘ၀တွေကလည်း ငှက်ပျောအူ မပါတဲ့ မုန့်ဟင်းခါးတွေပေါ့ကွာ”

မုန့်ဟင်းခါးပန်းကန်ထဲ တွေတွေငေးငေး ကြီးကြည့်ပြီး ပြောလိုက်တဲ့ သူ့စကားတွေက ကျွန်တော့်ရင်ဘတ် တည့်တည့်ကို လာမှန်တယ်။  အတွေးစတွေ၊ ဘ၀ တစ်ခုပေါ် ဘ၀တစ်ခု ထပ်နေတဲ့ ဘ၀ အထပ်ထပ်တွေ။ ပြီးတော့ လိုအပ်ချက်တွေ ဗရပွနဲ့ ကွက်လပ်များစွာ။ ကျွန်တော့်အတွေး ယာဉ်ကြောမှာ ရွက်ကြွေတွေ လေထဲ လွင့်မျော ဝေ့၀ဲနေသလို။

“ဒါနဲ့ ညီလေးရော ဒီကို ရောက်တာ ကြာပြီလား။ အလုပ်အကိုင်ရော အဆင်ပြေရဲ့လား”

“နှစ်နှစ်ကျော်ပဲ ရှိပါသေးတယ် အစ်ကို။အလုပ်ကတော့ မဆိုးပါဘူး။ ဂျပန်စားသောက် ဆိုင်၊ တရုတ်တွေနဲ့ လုပ်ရတာ။ ကျွန်တော့် အလုပ်က ဆူရှီမာကီ။ အစ်ကိုရော ရောက်တာကြာပြီ လား”

“ကြာပြီဆိုပါတော့ကွာ။ ၁၀ နှစ် ရှိပြီ”

“ဗျာ၊ ၁၀ နှစ်”
ကျွန်တော့် ပါးစပ် အဟောင်းသား ဖြစ်သွား တယ်။ ဒီလောက်နှစ် ကာလ အများကြီး၊ ဘယ်လို အားအင်တွေနဲ့ နေနိုင်သလဲ ဆိုတာ ကျွန်တော် မတွေးတတ်။

“၁၀ နှစ် ကြီးများတောင် အစ်ကို ဒီမှာနေ နိုင်တယ်နော်။ မြန်မာပြည်ကို အလည်ပြန်ဖြစ် သေးလား”

“မပြန်ဖြစ်ပါဘူးကွာ။ အစ်ကိုက ဒီမှာ အိမ်ထောင်ကျနေပြီလေ”

“သြော်၊ အစ်ကို့မိန်းမက မြန်မာပဲလား”
ကျွန်တော့မေးခွန်းက သူ့မျက်နှာကို မှိုင်းညို့ သွားစေတယ်။
“မဟုတ်ဘူးကွ၊ မလေးမနဲ့”

ကျွန်တော့်ရင်ထဲ အမည်ဖော်လို့ မရတဲ့ ဝေဒနာ တစ်ခုက ဟာလာဟင်းလင်းကြီး။
“ရတာ ကြာပြီလား”

“၅ နှစ်ရှိပြီ။ သားလေးတစ်ယောက်တောင် ရနေပြီ”

“သားလေးတစ်ယောက်”

ကျွန်တော့်ပါးစပ်ထဲက အံ့သြတကြီး လွတ်ကျသွားတဲ့ စကား။ တစ်ဆက်တည်း အတွေးတွေ က ကျွန်တော် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးတဲ့ ကလေးလေးဆီ။
“အခု ပိုက်ဆံလာလွှဲတာလား”

“ဟုတ်ကဲ့ အစ်ကို”

“အေးကွာ။ လွှဲ...လွှဲ...။ လွှဲနိုင်သလောက်သာ လွှဲကွာ။ အစ်ကိုလည်း ဒီမှာ မိန်းမ ရနေပေ မဲ့  အမေ့ဆီတော့ မကြာမကြာ ငွေလွှဲနိုင်အောင် ကြိုးစားတယ်။ ရော့ ဒါက အစ်ကို ဖုန်းနံပါတ်။ အစ်ကို့နာမည်လည်း မှတ်ထားဦးနော်။ ကိုမိုးထွေး”

မြန်မာဆိုင်ပေါ်က ပြန်ဆင်းလာခဲ့ပေမဲ့ ကျွန်တော့် စိတ်အာရုံထဲမှာ ကုတ်ခြစ်ဖယ်ထုတ်လို့ မရသေးတဲ့ ကိုမိုးထွေး။ ပြီးတော့ ကျွန်တော် မမြင်ဖူးတဲ့ ကလေးလေး တစ်ယောက်။

၎။
အိမ်ရောက်ရောက်ချင်း သတင်းဆိုး တစ်ခုက ကျွန်တော့်ကို ဆီးကြိုနေတယ်။
“ကိုကျော်ဌေး တိုက်ပေါ်က ပြုတ်ကျလို့ ဆုံးပြီတဲ့”

သွေးမရှိတော့တဲ့ မျက်နှာနဲ့ သတင်း ပေးသူက ကျွန်တော့် အခန်းဖော် ရွှေကြီး။ ကျွန်တော့် တစ်ကိုယ်လုံး မေ့ဆေး အပေးခံလိုက်ရတဲ့ လူလို။ အသက် ရှူဖို့တောင် သတိမရတော့။
“အက်စီးဒင့်ဖြစ်ပြီး ချော်ကျတာ။ သူအခု လုပ်နေတဲ့ ကွန်ထရက်ရှင်က ၈ ထပ် မြင့်တယ်။ ပွဲချင်းပြီးပဲကွာ”

လည်ချောင်းတစ်ခုလုံး ဘာသံမှ ထွက်ကျ လာလို့ မရလောက်အောင် မောဟိုက် တစ်ဆို့သွား တယ်။ ရင်ခေါင်းတစ်လျှောက် ကြွေကွဲဝမ်းနည်း ခြင်းတွေသာ ဒီရေလို တလိပ်လိပ်။ မျက်လုံးထဲမှာ တော့ နေလောင်ထားလို့ ကြေးနီရောင် သမ်းနေတဲ့ ကိုကျော်ဌေးရဲ့ မျက်နှာ။

ကိုကျော်ဌေးက ဘောလုံး ကန်ကောင်းသူ။ အလုပ်နားရက် ဖူဆယ်ကွင်းမှာ ဘောလုံးသွား ကစားရင်း ကိုကျော်ဌေးနဲ့ ရင်းနှီး ခင်မင်ခဲ့ရတယ်။ သူ့အဆောင်ကိုလည်း ရောက်ခဲ့ဖူးတယ်။ သူ့ ချက်ကျွေးတဲ့ ထမင်းကိုလည်း စားခဲ့ဖူးတယ်။ သူ့ မိသားစု အကြောင်းကိုလည်း တီးမိခေါက်မိ ရှိခဲ့ တယ်။

“ငါ့သားက ငါ့လိုပဲ ဘောလုံး ခရေဇီကွ၊ တစ်ချိန်လုံး ဘောလုံးနဲ့ပဲ ဆော့နေတော့တာ”

“ပြန်ချင်တာမှ ဆတ်ဆတ်ကို လူးလို့ကွာ။ ၀က်ဖြစ်မှတော့ မစင်ကြောက်နေလို့ မဖြစ်တော့ ဘူးလေ။ ရည်ရွယ်ချက်တွေ မပြည့်သေးတော့လည်း ကြိတ်မှိတ် အောင့်အည်းပြီး လုပ်နေရတာ”

“ကိုယ့်မြေ၊ ကိုယ့်လေ၊ ကိုယ့်ရေကပဲ ကိုယ့် အတွက်အကောင်းဆုံးကွ။ ငါကတော့ သေရ မယ်ဆိုရင်တောင် ကိုယ့်နိုင်ငံမှာပဲ သေချင်တယ်”

ကျွန်တော့်နားထဲ ကိုကျော်ဌေးရဲ့အသံတွေ ပဲ့တင် ထပ်လာတယ်။ သေခြင်းတရား ဆိုတာ စိုသောလက် မခြောက်ခင်၊ ကွေးသောလက် မဆန့်မီပါလား။ ကျွန်တော် တော်တော်လေး ချောက်ချား သွားမိတယ်။ သေတာတောင် အမိမြေမှာ မသေရတဲ့ အဖြစ်။ ကိုကျော်ဌေး မိသားစုကရော ဒီအဖြစ်ဆိုး ကြီးအတွက် ဘယ်လောက်ကြေကွဲ ၀မ်းနည်း ယူကျုံးမရ ဖြစ်နေမလဲ။ သေကွဲ ကွဲရတာတောင် နောက်ဆုံး အနေနဲ့ မျက်နှာလေးတောင် တွေ့မြင်ခွင့် မရကြတဲ့ ဘ၀တွေ။ ကျွန်တော့် ရင်ထဲ ရသခါးခါး တွေ နာနာကျင်ကျင် စူးလို့။ အပြင်မှာတော့ မလေးရှားမိုးဟာ အငြိုးတကြီးကြီးနဲ့ သည်းသည်းထန် ထန်ရွာသွန်းနေတယ်။

၅။
ထုံးစံအတိုင်း၊ ဒီနေ့လည်း ကျွန်တော့် Cutting Box ပေါ် ဆယ်လ်မွန် ငါးတစ်ကောင် ရောက်လာပြန်တယ်။ ဒီဆယ်လ်မွန်ငါးတွေ တွေ့ မြင်လိုက်တိုင်း ကျွန်တော့် စိတ်အာရုံထဲ စီးမျောဝင် ရောက်လာလေ့ ရှိတာက ဦးခင်ဝမ်းရဲ့ ဆယ်လ်မွန် ငါးတို့ အိမ်ပြန်ချိန် တေးသွား။

လက်ထဲက မိတ်အင်ဂျပန် ဆိုတဲ့ ဓားထက် ထက်ကြီးကို ကျွန်တော် အကြာကြီး ကိုင်ထားနေ မိတယ်။ အာရုံထဲမှာတော့ လျှပ်စီး လက်သလို တဖျတ်ဖျတ် ပုံရိပ်တွေ။ ဇော်လတ်၊ ကွမ်းယာ သည်မလေး၊ ကိုမိုးထွေး၊ ကျွန်တော် မမြင်ဖူးတဲ့ ကလေး တစ်ယောက် ပြီးတော့ ကိုကျော်ဌေး။

“မမကတော့ ပြန်မလာစေချင်သေးဘူး။ အမေ့ ရောဂါက ပိုက်ဆံတွေ အများကြီးကုန်မှာ နော်။ အဖေကလည်း လေသန်းထားတာဆိုတော့”

အင်တာနက်ကနေ ဖုန်းလှမ်းဆက်တဲ့ မမရဲ့ အသံတွေကလည်း ကျွန်တော့်စိတ်အာရုံကို ခေါင်းလောင်းထိုးနေပြန်တယ်။
“ဘာ ငိုင်နေတာလဲ။ လုပ်လေ”

ဘေးနားက လုပ်ဖော်ကိုင်ဖက် တရုတ်တစ် ယောက်က “E”လို လှမ်းပြောမှ ကျွန်တော် သတိ ပြန်ဝင်လာတယ်။ ဒါပေမဲ့ အတွေးကတော့ အမျှင် မပြတ်သေးဘူး။ အခု ကျွန်တော့်ဓားထက်ထက် အောက်ကိုရောက်နေတဲ့ ဆယ်လ်မွန်ငါးကြီးလို အိမ်ပြန်မရောက်နိုင်သေးတဲ့၊ အိမ်ပြန်မရောက်ဖြစ် တော့တဲ့ လူသားတွေ ဘယ်လောက်တောင်များ နေပြီလဲဆိုတာ။

မကြာခင်သော အချိန်အတွင်းမှာ အသားစိမ်း စားတဲ့ ပုဂိ္ဂုလ်တို့အတွက် ဒီဆယ်လ်မွန်ငါးကြီးကို ကျွန်တော်“ဆူရှီ”လုပ်ပေးရပါဦးမယ်။
လင်းလက်တာရာ
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

No comments:

Post a Comment