Monday 16 July 2012
အိုမာခယမ်နဲ့ ဖျော်စပ်ထားတဲ့ ပေါ့ဆိမ့်တစ်ခွက်အကြောင်း(၂)
စိတ်ကူးနဲ့  အိမ်ဆောက်တာတောင် ကြသောင်းဝါးဝယ်နေရ
စိုက်လက်စ စက္ကူပန်းလေးတောင် ရေမလောင်းဖြစ်တာကြာပြီ
နေ့ ခင်းသာသာထဲ  လမင်းဝါဝါကို ရှာဖွေ ကမ္ဘာကြီးဟာ ဆားမပါတဲ့ ထမင်းရည်လား
ကျိုးကျိုးကြေကြေ အဆာပြေနေ့ လေးတွေ  စိတ်ကို အဲကွန်းတပ်ထားလို့ ရရင်ကောင်းမယ်
ကံတရားက ဆိုင်ကယ်အိုလေးလို တဟွတ်ဟွတ် ချောင်းဆိုးလို့ 
ရှင်သန်ခြင်းက စက်ဘီးစုတ်လေးလို တဂျောက်ဂျောက်နဲ့  အာခေါင်ခြစ်လို့ 
မိသားစုဆိုတာ အရေးပေါ်ထုတ်ဝေလိုက်တဲ့ ဝတ္ထု တစ်သက်လုံးစုလာခဲ့ တဲ့စုဗူးကလေးဖောက်လိုက်ပြီ
လေထဲ မင်ရည်ကျဲကျဲ မနက်ဖြန်တွေ  သံသရာက သရေကွင်းလို ဆွဲလိုက်တိုင်း ကျယ်လာ
ပြတ်ထွက်သွားတဲ့ ဖိနပ်လေးပေါ် လွင့်ကျလာတဲ့ သစ်ရွက်ကလေး တင်လို့ 
လောက  လမ်းမဟုတ်တဲ့လမ်းတွေနဲ့  စကားပြောရဦးမယ်
သက်တံ့လို ပြယ်လွင့်လို့  လျှက်စစ်လို ပြတ်တောက်လို့  တိမ်လို ထူထပ်လို့ နွံလို နစ်မြုပ်လို့ 
အိုဇုန်းလို ဇစ်ပွင့်လို့  ဖုန်းကြိုးလို လိုင်းကျလို့ ခွေးအလို အနံ့ ခံလို့ ရေမြောင်းလို ပိတ်ဆို့ လို့ 
ရင်ဘတ်ထဲမှာ ဗလာအရာင်တွေ များလာတယ် မိသားစုဟာ ဗလာအရောင်
နေရောင်ကို ကျောမှာစိုက်တာတောင် ဘာအပင်မှ မပေါက်ဘူး
မြို့ကြီးထဲ မိုးရေစို ဝါကျတွေ အန္တရယ်ကို ဝတ်ဆင်လို့  အန္တရယ်ကို လျှော်ဖွပ်လို့ 
လောကဓံက အစွယ်ကြီးကြီး အမြီးရှည်ရှည် ဟေ့ခေတ် မိတ်ဖြစ်ဆွေဖြစ် တစ်ခွက်လောက်
ပေးဆပ်မှုက ၁၀% ရယူမှုက ၉၀% တစ်နေ့ လုံး မျှားထားသမျှ ငါးတွေလည်း ပုပ်ကုန်ပြီ
လူတွေက ကန္တာရထဲ မီးမွှေးလို့  ပင်လယ်ထဲ မိုးရွာလို့  အနုပညာကိုစိုက်ဖို့ မြေလပ်ရှာရတာ မောတယ်
ခေါင်းစဉ်ကိုချစ်လို့  တစ်အုပ်လုံး ဖတ်ဖြစ်ခဲ့ တဲ့ ရိုးသားမှု
အဟောင်းဆိုင်လေးထဲက ဂျင်းဘောင်းဘီလေးတစ်ထည်ဟာ လှရဲ့
အောင်မြင်မှုဆိုတဲ့ကောင်က အိပ်မက်ထဲမှာတောင် သဘောမကောင်းဘူး
ချွေးထွက်လွန် အသက်ရှုခန်းတွေ နေလောင်တံဆိပ်နဲ့ ဦးထုပ်တွေ ရေလိုဝယ်သောက်ရတဲ့ ဒုက္ခတွေ
ငွေလိုတန်ဖိုးရှိတဲ့ ရောဂါတွေ မိုးဦးလေသံတွေကြားတိုင်း မိုးလုံလေလုံတွေ အားကျတယ်
လောကသဘာဝအရ'နိဗ္ဖာန်ဘုံ ပျောက်ဆုံးခြင်း' ကဗျာနဲ့  ပတ်သက်ပြီး
ကဗျာဆရာကြီး မီလ်တနာ နဲ့ လက်ဖက်ရည် အတူသောက်ချင်ပါတယ်
တ၇ားသဘောအရ'ငွေကလွဲပြီး ဘာမှမရှိတဲ့ သတ္တဝါကို သူဌေးလို့ ခေါ်တယ်' ဆိုတဲ့
အမေရိကန် သူဌေးကြီး ရော့ကားဖဲလားနဲ့ စကားလက်ဆုံ ကျချင်ပါတယ်
ဖြစ်ချင်တာက စိတ်ကျန်းမာရေးအတွက်စိုက်ချင်တဲ့ ပန်းတစ်ခင်း
ဖြစ်နေတာက ကိုယ်ကျန်းမာရေးအတွက် ခုတ်လှဲနေရတဲ့ သစ်တစ်တော
တောအကြောင်းပြောရင်း တော မှောက်ခဲ့  တောင်အကြောင်းပြောရင်း တောင်ပျောက်ခဲ့
တစ်စုံတရာကို လျှော်ဖွပ်ရင်း တစ်စုံတရာကို စွန်းထင်းခဲ့ တစ်စုံတရာကို ကူးခပ်ရင်း တစ်စုံတရာကို နစ်မြုပ်ခဲ့
ပန်းပွင့်က နည်းနည်း ဓါးသွားကများများ ကြားလား ဘူတာကို လှမ်းခေါ်နေတဲ့ အသံတွေ
ကြားလား ကောက်ရိုးတစ်မျှင်ကို လုဆွဲနေတဲ့ တုန်ခါမှုတွေ
ဘယ်သူဈေးဆစ်ကျွမ်းသလဲ  ရောင်းရန်ရှိသည် သေနည်းမျိုးစုံ
ခေါင်းစဉ်ကကြီးကြီး၊အကြောင်းအရာကသေးသေး ခံစားမှုက နည်းနည်း၊နည်းပညာကများများ
လိပ်စာအတုကြီးကိုင်ပြီး အမှန်တရားအကြောင်း မပြောနဲ့  ကဗျာအတုကြီးကိုင်ပြီး ကဗျာအကြောင်းမပြောနဲ့ 
အင်္ဂါဂြိုလ်မှာ ခြေမချချင်ဘူး ဂွါယာနီးကား ပန်းချီကားကြည့်ချင်တယ်
ဈေးကွက်စီးပွားရေးအကြောင်း မသင်ယူချင်ဘူး ဂါစီယာလော်ရကာ အကြောင်း လေ့လာချင်တယ်
စိတ်ကလေပြည်ထဲမှာ လူကမုန်တိုင်းထဲလွင့်လို့ 
                                                                 လင်းလက်တာရာ
1 comment:
  1. လေးစားပါတယ်..ကိုလင်းလက်တာရာ ကျွန်တော် ကိုဘုန်းနေသွန်းရဲ့ ပရိသတ်တစ်ယောက်ပါ သူရဲ့ နီယို ကဗျာတွေက တစ်ဆင့် နီယို ကိုစိတ်ဝင်စားလာခဲ့ပါတယ်..။ခင်ဗျားကဗျာတွေကို ကြိုက်ပါတယ်ဗျာ။နီယိုကို လေ့လာနေတဲ့သူတစ်ယောက်အနေနဲ့ ခင်ဗျားကော၊ခင်ဗျား ကဗျာတွေကို ကောပါ လေးစားမိပါတယ်။ခင်ဗျား ဖေ့စ်ဘွက် အကောင့်က တစ်ဆင့်ဒီဘလော့လေးကို တွေ့ တာပါ။ဒီဘလော့ လေးကို bookmark မှာမှတ်ထားလိုက်ပါပြီ.။ဆက်ရေးမှာ တွေကို အားပေးနေပါမယ်ဗျာ........။ ။
    ReplyDelete