Monday 9 July 2012

နာမည်ဝှက်ထားတဲ့ မြို့ 



စိတ်အချဉ်တွေကို
ဘိလိယက်ထိုးပစ်လိုက်တယ်
ငွေသံ ကြေးသံတွေ သည်းသည်းထန်ထန်
ရွာသွန်းနေတဲ့မြို့၊
ဆံပင်အရှည်ထားတယ်
နားပေါက်ဖောက်တယ်
ချက်တင်ထိုင်တယ်
ဘာသာစကားအသစ်တွေ သင်ယူတယ်
ဂျင်းဘောင်းဘီနဲ့ တီရှပ်
လူငယ်နဲ့လွတ်လပ်ခြင်းကို ညီမျှခြင်းချထားတဲ့ မြို့၊
ဝါကာ ၀ါကာနဲ့ နှစ်သစ်ကူးတယ်
ဂျက်စတင်ဘီဘာနဲ့ လေဒီဂါဂါကို နံရံမှာ ချိတ်တယ်
ဒိုလေးကို အယုံလွယ်တယ်
ရွန်းနီ၊ မက်ဆီကို ပုံအပ်တယ်
တန်းတက်အသင်းလေးကို
အောက်ကြေးနဲ့အားပေးတယ်
လောကဓံတွေကို စံပါယ်တွေလို သီပြီး
လမ်းဆုံမီးပွိုင့် မှာ အသံစာစာနဲ့
ကပျာကယာ ရောင်းနေတဲ့မြို့၊
ကော်ပီသီချင်းတွေ ရေးတယ်
အိုဗာအက်တင်တွေ ရေလဲသုံးတယ်
ခိုးကူးခွေတွေ မရှိမယ့်နေ့ကို
ဘုရားသခင်ရှေ့မှာ ဆုတောင်းတယ်
နှစ်ရက်တစ်မွန်းတည့်နဲ့
ဗွီဒီယိုတစ်ကား ရွပ်ရွပ်ချွံချွံရိုက်တယ်
ရှင်သန်ခြင်းကို တစ်အိမ်တက်တစ်အိမ်ဆင်း
ညလုံးပေါက် ခရစ္စမတ်သီချင်းဆိုပြနေတဲ့ မြို့၊
ကမ္ဘာပြားပြီလို့ သက်ပြင်းချတယ်
ကဗျာပြားပြီလို့ ရယ်မောတယ်
ကြယ်တွေကို စုစည်းထုတ်ဝေတယ်
ကျေးလက်စာကြည့်တိုက်လေးအတွက်
ရန်ပုံငွေ မတည်တယ်
အနုပညာဆိုတဲ့ တံဆိပ်ကို
လက်မောင်းမှာ တက်တူးထိုး
နည်းပညာတွေနဲ့ လင်မယားလို
ပေါင်းသင်းနေထိုင်နေတဲ့ မြို့၊
အသစ်တွေကို ပွဲထုတ်တယ်
ကွန်ဆာဗေးတစ်တွေကို ပြတိုက်ထဲပို့တယ်
ဂလိုဘယ်လိုက်ဇေးရှင်း အိုင်တီဆိုတဲ့
ကျောနံပါတ်ကြီး တပ်တယ်
စပွန်ဆာ ကောင်းကောင်းရှာတယ်
အောင်ပွဲတွေကို ဆာလောင်တယ်
စောင့်ကြည့်ခံ U-18 ကစားသမားတွေလို
ပစ္စုပ္ပန်တွေထဲ တွန်းတွန်းတိုက်တိုက်
ကစားနေတဲ့ မြို့၊
ပီကာဆိုကို ဂုဏ်ပြုနှုတ်ဆက်တယ်
ဟစ်တလာ၊ အိုစမာဘင်လာဒင်နဲ့ ကဒါဖီကို
စွဲချက်တင်တယ်
ဂွာယာနီးကား ပန်းချီကားကို
မျက်ရည်စက်လက်နဲ့ ဖတ်တယ်
ဟေတီကို ရင်ဘတ်ကြီးနဲ့ စာစီကုံးတယ်
ဆူနာမီကို နှလုံးသားနဲ့ ဖွင့်ဆိုတယ်
လစ်ဗျားစစ်မြေပြင်ဆီ ဂျိုးဖြူငှက်တစ်ကောင်
ပို့လိုက်တယ်
ငြိမ်းချမ်းရေးကို ကိုယ်တိုင်ရေးညွှန်း
ဒါရိုက်တာ မင်းသားလုပ်ပြီး စိတ်ကူးနဲ့ရုပ်ရှင်ရိုက်နေတဲ့ မြို့၊
လမ်းပေါ်က အမှိုက်တစ်စကို
လွယ်အိတ်ထဲ ကောက်ထည့်လိုက်တယ်
ရှစ်နှစ်အရွယ် စားပွဲထိုးလေးအတွက်
ကရုဏာတစ်ခွက် မှာသောက်လိုက်တယ်
မလက္ကာရေလက်ကြားက တရားမ၀င်အလုပ်သမားတွေဆီ
ဆုတောင်းမေတ္တာပို့လိုက်တယ်
အထည်ချုပ်စက်ရုံထဲက အတောင်ကျိုးငှက်ကလေးအတွက်
ပန်းတစ်ခင်း ပျိုးလိုက်တယ်
‘‘ဘ၀’’မို့လို့ ‘‘ဘပိန်’’သာဆိုရင် ‘‘ဟင်း’’ဆိုပြီး
သက်ပြင်းပူကြီး ချနေတဲ့မြို့။
ဒီမြို့ဟာ နည်းနည်းခေတ်မီလာတယ်
လောင်စာဆီ ဈေးနှုန်းတွေ မြင့်လာတယ်
NOKIA, SANSUNG, SONY ERICSSON တွေနဲ့
အကြွားသန်လာတယ်
ဒီမြို့ဟာ လူကြီးလူကောင်းဆန်ဆန်
စကားပြောတတ်လာတယ်
တွေ့ကရာ ခွေးဝဲစားတွေကို အော်မဆဲတော့ဘူး
ဘီယာလေးစုပ်ပြီး ပန်းကုံးစွပ်ရတာ
အပျော်စစ်စစ်လားလို့ သံသယပွားနေတယ်။
ဒီမြို့ဟာ အကျအပေါက်တွေ များလာတယ်
အန္တရာယ်တွေ ထူထပ်လာတယ်
မိတ်ဆွေသင်္ဂဟတွေ ပေါများလာတယ်
ဘေးထွက်ဆိုးကျိုးတွေ မှိုလိုပေါက်လာတယ်။
ဒီမြို့ဟာ အိမ်လွမ်းနာ ကျနေတယ်
အမူးလွန်နေတဲ့ သတိတရတွေကို လက်ထိုးအန်တယ်
ချစ်သူကောင်မလေးကို မေ့ချင်ယောင်ဆောင်ထားတယ်။
ဒီမြို့ဟာ တက်ကနော်လော်ဂျီတွေနဲ့
အသက်ရှူကြပ်နေတယ်
သဘာဝတရားကို ငတ်မွတ်ငေးဆွတ်နေတယ်
သဘာဝဘေးအန္တရာယ်ကို မကာကွယ်နိုင်ဘူး။
ဒီမြို့ဟာ လူသားချင်း တန်းတူညီမှုရှိချင်တယ်
လူ့အခွင့်အရေးတွေကို မချိုးဖောက်ချင်ဘူး
ဒီမိုကရေစီလို့ သံပြိုင်အော်တယ်။
ဒီမြို့မှာ တစ်ဖက်စောင်းနင်း
သွေးလည်ပတ်မှု ဒီဂရီတွေ ရှိတယ်
ရိုးသားမှုကို ဖိနပ်လုပ်စီးထားတဲ့
လက်လုပ်လက်စားတွေ ရှိတယ်။
ဒီမြို့ မှာ မြတ်နိုးချစ်မက်စရာ ယဉ်ကျေးမှု စစ်စစ်တွေ ရှိတယ်
ခေတ်ပေါ်ရောဂါ၊ ခေတ်ပေါ်ဗန်းစကားနဲ့
ခေတ်ပေါ်မွေးစားယဉ်ကျေးမှုအတုတွေ ရှိတယ်။
ဒီမြို့မှာ ငြိမ်းချမ်းရေးကို
မြေလှန်ရှာချင်သူတွေ ရှိတယ်
စစ်ပွဲတွေ မရှိတဲ့ နေရာကို ချိန်းဆိုချင်သူတွေ ရှိတယ်
နယ်ခြားစည်းတွေကို Delete လုပ်ချင်သူတွေ ရှိတယ်။
ဒီမြို့မှာ လူကုန်ကူးမှုကို
အမြစ်ကနေ ဆွဲနုတ်ချင်သူတွေ ရှိတယ်
အိုဇုန်းလွှာကို ဖာထေးချင်သူတွေ ရှိတယ်
ခေတ်ပေါ်အားကောင်းကောင်းနဲ့
အမှန်တရားကို မောင်းနှင်နေတဲ့
ကဗျာဆရာတွေ ရှိတယ်။
ဒီမြို့မှာ ဒီမြို့ကို အားနာနာနဲ့
ပေါင်းသင်းနေသူတွေ ရှိတယ်
ဒီမြို့မှာ ဒီမြို့ကို နှစ်နှစ်သက်သက်
လက်ထပ်ထားသူတွေ ရှိတယ်
ဒီမြို့မှာ ဒီမြို့ကို ရိုမန်တစ်ဆန်ဆန်
လမ်းခွဲသွားသူတွေ ရှိတယ်
အိပ်မက်တွေ အကြီးကြီးနဲ့ ဒီမြို့
မျှော်လင့်ချက်တွေ တပုံတခေါင်းကြီးနဲ့ ဒီမြို့
ဖွံ့ဖြိုးဆဲ အသိဉာဏ်တွေနဲ့
အားကောင်းမောင်းသန် ဒီမြို့
အနာဂတ်ကို ရဲရဲကြီးခေါင်းခုန်တိုက်နေတဲ့ ဒီမြို့ 
ဒီမိုကရေစီ ဒီမြို့ 
ရန်တွေကုန်ပါစေ ဒီမြို့ 
ယမ်းတွေအစား ပန်းတွေပွင့် ပါစေ ဒီဲမြို့ ..။....။

                                                                              လင်းလက်တာရာ
                                                                         

No comments:

Post a Comment