Saturday 4 May 2013

ဖဲစကားနဲ့ ပြောရင် ၃ ပင်စလုံးစားတယ် ကအစ freedom ကြီးကို လက်တမမ ရင်တမမ အလယ် ညှို့ ငင်မြှူဆွယ် ဖမ်းစားထားသည်မှာ ကြောက်ခမန်းလိလိ အဆုံး

ဖဲစကားနဲ့ ပြောရရင် ၃ ပင်စလုံး စားတယ် ခေါင်းရော အမြီးရော အဆီပူးရော
အရေခွံကနေ အရိုးအရွတ်အထိ စားတယ် အက်ဆစ်လို ကင်ဆာလို
ပက်ပက်စက်စက်ကြီး လျော်ခဲ့ရတာပါ ပက်ပက်စက်စက်ကြီး အိမ်တိုင်ချွတ်ခဲ့ရတာပါ
ပက်ပက်စက်စက်ကြီး ကိုယ့်ပေါင်ကို ကိုယ်ပေါင်ခဲ့ရတာပါ  အချိုဓါတ် ကုန်ခမ်းနေတဲ့ ပီကေကို
မရိုးနိုင် မအီနိုင် မထွေးနိုင် ဝါးနေရသလို အမြှုပ်တွေပဲ အော့အန်ထွက်လာ
ငါတို့ ကို မိုးထားတဲ့ မီးခိုးတွေက မည်းနက်ထူပြော ငါတို့ ဆာနေတဲ့ ညစာက ငါတို့ ကို ပြန်ဆာ
ဟာတာတာကြီးကို ခြုံပြီး ဟာတာတာကြီးကိုပဲ ခင်းအိပ်ခဲ့ရ  စိတ်တွေ ပက်ကြားအက်လာ
အာခေါင်မှာ မြက်ခြောက်တွေ ပေါက်လာ ကျောတည့်တည့်မှာ သတ္တုကြောကြီး ငေါထွက်လာ
နောက်တစ်ခေါက်  စိတ်တွေ မြက်ခြောက်တွေ ပေါက်လာ  အာခေါင်မှာ သတ္တုကြောကြီး ငေါထွက်လာ
ကျောတည့်တည့်မှာ ပက်ကြားအက်လာ  လရောင်ဟာ မသာမယာကြီး
မြို့လယ်ခေါင်ခေါင်မှာ သားလျှောနေတဲ့ တိုက်တန်းလျားကြီး ငြီးငွေ့ ခြင်းက ခြင်တွေလို အပြုံလိုက်
လာကိုက်နေတယ် တံခါးတွေ တစ်ချပ်ပြီးတစ်ချပ် လော့ကျသွား
ဦးနှောက်ထဲ လောက်တွေ တစ်ကောင်ပြီးတစ်ကောင် လော့ကျသွား
ထွင်လို့ မဆုံးနိုင်တဲ့ ဆူးတွေကိုပဲ ပြုံးဖြီးဖြီးနဲ့ စီးနေရ  သွေးပြန်ကြောနဲ့ သွေးလွှတ်ကြောကြားမှာ ဗုံးခိုကျင်းတွေ
ရွာထဲကို vote တွေ မောင်းဝင်လာပြီ ရွာထဲကို နဖူးစည်းတွေ မောင်းဝင်လာပြီ
အဝီစိတွင်းထဲက အလင်းကို ရေငတ်သလိုငတ် ရေငင်သလိုငင်
တနင်္ဂနွေဟာ ရုပ်ရှင်လက်မှတ်လေး နှစ်စောင် ဖြစ်ချင်ပါ သတဲ့ တနင်္ဂနွေဟာ နေကြာစေ့ထုပ်လေး တစ်ထုပ်
ဖြစ်ချင်ပါသတဲ့ ရန်ကုန်ဟာ တနင်္ဂနွေပဲ ဘာတုပါဟတ်မြို့လေးဟာ တနင်္ဂနွေပဲ
ကိုယ့်ကိုယ်ကို ပြန်နင်ရင်း ကိုယ့်ကိုယ်ကို ပြန်နင်းရင်း နှင်းတွေများ ကျလာမလားလို့ ပုဝါပါးလေးနဲ့ ခံရင်း
ဖဲ့သင့်တာဖဲ့ ဖြည့်သင့်တာဖြည့် ဖြဲသင့်တာဖြဲ  တည်ဆောက်ပုံ အဆင့်ဆင့် လျှောကျ
ဆယ်ယူ ပြန်တက် လူမှုဘက်စ်ကားကြီးထဲ ငါးဖယ်တိုးလေးလည်း တိုးတတ်မှ
ငွေတွန်သံတွေနဲ့ အိပ်မောကျပြီး ငွေတွန်သံတွေနဲ့ နိုးထရတာတော့ ဖီးလ်ကျဲ လွန်းတယ်
်freedom ကြီးကိုပဲ လက်တမမ ရင်တမမ  ဘော်စတွန်က သွေးညှီနံ့ တွေက မြန်မာကဗျာတွေထဲထိ လာစင်
ဦးနှောက်ဆဲလ်တွေထဲ နှလုံးအကြည်ဓါတ်တွေထဲထိ လာစင်
ဘာဖြစ်လို့ များ “အကြမ်း” ကို “ဖက်” နဲ့ လိပ်ပြီး ဖွာရှိုက်နေကြတာလဲ
ပြာတွေ  ပြာတွေ  ပြာတွေ မျက်ကလူးဆန်ပျာ လူတွေ လူတွေ လူတွေ တလူလူတလည်လည် လူးလာဆန်ခတ်
“ငါ့ခွက်ထဲက အမြှုပ်တစီစီတွေက သေရည်တွေ မဟုတ်ဘူး အိမ် လွမ်း စိတ် တွေ ”
“ငါတို့ လူငယ်ဘဝကလည်းကွာ မလေးကျွန်းဆွယ်ကြီးကိုမှ ရွေးထမ်းထားရတယ်လို့ ”
“ညီမလေးက လာမယ်တကဲကဲလုပ်နေလို့ ဒီကအထုပ်တွေကို ဖြည်ချပြရတာ မျက်ရည်နဲ့ မဆံ့ဘူး”
viber ထဲမှာ ချက်ဘောက်ထဲမှာ အပူလှိုင်းတွေက vibration လို တုန်ခါ
ရှော့ခ်တွေကို ဘယ်လို နည်းဗျူဟာတွေနဲ့ လျော့ချရမလဲ မေဒေးကလည်း ချွေးတွေသံတွေ ရွှဲလို့ 
စက်တွေလို Run စက်တွေနဲ့ Run ဖော်မြူလာဝမ်းလို Run ကွန်နက်ရှင်ကြီးလို Run ဝရမ်းပြေးလို Run
ရင်းဂစ် ၃၀၀ တန် ဖုန်းတစ်လုံးက အပျိုရည်ညလေးကို မြိုးမြိုးမြက်မြက် ထုတ်ကုန်သွင်းကုန်လုပ်ပစ်လိုက်တယ်
အကြမ်းထည်တွေ သန်းနဲ့ ချီလာ နယ်ရုပ်တွေ သန်းနဲ့ ချီလာ ချောက်ကမ်းပါးတွေ အကူအကယ်မဲ့ လှိုက်ပြိုလာ
သံခြေချင်းညတွေ ပိုနက်ပိုထူလာ အနာအဆာများများ သစ်သီးတွေ ဗီတာမင်ချို့ တဲ့ရှုခင်းတွေ
ရိရွဲနေတဲ့ မျှော်လင့်ခြင်း အကျိအချွဲတွေ  ဗွက်တဗွမ်းဗွမ်း အိပ်မက်ပြေးလမ်းတွေ
ဂွမ်းစလေးလို လွင့် လွင့် လွင့်  ကျောက်ဒိုးလေးလို လိမ့် လိမ့် လိမ့်  သစ်လုံးလှေလေးလို လူး လူး လူး
အဖြူထည်ဆိပ်ကမ်းလေးကို မြစ်မြွေကြီး မြိုသွားပြီ
နေ့ သစ်သည် ရွှေကြောကြီးကဲ့သို့  ဖတ်ဖိတ်တောက်လျှက် ခေတ်ပေါ် အဖော်အလှစ် အညှီအဟောက်
ဒီဇိုင်းအလန်းအဆန်းများဖြင့် ညှို့ ငင်မြှူဆွယ် ဖမ်းစားထားသည်မှာ ကြောက်ခမန်းလိလိ

လင်းလက်တာရာ
၎၊၅၊၂၀၁၃


No comments:

Post a Comment