Thursday 16 May 2013

ဒီအရေးအသားရဲ့ ခေါင်းစဉ်ကို ဒီအရေးအသားရဲ့ နောက်ဆုံးစာသားကို သက်စေ့ပေးထားတယ်

ပြောနေရင်းတန်းလန်း ပျောက်သွားတဲ့ အပျော်တွေ။ ရက်စေ့လစေ့ ဒုက္ခသန္ဓေသားလောင်းများ
မွေးဖွားခန်း။အရေးပေါ် သတင်းကြေငြာချက်။ လိုအပ်သည်ထက် ပိုမို ဆုတ်ယုတ်/ ဆိုးရွား။ လိုအပ်သည်ထက် ပိုမို ကျယ်လောင်/အက်ကွဲ။ ကမ္ဘာကြီး ပူနွေးလာမှုမှာ စိတ်ရောကိုယ်ပါ ဆူပွက်လာခြင်း။
                 တစ်နေ့ ကို  ဘာသာစကားအကျိုးအပဲ့  ၄ မျိုးလောက်နဲ့   ထစ်အနေရတယ်။ဆဲနည်းမျိုးစုံကိုလည်း အင်တာနေရှင်နယ်ဆန်ဆန်ရရှိ။ ကိုယ်က ဒီမှာ တစ်ယောက်တည်း တစ်ကောင်တည်း။ ခြင်္သေ့လည်းမကျ ကြွက်စုတ်
လည်းမက အဲဒီကြားထဲက တစ်ခု။ ကိုယ့်အသက်ထဲက ပင့်သက်တွေ ခဏခဏပြုတ်ကျတယ်။ အခန်းလွတ်ထဲမှာ
ဘယ်သူမှ မရှိသလို ကဗျာရေးတယ်။ ခုဒီအရေးအသားတောင် ကိုယ့်သန်းခေါင်ကို ကြိုးရှည်ရှည်နဲ့ လှန်ပြီးရေးနေတာ။
                   လူ့ ဘဝကိုရောက်လာတာ ရစရာရှိတာတွေကို ယူဖို့ ပေးစရာရှိတာတွေကို ပေးဖို့ ။ ပထမ အမျိုးအစားမှာ
လူဦးရေ ပိုမိုထူထပ်နေတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝပ်ရှော့ပ်တွေထဲ လူတွေရဲ့ အသိဥာဏ်တွေကို အင်ဂျင်
ပြန်ကိုင်ဖို့ အထူးတလည် လိုအပ်။ အရေခွံဟောင်းကြီးဆီ ပူဆွေးလွမ်းဆွတ်မှုကို  သုံးပြီးသားကွန်ဒုံးလို သေသေသပ်သပ်
စွန့် ပစ်သင့်ပြီ။ မပစ်ရက်လို့ မြိုချထားသူတွေလည်း ဒုနဲ့ ဒေး။ သေနေတဲ့ အန္ထရာယ်ကို ပြန်လည် အသက်သွင်းကြသူများ။
                  အာရုံပန်းအိုးလေးထဲ တစ်ချက်တစ်ချက် ခွေးဟောင်သံတွေ လာလာစိုက်တယ်။ အပေါ်ထပ်က ကလေး
ငိုသံတွေ ယိုစီးကျလာတယ်။ နောက်ဖေးလမ်းကြားထဲ လရောင်သင်းသင်းလေးကို အမှတ်ထင်ထင် တွေ့ လိုက်သေးတယ်။ ကိုယ့်ဝရန်တာရဲ့ မျက်စောင်းထိုး လေတချွန်သာသာမှာ လိင်အလုပ်ရုံရှိတယ်။ တနင်္ဂနွေတွေ ဟောလီးဒေးတွေဆို ဘာသာစကားအမျိုးမျိုး အသားအရောင်အမျိုးမျိုးနဲ့  သိပ်စည်တာပဲ။ ဒီမကောင်းဆိုးဝါး အနံ့ အသက်ကြီးကို ကိုယ်
မနှစ်မြို့ဘူး။ တစ်ကိုယ်ရည်ပဲ အာသာဖြေပစ်လိုက်တယ်။
              ထိန်ချန်သိုဝှက်မှုဟာ အနုပညာရဲ့ နောက်ကျောကို ဓါးနဲ့ ထောက်တာပဲ။ ပြည်သူတွေရဲ့ နှလုံးအိမ်ထဲက နာမည်အရင်းခေါက်ခေါက်တွေကို နည်းအမျိုးမျိုးနဲ့ ဖုံးကွယ်ဖျောက်ဖျက်ဖို့ ကြိုးစားတာဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တာပဲ။ လူ့ အရင်းအမြစ်တွေ ဘေးထွက်ဖိတ်စင် နေပုံများ။။ သယံဇာတအနဂ္ဂတွေ ဘေးထွက်ဖိတ်စင်
နေပုံများ။ ဆင်းရဲမွဲတေမှုတွေ ကိန်းဂဏန်းတိုးလာ။ မစ္ဆေရစိတ်တွေ ပွယောင်းဖောင်းကားလာ။ လူကြီးတွေ ပစ်ချ
ထားတဲ့ အမှိုက်တွေကို လူငယ်တွေက လိုက်ကောက်နေရတယ်။
              ငွေဈေးအတက်အကျကို စောက်ဂရုစိုက်မနေတော့ဘူး။ ရတဲ့ဈေးနဲ့ ပဲ ကိုယ့်လူငယ်ဘဝရဲ့ လွတ်လပ်မှုတွေ
ရောင်းထုတ်ပစ်မိတယ်။ မိသားစုအကြောင်းတွေးရင် ကိုယ့်အိမ်ပြန်ချိန်ဟာ မှုန်မှုန်ဝါးဝါးဝေးဝေးလွင့်လွင့်။ ဆီအုန်းတော
တွေထဲမှာ ကျွဲလို နွားလို ခွေးလို ဝက်လို ဘဝတွေ ရှိတယ်။ ကိုယ့်အဆီနဲ့ ကိုယ် ပြန်ကြော်ခံရတဲ့ ဝမ်းရေးတွေ။
လူသားဆန်မှုတွေ လူသားစားခံနေရတယ်။ မျက်နှာမှာ ချောဆီလူးထားသလို လစ်ဗီးတူဂဲလ်သားများ။ သွေးအေးအေးနဲ့ 
ဘဏ်ဖောက်သွားတာများ ကလေးလေးတွေ ပူဖောင်းဖောက်သလိုပဲ။ ကိုယ့်ဘော်ဒါတစ်ယောက် ထိုင်းနယ်စပ်အသွန်
ခံလိုက်ရလို့ ကိုယ့်အိပ်ကပ်ပါးပါးလေးကို ထုခွဲလိုက်ရသေးတယ်။ ပက်စပို့ စ်အတု ပါမစ်အတု ယူအင်န်ကဒ်အတု
နိုင်ငံသားအတု ရဲအတု မဲအတု။လိုအပ်လွန်းလို့ အပြုံးတွေကို အတုလုပ်ထားရတာ မိတ္တူစက်ရဲ့ ပါးစပ်ပေါက်ထဲက တဖျတ်ဖျတ်ထွက်အန်ကျလာတဲ့ အေဖိုးတွေလိုပဲ။
            တောက်ခေါက်သံတွေက အလေ့ကျပေါက်လာတာတော့ မဟုတ်ဘူး။ ဒိုမီနိုဆင့်ကဲဖြစ်စဉ်တွေ။ အတွေးအမျှင် အတွေ့ အထိ တစ်ခုခုနဲ့ သွားငြိနေတတ်တဲ့ လူ့ အဖြစ်ရဲ့ အပေါစား ဇာက်လမ်းဇာတ်ကွက်များ။ ပက်ဘလစ်နဲ့ လွှတ်တင်
ထားတဲ့ အိုင်ဒင်တတီတွေ။ ထောင်ချောက်တွေ တစ်ယောက်ပြီးတစ်ယောက်  ထောင်ချောက်တွေ တစ်လိပ်ပြီး တစ်လိပ် မီးညှိဖွာရှိုက်။ လူသားတွေပဲ အညှီအဟောက် လူသားတွေပဲ ယင်ကောင်။ သက်ရှိတွေတည့်တည့် ထပေါက်တော့မယ့် မီးတောင်ကြီးကို ကုတ်နဲ့ ကော်ထုတ်ပေးစမ်းပါ။
            ငါတို့ ဟာ ကုလားနှစ်ကောင်ကြား ညပ်နေတဲ့ ဆယ်ဖဲ။ ငါတို့ ဟာ မီးရှို့ ခံရတဲ့ အိမ်ယာတွေ။ ငါတို့ ဟာ အသိမ်းခံလိုက်ရတဲ့ လယ်မြေတွေ။ ငါတို့ ဟာ အဓမ္မအကျင့်ခံလိုက်ရတဲ့ အပျိုစင် အမြှေးပါး။ ငါတို့ ဟာ ကွန်တိန်နာ
တွေထဲ အောက်ဆီဂျင်ပြတ်သွားတဲ့ အသက်ရှူသံတွေ။ ငါတို့ ဟာ ရှောခ့်ရိုက်ခံရတဲ့ လူသားချင်းတန်းတူညီမှု။
ငါတို့ ဟာယောက်ျားချင်းပါးရိုက်ခံရတဲ့ သမိုင်းခါးခါး။
            စမုတ်တိုင်တွေ တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ထွက်နေတဲ့ ဘိုင်စကယ်ကမ္ဘာကြီး။ စနက်တံတွေ တစ်ခုပြီး
တစ်ခု ကျွတ်ထွက်နေတဲ့ မြေကမ္ဗလာ။ မျက်လုံးတွေ မှိတ်ထားလည်း မြင်နေရ။ နားတွေပိတ်ထားလည်း ကြားနေရ။
အာရုံတွေ သန့် ရှင်းရေးလုပ်လည်း ဖုန်တွေ အထပ်ထပ်တက်လာ။ အရုဏ်တွေ ဖုန်တွေ သုတ်လိုက်လည်း မြူတွေ အထပ်ထပ်ပိတ်လာ။ ရင်းခဲ့သမျှတွေဟာ ယင်းခဲ့ရ။ စိတ်မှာ အနာဟာ ပြည်တည်လို့ ။ တည်နေတဲ့ ပြည်ကို လောက်
တွေထိုးလို့ ။ 'ကိုယ့်အလောင်းကို ကိုယ့်နိုင်ငံဆီ ပြန်ပို့ ပေးကြပါ့မလား' ဆိုတဲ့ မီးကျည်ခဲကြီးဟာ လည်ပင်းဝတွေမှာ တစ်တစ်ခွခွကြီး။ တူးစော်နံနေတဲ့ မထူးဇာတ်ဟာ လေထုကို ညစ်ညမ်းစေပါတယ်။ လူထုကို ညစ်ညမ်းစေပါတယ်။
           ဂျလန်းယူသန့် လို့ ခေါ်တဲ့ ဦးသန့် လမ်းပေါ် အရောက်သွားမယ်။ ဖိနပ်ချွတ်ပြီး လမ်းလျှောက်မယ်။


လင်းလက်တာရာ
၁၄၊ ၅၊ ၂၀၁၃

1 comment:

  1. မိုက်စ် ချာလင်းးးးးးးးးးးးးးးး :)

    ReplyDelete