Sunday 21 April 2013

ရောက်နေတဲ့နေရာနဲ့ ရောက်ချင်တဲ့ နေရာမြှောက်လိုက်တော့ စကြာဝဠာကြီးရတယ်


မီးလျှံထဲ ပျံသန်းမှာလား ပျက်ကျမှာလား ကဗျာက ကဗျာကယာ
ကိုယ့်ယာခင်းလေးမှာ ပိုးမထိုးတဲ့ ရာသီဥတုဘယ်နှစ်ပင် အမှန်တရားစိမ်းစိမ်းဘယ်နှစ်ခင်း
ကောင်းကင်ကြီးလို မိုးချင်တိုင်းမိုးနေတဲ့ ဒုက္ခသစ္စာတွေက ကျစ်လိုက်တိုင်း ခိုင်နေတဲ့ကြိုး အခု ခန္စာကို ချည်နေပြီလား
အသက်ပေါ်လုံးကြီးတင်ဆန်ခတ် လူအဖြစ်ရဲ့ အက္ခရာအသံထွက်ဟာ ညှီစို့ စို့ ကြီး
တိုက်ကြိုတိုက်ကြားတိုက်တဲ့လေလေးကိုပဲ တယုတယ လမ်းကြိုလမ်းကြားကျတဲ့ လရောင်လေးကိုပဲ တမြတ်တနိုး
ဘေးထွက်ဆိုးကျိုးတွေကိုလည်း အထူးတလည် ဧည့်ဝတ်ကျေပွန်ပြနေရတဲ့ လူ့ ဘုံ
ပြောစရာဆိုလို့ ပြစရာတွေပဲ အပြည့်  ပျော်ကျလိုက် ပြာကျလိုက် ပေါ်လာလိုက် ပျောက်သွားလိုက်
ကိုက်ခဲနေတဲ့အခက်အခဲတွေ မဖွယ်မရာ နေ့ စေ့လစေ့တွေ နည်းပညာထဲ မြုံနေတဲ့ နှလုံးသားတွေ ထုံနေတဲ့
အာရုံခံစားမှုတွေ ရိုးရိုးသားသား ကျေးလက်လေးတောင် အရိုးချည်းသက်သက် အသားဟာ လက်ဝါးကြီးအအုပ်ခံရ
ပျောက်ဆုံးနေတဲ့မြို့တော်ဆီ ကိုယ့်ပေါ်လစီနဲ့ ကိုယ်လှော်  မျော့လိုတွယ်စုပ်နေတဲ့ အဓမ္မတွေ
ရင်ဖဝါးဟာ ဆူးတွေနဲ့ အပြည့် ဂန္ဒီရဲ့ ဖိနပ်တစ်ဖက်လောက်တောင်မတန်တဲ့ ဟိုလူကြီး
ခဏခဏထုနှက်ခံရလို့ ငြိမ်းချမ်းရေးခမျာ အသံနက်ကြီးထွက်လို့  အမေ့ အိမ်လေးရဲ့ အမြိုက်တရားနဲ့ ဝေးရာ
အခါးသက်သက်သစ်တော်သီးလေးတွေ တလိမ့် လိမ့်  အပါးမှာ ပါးကလေးကလည်းမရှိ သနပ်ခါးရနံ့ လေးတော့ရနေ
လောကကြီးရေ ခုချက်ချင်း ဝမ်းကနေ တန်းအထိရေပါ ခုံးနေတဲ့ကုန်းကျော်တံတားလေးလို ကျောထဲ ခြေသံတွေနစ်ဝင်
မြတ်နိုးမှုတွေပဲ အသွေးအသားထဲ ထိုးစိုက် ကမ္ဘာ့မြေပုံကြီးကို အစိမ်းရောင်ထူထူ ခြယ်ချင်တယ် မြန်မာ့မြေပုံကြီးကိုလည်း...
အဲဒီအစက်ကလေးသုံးစက်နောက်မှာ ကိုယ့်စိတ်ကြိုက်ကိုယ်ဖြည့်ပါ  မြို့ကြီးဟာ ခလုတ်တွေကို
ကလေးတစ်ယောက်လို ကလိလို့ တည်ရှိခြင်းတရားကို မမြဲခြင်းက သုံးကောင်စားကင်းဝင်သွားတာ လှချက်
ပလက်ဖောင်းပေါ် ပလက်စတစ်လေးတွေက ပလက်စတစ်လေးတွေကို ကောက်လို့ 
ငတ်မွတ်မှုကို ဘယ်တော့ ရွှေနားကွပ်မှာလဲ စောင့်မျှော်ရခြင်းတွေ အီစလံဝေလို့ အလံရဲ့နောက်မှာ
အသံတွေ တလူလူလွင့်လို့  အညစ်အကြေးဟာ ကြေးကြီးလို့  အနုပညာဟာ ကြမ်းတမ်းခက်ထရော်လို့ 
နိစ္စဒူဝတွေဟာ ဒူဝေဝေနဲ့ တစ်ရက်ပြီးတစ်ရက်ရွက်စုတ်လို့  တွန့် လိမ်နေတဲ့ အိပ်မက်ပြာပြာတွေ မီးပူကြီးကြီးအောက်မှာ
ကျွမ်းလို့  ကျပ်မပြည့်တဲ့ အမှောင်ထုဟာ ရွှေဗဟိုရ်စည်ကိုထုလို့  နေ့ စဉ်သုံးသတင်းစာထဲ စာလုံးအယ်စတုံကြီးတွေ မည်းလို့ မှောင်လို့  အရောင်တွေ အရိပ်တွေ အရုပ်တွေ ကံကြမ္မာကြီးဟာအရိုးအပေါ်အရေတင် ဂုဏ်သိက္ခာတွေ အဝတ်ဗလာနဲ့ လမ်းသလားနေတာ လန်းသလား အထွေထွေအလုပ်သမားလေးလည်း ညနေဆို ထွေထွေလာတယ် ဗျို့ ဆိုက္ကားဆရာ သံသရာတစ်ပတ်လောက် ရပ်ကွက်လေးက ရပ်ကွက်လေးကို ကွက်ကျော်ရိုက်လို့ နီယွန်ညပျိုမလေးဟာ သူ့ တင်းတိတ်တွေကို မိတ်ကပ်ဖို့ လို့  ခိုတွေခိုနေတဲ့ ခုံကလေးတွေ တစ်ယောက်ကိုယ်တစ်ယောက်ငေးလို့ 
တစ်ယောက်ကိုယ်တစ်ယောက် ညှော်လို့ တစ်ယောက်ကိုယ်တစ်ယောက် ညံ့လို့ တစ်ယောက်ကိုယ်တစ်ယောက်ညည်းလို့ 
သစ်သီးဆိုင်လေးရဲ့ ရိုးသားမှုကို ဈေးဦးဖောက်ပေးလိုက်ရတဲ့ အရသာ ကြိုးတွေအလိုကျ ကရင်း အလိုတွေပဲ ကျကျလာတဲ့
မနက်နှင်းကလေး ခေတ်ကိုက သံလိုက်ဓါတ်ပြင်းပြင်းနဲ့ မြင်မြင်သမျှ ဆွဲစိချင်နေတာ ရှေ့ ရေးကို ရေးကြည့်တော့
ရှုပ်ထွေးနေတဲ့ သပွတ်အူ ကျောက်သင်ပုန်း အဟောင်းလေးရှိရာအရပ် ဝလုံးဝိုင်းဝိုင်းလေးတွေကို ခေါင်းအုံးအိပ်ချင်တယ်
လေးသံတွေထဲ လေးလံနေတဲ့ စိတ်ဝန်ထုပ်တွေ ခင်ဗျားရော ညောင်သီးမက်နေတုန်းလား ကိုယ့်အချင်းချင်းတောင်
တစာစာဆာနေရတဲ့ ကိုယ်ချင်းစာတရားတွေ ရေဆိုးမြောင်းလေးထဲ အကြည်ဓါတ်လေးတွေ ပလုံစီသွား
လူတွေကို ရယ်စေပြုံးစေသူကြီးကိုယ်တိုင် သူ့ ဘဝကြီးကို ဝက်အူလို အပြုန်းခံလို့  ဘယ်သူတောင်းစားဆီမှာမှ မနေချင်ဘူးလို့ 
ဘယ်ငွေစက္ကူလေးတွေကမှ ကွန်ပလိန်းမတက်ဘူး သွေးပေါင်တိုးနေတဲ့ ဇာတ်နာတွေအတွက် သွေးကိုအပေါင်ထားလိုက်ပြီ
အတိုးဘယ်လောက်လဲ

                                                                              လင်းလက်တာရာ
                                                                                  ၂၅၊၂၊၂၀၁၃

No comments:

Post a Comment