Thursday 14 March 2013

အနေအထိုင်မတတ်တဲ့ ကိုယ့်လက်တွေကပဲ ကိုယ့်စိတ်ကြည်လွှာလေးကို ပြန်ကုတ်ခြစ်မိတာ ဘဝကို နာနေတဲ့ အသားစတွေနဲ့ အစားထိုးရမလား မင်းကိုချစ်ရတာကလည်း ငါစိမ်းသည်ဆီက အတိုးကြီးကြီးကို မျက်နှာငယ်လေးနဲ့ ဆွဲထားရသလိုပဲ







လင်စိတ်သားစိတ်ကုန်နေတဲ့ လမ်းမ သွေးပြောင်းပြန် မောင်းနေတဲ့လူငယ်
သွေးနဲ့ ကိုယ် သားနဲ့ ကိုယ် မီးပြင်းပေးထားတဲ့ အရွယ် သိမှုကို သော့တုနဲ့ မဖွင့်ဘူး
ဘာတက္ကနစ်တွေနဲ့ မှ သုတ်လိမ်းမထားတဲ့ အချစ် ဂေါက်တောက်တောက် ကြောင်တောင်တောင်
နေ့ ခင်းကြောင်တောင်ကြီးတစ်ကောင် သတိရခြင်းက ဘယ်နှလီတာ ဒုက္ခတရားက ဘယ်နှအောင်စ
ထွင်းထုထားတဲ့ အရေးအသားမှာ လူရုပ်မပေါက်တဲ့ လူ့ အခွင့်အရေးတွေ
လာ စိတ်စိတ်ချင်း စီးချင်းထိုးမယ် ရယ်သွမ်းသွေး ချင်းချင်းနီ မိုးရေစို ဓါတ်ကြိုးလို
လျှပ်စီးတွေ ပူးဝင်နေတဲ့ မြို့ကြီး ခေတ်ပေါ်မိန်းမတစ်ယောက်ရဲ့ အလှတရားတွေကို မင်းခွာကြည့်လိုက်စမ်း
ပခုံးပေါ်က အသွားမတော် ဟိုင်းဝေးကြီးခင်ဗျား ဟော့ဒီ မျက်ခုံးမွှေးကော်ရစ်တာပေါ် လျှောက်ပါ
ဟက်ဟက်ပက်ပက်လည်း ငိုရ ချုံးပွဲချလည်း ရယ်ရ ခေါ်သံလေးတစ်ချက်မှာ ဒေါသဟာ လမ်းတစ်ဝက်
ပျက်ကျတော့တာပဲ ပွဲတော်ထဲလည်း ကလေးနဲ့ ဂေးတွေကြီးပဲ အငေးရေ ပြုန်းသွားတဲ့ သစ်တစ်တောဟာ
ကိုယ်ဇိမ်ခံနေတဲ့ ကုလားထိုင်တစ်လုံးလား ရန်သူမျိုး ငါးပါးကိုမှ ပန်ထားတဲ့ အပြုံးလေး
ကျင်းထဲက အကျွတ်တရားတွေဆီ ခုန်ချနေတာ ကျိန်စာကို ခင်ဗျားယုံလား
တစ်ယောက်နာမည်ပေါ် တစ်ယောက်နာမည် မြှုပ်ထားတဲ့ ကျောက်တုံးကြီး စကားမစပ်
ခင်ဗျားက စီစီဖတ်လား အညှီအဟောက်ခန်းတွေ သိပ်များနေပြီ ကိုယ့်ကိုယ်ကို ငဲ့သောက်
ကိုယ့်ကိုယ်ကို ဖဲ့မြည်း ခင်ဗျားရင်ဘတ်ကြီးမှာလည်း ဖုန်တွေချည်းပဲ  ချုပ်ရိုးကြောင်းတွေ ထပ်လာ
ပျက်ရွေ့ ကြောတွေ များလာ ငါတို့ ဟာ  ခန္စာအိမ်ထဲ ဆူညံပေါက်ကွဲ အော်ဟစ်ကခုန် မူးဝေအော့အန်
လူဟာ ဆင်းရဲခြင်းနဲ့ ဆက်စီးဆင်းနေတယ် အနာတွေကို စားမြုံ့ပြန်မနေနဲ့  လက်ထဲမှာ အနုတ်နှစ်ခု
ကျန်းမာရေးမကောင်းတဲ့ အဆုတ်ကို တစ်ခုခုနဲ့ အထူးပြုလုပ်ဖို့  လေကောင်းလေသန့်  ဒါမှမဟုတ်
စိတ်ကောင်းစိတ်သန့်  မီးချောင်းထဲက ရေစက်တွေကျလာတယ် မဟုတ်ဘူး မျက်ရည်တွေ
မှန်ထဲမှာ အမှန်တရားများ ရှိနေမလား ခေါက်ကြည့် ခပ်ကြည့် သက္ကရာဇ် အစအနအကွဲအရှရဲရဲတွေ
လမ်းဘေးဆင်းလျှောက်တော့မှ အလွမ်းက တည့်တည့်ဝင်အောင်း ကြိုးတွေကို ကျစ်ရင်း
ကြိုးတွေကပဲ ပြန်ကျစ်သွားတာ လမ်းတွေကိုနင်းရင်း လမ်းတွေကပဲ ပြန်နင်းသွားတာ
ခင်ဗျားမှာထားတဲ့ သစ္စာက ရွှေမန်းသဘင်ကြီး သွေင်္းထဲ ဒီဇယ်သွင်းပြီးမောင်းကွာ
အချိုးမပြေတာ ကိုယ့်အချိုဓါတ်ပဲ  ကိုယ်အလေးချိန် အကုသိုလ် လေးပုံ သုံးပုံလို့ ရေးလိုက်
လူစစ်စစ်လား ဆိုတဲ့ မေးခွန်းမှာ လူဟာ ထစ်/တစ်နေတယ် မြိ့ပေါ် စွန်တစ်ကောင်လောက်တောင်
ဝဲ မကြည့်ဖူးဘူး မြို့ထဲမှာပဲ ဝဲတွေနဲ့ တိုးနေလို့ မီးမတွေအကြောင်း မင်းဖယောင်းတိုင် ထွန်းကြည့်
လင်းလား လန်းလား အစိုဓါတ်နည်းနေတဲ့ မိုးဥတုလေးထဲ မေတ္တာတရားဟာ ဘယ်ပြန်ညာပြန်
အရိုက်ခံရတဲ့ ပါး  ပလုတ်ပလောင်းပါးစပ်ကြီးက မိတ္တူစက်လို ချုံ့ လို့ လည်းရ ချဲ့ လို့ လည်းရသတဲ့
“ရသ”တဲ့  ဂေါ်ဂီရဲ့ရင်ပြင်မှာ ဘဝသရုပ်တွေ အပီအပြင် ဂိုထောင်မည်းမည်းကြီးထဲ အုပ်လိုက်
မောင်းဝင်လာတဲ့ ရမ္မက်တွေ ကမ္ဘာတစ်ခြမ်းမှာ မိုးကြီးလေကြီး ကမ္ဘာတစ်ခြမ်းမှာ မိုးခေါင်ရေရှား
ဂျုံလား ဆန်လား ပြောင်းလား ပဲလား အစာရေစာပဲလိုတယ် အစာရေစာပဲလိုတယ်
တော်လဲသံတွေက ကလေးကစားကွင်းတော့ မဖြစ်တန်ရာ နှလုံးသားထဲ သပ်တစ်ချောင်းရိုက်ထည့်
ခိုင်မခိုင်နှဲ့ ကြည့် လှုပ်နေသေးရင် သံတစ်ချောင်းထပ်ရိုက် ပြီးရင် လူပြောများများနေတဲ့  အချစ်ကို
နာမည် ဝိုင်းဖျက်ကြပေတော့ လိုင်ဇာက ပီဇာလား မန္တလေးကရော ဟမ်ဘာကာလား
နေပြည်တော်ကရော စားလို့ ရလား အဲဒါ ဂြိုလ်သားနဲ့ ဖုန်းပြောတုန်းက ရီကော့ဒ်လုပ်ထားတာ
လေတယ် မျက်လုံးတွေမှိတ်လိုက် မိုးလင်းသွားတာတောင် အမှိုက်တွေက မထွက်ဘူး



ဆူးရဲ ၊ ရဲရင့်လမင်း ၊ လင်းလက်တာရာ
၁၃၊၃၊၂၀၁၃

No comments:

Post a Comment