Monday 25 February 2013
ဓါးသွားတွေကို ချစ်ခြင်းတရားနဲ့ ဖျက်/ ဖြတ်ထားတဲ့ ကဗျာ
                    ကဗျာခံစားမှု ဆောင်းပါးရေးမယ် ဆိုတော့ ကိုယ့်ကိုယ်ကိုယ်  ဘာကောင်လဲလို့ အရင်ပြန်မေးမိပါတယ်။ ဘာကောင်မှ မဟုတ်ပါ။
သူလိုကိုယ်လို ကဗျာကို ဘာသာတရားတစ်ခုလို သက်ဝင်ယုံကြည်နေမိတဲ့ သာမန်လူငယ်လေးတစ်ယောက်မျှပါပဲ။
              တစ်သက်နဲ့ တစ်ကိုယ် ကဗျာခံစားမှု ဆောင်းပါး တစ်ခါမျှ မရေးဖူးပါ။ ဒီတစ်ခါတော့ ရေးချင်တဲ့ စိတ်တွေက ရေတံခွန်တစ်လုံးလို
အဟုန်နဲ့ စီးဆင်းလာပါတယ်။ ဖြစ်မှ ဖြစ်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်ပေမယ့် မဖြစ်ဖြစ်အောင်ရေးမယ်လို့  စိတ်ကို ဂစ်တာကြိုးလို
တင်းပစ်လိုက်တယ်။ ( သံသယဝင်မိတဲ့ အချက်က မူရင်းကဗျာရဲ့ အနှစ်သာရ အရသာတွေကို ပေါ့လျော့ပျက်ဆီး သွားမှာ စိုးရိမ်မိတာပါ)။
              ရေးဖြစ်အောင် တွန်းအားပေးနေတဲ့ တစ်စုံတရာကြီးကလည်း ကျွန်တော့်ရင်အစုံကို ဆွဲခါကိုင်လှုပ်နေပုံက တအံ့ တသြ ၊ ကြီးကြီးမားမား၊
တစ်ပုဒ် ဖြစ်လာဖို့ ဆိုတာလည်း မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ ဆင်းရဲသားတိုင်းပြည်ရဲ့ ငွေစက္ကူတွေလို ဖောင်းပွနေတဲ့ မျက်မှောက်ခေတ်ပစ္စက္ခ ကဗျာ့
ယာဉ်ကြောကြီးကလည်း သိတော်မူတဲ့ အတိုင်း။
             ကဗျာခံစားမှု ဆောင်းပါးလို့ ဆိုခဲ့တဲ့ အတိုင်း ကဗျာအပေါ်ခံစားမိတဲ့ ကျွန်တော့်အမြင်ခံစားချက် တွေကိုသာ ဆွဲထုတ်ဖွင့်ချသွားမှာပါ။
ချဉ်းကပ်ဆောင်းပါး မဟုတ်လို့ ကဗျာဆိုင်ရာ နည်းပညာပိုင်း တက္ကနစ်တွေကို တော့ ချန်လှပ်သွားမှာပါ။ အားသာချက် အားနည်းချက် အနည်း
အကျဉ်းလောက်ပဲ ခပ်ပါးပါးလေးထိခတ်သွားမှာပါ။
            မသွားဖူးတဲ့ အရပ်ကိုသွားပြီး မစားဖူးတဲ့ အစားအစာကို ကျွန်တော် စားကြည့်ပါတော့မယ်။ ပထမဦးဆုံး စွန့် စားမှု တစ်ခု ဖြစ်တဲ့ အတွက်
တစ်စုံတရာ ချွတ်ချော် မှားယွင်းခဲ့ပါက နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတင် စကားပလ္လင် ခံလိုက်ပါတယ်။
.......................................................................................................................................................
          " Te Iubesc Atat De Mult "
              ဒါက ကဗျာခေါင်းစဉ်ပါ။ မြန်မာကဗျာမှာ ဒီလိုခေါင်းစဉ်ကြီးကို မျက်ဝါးထင်ထင် တွေ့ လိုက်ရလို့ မိတ်ဆွေ မျက်လုံးတွေက တန်ဆောင်မုန်း
လပြည့်ကြီးလို ဝိုင်းစက်ပြူးကျယ်သွားနိုင်ပါတယ်။ အရင်ဦးဆုံး ကျွန်တော့် စိတ်ဝင်စားမှုတွေကို ညှို့ ငင်ဆွဲခေါ်သွားတာက အဲဒီခေါင်းစဉ်ပါပဲ။
ကဗျာတစ်ပုဒ် စာတစ်ပုဒ်မှာ ခေါင်းစဉ်ကလည်း ကြီးမားတဲ့ အခန်းကဏ္ဌကို ထမ်းဆောင်ပါတယ်။ ခေါင်းစဉ်က ထူးခြားမှု ဆွဲဆောင်မှု ချို့ တဲ့နေတယ်ဆိုရင်
တော့ ကဗျာဆက်ဖတ်ချင်တဲ့ စိတ်ဟာ တီကို ဆားနဲ့ တို့ လိုက်သလိုပါပဲ။
               အခု ဒီခေါင်းစဉ်က အင်္ဂလိပ်အက္ခရာ ဆိုပေမယ့် အင်္ဂလိပ်ဘာသာစကားရင်း မဟုတ်မှန်းသိသာပါတယ်။ တိုင်းခြား ဘာသာစကား အားနည်းတဲ့
ကျွန်တော် စဉ်းစားခန်းကို လင်မယားလို ပေါင်းသင်းလိုက်ရပါတော့တယ်။ ဒါဟာ ကဗျာဖတ်သူကို ကဗျာထဲ ဆွဲသွင်းလိုက်တာ။ ကဗျာဖတ်သူကို ကဗျာအလုပ်
လုပ်ခိုင်းလိုက်တာ။ ငှက်ပျောသီးအခွံနွှာပြီး ရော့အင့် စား ဆိုတဲ့ အနုပညာထဲမှာ ကဗျာ မပါဝင်ပါဘူး။ ကျွန်တော် အတွေးကို သွေးရပါတော့တယ်။ အင်္ဂလိပ်
ဘာသာစကားရင်းမဟုတ်ရင် ဘာ ဘာသာစကားလဲ။ ကမ္ဘာမှာ အင်္ဂလိပ်အက္ခရာတွေကို ယူငင်သုံးစွဲပြီး မိခင်ဘာသာစကားအဖြစ် မွေးစားတဲ့ နိုင်ငံတွေ ရှိပါတယ်။
အနီးစပ်ဆုံးပြရရင် မလေးရှားဘာသာစကားပေါ့။ ဒီခေါင်းစဉ်ဟာ ဒီလိုနိုင်ငံတွေထဲက တစ်နိုင်ငံရဲ့ ဘာသာစကားဖြစ်ဖို့ များတယ်လို့ ကောက်ချက်ချမိပါတယ်။
               ကဗျာခေါင်းစဉ်က ကျွန်တော့်ကို စပါးကြီးမြွေလို ညှို့ သွားပြီ။ ချောက်ထဲပြုတ်ကျသွားတဲ့ သတ္တဝါတစ်ကောင်လို ကဗျာထဲကို ကျွန်တော် စုန်းစုန်းမြုပ်
သွားပါတော့တယ်။
                        ဖြည်းဖြည်းချင်းအသံထွက်ဖတ်ပါကလေးရယ်  
                        မင်းမြန်မာစာဆရာတော့မကြားစေနဲ့
                       ငါတို့ရင်ခုန်သံတွေရှက်ရွံ့သိမ်ငယ်လိမ့်မယ်
                  ခက်ခဲနက်နဲတဲ့ စကားလုံး တစ်လုံးမျှ မပါပါဘူး၊ ရိုးရိုးသားသား ရိုးရိုးရှင်းရှင်းနဲ့ ပဲ ကဗျာကို စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဟော တွေ့ ပြီ။ ဒီပထမအပိုဒ်ဟာ
ကဗျာခေါင်းစဉ်နဲ့ ဆက်စပ်ပတ်သက်နေတယ်။ သဲလွန်စပေးထားတယ်။  ”မင်းမြန်မာစာ ဆရာတော့ မကြားစေနဲ့ ” ဆိုတဲ့ ပါဒဟာ မြန်မာစာသင်ကြားနေတဲ့  ကောင်မလေး
တစ်ယောက်ကို အတိအလင်း ညွှန်းဆိုလိုက်ပါတယ်။ ခေါင်းစဉ်နဲ့ ချိန်ထိုးကြည့်လိုက်တော့ နိုင်ငံခြားဆိုတာကြီးက ဝုန်းခနဲ ရောက်လာတယ်။ ဒါဆို ဒီကောင်မလေးက
နိုင်ငံခြားကပေါ့။ မြန်မာစကားကို မပီကလာပီကလာ ပြောနေတဲ့ ချစ်စဖွယ် ကောင်မလေးတစ်ယောက်ရဲ့ ပုံရိပ်က ဖျက်ခနဲ လက်လာတယ်။       ပြီးတော့
“ငါတို့ရင်ခုန်သံတွေရှက်ရွံ့သိမ်ငယ်လိမ့်မယ်” ဆိုတဲ့ လူငယ်နှစ်ယောက်ရဲ့ ရင်ခုန်သံ လှိုင်းကြက်ခွပ်များ။
                    ဟိုနေ့ကတစ်မက် မနေ့ကတစ်မက်
                                                    ပြော
                     ခေတ်အဆက်ဆက် ငါ့လောက်ဘယ်သူအိပ်မက်ကောင်းဖူးသလဲ
                     အစွဲအလန်းဟာ အိပ်မက်ထဲထိ အမြစ်စွဲနေတဲ့ စိတ္တဇနာမ်။ ချစ်ခြင်းမေတ္တာရဲ့ သံတမန်ရေးရာ။ သေချာပြီ။ ဒါဟာ အချစ်ဇာတ်လမ်းတစ်ပုဒ်။
ဘယ်လို အချစ်ဇာတ်လမ်းမျိုးလဲ။ ဆက်လက်ဆွဲခေါ်သွားတယ်။
                    ငါတို့တစ်ယောက်နဲ့တစ်ယောက် ပန်းစည်းပေးဖို့ မလို
                     ငါတို့တစ်ယောက်နဲ့တစ်ယောက် ဖုန်းဆက်နှိုးဖို့မလို
                    ငါတို့တစ်ယောက်နဲ့တစ်ယောက် ခွဲခွာကြဖို့မလို
                     ငါတို့တစ်ယောက်နဲ့တစ်ယောက် အတူရှိဖို့မလို
                     မီးရထားဥသြသံကြားတိုင်း ငိုစရာမလို
                     လေယာဉ်ပျံကြီးပျံတက်သွားတိုင်း ဆို့နင့်စရာမလို
                     မှန်လုံကားကြီးထွက်ခွာသွားတိုင်း မျက်ရည်ဝဲစရာမလို
                     မီးအစိမ်းလေးပျောက်နေရင်တော့ နင့်ခနဲစူးချင်စူးမှာပေါ့
                  ကဗျာရေးသူဟာ ကဗျာကို စိတ်ဝင်စားအောင်လုပ်ပြီး တဖြည်းဖြည်း အထုပ်ဖြည်ချလိုက်ပါတယ်။ ခက်ခဲနက်နဲတဲ့ စကားလုံး တစ်လုံးမှ မတွေ့ သေးပါဘူး၊
အရပ်သုံးစကားတွေကို လှိုင်လှိုင်ကြီးသုံးထားပါတယ်။ အသံစီးဆင်းမှုကို အနည်းငယ် အားပြုထားပါတယ်။ “ မီးအစိမ်းလေးပျောက်နေရင်တော့ နင့်ခနဲစူးချင်စူးမှာပေါ့“
ဒီလိုင်းလေးတစ်လိုင်းက ဒီကဗျာတစ်ပုဒ်ကို ခိုင်ခိုင်မာမာ အထောက်အကူပြုထားပါတယ်။ ကောင်လေးနဲ့ ကောင်မလေးတို့ ရဲ့ အောင်သွယ်တော်ဟာ ဖိုးရွှေလမင်းကြီး
မဟုတ်ပါဘူး။ မီးအစိမ်းလေးပါ။ အင်တာနက်အချစ်သင်္ကေတ။ အွန်လိုင်းပေါ်မှာ တွေ့ ကြတဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ အလွန်ဝေးကွာတဲ့ နယ်ခြားစည်းတွေ
အပိုင်းခံထားရရှာပါတယ်။ ဘယ်လောက်ထိ ဝေးကွာခြားနားသလဲဆိုရင် ပန်းစည်းပေးဖို့ မလို၊ ဖုန်းဆက်နှိုးဖို့ မလိုတဲ့ အထိ။ ခွဲခွာကြဖို့ မလို အတူရှိဖို့ မလိုတဲ့အထိ။
ပြီးတော့ လက်ပြနှုတ်ဆက်မျက်ရည်တွေ၊ လွမ်းဆွတ်ကြေကွဲ ဝမ်းနည်းမှုတွေကို သိမ်းထုတ်သယ်ဆောင်သွားမယ့် မီးရထား၊မှန်လုံကား၊ လေယာဉ်ပျံတွေ ကြောင့်လည်း
ငိုစရာမလို၊ ဆိုနင့်စရာမလို၊ မျက်ရည်ဝဲစရာမလိုတဲ့ အထိ။ စိတ်ကူးယဉ်ဆန်တဲ့ သူတို့ နှစ်ဦးရဲ့ နှလုံးသွေးကြော အသက်ရှူသံလေးဟာ မီးအစိမ်းလေးတစ်ခုတည်းပါပဲ။
                   ငါတို့နှစ်ယောက်ကြားက ဖွင့်ဆိုချက်က ၅၇၃၁ မိုင်
                    ကမ္ဘာကြီးအချင်းဝက်ထက်ပိုတာ ထိုင်ဆဲရမှာလား
                     သက်ဝင်လင်းလက်တဲ့ အရေးအသားတစ်ခုကို ဖျက်ခနဲ တွေ့ လိုက်ရပါပြီ။ ဆဲတယ်ဆိုတဲ့ စကားလုံးဟာ ညစ်ညမ်းတယ် ဆိုပေမယ့် ဒီလိုမျိုး တွဲစပ်ချိတ်ဆက်
ရေးသားလိုက်တော့ မညစ်ညမ်းတော့ပဲ အနုပညာတောင် မြောက်သွားပါတော့တယ်။ ၅၇၃၁ မိုင်။ ဒါဟာ ကောင်လေးနဲ့ ကောင်မလေးကြားက ဝေးကွာခြင်းခရီးပြင်း။ ဥပမာ
အလင်္ကာကလည်း လှလိုက်တာ။ ကမ္ဘာကြီးရဲ့ အချင်းဝက်ထက်တောင် ပိုနေသေးသတဲ့။ ဂရုဏာရသတွေ ကျွန်တော့်ရင်ဘတ်ထဲ မြင်းအုပ်ကြီး မောင်းသွင်းလိုက်တဲ့ အတိုင်း။
                 မင်းမှောင်ငါလင်း၊ မင်းလင်းငါမှောင်
                 မင်းအိပ်နေချိန်ငါနိုးနေမယ်၊ မင်းနိုးနေချိန် ငါနိုးနေမယ်
                 မင်းသုံးနေချိန်ငါသုံးနေမယ်၊ မင်းမသုံးနေချိန် ငါသုံးနေမယ်
                 မီးကျိုးမောင်းပျက်ဘာသာစကားတွေနဲ့ ငါတို့
                 ကွဲကွဲလွဲလွဲကျင့်ဝတ်တွေနဲ့ ငါတို့
                 သဒ္ဒါမှားယွင်းဝါကျတွေနဲ့ ငါတို့
                 delay ဖြစ်နေတဲ့ ကင်မရာတွေနဲ့ ငါတို့
                 လာပါပြီ။ တစ်ခြမ်းမှောင်ပြီး တစ်ဖက်လင်းတဲ့ ကမ္ဘာကြီးရဲ့ မညီမျှခြင်းတွေ။ ကောင်လေးတစ်ယောက် ဘယ်လောက်များ ပင်ပန်းလိုက်မလဲလို့ တွေးပူ
ကိုယ်ချင်းစာနာနေမိတော့တယ်။ နေ့ နဲ့ ညလွဲနေတဲ့ သူတို့ နှစ်ယောက်ရဲ့ လွမ်းခန်းဟာ ခမ်းနားလွန်းနေလား။ ချစ်ခြင်းတရားဟာ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေ၊
အားလပ်ချိန်တွေ၊ အိပ်ရေးတွေကိုပါ တိုက်စားဝါးမြို သုံးဆောင်နေတဲ့ အကြောင်း။
                 မီးကျိုးမောင်းပျက်ဘာသာစကားတွေ ၊ delay ဖြစ်နေတဲ့ ကင်မရာတွေ၊ သိပ်ကောင်းတဲ့ အတွဲအစပ်တွေပဲ။ သူတို့ နှစ်ယောက်ကြားမှာ ဘာသာစကားခြားနား
မှုတွေ၊ ယဉ်ကျေးမှု ကွဲလွဲခြင်းတွေ၊ ဘာသာအယူဝါဒ ကွဲပြားမှုတွေ၊ စည်းတွေ စည်းတွေ။ အဲဒီ စည်းတွေကို ရဲရဲကြီး ကျော်ဖြတ်ရည်ငံနေကြတဲ့ မီးစိမ်းလေးနှစ်ပွင့်။ ဘာသာစကား
အထစ်အငေါ့တွေ၊ အခက်အခဲတွေဟာ သူတို့ နှစ်ယောက်အတွက် ပျော်စရာ ဟာသလေးတွေ၊ ခေါင်းစားစရာ ကိုက်ခဲမှုလေးတွေ ဖြစ်နေမယ်ဆိုတာ တွေးပြီးပြုံးနေမိတယ်။ မြန်မာ
စကားလေ့လာသင်ကြားနေတဲ့ ကောင်မလေးကို ကောင်လေးက မြန်မာစကားတွေ တစ်လှေကြီး အိပ်သွန်ဖာမှောက် အားသွန်ခွန်စိုက် သင်ကြားပေးနေမယ့် အထိတောင် တွေး
ပစ်လိုက်တယ်။ သူတို့ နှစ်ယောက် အွန်လိုင်းပေါ်မှာ ဘယ်လို ဘယ်လို ချိတ်မိသွားသလဲဆိုတာကိုလည်း အတွေးယာဉ်ကြောက မျောသွားပြန်သေးတယ်။
                 ငါ့အိမ်က ပုဂံနဲ့နီးလားဆိုတော့ ငါ့မှာ ဖြေရခက်
                  မင်း ပုဂံကို သတိတရရှိနေတဲ့စကားမှာ
                 ငါဟာ ဓာတ်ငွေ့မိုးပျံပူဖေါင်းဖြစ်လို့ဖြစ်  
                  ဘူးဘုရားဆိပ်က စက်လှေဖြစ်လို့ဖြစ်
                  စောင်းတန်းက ယွန်းအုပ်လေးဖြစ်လို့ဖြစ်
                  တမာတွေကြားက သရပါတံခါးကြီးဖြစ်လို့ဖြစ်
                   မင်း ပုဂံကို သတိတရမေးတဲ့စကားမှာ
                  ငါ့အိမ်က ပုဂံနဲ့ဝေးတယ် ဖြစ်သွားတယ်
                     အနှစ်တွေက အခုမှ လာတာပါ။ ကျွန်တော် “ဝိုး” ခနဲ အော်မတတ်ဖြစ်သွားတယ်။ ပုဂံကို ရောက်ဖူးတဲ့ ကောင်မလေး။ မြန်မာစကားကို ချစ်တဲ့ ကောင်မလေး။ ပြီးတော့
အဲဒီကောင်မလေးချစ်တဲ့ မြန်မာကောင်လေး။ ဒီအပိုဒ်ဟာ သိပ်ကြည်နူးစရာ ကောင်းပါတယ်။ ပုဂံ၊ ဘူးဘုရား၊ စောင်းတန်း၊ ယွန်းအုပ်၊ တမာ၊ သရပါတံခါး။ ဒါတွေဟာ ချစ်မက် မြတ်နိုး
စရာကောင်းတဲ့ မြန်မာ့ယဉ်ကျေးမှု စစ်စစ်တွေ။ ပုဂံကို ရောက်ဖူးတဲ့ နိုင်ငံခြားသူကောင်မလေးဟာ မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးသွားပြီး မြန်မာစကားကို သင်ကြားချင်တဲ့စိတ်အထိ
ဖြစ်သွားတာပါလား ဆိုပြီး အံ့ သြ၊ ဝမ်းသာ၊ ချီးကျူး၊ လေးစား။  သူ့ ချစ်သူ ကောင်လေးကိုလည်း မေးလိုက်သေးတယ် ပုဂံနဲ့ နီးလားတဲ့။ ဒီကဗျာထဲမှာ ကောင်မလေးရဲ့ ရုပ်လက္ခဏာကို
လှအောင်ဖွဲ့ တဲ့ အရေးအသားတွေမပါပါဘူး။ ကောင်မလေးရဲ့ စိတ်ကိုပဲ လှအောင်ဖွဲ့ သွားတာ သဘာဝကျကျ သဘောကျပါတယ်။ ရုပ်လက္ခဏာ အဖွဲ့ တွေက ဦးရွှန်းတို့ ခေတ်မှာ ကျန်ခဲ့ပါပြီ။
                               နောက်ထပ်လာရင်ပြောကွယ်
                              ငါက မြစ်ယောင်ဆောင်ပြီး စောင့်နေမယ်
                               မင်းက ငါးကလေးလုပ်ပေါ့
                              လူးခနဲလွန့်ခနဲ ငါ့ရင်ဘတ်ထဲ ကူးခပ်လိုက်စမ်းကွဲ့
                       ဟော...ကောင်မလေး ပုဂံကို ရောက်တာ ဘယ်အချိန်ကလဲ။ ကောင်လေးနဲ့ လိုင်းပေါ်မှာ မတွေ့ ခင်ကလား။ “မြစ်ယောင်ဆောင်ပြီး စောင့်နေမယ်” ဆိုတဲ့ အသုံးအနှုန်းက
သိပ်လှပါတယ်။  ကောင်လေးရဲ့ ချစ်ခြင်းတရားတွေက ဒီနေရာမှာ အသံအချိုဆုံး ဆည်းလည်း လေးတွေပါပဲ။ အလွမ်းမောတွေ တပွေ့ တပိုက်နဲ့ ကောင်မလေးနောက်တစ်ခေါက်  အလည်လာမယ့်
အချိန်ကို မျှော်တော်ဇောနဲ့ စောင့်နေတဲ့ ကောင်လေးရဲ့ လွမ်းမောရက်တွေ။
                           ထပ်ပြောဦးမယ်
                          " te iubesc atat de mult "
                           ဒါဆို ရိုမေးနီးယန်းလက်ခေါက်လေး ဗမာခေါင်းပေါ်ကျလာမလား
                           ဒေါက် တဲ့
                           ရေအောက်ဆက်ကြောင်းကြီးထဲပန်းအလင်းရောင်တွေ ဖြတ်ပြေးသွားရဲ့
                             လယ်ပြင်မှာ ဂေါ်ဇီလာ သွားသလို ကွက်ကွက်ကွင်းကွင်းပေါ်လာပါပြီ။ ရိုမေးနီးယန်း တဲ့။ ဘယ်နိုင်ငံသူမှန်းမသိသေးတဲ့ ကောင်မလေးဟာ ရိုမေးနီးယန်းသူလေးပေါ့။
ခေါင်းစားခဲ့တဲ့ ကဗျာခေါင်းစဉ်ကလည်း ရိုမေးနီးယန်း ဘာသာစကားဆိုတာ လုံးဝ ကျိန်းသေသွားပြီ။ ဒါဆို " te iubesc atat de mult " ဆိုတဲ့ အဓိပ္မါယ်က ဘာလဲ။ ကောင်လေးက အဲဒီစကား
ပြောတော့ ကောင်မလေးရဲ့ လက်ခေါက်လေးက ကောင်လေးရဲ့ ခေါင်းပေါ် ဒေါက်ခနဲ ကျလာမယ့် မြင်ကွင်းကလေး။ သိင်္ဂါရ ရသမြောက်တဲ့ အဖွဲ့ ပါ။ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ နဂ္ဂတစ်
လေးက အာရုံထဲ လင်းလင်းကျင်းကျင်းကြီး ပေါ်လာတယ်။ ကောင်မလေးက ချစ်စနိုးလေးခေါင်းခေါက်ရအောင် ကောင်လေးက ဘာများပြောလိုက်လို့ လဲ။ ဒီစကားရဲ့ အနက်အဓိပ္မါယ်ကို အတိ
အကျ သိမနေတာတောင် အနီးစပ်ဆုံး တွေးကြည့်လို့ ရနိုင်ပါတယ်။  ဒီကဗျာထဲမှာ ကျွန်တော် အကြိုက်ဆုံး စာကြောင်းတစ်ကြောင်းက “ ရေအောက်ဆက်ကြောင်းကြီးထဲ ပန်းအလင်းရောင်တွေ
 ဖြတ်ပြေးသွားရဲ့ “ ပါ။ ကဗျာဘာသာစကားရဲ့ အလှဟာ ဒါမျိုးတွေလို့ ကျွန်တော် ခံစားသိမြင်မိတယ်။
                                  ဒီကဗျာဟာ
                                  ငါဖြတ်ထားတဲ့ရုပ်ရှင်လက်မှတ်
                                  ငါအဆုံးထိမရတဲ့သီချင်း
                                  ငါနဲ့တော်တဲ့ တီရှပ်
                                  ငါနဲ့မတည့်တဲ့ အိပ်ယာ
                                  ဘားမိစ်အီဒီယမ်တွေသိပ်ခက်တာပဲဆို
                                  ကြွေလွင့်စိုက်ဆင်း ဆိုတဲ့စကားလေးတော့
                                  ငါ့ဘ၀နဲ့ရင်းလို့ သင်ပေးခဲ့မယ်
                  ကောင်မလေးအပေါ်ထားတဲ့ ကောင်လေးရဲ့ ရင်တွင်းခံစားချက်တွေပါ။ ကြွေ လွင့် စိုက် ဆင်း တဲ့ ။ စကားလုံး ၄လုံးထဲပါ။ ဒါပေမယ့် ကျစ်လစ်သိပ်သည်းပြီး အနက်အဓိပ္မါယ်
ကျယ်ပြန့် နက်ရှိုင်းပါတယ်။  တခြားဘာသာကို ပြန်ဆိုမယ် ဆိုရင် အရှည်ကြီး ဖြစ်သွားနိုင်ပါတယ်။ မြန်မာ ဘာသာစကားရဲ့ ခက်ခဲနက်နဲပုံကို ပြုံးပြုံးကြီး တွေ့ လိုက်ရပါတယ်။ အဲဒီလောက်
နက်နဲခက်ခဲတဲ့ အကြောင်းတရားတွေကိုတောင် ကောင်လေးက ကောင်မလေးကို ဘဝနဲ့ ရင်းပြီး သင်ပေးခဲ့မယ်တဲ့။ သြော် ချစ်ခြင်းမေတ္တာ။ ရုံတင်ပြသဖို့ တောင် ကောင်းနေပြီ။
                              ဒီနည်းနဲ့ဒီလမ်းကိုလျှောက်ရတာ
                             ခေါင်းအုံးကလေးရေ....
                             ငါ့တိုးတိုးလေးတွေ သိမ်းထုပ်ထားပေး
                             ဒီထက်ဝေးသူတွေတောင်ဒီလောက်မဝေးနိုင်တော့
                             နှင်းဆီရိုးတံပေါ်မှာ ဆူးတွေ..
                             သိလား...ဆူးတွေ....
                      ဒါလည်း  ကောင်လေးရဲ့ စိတ်ခံစားမှုနဲ့ အလွမ်း၊  တိုးတိတ်ကြေကွဲညတွေနဲ့ ဝေးကွာခြင်းဆူးတွေ တစ်ချောင်းပြီးတစ်ချောင်း စူးနေတဲ့ ရင်ဖဝါး။ “ ခေါင်းအုံးကလေးရေ....
ငါ့တိုးတိုးလေးတွေ သိမ်းထုပ်ထားပေး”တဲ့။ လှချက်။
                            Right click ထောက်လိုက်တော့
                           နေကြာစေ့နှစ်စေ့
                           နားမလည်မှု
                           ဆေးလိပ်ပြာ
                           အမှန်တရား
                           အုံ့ပုန်းငို
                           viber
                            မြန်မာသဒ္ဒါ
                          ဆံပင်ရှည်ရှည်
                                  သက်မဲ့အရာတွေထဲ လှုပ်ရှားသက်ဝင်နေတဲ့ အဓိပ္မါယ်တွေ၊ အကြောင်းတရားတွေ၊ အဖြစ်အပျက်တွေ။ သူတို့ နှစ်ယေက်ကြားက ဆက်စပ် ပတ်သက်မှုတွေ။
ဒါတွေဟာ သင်္ကေတတွေ ၊ နိမိတ်ပုံတွေပါပဲ။ ဒီလိုနဲ့ အရှိန်နဲ့ မောင်းလာတဲ့ အဝေးပြေးကားဟာ တဖြည်းဖြည်းစက်ရှိန် လျော့ပစ်လိုက်တယ်။
                    မင်းကငါ့နာမည်ကို အသံထွက်မမှန်
                   ငါက မင်းနာမည်ကို အသံထွက်မမှန်
                   ဘာဖြစ်သေးလဲ
                  ငါတို့သုံးယောက် လောကပင်လယ်ထဲရွက်လွှင့်ရအောင်
                  ငါရယ်၊မင်းရယ်၊သစ္စာတရားရယ်ပေါ့
               နောက်ဆုံးအပိုဒ်ပါ။ ကျွန်တော် ကြက်သီးမွှေးညင်းတွေပါ ထသွားတယ်။ နယ်ခြားစည်းတွေ ဘယ်လောက်ပဲခြားခြား၊ ယဉ်ကျေးမှုတွေ ဘယ်လောက်ပဲ ကွဲကွဲ၊
ဘာသာစကားတွေ ဘယ်လောက်ပဲလွဲလွဲ၊ ဘာသာတရားတွေ ဘယ်လောက်ပဲ ခြားနားခြားနား။ ချစ်ခြင်းတရား ဟာ တားထားသမျှ ဓါးသွားတွေကို ရယ်ရယ်မောမော ကျော်ဖြတ်သွားပါတယ်။
ဆုံစည်းရသည်ဖြစ်စေ၊ မဆုံစည်းရသည်ဖြစ်စေ၊ ကွေကွင်းရသည်ဖြစ်စေ၊ မကွေကွင်းရသည်ဖြစ်စေ၊ ပေါင်းဖက်ရသည်ဖြစ်စေ၊ မပေါင်းဖက်ရသည်ဖြစ်စေ။ နောက်ဆုံး ငါရယ်၊ မင်းရယ်၊
သစ္စာတရားရယ်လေ.....။
   .......................................................................................................................................
                     ဒီကဗျာဟာ ခေတ်ပေါ်/ခေတ်ပြိုင် ဘယ်လောက် မြောက်မှု၊ မမြောက်မှု တွေကို အဓိကထား မပြောချင်ပါဘူး။ ကျွန်တော်နှစ်သက် သဘောကျမိတာက ဒီကဗျာ
ထဲက ချစ်ခြင်းမေတ္ထာပါ။ ချစ်ခြင်းမေတ္တာမှာ နယ်ခြားစည်းတွေ မရှိပါဘူး။ ဘာသာစကားတွေမရှိပါဘူး။ ဘာသာတရားတွေမရှိပါဘူး။ ယဉ်ကျေးမှုတွေ မရှိပါဘူး။ အဲဒါကို ဒီကဗျာက
ရဲရဲဝံ့ဝံ့ချပြထားတာပါ။ တားထားသမျှစည်းတွေ ဘောင်တွေ ဓါးသွားတွေကို ချစ်ခြင်းမေတ္တာနဲ့ ဖျက်/ ဖြတ်ထားတာပါ။ ပြီးတော့ ကဗျာရဲ့နောက်ကွယ်မှာ ရှားပါးထူးဆန်းတဲ့ အချစ်ဇာတ်လမ်းကြီးတစ်ပုဒ်
တည်ရှိနေပါတယ်။ ရိုးရှင်းတဲ့ အရေးအသား၊ လွယ်ကူနားလည်စေတဲ့ အရပ်သုံးစကားတွေနဲ့  အများဆုံးရေးဖွဲ့ ထားပေမဲ့  ခေါင်းစဉ်နဲ့ ဇာတ်လမ်းကိုတော့ ပါးနပ်စွာ လျှို့ ဝှက်မြှုပ်နှံထားပါတယ်။
ကမ္ဘာကျော် ဘယ်စားဖိုမှူးမှ လိုက်မမီနိုင်ပါဘူး။
                      ဒီကဗျာကို ရေးသားတဲ့ “ ဟိန်း” ကို ဒီဆောင်းပါးနဲ့ ကျွန်တော် လေးလေးစားစား လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။ ဂုဏ်ယူပါတယ် ဟိန်း။
                                                                                                                                                                 လင်းလက်တာရာ
                                                                                                                                                                     ၁၆၊၂၊၂၀၁၃
{[(ဖေဖော်ဝါရီရဲ့ ရှိုက်သံဟာ ဇန်နဝါရီအဆက်ဆက် တုန်ခါ ငယ်သံပါအောင် အော်နေတဲ့ နွေ)]}
{[(00:30)  (ကိုယ့်ချဉ်ခြင်းကို သူတပါးကျွေးမိတာက နစ်တော့တာပဲ) (အမှော်အလှေးများများ အလွမ်းတွေ)
(လေပွေဆော့သွားတဲ့ ပလက်စတစ်လေးလို) (ဒရောသောပါး ဒယီးဒယိုင် ဒယဥ့်တိုက်)
( ပြဇာတ်ကပါးပါး မျက်ရည်ကထူထူ)
(00:29) (မိုက်မဲတယ်ဆိုတာ) (ကိုယ့်နံရိုးကိုယ် အနံ့ ခံတာ)( ခွေးအတစ်ရာလို လရောင်ကို ထိုးဟောင်တာ)
(ပေါ့ပျက်ပျက် အရသာထဲ) (ကိုယ့်အသွေးအသားကိုယ် ထည့်ကြိတ်တာ)
(မိုက်မိုက်မဲမဲ အမဲဖျက်ခြင်းသည် အချစ်)
(00:28) (အဖျားဆွတ် ခူးသွားတဲ့ နာမ်စားလေးတစ်လုံးမှာ) (အသက်ဓါတ်လေးတစ်ခု ကပ်ပါသွား)
(လေတိုက်လို့ လန်သွားတဲ့ စာရွက်ကြား) (လိပ်ပြာလေးတစ်ကောင် ညပ်သေ နေ)
(00:27) (လူတစ်ဦးနဲ့ တစ်ဦး သတိရခြင်းမှာ) (မီးပွားများ သူ့ အလိုလို) (Auto လင်းပွင့်လာခြင်းဖြစ်သည်)
[အောင်ဘညို] (ညှော်တယ်) (ကမ်းကုန်အောင် ညှော်တယ်) (အော်သံအကျိုးအပဲ့ တွေမှာ ပြာစပြာနတွေ)
(00:26) (ချစ်သူရဲ့ ကောင်းကင်ဆိုတာ) (ငါ အပျံသန်းချင်ဆုံး နေရပ်လိပ်စာ)
(ငါက ဘယ်တော့မှ အတောင်မညောင်းဘူး)
(00:25) (ပြန့် ကျဲနေတဲ့ စိတ်ကို) (တသောသော လိုက်ကောက်ရတာ မောတယ်)
(ဒဏ်ရာများတဲ့ ရာသီတွေနဲ့ ) (အဝေးကွင်းမှာ ပေးဂိုးအများဆုံးအသင်းဟာ) (ကျွန်တော်ပါပဲ မေမေ)
(00:24) (မင်းအမြစ်တွေက) (ငါ့နှလုံးသားထဲအထိ နစ်ဝင် ကုတ် ခြစ်)
(သစ္စာတရားဟာ) (လမ်းဘေးက ဗန်ဒါပင်လေးလို အရွက် တဖားဖား)
(00:23) (ကော်ဖီခွက်လေး တစ်ခွက်တည်းကိုပဲ) ( နှုတ်ခမ်းချင်း လု သောက်ချင်တယ်)
(00:22) (ခေတ်စုတ်ကြီးထဲမှာ) (ဘယ်တော့မှ လူ မဖြစ်ပါရစေနဲ့ )
(သုညတွေနောက် သုညတွေ) (လိုက်ကပ်နေတာ/ကပ်လိုက်နေတာ) (မမိုက်ဘူး)
(00:21) (ငါက လူနာ) (မင်း ခွဲစိပ်ကုသရမယ့် အော်ပရေးရှင်းခန်းထဲက) (စိတ္တဇတွေ
တလူလူ နာနေတဲ့ လူနာ)
(00:20) (ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်မှ) (ပျော်တတ်တဲ့ ကောင်လေ)
(မင်းစိတ်နဲ့ ကိုယ့်ကိုယ်ထဲမှာ) (မင်းကြိုက်တဲ့ ရေခဲမုန့် လေးလို ပျော်လို့ )
(00:19) ( ကမ္ဘာကြီးကို ကျေးဇူးဆပ်စရာဆိုလို့ ) (ကဗျာတွေပဲ ရှိတယ်)
(ငါ တော်တော်မွဲတဲ့ကောင်ပဲ) (ငွေထဲဝင်ကြည့်ရတာ ရှက်လာပြီ)
(00:18) (ငါမင်းကို ချစ်တယ်ဆိုတာ) (အမေစုပန်ထားတဲ့ ပန်းဖြူဖြူလေးကို) ( မြတ်နိုးသလိုမျိုး)
(ငါမင်းကို မြတ်နိုးတယ်ဆိုတာ) (ငါ့အမေ ပါးပြင်ထက်က သနပ်ခါးရေကျဲလေးကို) ( ချစ်သလိုမျိုး)
(ငြီးငွေ့ ခြင်းကပဲ) (ငါ့ကို တစ်ခွက် ပြီးတစ်ခွက်) (ငှဲ့ သောက်သွားတယ်)
(00:16) (မင်းအကြောင်း စာစီစာကုံးမှာမှ) (ငါက အကိုးအကားခံချင်တဲ့ ဆိုရိုးတစ်ခု)
(ခမ်းနားခြင်းအိုးအိမ်မှာ) ( မင်းနဲ့ အတူစားချင်နေမိတဲ့ ထမင်းလက်ဆုံ)
(00:15) (လူငယ်တစ်ယောက်ရဲ့) ( လင်းပွင့်ခွင့် ပြခန်းလေးကို) (ဒီအတိုင်းကြီး သော့ခတ်
ထားရမှာလား) (မြက်ခြောက်ဟာ မြေသင်းရနံ့ လေးကို) ( လျှောက်ရှာနေတုန်း)
(00:14) (ဆေးလိပ်မသောက်တတ်တဲ့ ငါ့ကို) (အခိုးအငွေ့ ဖြစ်တဲ့ အထိ) ( မင်းဖွာရှိုက်ပါ)
(အရက်မသောက်တတ်တဲ့ ငါ့ကို) (ဖန်ကွဲစတွေ ဖြစ်တဲ့အထိ) ( မင်းရိုက်ခွဲပါ)
(00:13) (ဝင်းရောင် ဝင်းရောင် ဝင်းရောင် ဝင်းရောင်) (ဝင်းရောင် ဝင်းရောင် ဝင်းရောင် ဝင်းရောင်)
(ငါ့ကို လှောင်ပြောင်နေတဲ့ အသံတွေ) ( ရင်လမ်းတစ်လျှောက်)
(00:12) (မင်္ဂလာပါ နံနက်ခင်းလေးရေ) (နိုးပြီလား) (ခင်ဗျားကိုစိတ်မချလို့ ညလုံးပေါက်
ထိုင်စောင့်နေတာ) (ရပါတယ်) (ရင်ဘတ်ထဲကပဲ နည်းနည်း အောင့်တာပါ)
(00:11) (ငါ့ status တွေက) ( ငါ့ ရာသီဥတု ငါ့ မိုးလေဝသ သတင်း)
(မင်းရှိတဲ့ အလင်းရောင်လေးအောက်မှာပဲ) ( ငါကဗျာ ရေးချင်တယ်)
(00:10) (စက်ရုပ်မဟုတ်တဲ့ လူဟာ) ( မျက်ရည်ကို ထုတ် လုပ်ပါတယ်)
(စက်ရုပ်မဟုတ်တဲ့ လူဟာ) ( ခံစားချက်ကို ထုတ် လုပ်ပါတယ်)
(လေဆာနဲ့ ဖျက်လို့ မရတာ အစွဲအလန်း) (ငါက သေရင်တောင်ကျွတ်မှာ မဟုတ်ဘူး)
(00:09) (ကြွက်တက်နေတဲ့ လမ်းမကြီးရေ) ( ခင်ဗျားကို ကျွန်တော် ထမ်းမယ်)
(ကျွန်တော့်ကိုယ်လည်း ကျွန်တော် ထမ်းမယ်) (လွမ်းရတာလောက်တော့ မပင်ပန်းဘူး မဟုတ်လား)
(00:08) (အိပ်မရမယ့် အတူတူ) (ခေါင်းအုံးကိုရေနှစ်) (အရူးတစ်ယောက်လို ညှစ်ချ)
(မင်း ရယ်သံများ ထွက် ကျ လာမလားလို့ )
(00:07) ( လောကကြီးက လူလည်ကျလွန်းတယ်) (ငါက မလည်တတ်တော့)
(လည်ပဲ လည်နေရတာပေါ့) (လည် လည် လည် လည် လည် လည်)
(လောကဓံ အရွဲ့ ကြီးထဲ တဝဲဝဲ တလည်လည်)
(00:06) (မင်းမရှိတဲ့ မြို့ဟာ အလင်းမရှိတဲ့မြို့ပဲ)
(သံသရာရဲ့ပတ်လမ်းလေးအတိုင်း ) (နှစ်ယောက်အတူ စီးကူးချင်တယ်)
(ကမ္ဘာကြီးကိုဖွဖွလေး ဖွင့်ပြီး) ( ချစ်ခြင်းမေတ္တာကို အချောကူးချင်တယ်)
(ငါဟာ တကယ့် ပုထုဇဉ်ပဲ) (ငါဟာ တကယ့် ဒိဋ္ဌိပဲ)
(00:05) (ဘာမှ မရှိတဲ့ ဘဝကြီးကို) ( ဘာလို့ ဖွင့်ကြည့်ချင်ရတာလဲ)
(နောက်ဆုံးတံခါးပေါက်ကို) ( ဗုန်းဗုန်းလဲတဲ့အထိ ခေါက်နေမိတယ်) (အထဲမှာ မင်းရှိ/မရှိ)
(00:04) (ကြေကြေကွဲကွဲ ကြည်နူးနေမယ့်) ( ကြယ်ဖြူလေးပါ)
(ငါ့ ပန်းအဖူးလေးကို မင်း ခူးခဲ့တဲ့နောက်) (ငါ့ အရုဏ်ဦးလေးကို မင်း ထွန်းခဲ့တဲ့နောက်)
(ငါ့ မနက်ဖြန်တွေကို မင်း ပန်ခဲ့တဲ့နောက်) (...........................နောက်...................)
(00:03) (ရပ်ထားတဲ့ ရထားဟာ ငါပဲ) (ဘူတာလေးရေ) ( ပျော်သလိုသာ ခုတ် မောင်း သွားပါတော့)
(00:02) (ညကြီးရယ်) (ကျွန်တော့်ကို ရယ်ပါ) (ကျွန်တော့်ကို ဝက်ဝက်ကွဲအောင် ရယ်ပါ)
(ကျွန်တော့်ဝါးလုံးခေါင်းထဲ လာ သာ ပေးနေတဲ့ လမင်းလေး) (မရှိတော့ဘူး) (မရှိတော့ဘူး)
(မရှိတော့ဘူး)
(00:01) (အသက် ရှူရတာကိုက လူမဟုတ်သလိုကြီး) (အသက် ရှင်ရတာကိုကလူ မဟုတ်သလိုကြီး)
(အသက် ရှူရတာကိုက လူ မဟုတ်သလိုကြီး) (အသက် ရှင်ရတာကိုက လူ မဟုတ်သလိုကြီး)
(00:00) (((((((((((((((((((((((((((((((((((((((((((((( ဝုန်း ))))))))))))))))))))))))))))))))))))))))))))))))))))))) ]}
Thursday 14 February 2013
လက်သည်နဲ့ ညှစ်အား
လူ့ သဘာဝအဖွဲ့ တွေထဲမှာ ကျွန်တော့်ရင်ထဲကို တိုးဝင်ထိရှ ပြီး မှတ်မှတ်ထင်ထင်ဖြစ်နေတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်
ရိုပါတယ်။ ရေးသူက ဆရာမ ယဥိယဉ်နု(မန္ထလေး)ပါ။ ၂၀၀၇၊ ဇူလှိုင်၊ ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တာပါ။
               ဝတ္ထုတိုလေးက အရေးရှင်းသလောက် ဇာတ်လမ်းလေးကလည်း ရိုးရှင်းပါတယ်။ ဒါပေမယ့် လူတွေရဲ့ စိတ်နေသဘော
ထားကို မြင်လွယ်အောင် ကြည်လင်ပြတ်သားစွာ ထုဆစ်ပုံဖော်ထားနိုင်တာကတော့ အတုယူလေးစား လက်ဖျားခါလောက်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးက ဒီလိုပါ။
                ရီရီချို မှာ အသက် ၆၀ ကျော်ပြီဖြစ်တဲ့ စစ်မှုထမ်းဟောင်း ဖခင်ကြီးရှိပါတယ်။ အလှူအတန်းမှာ သဒ္စါကြည်သူကြီးပေါ့။
မနက်စောစော လမ်းလျှောက်ထွက်တတ်တယ်။ လမ်းလျှောက်ကပြန်လာတိုင်း သမီးဖြစ်သူ ရီရီချို့ ကို ပြန်ပြောပြစရာ ပုံပြင်လေးတွေတစ်နေ့ တစ်မျိုး မရိုးနိုင်အောင် ပါလာတတ်ပါတယ်။
                “သမီးရေ...ဒီနေ့ စောစောစီးစီး ကိုရင်လေး ငယ်ငယ်လေးနဲ့  သပိတ်ကြီး မနိုင်မနင်း ပိုက်လာတာတွေ့ လို့ ဖေဖေ
ငါးရာ လှူခဲ့တယ်ကွယ်”
                 “သမီးရေ ...ဒီနေ့ တော့ ကိုရင်လေးများ ထပ်တွေ့ မလားလို့ မျှော်နေတာ လမ်းလျှောက်တာတောင် မဖြောင့်ဘူး။
ဟိုကြည့်ဒီကြည့်နဲ့ လုပ်မိတာ သမီးရယ်လမ်းထောင့်မှာ ခွေးမလေးမွေးနေတာ ခွေးကလေးငါးကောင်တောင်၊ ပိန်ကပ်နေတာပဲ။
ဒါနဲ့ ဟိုဘက်လမ်းက လက်ဖက်ရည်ဆိုင် ကို ပြန်လျှောက်ပြီး လက်ဖက်ရည်နဲ့ ပေါင်မုန့် ထောပတ်သုတ်ဝယ်လာပြီး ကျွေးလိုက်တာ
စားလိုက်ကြတာသမီးရယ် သာဓုသာခေါ်ပေတော့”
                 “ဒီနေ့ တော့ လမ်းဘေးမှာ မြက်နုတ်နေတဲ့ ယောဂီဝတ်အဘိုးကြီးကို ငွေ ငါးရာလှူခဲ့တယ် သမီးရယ်”
                   မနက်ခင်းလေးတိုင်း ဝန်မလေးဒါနလေးတွေနဲ့ စလိုက်တော့ ရီရီချို့ ဖခင်ကြီး ဟာ တစ်နေ့ လုံး ရွှင်ကြည်နေတော့
တာပဲ။ ဖခင်ကြီးအတွက် ရီရီချို့ မှာ ဝမ်းသာကြည်နူးလို့ မဆုံး။ ဒါပေမယ့် ယောဂီအဘိုးအိုက ရီရီချို့ ဖခင်ကြီးရဲ့ မနက်ခင်းတွေမှာ
တဖြည်းဖြည်း နေရာတော်တော်ယူလာတယ်။
                 “သမီးရေ...ဒီနေ့ လည်း အဲဒီဘိုးဘိုးကို ငါးရာပေးခဲ့တယ်”
                 “သမီးရေ...ဒီနေ့ တော့ ယောဂီဘိုးဘိုးက ဆင်းရဲရှာတဲ့ သူ့ မြေးလေး ရှင်မပြုနိုင်လို့ တဲ့ စုပေါင်းရှင်ပြုပွဲမှာ ထည့်ချင်
လို့ တဲ့ ဆိုပြီး သုံးထောင် အလှူခံတယ်။ ဖေဖေလည်း ရှင်ပြုတာ ကောင်းတဲ့ အလုပ်ပဲဆိုပြီး ကုသိုလ်ပါဝင်ခဲ့ပါတယ်ကွယ်”
                 ဖခင်ကြီးပြောတဲ့ ယောဂီပုံပြင်တွေ တဖြည်းဖြည်း ထပ်လာစိပ်လာတော့ ရီရီချို မျက်မှောင်နည်းနည်းကုတ်စ ပြုလာ
တယ်။ ဒါပေမယ့် ဖခင်ကြီး ကတော့မပြောင်းလဲ။ လေကလေးတချွန်ချွန် ပျော်တပြုံးပြုံး ဖြစ်နေဆဲ။
                  တစ်နေ့ အပြင်က ဈေးဝယ်ပြီး ပြန်လာတဲ့ ရီရီချို အိမ်နားအရောက်မှာတော့ အံ့အားသင့်စရာနဲ့ ပက်ပင်းတိုး
မိသွားတယ်။ အညိုရောင်ဝတ် လူတစ်ယောက်က ခြံဝန်းမှာ ကာထားတဲ့ ဗိုလ်ကတော်မျက်ခုံးမွှေးပင်တွေကို လက်နဲ့ ဖြဲပြီး အိမ်ထဲကို ကုန်းကုန်းကြီး ချောင်းကြည့်နေတယ်။
                  ရီရီချို့ ဖိနပ်သံကိုကြားတော့ အဲဒီလူ ချာခနဲ လှည့်ထွက်သွားတယ်။ ရီရီချိုလည်း စိုးရိမ်စိတ်တွေနဲ့ အိမ်ထဲ အလျင်အမြန်ဝင်လာခဲ့တယ်။ အိမ်ထဲရောက်တော့ ဆိုဖာထိုင်ခုံကြီးရဲ့ နောက်မှာ လေးဘက်ကုန်းပြီးပုန်းနေတဲ့ ဖခင်ကြီးကို
ရင်တုန်ပန်းတုန်တွေ့ လိုက်ရတယ်။
                  အကျိုးအကြောင်းမေးကြည့်လိုက်တော့ ဖခင်ကြီးက သက်ပြင်းတစ်ချက်ကို ချတယ်။
                  “ သမီးရယ်...ဖေဖေမှားတာလား ကောက်ချက်ချစမ်းပါ။ ဖေဖေလေ အဲဒီလူအပေါ် တကယ့်ကို သဒ္စါပေါက်ခဲ့ပါတယ်။
ဆင်းရဲရှာတယ်ဆိုပြီး ကြုံသလို လှူခဲ့တယ်။ သူက အချဉ်ထင်သလားမသိဘူး။ သမီးရယ် နေ့ တိုင်းစောင့်တော့တာပဲ။ တစ်နေ့ 
ငါးရာ။ ဖေဖေ ကြာတော့ စိတ်ညစ်လာတယ် သမီးရဲ့။ သဒ္စါကို ဖျက်တဲ့ ပိုးဟာ သဒ္စါ တရားထဲကပဲ ဖြစ်လာတာ။ စကတည်းက သဒ္စါ
တရားကို မပြမိရင် အဖျက်ပိုးလည်း ပေါ်လာစရာ မရှိဘူး။ ဖေဖေ တဖြည်းဖြည်း သဒ္စါ ပျက်လာတဲ့ အချိန်မှာ သူက ရွာပြန်ပြီး
ဘုရားတည်မှာမို့ ငွေသုံးသောင်း လောက် လှူပါလို့ တောင်းတယ်။ ဖေဖေငြင်းလိုက်တာ၊ အဲဒါ တကျည်ကျည်နဲ့ အိမ်ထိလိုက်လာပြီး
အပြင်ဘက်က ချောင်းနေတာ။ အလစ်မှာ အိမ်ထဲ ဝင်ပြီး သူမမြင်အောင် ပုန်းနေရတာ။ ပစ်ပစ်ခါခါ နစ်နစ်နာနာ ပြောရမှာလည်း
အားနာနေတာလေကွယ်။ ဒါပေမဲ့ ဖေဖေ သူ့ အပေါ်မှာ အစကတည်းကကို သဒ္စါတ၇ားထားခဲ့တာ။အဲဒီ သဒ္စါတရားကို ဖေဖေ နှမျောလိုက်တာကွယ်”
                     ဝတ္ထုလေးရဲ့ ခေါင်းစဉ်က “သဒ္စါဖျက်ပိုး” တဲ့။
........................................................................................................................................
                  ခုတလော ကျွန်တော့် အာရုံထဲမှာ လာကပ်ငြိနေတဲ့ ကဗျာတစ်ပုဒ်ရှိပါတယ်။ ကဗျာရေးသူက မန္ထလေးသားကဗျာ
ဆရာ ထွဏ်းသွေးအိမ်။ ကဗျာမရေးတာ နှစ်အနည်းငယ်ကြာခဲ့ပေမယ့် ခုတော့ စိတ်ရော ရင်ရော လူရော နစ်ပြီး ကဗျာတွေပြန်
ရေးနေတာ အားရစရာပါ။ ခေတ်ပြိုင်ခံစားမှုတွေ ဆူဝေနေတဲ့ ဆရာထွဏ်းသွေးအိမ်ရဲ့ ကဗျာကို ရင်ဘတ်ကြီးနဲ့ ခံစားကြည့်
ကြရအောင်။
“လူတွေကတစ်ခုခုဆိုသမ္မတကြီးကိုတိုင်မယ်ဆိုတာချည်းပဲ
နှလုံးထဲမှာစက်ကလေးထည့်ထားတဲ့
လူတစ်ယောက်အတွက်
နှလုံးခုန်တာ
အရမ်းများသွားလို့ဖြစ်ဖြစ်
အရမ်းနည်းသွားလို့ဖြစ်ဖြစ်
တစ်ခုခုဖြစ်သွားရင်တစ်ကယ်မလွယ်ပါဘူး။
သန်း ၆၀ ရှိတဲ့တိုင်းပြည်မှာ
အမှုပေါင်းသန်း ၇၀ လောက်ရှိနေတဲ့
အတွက်မလွယ်တာပါ။
ရခိုင်အရေး
မြစ်ဆုံအရေး
လက်ပန်းတန်းတောင်အရေး
ကချင်နဲ့စစ်ပွဲ
တယ်လီဖုန်းကိစ္စ
အိုဘားမားလဲရယ်ပြ
မိုဟာမတ်ဟာဆင်းလဲပြုံးပြ
ယင်လတ်နဲ့ခဏခဏတွေ့ရတာကတစ်မျိုး
အကြွေးတွေပယ်ဖျက်ပေးတဲ့ဂျပန်ကို
ဆတ်ဆံရတာတစ်မျိုး
စစ်စိမ်းရောင်ကနေ
ထိန်းဆို
အဖြူရောင်ကိုဘယ်တန်းပြောင်းလို့ရမှာလဲ
ခိုစာခေါ်ကျွေးပြီးမှ
ခိုတွေကိုသတ်ပစ်လိုက်တဲ့ထဲသူမပါထင်ရဲ့
ဝလုံးတွေကိုနားလည်ပေးပါသမ္မတကြီး
အသက်ရှုရတာကျပ်လို့ပါ။
ညီမလေးပြည့်ပြည့်ရေ
မင်းပြောသလို
ဘယ်သူ့ကိုမှမယုံရတော့တဲ့ခေတ်ထဲ
ငါတို့လူဖြစ်ခဲ့ကြတာဆိုတော့
တစ်ခုခုဆိုဆူးလေနားမှာ
တစ်ခုခုဆိုကျူံးနဘေးမှာ
ငါတို့
တွေတွေငေးမောခဲ့ကြပြီ။
လိုင်ဇာထိခြေလျင်လျောက်ကြတာလား
ဖယောင်းတိုင်ထွန်းတဲ့ကိုဟန်ဝင်းအောင်
လက်ပံတန်းတောင်ကမအေးအေးဝင်း
လျောက်သွားနေတဲ့ကိုနေမျိုးဝေ
ဒီကဗျာကိုရေးတဲ့မန္တလေးကမြတ်ဆွေ
ဒါတွေကို
သမ္မတကြီးသိချင်မှသိပါ
သမ္မတကြီးသိထားဖို့က
အကုန်လုံးလိုချင်တာငြိမ်းချမ်းရေးပါ။
အစကတော့
ဒီပုတ်ထဲကဒီပဲပါလို့
သံသယနဲ့စောင့်ကြည့်ခဲ့ပါတယ်
အခု
တဖြည်းဖြည်း
တခြားပဲတွေနဲ့မတူခဲ့တဲ့ငါတို့သမ္မတ
ပါဝါမျက်မှန်အဝိုင်းအောက်က
သမ္မတကြီးမျက်လုံးတွေထဲမှာ
အကြင်နာတရားကို
ဖျက်ကနဲတွေ့လိုက်ပါတယ်။
ရှေ့ကိုသွားပါသမ္မတကြီး
အရင်မေးခွန်းတွေကိုဆုတ်ဖြဲပြီး
အားလုံးဖြေနိုင်မဲ့မေးခွန်းတွေနဲ့သွားပါ။
ပြာပူမကြောက်သူတွေအတွက်
ငရဲဆိုတာရှိပါတယ်
တဖြည်းဖြည်းပြည့်လာတဲ့
သမ္မတကြီးရဲ့
ယုံကြည်မှုရေကန်လေးကိုကြည့်ပါ
ဗမာပြည်သူပြည်သားတွေကိုကြည့်ပါ
တစ်ခုခုဆို
ခေါင်းအုံးအောက်က
ရာတန်လေးနှစ်ရွက်ပျောက်တာကအစ
ကိုယ့်သဘောနဲ့ကိုယ်
ကျေနပ်လို့ရောင်းထားတဲ့လယ်သမား
တွေအဆုံး
သမ္မတကြီးဆီတိုင်ချင်နေတော့တာပဲ။ ။
                                                     ထွဏ်းသွေးအိမ်
.......................................................................................................
             ကြောင်လေး တစ်ကောင်ကို ကျွန်တော် တွေ့ ဖူးပါတယ်။ အဲဒီကြောင်လေးက ကုသိုလ်ကံ သိပ်ကောင်းတယ်။ အရင်က
ဆင်းရဲသားအိမ်မှာ ကြီးပျင်းခဲ့ရပေမယ့် တစ်နေ့ မှာ သူဌေးအိမ်က သူ့ ကိုချစ်လို့ အပိုင်မွေးစားလိုက်တယ်။
             အရင်က ကြွက်ခုတ်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရတဲ့ ကြောင်လေးဟာ သူဌေးအိမ်မှာ လိုတိုင်းတ ရတဲ့ ကြောင်မင်းသား
လေးဖြစ်သွားပါရော။ ညောင်လို့ တစ်ခါပဲ အော်လိုက်တာနဲ့ သူလိုချင်တဲ့ အစာကရောက်လာတယ်။ အချိန်တွေကြာလာတော့
သူကြွက် မခုတ်တတ်တော့ဘူး။ သူရဲ့ ပင်ကိုယ်အရည်အသွေးတွေ တုံးအသွားတယ်။ ဆုံးရှုံးသွားတယ်။ နောက်ဆုံးတော့ သူဟာ
ကြောင်ဖျင်းလေးဖြစ်သွားတယ်။ ကြွက်တွေကလည်း သူ့ ကို မကြောက်တော့ဘူး။
             ကြောင်ကလေး အကြောင်းတွေးမိတော့ ကျွန်တော့် အာရုံထဲ “သဒ္စါဖျက်ပိုး”ထဲက ယောဂီဝတ်လူကြီး ဝုန်းခနဲ ရောက်လာ
တယ်။ အဲဒီလို ပြည်သူပြည်သားတွေ ကျွန်တော်တို့ တိုင်းပြည်ကြီးမှာ ဘယ်လောက်တောင်ထူထပ် ပေါများနေပြီလဲ။
                                                          လင်းလက်တာရာ
                                                            ၆၊၂၊ ၂၀၁၃
Monday 4 February 2013
အမြဲစိမ်းတော
   “ရေခြားမြေခြား” ဆိုတဲ့ ဘဝရဲ့ ပရက်တီကယ် စာမျက်နှာ တစ်ရွက်မှာ ကျွန်တော့်အတွက် အမှတ်တရ ဖြစ်စရာ စာပိုဒ်တစ်ပိုဒ်က “ကိုကြီးစော” ပါပဲ။
              မျှော်လင့်ချက်တွေ တစ်လှေကြီးနဲ့ ကောင်းကင်သစ်ဆီ အိပ်မက်တွေ လွှတ်တင်လိုက်တဲ့ ရောင်စုံစက္ကူကလေးတွေထဲမှာ ကျွန်တော်လည်း အပါအဝင်ပေါ့။ ဒီလိုနဲ့  “Rawang”ဆိုတဲ့ တောင်ပတ်လည် ဝိုင်းနေတဲ့ မြို့လေးတစ်မြို့ ရဲ့ “Novel” ဖန်နေချာ
စက်ရုံကြီးက ကျွန်တော့်မနက်ဖြန်တွေ အတွက် ရှူသံပြင်းပြင်း ရှု့ မျှော်ခင်းတစ်ချပ် ဖြစ်လာတယ်။ အဲဒီ စက်ရုံကြီးမှာပဲ ကိုကြီးစောကို အမှတ်ထင်ထင် စတွေ့ တော့တာပဲ။
               “ရွှေတွေ ရောက်လာမယ်ဆိုလို့ မျှော်နေတာ ...ဝမ်းသာတယ်ကွာ၊ လာလာ ညီလေးတို့  ဘာမှ အားမငယ်နဲ့ ကွ။ ပေးပေးအထုတ်တွေ အိတ်တွေ အစ်ကို တို့ ဝိုင်းသယ်ပေးမယ်”
                စက်ရုံရှေ့ ရောက်ရောက်ချင်း တွေ့ ထိလိုက်ရတဲ့ နွေးတွေးပျူငှာတဲ့ အပြုံးနဲ့ အသံချိုချိုက စိုးရိမ်သိမ်ငယ်စိတ်တွေနဲ့ မရဲတရဲဖြစ်နေတဲ့ ကျွန်တော်တို့ စိတ်တွေကို အားမာန်သစ်တွေ ထုဆစ်ပေးလိုက်သလိုပါပဲ။
*************************************************************************
             “အစ်ကို့ နာမည်က ကိုစောမင်း၊ ဒီကိုရောက်တာတော့ တစ်နှစ်ပဲရှိသေးတယ်။ စရောက်တုန်းက တော်တော် ဒုက္ခရောက်တာကွ။ မြန်မာလူခံက မရှိ၊  စကားက နားမလည် ၊၊ အိမ်ကိုပြန်ပြေးချင်စိတ်ကို ပေါက်ရောပဲ။ နောက်တော့လည်း အသားကျသွားတာပါပဲကွာ”
               အဆောင်ရောက်တော့ နေရာထိုင်ခင်းတွေချပေးပြီး မိတ်ဆက်စကားပြောနေတဲ့ ကိုကြီးစောပုံက တကယ့်တရင်းတနှီးညီအရင်းအစ်ကိုပမာ။ ဒီမှာရှိတဲ့ လူဟောင်း ၅ယောက်ထဲမှာ ကိုကြီးစောက အသက်ကြီးဆုံး ထင်ရတယ်။ အရပ်မြင့်မြင့် ၊အသား
ညိုညို ၊ အပြုံးချိုချိုနဲ့ အသက် (၃၅) ဝန်းကျင်လောက်ရှိတဲ့  ပုံပန်းသဏ္လာန်က တစ်ခါ မြင်ဖူးရုံနဲ့ အလွယ်တကူ မှတ်မိစေနိုင်တဲ့ ကိုကြီးစောရဲ့ ခဲခြစ်ကောက်ကြောင်း။
               “အိုဗာစတေးလို့ ခေါ်တဲ့ “အို” ကိစ္စကတော့ ဒီမှာ ခေတ်စားတယ်လို့ ပြောရမယ်။ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေလို့ အို ကြတယ်။တချို့ က ကောင်းတဲ့
နေရာ ရောက်သွားတယ်။ တချို့ က အင်မီဂရေးရှင်းနဲ့ မိပြီး ကွိ သွားကြတယ်။
တချို့ ကတော့ သေသလားရှင်သလားတောင် သတင်းမကြားရဘူး။ ဘာပဲဖြစ်ဖြစ် ချင့်ချင့်ချိန်ချိန် စဉ်းစဉ်းစားစား လုပ်ကြပေါ့ကွာ”
                ကျွန်တော်တို့ ပေါ် ဖြာကျနေတဲ့ ကိုကြီးစောရဲ့ အကြည့်က ဂရုဏာ ဆန်တဲ့ အငွေ့ အသက်တွေ ရောယှက် ဖွဲ့ သီထားတယ်။ သတိတရားတွေ ကို မက်ဆေ့ထည့်ထားတဲ့ စကားတွေပါပဲ။
                 “ပြီးတော့ နိုင်ငံခြားဆိုတာ ပျက်စီးဖို့ သိပ်လွယ်တဲ့ နေရာတစ်ခု။ စိတ်ကို အသိဥာဏ်ချွန်းနဲ့ အုပ်နိုင်မှာ တော်ကာကျတာ။ မိဘဆွေမျိုးသားချင်းနဲ့ ဝေးတဲ့ နေရာဆိုတော့ လွတ်လပ်ချင်တိုင်း လွတ်လပ်တယ်လေ။ လွတ်လပ်တော့ ဘာမဆို လုပ်ဖြစ်နိုင်တယ်။ ဒီနိုင်ငံမှာ အိမ်ကို ငွေမပို့ ပဲ ပျက်စီးနေတဲ့ လူငယ်တွေအများကြီးပဲ။
ရောက်တဲ့အချိန်လေးမှာကြိုးကြိုးစားစားလုပ်၊ငွေစုပြီး ပြန်တာ အကောင်းဆုံးပဲ”
                  ကိုကြီးစော ပြောမှပဲနိုင်ငံခြားဆိုတာကြီးက ကျောချမ်းလာတယ်။ ဟော..ခုနက
ကျောကော့အောင် ပူနေတဲ့ နေဟာရုတ်တရက် မိုးသီးမိုးပေါက်တွေ ဝုန်းဒိုင်ကျဲ ရွာကျလာတယ်။ မလေးရှားရဲ့ ရာသီဥတုကြီးက ဒီလိုကြီးလား။
                   ကိုကြီးစောရဲ့ အသံတွေကတော့ မိုးသံလေသံတွေကို ဆန်တတ်နေဆဲ။
                  “ ဆရာကြီး လုပ်တာတော့ မဟုတ်ဘူး။ ညီလေးတို့ အတွက် အစိမ်းသက်သက် ဖြစ်နေတဲ့ “နိုင်ငံခြား”ဆိုတဲ့ ဘာသာဗေဒကြီးကို နည်းနည်းလောက် မိတ်ဆက်ပေးလိုက်တာ။ နောက်ဆိုရင်တော့ မမြင်ချင်မှ အဆုံး၊ မကြားချင် မတွေ့ ချင်မှ
အဆုံး ညီလေးတို့ နဖူးတွေ့ ဒူးတွေ့  တွေ့ လာကြမှာပါ။ ညီလေးတို့ ဘာအခက်အခဲပဲ ရှိရှိ ပြောပါ။ အစ်ကိုတို့ တတ်နိုင်သလောက်ကူညီပေးဖို့ အသင့်ပဲ။ ရေခြားမြေခြားမှာ ကိုယ့်လူမျိုးအချင်းချင်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေကြကွ။ အရေးကြီးရင် သွေး
နီးရတယ်။ ကဲကဲ... ညီလေးတို့ လည်း ခရီးပန်းလာကြပြီဆိုတော့ ထမင်းစားသောက်ပြီး အနားယူကြ။ မန်နေဂျာက ဒီနေ့ မြန်မာလူသစ် ၆ ယောက် ရောက်မယ်ပြောထားလို့  ညီလေးတို့ အတွက် အစ်ကိုတို့ ထမင်းဟင်းတွေ ချက်ထားတာ”
                    အပြင်မှာတော့ မလေးရှားမိုးက ပိုပြီးသည်းလာတယ်။
****************************************************************************
                     ကျွန်တော်တို့ လူသစ်တွေကို လုပ်ငန်းခွင် နေရာချပေးတော့ ကျွန်တော်က ကိုကြီးစောရဲ့ ဆိုက်ဒ် ကို ရောက်သွား
တယ်။ သစ်သားအသေးစားတွေကို စက်နဲ့ ဖြတ်ရတာ။ သိပ်တော့ မပင်ပန်းပါဘူး။
                       ဒီဆိုက်ဒ်မှာက စက် ၆ လုံးရှိတယ်။ လူက ၇ ယောက်။ နီပေါ ၁ ယောက် ၊ ဘင်္ဂလား ၂ ယောက်၊ အင်ဒို ၁ ယောက်၊ တရုတ်စူပါဗိုက်စာ ၁ ယောက်၊ ပြီးတော့ ကိုကြီးစောနဲ့ ကျွန်တော်။
                     ကိုကြီးစောကတော့ ကျွန်တော့်ကို လုပ်ငန်းနဲ့ ပတ်သက်ပြီး အသေးစိပ်သင်ပေးတယ်။ ကံကောင်းတယ်ပြောရမယ်။ မြန်မာလူခံ ရှိတဲ့ ဆိုက်ဒ် ကိုရောက်ခဲ့ တော့ အခက်အခဲ သိပ်မရှိဘူး။ ကျောက်ပန်းတောင်းက သန်းဦးဆို မြန်မာလူခံ
မရှိတဲ့ ဘင်္ဂလားဆိုက်ဒ် ကို ရောက်သွားတာ။ လူကောင်ကညပ်ညပ်၊ ကြောက်တတ်တာလည်း ၂ယောက် မရှိဘူး။ မလေးလိုကနားမလည်၊ E လို က မရ။ ပြောတာ တခြား၊ လုပ်တာ တခြား။ အော်ဟစ် ဆူငေါက်ခံရတာလည်း အကြိမ်ကြိမ်။ အဆောင်ပြန်ရောက်တော့ ညည်းတယ်။
                    “ရွာက ၃ ဧက လယ်ကွက်ကြီးကိုပဲ စပါးပြေးရိတ်လိုက်ချင်တော့တယ် ” တဲ့။
                    ရက်အနည်းငယ် မှာပဲ ကိုကြီးစောရဲ့ မိသားစု အကြောင်းတွေ ကျွန်တော် သိခွင့်ရခဲ့တယ်။ အလုပ် အတူလုပ်ရင်းသူ့ အကြောင်းကိုယ်မေး၊ ကိုယ့်အကြောင်းသူမေးနဲ့ ၊ မြန်မာပြည်လွမ်းခန်းတွေ ဖွင့်ရင်းပေါ့။
                   “ အစ်ကို ဒီကိုရောက်တာ ၁ နှစ် ရှိပြီ။ အကြွေးမကျေသေးဘူး။ အစ်ကိုလည်း ကျစ်ကျစ်ပါအောင်စုပြီး ပို့ နေတာပဲ။ လာတုန်းက အတိုးတွေ ဆွဲလာရတာ၊ အတိုးပေါ် အတိုးဆင့်ပြီး ကျေကိုမကျေနိုင်သေးတာ။ အိမ်က မိသားစုကလည်းအစ်ကို့ ကို မှီခိုနေရတော့ အကြွေးကို လုံးခနဲ မဆပ်နိုင်ဘူး။သုံးလိုက်ဆပ်လိုက်၊ဆပ်လိုက်သုံးလိုက်နဲ့ 
ဂျာအေးသူ့ မေရိုက်ပြီးကြွေးတာရှည်နေတာ။ အိမ်က စားစရိတ်၊ သုံးစရိတ်၊ ကျောင်းစရိတ်၊ လူမှုရေးစရိတ် တွေကလည်း တစ်လတစ်လ မနည်းဘူး။
                     သားကြီးက ၁၀ တန်၊ သမီးလတ်က ၈ တန်း၊ အငယ်ကောင်လေးက ၅ တန်း၊ ကျူရှင်ခကပဲ တော်တော်ကျနေပြီ။အငယ်ကောင်လေးက ကျန်းမာရေး သိပ်ကောင်းတာ မဟုတ်ဘူး။ ချူချာတယ်။ ဆေးခန်း ခဏခဏ ပြနေရတာ။ တွက်ကြည့်ပေါ့ကွာ။ ဒါတောင် မိန်းမက တစ်နိုင်တစ်ပိုင် စက်လေးချုပ်လို့ ကွ။ အကြွေးမကျေသေးတော့ အသက်ရှုရတာ နည်းနည်းကျပ်တာပေါ့ကွာ”
                     ကိုကြီးစောရဲ့ ဘဝအမောတွေက ကျွန်တော့်ရင်ဘတ်ကို ဂျပ်ပင်ထိုးလိုက်သလို စီးကူးလာတယ်။ တဆက်တည်းဆိုသလို အဖေ၊ အမေ နဲ့ ညီမလေးတို့ ရဲ့ ပုံရိပ်တွေက ကျွန်တော့်အာရုံမှာ လျှက်စီးတွေလို တဖျပ်ဖျပ်။
                      “ငါ့ညီက ကျောင်းပြီးအောင် မတက်ဘဲ ဘာဖြစ်လို့ ဒီကိုလာရတာလဲ”
                      ကိုကြီးစောရဲ့ အမေးစကားက ကျွန်တော့် သက်ပြင်းမော တစ်ခုကို ခိုးထုတ်သယ်ယူသွားတယ်။
                      “ကံဇာတ်ဆရာရဲ့ အလိုပေါ့ ကိုကြီးစောရာ။ ကျွန်တော် ဒုတိယနှစ် ဖြေပြီးတဲ့ နှစ်မှာအဖေဆုံးတယ်။ ညီမလေးက၁၀ တန်းအောင်တယ်။ နည်းပညာတက္ကသိုလ် ဝင်ခွင့်ရတယ်။ ကျွန်တော်တို့ မိသားစုက အဖေ့လုပ်အားနဲ့ ကျားကန်ခဲ့ရတာလေ၊
အဖေမရှိတော့ မိသားစု စီးပွားရေးက သိသိသာသာကြီး ယိမ်းယိုင်သွားတယ်။ အမေကလည်း အဖေ့ကို မှီခိုခဲ့ရတဲ့ သူဆိုတော့စီးပွားရေးသိပ်လုပ်တတ်တာ မဟုတ်ဘူး။ ညီမလေးရဲ့ ကျောင်းစရိတ်ကလည်း တော်တော် ကုန်ဦးမှာ။ အစ်ကိုကြီး အဖရာတဲ့။
ဒါနဲ့ ပဲ ညီမလေး အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ ကျွန်တော် ဝိဇ္ဖာဘွဲ့ မယူဘဲ ဒီကို ထွက်လာခဲ့တာ။
                       အမေကတော့ ကျွန်တော့်ဆုံးဖြတ်ချက်ကိုကန့် ကွက်ပါတယ်။ သူ့ သားနဲ့ သမီးကို ဘွဲ့ ရတဲ့ အထိ ကြိုးစားပြီး ကျောင်းထားပေးမယ်တဲ့။ ကျွန်တော် အမေ ပင်ပန်းမှာကို မကြည့်ရက်ပါဘူး။ အမေ့ ကို မရမက နားချပြီးမှ ဒီလမ်းကို လျှောက်ခဲ့တာ”
                        ကိုကြီးစောရဲ့ မျက်နှာပေါ်မှာ အဓိပ္မါယ် ပြည့်ဝတဲ့ အပြုံးတစ်ပွင့်ကို ကျွန်တော် လတ်လတ်ဆက်ဆက် တွေ့ ခွင့်ရလိုက်တယ်။
   *********************************************************************
                        ဆေးဆိုက်ဒ်ဘက်မှ ရုန်းရင်းဆန်ခတ် အသံတွေက ကျွန်တော့်အာရုံကို လေပွေတစ်ချက်လို့ ဝင်မွှေ့ သွားတယ်။ ကြည့်လိုက်တော့...
                       “ဟာ”
                        အာမေဍ္ဍိတ်သံ တစ်ခုက ကျွန်တော့် ပါးစပ်ထဲကနေ ခုန်ထွက်သွားတယ်။ ကိုကြီးစောက ဘင်္ဂလားတစ်ယောက်ကို သူ့ ညာလက်သီးနဲ့ လေးငါးချက် ဆက်တိုက် ကျွေးနေတာ။
                       ရုတ်တရက်..ကျွန်တော် စိတ်က ကျွန်တော့်ခြေလှမ်းတွေကို သယ်ဆောင်သွားတယ်။ ကျွန်တော်ရောက်သွားတော့ ရန်ပွဲက ရှဲ သွားပြီ။ အလုပ်သမားတွေ၊ စူပါဗိုက်စာတွေ ဝိုင်းခွဲပေးလို့ ။
                      ကိုကြီးစော လက်သီးစာမိသွားတဲ့ ဘင်္ဂလားကတော့ မျက်နှာတစ်ပြင်လုံး ညိုညိုမည်းမည်း။ နှုတ်ခမ်းကွဲပြီးသွေးတွေစီးကျနေတယ်။ ကိုကြီးစောကတော့ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီတွတ်လို့ ။ အဲဒီ ဘင်္ဂလားကောင်ကို လက်ညှိုး
ငေါက်ငေါက်ထိုးပြီး ပါးစပ်ကလည်း စက်သေနတ်လို တရစပ်ပစ်ခတ်လို့ ။
                     ကိုကြီးစောဘေးနားမှာတော့ ဇီးစေ့လောက် မျက်နှာလေးနဲ့ အသားတွေ တဆတ်ဆတ်တုန်နေသူက သန်းဦး။ရှေ့ ဆင့်နောက်ဆင့် ဆိုသလို.. လူဟောင်းတွေ  ဖြစ်တဲ့ ကိုမောင်ထွန်း၊ ကိုဖိုးထောင်၊ ကိုအောင်ကြီးတို့ ရောက်လာကြတယ်။
                   “ ကိုစော...ဘယ်လိုဖြစ်တာလဲဗျ”
                   ကိုမောင်ထွန်းက ရောက်ရောက်ချင်း စိုးရိမ်တကြီး မေးတယ်။
                  “ ဘယ်လိုဖြစ်ရမှာလဲ၊ ဒီခွေးမသားပေါ့၊ သန်းဦးကို ခြေထောက်နဲ့ ခိုင်းနေတာ၊ ငါက တွိုင်းလက် လာရင်းတွေ့ လို့ 
မခံချင်တာနဲ့ ဝင်ကျွေးလိုက်တာ”
                   တောက်ခေါက်သံတွေ ညံသွားတယ်။ ဘင်္ဂလားကောင်ကိုလည်း အမှုန့် ကြိတ်ပစ်မတတ် ကြည့်လိုက်မိကြတယ်။ မန်နေဂျာ ရောက်လာတော့ ရန်ဖြစ်တဲ့ ကိုကြီးစောနဲ့ ဘင်္ဂလားကောင်ကို ရုံးခန်းခေါ်သွားတယ်။
                   ညဘက် အိုတီ ဆင်းပြီးလို့ အဆောင်ပြန်ရောက်တော့ ကိုကြီးစော လဝက်တိတိ အလုပ်ဆင်းခွင့် ဖိုင်းချခံလိုက်ရပြီဆိုတဲ့ သတင်းက ကျွန်တော့်ရင်ဘတ်ကိုလာမှန်တယ်။ နောက်တစ်ခါ ရန်ထပ်ဖြစ်ရင် မြန်မာပြည် ပြန်ပို့ ခံရမယ် ဆိုတဲ့ ရာဇသံတောင်ပါသေး။
                     ကျွန်တော် ကိုကြီးစောအတွက် စိတ်မကောင်းဖြစ်သွားတယ်။ ဝမ်းနည်းပေးရုံကလွဲပြီး ဘာမှ မတတ်နိုင်။ ကိုကြီးစော ကတော့ အပြုံး မပျက်။ သူ့ လုပ်ရပ်ကို နည်းနည်းလေးမှ နောင်တ မရတဲ့ပုံ။
********************************************************************
                     ကျွန်တော်တို့ အိမ်ဝေးငှက်တွေ အဖို့  လစာရတဲ့  နေ့ ဟာ အပျော်တွေ ဖိတ်လျှံကျရတဲ့ နေ့ တစ်နေ့ ပါပဲ။ မှတ်မှတ်ရရ။ ကိုကြီးစော အလုပ် ပြန်ဆင်းခွင့်ရတဲ့ နေ့ မှာပဲ ကျွန်တော်တို့ တွေ လစာရကြတယ်။
                     ညနေပိုင်း အိုတီ မဆင်းပဲ မြန်မာတွေ အုပ်စုဖွဲ့ ပြီးမြို့ထဲ ထွက်ခဲ့တယ်။ မြန်မာဆိုင်မှာ ငွေသွားလွှဲ၊ စားချင်တာလေးစား၊ ဝယ်ချင်တာလေးဝယ်။ ကျွန်တော်တို့ လူသစ်တွေ အဖို့ ကတော့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊  လွမ်းဆွတ်ခြင်းတွေက
နောနော် သီချင်းလို အတိုင်းထက် အလွန်။  ပထမဦးဆုံးရတဲ့ လုပ်အားခလေးကို မိဘဆီပို့ ခွင့်ရလို့ ။ ပြီးတော့ ကိုယ့်မိဘရဲ့ အသံ၊ ကိုယ့်ညီအစ်ကို မောင်နှမတွေ ရဲ့ အသံတွေကို ကြားခွင့်ရတော့မှာ မို့ လို့ ပါ။
                      ညောင်တုန်းက စိုးမိုး၊ သုံးခွက ဇော်ထက်၊ မကွေးက အောင်မြင့်တို့ ကတော့ အိမ်ကို ငွေမပို့ ပဲ ဖုန်းဝယ်လိုက်ကြတယ်။ သူတို့ ကတော့ အပူအပင် သိပ်မရှိတဲ့ ပုံ။ ကျွန်တော်ကတော့ ဖုန်းဝယ်ဖို့  စိတ်မကူးအား။ အမေနဲ့ ညီမလေးဆိုတဲ့ ခေါင်းစဉ်
က ကျွန်တော့် ရင်ဘတ်ထဲမှာ။
                       “အိမ်ကို ငွေအရင်ပို့ ကွ၊ ဖုန်းက သိပ်အရေးကြီးတာ မဟုတ်ဘူး။ အဆင်ပြေတော့မှ ဝယ်၊ လောလောဆယ်
အစ်ကို့ ဖုန်းကို ယူသုံးပေါ့”
                      ကိုကြီးစောရဲ့ စကားကလည်း ကျွန်တော့် အတွေးထဲမှာ အမှန်တရားတစ်ခု။ စားစရိတ်လောက်ပဲ ချန်ပြီး ကျန်တာအိမ်ကို အကုန်လွှဲလိုက်တယ်။ ညဘက် ... ကိုကြီးစောဖုန်းနဲ့ အမေနဲ့ ညီမလေးဆီ ဖုန်းဆက်ဖြစ်တယ်။ ကြည်နူးခြင်း၊
ပျော်ရွှင်ခြင်း၊ လွမ်းဆွတ်ခြင်း၊ ဝမ်းနည်းခြင်းတွေက ရောင်စုံပူပေါင်းလေးတွေလို ပလုံစီလို့ ။
                        ကိုကြီးစောကတော့ ကျွန်တော့်ကို ကြည့်ပြီး ကျေနပ်ပြုံး ပြုံးနေပေမယ့် ကျွန်တော့်ရင်ထဲမှာ တစ်တစ်ဆို့ ဆို့ ကြီး။ ဒီလ အိမ်ကို ငွေမပို့ နိုင်သူတွေထဲမှာ ကိုကြီးစောပါနေလို့ လေ။ စက်ရုံရဲ့ စည်းမျဉ်းအရ...အလုပ်ဆင်းချိန် ရာခိုင်နုန်း
မပြည့်မီသူတွေကို လစာထုတ်မပေးဘုးတဲ့။
**********************************************************************
                    “ကြယ်တွေစုံတဲ့ည......ကိုယ့်အိပ်မက်လေးရယ်.....ကြယ်တွေစုံတဲ့ည .....ဘဝ မျှော်လင့်ခြင်းရယ်........ရင်ခုန်သံနဲ့ ထုဆစ်ထားတဲ့......... သီချင်းတွေလည်း........”
                     ဦးငှက်ကြီးရဲ့ သီချင်းသံလေးက လွမ်းမောဆွတ်ပျံ့ ဖွယ် စီးမျောထွက်ကျလာတယ်။ ဘောင်းဘီအိတ်ထဲကဖုန်းလေးကို ကိုကြီးစော နိုက်ယူလိုက်တယ်။ ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ ကပျာကယာဖြစ်သွားတယ်။ စက်သံတွေနဲ့ ဆူညံနေ
တော့ နောက်ထဲက သစ်ပုံဘက် သွားပြောနေတယ်။
                    ပြန်လာတော့ ကိုကြီးစော မျက်နှာက ကောင်းကင်မှာ ဆင်နေတဲ့ တိမ်မည်းတွေလို။
                  “ဘယ်သူဆက်တာလဲ ကိုကြီးစော”
                  ကျွန်တော့်အမေးကို ချက်ချင်းမဖြေနိုင်။ နဖူးက ချွေးစက်တွေကို သုတ်ပြီး ပင့်သက်ရှည် တစ်ခုကို မှုတ်လိုက်တယ်။
                 “အိမ်က ဆက်တာ...အငယ်ကောင် ကျန်းမာရေး တော်တော် ဆိုးနေတယ်တဲ့။ ဆရာဝန်က အချိန်မီ ဆေးရုံတင်ခိုင်း
နေတယ်။ အရေးပေါ် ခွဲစိပ်ရမယ် ပြောတာပဲ။ ပိုက်ဆံ တော်တော် ကုန်မယ်တဲ့။ ငါ့ညီ သိတဲ့ အတိုင်း အစ်ကို ဒီလ.....”
                  ကိုကြီးစောရဲ့ အသံတွေ တိမ်ဝင်သွားတယ်။ မျက်နှာတစ်ခုလုံးလည်း ညိုမှိုင်းလို့ ။ ကျွန်တော့်စိတ်တွေလည်း ကိုကြီးစောနဲ့ ထပ်တူ လေးလံ တင်းကျပ် သွားတယ်။ ဖုန်းလာပြီး ကတည်းက ကိုကြီးစော တက်တက်ကြွကြွ မရှိတော့ဘူး။ ငေးငေး
ငိုင်ငိုင်၊ မှိုင်မှိုင်တွေတွေ နဲ့ ။ စိတ်နဲ့ လူနဲ့ ကပ်ပုံမပေါ်ဘူး။  ကျွန်တော် ကိုကြီးစောကို ကိုယ်ချင်းစာနာ နားလည်နေမိတယ်။ဖြစ်နိုင်ရင်...ကိုကြီးစောရဲ့ အခက်အခဲတွေကို ကူညီ ဖြည့်ဆည်းပေးချင်ပါရဲ့။
                   “အား”
                    ရုတ်တရက်...နာကျင်အက်ကွဲတဲ့ အသံရှရှက စက်သံတွေနဲ့ ဆူညံနေတဲ့ ကျွန်တော်တို့ တစ်ဆိုက်ဒ်လုံးကို လွှမ်းမိုးဖုံးအုပ်သွားတယ်။ ကျွန်တော် အလန့် တကြားကြည့်လိုက်တော့...
                  “ဟာ.....ကိုကြီးစော”
                   ကျွန်တော့်မျက်လုံးတွေ ပြာသွားတယ်။ ဟုတ်တယ်။ ကိုကြီးစောရဲ့ ဘယ်ဘက်လက်ချောင်းတွေမှာ ချင်းချင်းနီနေတဲ့ သွေးတွေ။ ဖြတ်စက်ရဲ့ စက်ဝိုင်းသဏ္လာန် လွှသွားဘေးမှာတော့ တဆတ်ဆတ် တုန်ခါနေတဲ့ လက်ဆစ်လေး သုံးဆစ်။
**************************************************************************
                    ဆေးရုံက ဆင်းလာတဲ့ နေ့ မှာပဲ ကျွန်တော် ဘယ်လိုမှ ထင်မှတ်မထားတဲ့ စကားကို ကိုကြီးစောက ပြောလာတယ်။
                   “ညီလေးရေ...အစ်ကို ဒီနေ့ အိမ်ကို ငွေလွှဲလိုက်တယ်ကွ” တဲ့။
                    ကိုကြီးစောရဲ့ အသံက နာကျင်မှုတွေ ကင်းစင်လို့ အားမာန်တွေ သစ်လွင်နေတာ သိသာပါတယ်။ ကျွန်တော်အံ့သြသွားတယ်။ ဘယ်ကရတဲ့ ပိုက်ဆံနဲ့ ပို့ လိုက်တာလဲ။ ကျွန်တော် စဉ်းစားမရ။ အငမ်းမရ မေးကြည့်လိုက်တော့...
                  “ ဒီမှာ အလုပ်သမားဥပဒေ ဆိုတာ ရှိတယ်လေကွာ၊ အလုပ်ခွင်ထဲမှာ အန္တရာယ် ဖြစ်ရင် ထိုက်သင့်တဲ့ အကျိုးခံစားခွင့် ရတယ်။ ဒါလည်း သူဌေးကောင်းမှ ပါကွာ။ အစ်ကိုကတော့ သူဌေးကောင်းလို့ ငွေပို့ နိုင်တာ။ ဘာပဲဖြစ်ဖြစ် သားလေးရဲ့ အသက်ကို ကယ်တင်နိုင်တော့မှာမို့ လို့  အစ်ကိုကတော့ အတိုင်းမသိ ကျေနပ်ပီတိ ဖြစ်မိတယ်ကွာ”
                    ကျွန်တော့်ရင်ထဲ လှိုက်ခနဲ ဖြစ်သွားတယ်။ ကြည်နူးခြင်းတွေလား၊ ကျေနပ်ခြင်းတွေလား။ ပျော်ရွှင်ခြင်းတွေလား၊
ဆွတ်ကျင်ခြင်းတွေလား။ ဝေခွဲမရတဲ့ ခံစားမှုတွေက နှလုံးသားမြစ်တကြောမှာ စီးမျောသွားလေရဲ့။  
                     ကိုကြီးစောကတော့ ငုံးတိဖြစ်နေတဲ့ သူ့ လက်သုံးချောင်းကိုကြည့်ပြီး ပြုံးလို့ ။ ပီိတိပြုံးစစ်စစ်။ ဖုန်းပါဝါကို ဖွင့်လိုက်တော့ wallpaper တင်ထားတဲ့ သူ့ မိသားစုပုံလေးက ဖျက်ခနဲ ပေါ်လာတယ်။
                                                              လင်းလက်တာရာ
                                                                   ၂၉၊၇၊၂၀၁၂
25.Com
မုဆိုးမတစ်ယောက်ရဲ့ ညလို အထီးကျန်ဆန်ဖြတ်သန်းနေရတဲ့ အထဲ
ကန္တာရဆူးတစ်ပင်လို သွေ့ အက်ခြောက်ကွဲ နေရပြန်တယ်
မေမေရေ  ရေပေးပါ အပြာရောင်ဂျင်းအင်္ကျီလေးဝတ်ထားတဲ့ လမင်းလေးရေ ရေပေးပါ
ကျွန်တော်ရဲ့ အနာအဆာများတဲ့ အခါးသီးတွေကို ခူးဆွတ်ရိပ်သိမ်း ရေတွက်ပေးကြပါ
လူ့ ဘဝရဲ့ စည်းစိမ်ဟာ ဒီခုက္ခတောကြီးပေါ့ ဒီဒုက္ခတောလားကြီးပေါ့
ပျော်ပျော်ကြီးမောပြီး မောမောကြီးပျော်
အော်ခေါ်ခဲ့သမျှ အကျယ်ဆုံးပါပဲ နစ်မြုပ်ခဲ့သမျှ အနက်ရိုင်းဆုံးပါပဲ
ဝုန်းခနဲ ငိုချလိုက်တဲ့ မိုးမှာ နေရောင်လည်း ခွေးပြေးဝက်ပြေး
ဒီမြေဒီရေဒီလေဟာ ကျွန်တော်နဲ့ အံမဝင်တဲ့ ဝက်အူ ကျွန်တော့်ကို ဖွင့်မရသေးတဲ့သော့
ကယောင်ချောက်ချားစိတ်ဟာ ကယောင်ကတန်း လမ်းမကြီးပေါ်ပြေးနေတယ်
ကာဘွန်ဒိုင်တွေကြား စိုက်ထားတဲ့ အသက်ဟာ အခက်အလက်အသီးအပွင့် မစုံဘူး
ကျွန်တော့်ကွက်လပ်တွေထဲမှာ ကျောက်တုံးကျောက်စိုင်လို မာခဲတောင့်တင်းနေတဲ့ မေးခွန်းတွေ
ကျွန်တော့်အယ်လ်ဘမ်ထဲမှာ လက်သီးနဲ့ အထိုးခံထားရတဲ့ မြို့ပြမျက်နှာတွေ
ဖြစ်ချင်သလိုဖြစ် ပျက်ချင်သလိုပျက်နေတဲ့ ခေတ်ထဲ သရုပ်မှန်ပေတံကြီးက အလစ်ဝင်ဝင်ရိုက်တယ်
အစဆွဲထုတ်လိုက်ရင်လည်း ကိုယ့်အူသံတွေပဲ အခွေလိုက်ကြီးကျလာမှာ
ရုပ်ဝတ္ထုတွေနောက်လိုက်ရတာ စိတ်တွေပါးပါးလာပြီ
လူ့ ဈေးထဲ အိပ်မက်တွေ ယင်တလောင်းလောင်း
သမ္မာအာဇီဝရနံ့ လေးကိုတော့ ရေမွှေးမစွတ်လိုက်ပါနဲ့ 
ကျွန်တော့်နံကြားတည့်တည့်မှာ ဘယ်အချိန်ကတည်းက စိုက်ဝင်နေမှန်းမသိတဲ့
သပ်တစ်ချောင်းဟာ သစ္စာတရားနာမည်နဲ့ ခမ်းခမ်းနားနား
လွတ်လပ်မှုတွေကို အုန်းသီးတစ်လုံးလိုအစိမ်းလိုက် ခွဲချပစ်လိုက်တယ်
ဘတ္ထရီ ဇီးရိုးပွိုင့်ဇီးရိုးဇီးရိုးအထိ ဖုန်းပြောပစ်မိတာ အချစ်ပေါ့
သူမရဲ့ကြင်နာမှုတွေကို နွားတစ်ကောင်ရေငတ်သလို ငတ်လို့ 
သတိရခြင်းတွေထဲ ရှော့ခ်ဖြစ်နေတဲ့ ဝါယာကြိုးတစ်ချောင်းဟာ ကျွန်တော်
အလင်းနံရံကြီးကို ခေါင်းနဲ့ ပြေးပြေးဆောင့်နေတဲ့ မျက်ကန်းငှက်တစ်ကောင်ဟာ ကျွန်တော်
ပုထုဇဉ်ပီပီ အပြုံးတုကို အစစ်ဖြစ်အောင် ထုနှက် ဖြည့်စွက် ပြုပြင် စီမံ
လူမှုဆက်ဆံရေးမှာ like ဟာ ရေပေါ်ဆီ ဒါမှမဟုတ် လောင်စာဆီ
လိုင်းပေါ်က အရှုပ်ထုပ်တွေဟာ မင်းတို့ ငါတို့ များ ဖြစ်နေပြီလား
စကားလုံးအမှိုက်ပုံကြီးကို ကျွန်တော် တံမြက်စည်းလှဲပါရစေ
လူသားဝါဒဟာ ဝါကျအချုပ်အနှောင်တွေနဲ့  ဖန်လုံအိမ်ထောင်ကြီးနဲ့ 
စောင့်ကြည့်ခံ ကစားသမားတွေဟာ ကျွန်တော် ခင်ဗျား
မျဉ်းသားထားတဲ့ စာသားအစုအဝေးတွေဟာ ကျွန်တော် ခင်ဗျား
ချွေးစသွေးနတွေ အပြိုင်းပြိုင်းကျနေတဲ့ ရိုဘော့တွေ ဟာ ကျွန်တော် ခင်ဗျား
ကြည့်စမ်း အာရုံခံစားမှုကို အဝီစိထိ တူးကြည့်လိုက်စမ်း
ယဉ်ကျေးမှုစစ်စစ်တွေကို စစ်တိုက်ယူနေကြတဲ့ သောက်ရူးတွေ
လူဆိုတော့လည်း ခွေးထက်ပိုမိုက် ခွေးထက်ပိုရိုင်း
ပြည်သူတွေကရော ပြည်သူပီသတဲ့ ပြည်သူတွေလို့ ဘယ်ပြည်သူ အာမခံပါသလဲ
အော်ဂလီဆန်စရာကောင်းတဲ့ ပြဇာတ်အတူးကြီး
တပ်မက်မှု ပြတင်းပေါက်ထဲ စိတ်တဆုံးလက်တဆုံး  နိုက်ပစ်မိတော့မယ် စိတ်ရှိလက်ရှိ
ကျွန်တော်တို့ တက်နင်းထားလို့ ပြားနေတဲ့ ကမ္ဘာကြီး အခု ခဏခဏ အန်နေပြီ
ကျပ်မပြည့်တဲ့ လူကြီးတွေက အနုမြူဗုံးချင်း ကျောက်ဒိုးရိုက်မယ်တကဲကဲ
သဘာဝတရားကြီးကလည်း ကျွန်တော့်ကောင်မလေးရဲ့
နှုတ်ခမ်းပါးလေးလောက်တောင် ကျက်သရေမရှိတော့ဘူး
ခေါ်ပါ  ချိုးငှက်တွေ ပျံဝဲနေတဲ့ ကောင်းကင်ကြီးကို လက်ယက်ခေါ်ပါ
လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တယ်ဆိုတာ
လူတစ်ယောက်က လူတစ်ယောက်ကို ကိုယ်စိတ်နှလုံးသုံးပါးစလုံး အပိုင်ပေးလိုက်တာပဲ
မျက်ရည်မသုံးစွဲတဲ့ မြို့လေးတစ်မြို့လောက်တောင် လောကကြီးခမျှာ မပိုင်ဆိုင်နိုင်ရှာသေးဘူး
စားလက်စ ထမင်းရပ်တန့် သွားတဲ့အထိ ဆာဟာရထဲက ကလေးလေးကို ကျွန်တော်ငေးကြည့်နေမိတယ်
(ရင်ပြင်ညီမျဉ်းတစ်ကြောင်း အရေးပေါ် ဆွဲလိုက်ချင်တော့တာပဲ)၃
ချစ်ခြင်းမေတ္ထာနဲ့ အနုပညာသာရှိရင် ကျွန်တော်သေရဲပြီ ကျွန်တော် တကယ်သေရဲပါပြီ
( ဖေဖော်ရီ ၄ ရက်နေ့ မှာ ကျရောက်မယ့် ၂၅ နှစ်မြောက် မွေးနေ့ လေးသို့ )
                                                                လင်းလက်တာရာ
                                                                    ၂၉၊ ၁၊၂၀၁၃
စကားစမြည်စိုက်ခင်း
Family Magazine
No 133 ,February ,2013
တစက်စက်ကျနေတဲ့အလင်းဟာ အလင်းခေတ်အဆက်ဆက်အတွက်
နှစ်ဆယ့်ငါးဆိုတော့ ဇာတ်ရှိန်တက်နေတဲ့စာမျက်နှာပေါ့
ဘဝက ခဏနားပြီးဖတ်လို့ရတဲ့ဝတ္ထုမဟုတ်ဘူး သားကြီး
အရှိန်ကောင်းရင် လွှတ်မောင်းပစ်လိုက်ကွာ
အချစ်နဲ့ခေတ်က မတိုးလည်းတိုက်မိနေတာပဲ
ဘယ်လိုကတ္တရာလမ်းကများ မင်းအနုပညာကိုပေါက်ပြဲနိုင်မှာလ
ဘယ်လိုချောက်ကများ စိတ်ခံစားမှုထက်ပိုနက်လို့လဲ
လိုအပ်လို့ရော လင်းခွင့်ရှိလား
မလိုအပ်လို့ရော ငြင်းခွင့်ရှိလား
ငါတို့ရတဲ့လူငယ်ဘဝဟာ ဘုရားသခင်အမြင်ကပ်ကပ်နဲ့ပို့လိုက်တဲ့အီးမေးလ်
ပြဌာန်းစာအုပ်ကြားအညုပ်ခံရတဲ့ စွယ်တော်ရွက်ခြောက်
သွေးစိမ်းရှင်ရှင်ထွက်နေတဲ့အိပ်မက်ဟာ နိုင်ငံကူးလက်မှတ်အနီပေါ့
ငါတို့ထူသလောက် ပါးပါးလာတဲ့လက္ခဏာကို သံလိုက်အိမ်မြှောင်လိုကြည့်လို့
ဘာထူးလို့လဲကွာ
ကမ္ဘာ့မြေပုံပေါ် ပေါက်ပေါက်ဆုပ်တွေလို အကြဲခံခဲ့ရ
ဖဲကြိုးလို အဖြတ်ခံခဲ့ရ
မိုးပျံပူဖောင်းလောက်မှ ခဏတဖြုတ်အမြင့်မတက်နိုင်တဲ့ မိသားစုဟာနေရောင်အောက်မှာ ပေါက်ပြဲခံသက်သက့်
မိုးပျံအဆောက်အဉီးတွေမြင့်သည်ထက်မြင့်ဖို့တော့ ငါတို့နိမ့်သည်ထက်နိမ့်ပေးရ
ခန္ခာကိုယ်အတွက် ခန္ဓာကိုယ်ပြန်ရင်းရတဲ့ ပြည့်တန်ဆာတွေလို
ငါတို့ ဒဏ်ရာနဲ့လဲယူရတဲ့ ဒေါ်လာကရောတန်ရဲ့လားကွာ
တန်ရာတန်ကြေးမပေးလည်း ကြေးစားဆန်လို့မရတာ ကြေကွဲမှုပဲ
မင်းက လေထဲကအလွမ်းလေးမှာတောင် မင်းကိုယ်မင်း ခဏခဏလွတ်ကျနေတာ
မင်းက အလိုလိုရင်ဘတ်ပါးနေတဲ့ကောင်ဆိုတော့ ထစ်ခနဲဆို အ အ သွားတတ်တာ
စီဒီတစ်ပြားလို ရှေ့သွားပြီးနောက်ပြန်ရစ်လို့မရအထဲမှာချစ်ခြင်းမေတ္တာလည်းပါတယ်
အခု မင်းနှလုံးသားမှာလာစိုက်တဲ့ နှုတ်ခမ်းပါးလေးဟာ လူမှားအထိုးခံရတဲ့ဓားမှမဟုတ်တာ
viber ထဲပြုတ်ကျလာတဲ့ ရယ်သံမွမွလေးကို မင်း ညလုံးပေါက်လိုက်ကောက်တတ်လာပြီ
မီးစိမ်းလေးကျွမ်းသွားမှာကို မင်း သေမလောက်ကြောက်တတ်လာပြီ
မင်းလိုချင်တဲ့ မွေးနေ့လက်ဆောင်ဆိုတာ လေထဲကဆုတောင်းသံသက်သက်မဟုတ်တော့ဘူး
တခုတ်တရထုပ်ပိုးထားတဲ့ ရုပ်ဝတ္ထုပစ္စည်မဟုတ်တော့ဘူး
မဟုတ်ဘူး မဟုတ်ဘူး ငါသိတယ်
ဒါပေမယ့် ငါလည်းဆုတောင်းပေးနိုင်ရုံသက်သက်ကလွဲလို့ ဘာများတတ်နိုင်မှာလဲ
မင်းမွေးနေ့မှာ မင်းညည်းတွားနေတဲ့ နယ်ခြားစည်းဆိုတာကို ငွေဓားနဲ့ပျော်ပျော်ပါးပါးလှီးပစ်နိုင်ပါစေကွာ
                                                                ဆူးရဲ
* သူငယ်ချင်း လင်းလက်တာရာ မွေးနေ့အမှတ်တရ * 4 . 2 . 2013
လိုအပ်နေတဲ့ ပင်လယ်
 မလက္ကာရေလက်ကြားမှာ
မျောလွင့်ခဲ့တဲ့ ရွက်တွေ
ခေတ်ကြီးရဲ့ မာလိန်မှုး (ဗီလိန်)
ကြယ်ရောင်တွေ မလွတ်ကင်းတဲ့
ကာဗွန်ဒိုင်အောက်ဆိုက်ဒ် နဲ့
လေဖိအားနည်းရပ်ဝန်းမှာ
ကျွန်တော်တို့ ကမ္ဘာကို ရွက်တိုက်လွှင့်ခဲ့တယ်
ကောင်းကင်ပြာပြာကြီးကို ငေးဆွတ်
ခေတ်မြန်ကြီးထဲမှာ
မုန်တိုင်းဟာလည်း ကဗျာတစ်ပုဒ်ပါပဲ
ဒီလို ..ခေတ်ခက်ဆစ်တွေ ဖွဲ့ဆိုရင်း
စိတ်ကူးထဲ ခေါက်သိမ်းထားရတဲ့
ဆောင်းဖြူဖြူလေး တစ်ထည်
သူ ………………
အိုမာခယမ်နဲ့ဖျော်စပ်ထားတဲ့ပေါ့ဆိပ်တစ်ခွက်အကြောင်း
တွေး  ………….. ဆွေး …………………
ခု ……………….
ကွာလာလမ်ပူမှာ
ကဗျာနဲ့အိမ်ထောင်ကျနေတယ် ။   ။
                                                      မောင်ရဲမင်း
သူငယ်ချင်း လင်းလက်တာရာ မွေးနေ့ အမှတ်တရပါ ။
လင်းလက်တာရာ ရေးသားပြီးတဲ့ ကဗျာခေါင်းစဉ်များနဲ့ ပြန်လည် ဖွဲ့သီပါတယ် ။
ကျွန်းလိုလို ကြယ်လိုလို
ကျွန်းကြီးလေးကျွန်းထဲကကျွန်း
သပြေပင်ပေါက်တဲ့ကျွန်း
အရှေ့တောင်အာရှကကျွန်း
လွမ်းမိုးရဲ့ သီချင်းထဲက ...ဝိုင်းနေတဲ့ကျွန်း
အမြစ်ရှိကျွန်း
အဲဒီကျွန်းဟာ တောက်မယ်တရဲရဲ တောက်မယ်တကဲကဲ
နှစ်ဆယ့်ငါးနှစ်လုံးလုံး လောင်စွဲခဲ့တဲ့ အက္ခရာတွေနဲ့
ခပ်ဖော့ဖော့ပြေး ရှပ်တိုက်ပြီးတော့ပျံ
အသံထက် သောင်းသိန်းမြန်တယ်
ရက်တွေ လတွေ နှစ်တွေအစားခံပြီး ကြီးထွားလာတဲ့ သူက
ကြယ်တွေနဲ့တိုက် နက္ခတ်တွေနဲ့တိုက်ဖို့
အလိုက်တသင့်ဖြစ်လာတဲ့တာရာမဟုတ်ဘူး
မဂ္ဂဇင်းတကာမှာစိုက်
ဂျာနယ်တကာမှာစိုက်ပြီး
တိုက်ကြီးတစ်ခုလုံးကို လင်းမယ့်တာရာ
အာရှတိုက်ရဲ့ တာရာ
သူဟာ.....
လင်းလက်တာရာ................။ ။
လင်းလက်တာရာ ၏ ( ၂၅ ) နှစ်ပြည့်မွေးနေ့အမှတ်တရ
                                       ဟိန်းစံ ( ပဲခူး )