Wednesday 29 August 2012
မယုံချင်လည်း ယုံလိုက်တော့
အမှိုက်ကောက်တဲ့သူက ဆိုင်ကယ်နဲ့   ယုံလား
လမ်းဘေးဈေးသည်က လင်ခရူဆာနဲ့   ယုံလား
sim card တစ်ခုမှ မြန်မာငွေနဲ့ ဆို ၂၅၀၀ ကျပ်  ယုံလား
တစ်နှစ်ပတ်လုံးမှ စက္ကန့်  (၃၀) ပဲ မီးပျက်တယ်  ယုံလား
a,b,c,d လောက်ပဲ တတ်တဲ့သူက ဘဏ်ကဒ်နဲ့   ယုံလား
ခြေနဲ့ တော့တဲ့ ခြင်းလုံးပဲ သိတဲ့ကောင်က လက်တော့ ( laptop) နဲ့   ယုံလား
နှစ်သက်ရာ ဖုန်းနံပါတ် (၃)လုံးကို (၂၄)နာရီလုံးလုံး free ခေါ်လို့ ရတယ်  ယုံလား
ကလေး(၃)ယောက်အမေလည်း အပျိုပြန်လုပ်လို့ ရတယ်  ယုံလား
လျှပ်စစ်ရထားတွေ ခေါင်းပေါ်မှာ ဖြတ်ဖြတ်ပျံနေတယ်  ယုံလား
UN တံဆိပ်တုံးနဲ့ တတိယနိုင်ငံမှာ အခမဲ့ တူတူသွားပုန်းလို့ ရတယ်  ယုံလား
ဇာတ်တူသားစားတဲ့ ဘီလူးတွေက အရှင်လတ်လတ် အစွယ်ပြူးပြူး  ယုံလား
သွေးသားဖြေဖျောက်ပေးမယ့်သူတွေကလည်း အလုအယက်  ယုံလား
living together တွေကလည်း လူမျိုးမရွေး ဘာသာမရွေး အသားအရောင်မရွေး  ယုံလား
မြွေဆိပ်မိလို့ မသေ လူဆိပ်မိလို့ သေတယ်  ယုံလား
ပိုက်ဆံတွေက ရေစိမ်ခံတယ် ကိုယ်ကျင့်တရားတွေက ရေစိမ်မခံဘူး  ယုံလား
မုဒိမ်းမှုတွေက ယဉ်ကျေးမှုတစ်ခုလိုဖြစ်လို့   ယုံလား
ဂိုဏ်းစတားတွေကလည်း ရုပ်ရှင်ထဲကအတိုင်းပဲ၊ ဓါးပြတွေကလည်း အကယ်ဒမီရှော့ပဲ  ယုံလား
လူဖြူ ၊ လူမည်း ၊ လူနီ ၊ လူဝါ တစ်နေရာတည်းမှာ ထောင်ထမင်းလက်ဆုံ စားလို့ ရတယ်  ယုံလား
မယုံဘူးဆိုလည်း လွယ်ပါတယ်
ပတ်စ်ပို့ တစ်အုပ်၊ ဗီဇာတစ်ခု၊ ကောလင်းတစ်ရွက်၊ လေယာဉ်လက်မှတ်တစ်စောင်နဲ့ 
လယ်ပေါင်နွားရောင်းပြီး လာကြည့်လိုက်လေ။
                                                                                လင်းလက်တာရာ
Tuesday 28 August 2012
ပုလင်းလွတ်ထဲ စက္ကူလိပ်ကလေးထည့် ပင်လယ်ထဲ မျောလိုက်သလို အနုပညာသမား
ရှော့တွေတောထဲ ကုလားမစည်းနင်းကစားနည်း
ပြောရင်းဆိုရင်း ငါ့သူငယ်ချင်းတစ်ယောက် ထမင်းရည်ပူလောင်သွားပြီ
ငါလည်းခွေးတိုးဝက်တိုး မှိုချိုးမျှစ်ချိုး သံဆူးကြိုးညတွေ
ဈေးကြီးပေးဝယ်ရတဲ့ အသက်ရှုသံတွေအကြောင်း ကိုယ့်ကိုယ်ကို လျှော်ဖွတ်ရဦးမယ်
ညှော်နံ့ တွေအဆုပ်လိုက် ပွင့်ပွင့်ပြတတ်တဲ့ သဘောမနှောကောင်း ကဖေးဆိုင်လေးကနေ ငါ ဒီကဗျာကိုရလာတယ်
မိသားစုနှင်းရွာလေးမှာ နှုတ်ခမ်းပြာနေတဲ့ မိတ်ဆွေလူပျိုကြီးက
ဂျင်ရှမ်း ရေပူစမ်းအကြောင်း ခဏခဏ ဖောက်ဖောက်သောက်နေရဲ့
ကိုယ့်ဖို့ ထက် အုံနာဖို့ က အရေးကြီးနေတဲ့ ခေတ်ကြီး
ဒါ ၅၀၀၀ တန် ရှိုးပွဲလက်ခုပ်သံ မဟုတ်ဘူး
မီးလာလို့  သောသောညံသွားတဲ့ ရပ်ကွက်ကလေးရဲ့ အပျော်တွေ
ကွင်းဘေးမှာ ပိုလီယိုစွဲနေတဲ့ လူငယ်လေးတစ်ယောက် ဘောပွဲကြည့်နေတာ
ဂရုဏာတရားကို အပေါင်ဆိုင်ကရွေးလာတဲ့နေ့ က ငါ ဒီကဗျာကိုရလာတယ်
လောလောလတ်လတ် အချောမသတ်ရသေးတဲ့ အနာဂတ်တွေက
လင်သေမုဆိုးမရဲ့ ရင်နှစ်သည်းချာလေးတွေလို တိုးလို့ တွဲလောင်း
မြေဈေးသစ်ဈေးတွေ မြောက်နေလို့ သေရမှာကြောက်နေတဲ့ ရယ်သံအက်အက်
ဒါ ဟာသသက်သက် မဟုတ်ဘူး ပုထုဇဉ်မီးတောင်ဝမှာ အခိုးတလူလူအူနေတဲ့ ဘဝချော်ရည်ပူတွေ
တနင်္ဂနွေ သစ်ရွက်ကြွေလေးတွေကောက်ကြည့်ရင်း ဒုက္ခသစ္စာကို
ကယ်ဆယ်ရေးခွေးတစ်ကောင်လို အနံ့ ခံမိတဲ့နေ့ က ငါ ဒီကဗျာကိုရလာတယ်
မနေနိုင်မထိုင်နိုင် ပေါင်မုန့် တစ်လုံးကို သန်းချီပေးရတဲ့ ဇင်ဘာဘွေအတွက် ပူရ
မနေနိုင်မထိုင်နိုင် ဟေတီရဲ့ ပါးပြင်ထက်က မျက်ရည်စက်တွေအကြောင်း ဆုတောင်းမေတ္တာပို့ ရ
မနေနိုင်မထိုင်နိုင် ကိုတာရာယာ ကုက္ကိုပင်အောက်က အသိုက်ပျက်အိမ်ဝေးငှက်တွေအကြောင်း ရင်ထုမနာဖြစ်ရ
မနေနိုင်မထိုင်နိုင် အိုင်ဖုန်းတစ်လုံးနဲ့ အပျိုစင်ဘဝကို ရက်ရက်ရောရော လဲလှယ်ပစ်လိုက်တဲ့
ဘေဂျင်းက တက္ကသိုလ်ကျောင်းသူလေးအတွက် နှမျောတသဖြစ်ရ
လောကကြီးကို စိတ်နာနာနဲ့ ကိုယ့်ကိုယ်ကို ပြန်ရှာမိတဲ့နေ့ က ငါ ဒီကဗျာကို ရလာတယ်
ကုန်တင်ကုန်ချ လူငယ်လေးတစ်ယောက်ရဲ့ လက်မောင်းကြွက်သားလို ကျစ်လစ်ဖုထစ်ကြွရွနေတဲ့ အမှန်တရား
ဟွန်းသံတွေ ချိန်ဆွဲထားတဲ့ အဓမ္မတွေက တစ်မြို့လုံးကြားအောင် မောင်းသွားပုံ
မြေကမ္ဘာအတွက် အလိုက်ဖက်ဆုံး ကြယ်ပြာကြီးတစ်လုံးဟာ '' ငြိမ်းချမ်းရေး ''ဆိုတဲ့ ယုံကြည်စိတ်တစ်ခုတည်းနဲ့ 
ငါရခဲ့တဲ့ ကဗျာတွေကို................................................။                         ။
                                                                                                             လင်းလက်တာရာ
ဖြေ / ဖြည်ချမိတဲ့ ချုပ်ရိုးတွေ
နိစ္စဒူဝတွေက ပဲပြုတ်သည်အော်သံနဲ့ သက်ဝင်နိုးထလာတယ်
အဆင်မပြေမှုတွေ ရွှဲရွှဲဆိုနေတဲ့ မနက်ခင်းလေးထဲ လက်ဖက်ရည်ဆိုင်လေးက သီချင်းတွေ ထည့်ဖျော်နေပြီ
ဖယ်ရီကားပေါ်သနပ်ခါးဘဲကြားနဲ့ တွန်းတိုးတွယ်တက်သွားတဲ့ စားဝတ်နေရေး
ဈေးပေါင်အချိုးခံရတဲ့ ပျံကျဈေးလေးပေါ် ကျီးကန်းတွေ ပြိုကျနေပုံက လှတယ်
စတီးချိုင့်လေးထဲ သမ္မာအာဇီဝလေးတစ်လုံးကိုပဲ ထည့်ကြော်သွားရတဲ့ နေ့ လည်စာ
နေလောင်တံဆိပ်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ ဆိုက္ကားဂိတ်ကလေးက သမ်းဝေခြင်းမှတ်တိုင်မှာ ဆိုက်ကပ်လို့ 
ရှိုက်သံတွေ တိတ်တိတ်ကလေး ခြစ်ချနေသူ ကျူရှင်ခ မပေးနိုင်တဲ့ ရှုမျှော်ခင်းအစိမ်းကလေး
နေ့ ပြန်တိုးဟာ နေ့ ခင်းကြောင်တောင်ကြီး ကုတ်ခွစီးထားတဲ့ တစ္ဆေ
အိပ်မက်တွေကို အကောင်အထည်ဖော်ပေးမယ်လို့ ပြောပြောနေတဲ့ ထီလှည်းကလေးကတော့ ကျောက်ဒိုးလေးတစ်လုံးလို လိမ့်ဝင်လာမြဲ
ငူငူငေါင်ငေါင်ကြီး ငုတ်တုတ်မေ့နေတဲ့ စာအုပ်ဆိုင်ကလေးခမျာ တစ်စုံတရာကို အရာသာမဲ့မဲ့ ဆာနေပုံ
ဟာသကားတွေ အငှါးများများနေတဲ့ ညနေလေးက သမားရိုးကျ အရေးအသားနဲ့ ပျော်ဝင်ပျောက်ဆုံးလုလု
ဘဝအမောတွေကို ဖန်ခွက်ချင်းတိုက်လိုက်တဲ့အသံ အရက်ဆိုင်ထဲမှာ လောကဓံနဲ့ သွားငြိနေတာ ခါးတယ်
ညနက်နက်ကြီးကတော့ အိမ်ပြန်နောက်ကျတတ်တဲ့ ကောင်မလေးကို စစ်သားမယားရဲ့ မေတ္တာတရားမျိုးနဲ့ မျှော်လို့ ။                  ။
                                                                                       လင်းလက်တာရာ
Friday 24 August 2012
သံသရာတွင်းနက်ကြီးထဲ သံသယတွေနဲ့ ငုံ့ ကြည့်မိတဲ့ တစ်ခဏ
ကဗျာကို တံဆိပ်ကပ် အပြိုင်အဆိုင် ဈေးကွက်တင်နေကြတဲ့ခေတ်ကြီး ။
ညှီဆို့ ဆို့ ချဉ်တူးတူးမနက်ဖြန်တွေနဲ့   အရက်ချက်စက်ရုံထဲက လူငယ်လေးတစ်ယောက် ။
ဒါဟာ အနာအဆာများတဲ့သစ်သီး ။ ပိုးစာပေါက်တွေနဲ့ သစ်ရွက် ။
သားသတ်လိုင်စင်နဲ့ လှဲလှယ်မိတဲ့ သံယောဇဉ်မှာ အဓမ္မအကျင့်ခံလိုက်ရတဲ့ နိစ္စဓူဝတွေ ။
ရယ်နေရုံနဲ့  မပြီးသေးတဲ့ လူ့ ဘဝကြီး ။ ရပ်နေရင် ပြတ်ကျန်ခဲ့မယ့် ကာလယန္တရားကြီး ။
တွန့် နေလို့ မဖြစ်ဘူး ။ ရွံ့နေလို့ မရဘူး ။
အိမ်နဲ့ ရန်ဖြစ်ထားတဲ့ ယုံကြည်ချက်တစ်ခုလို အရိုင်းဆန်ဆန်ဒိုး ။
ဖုန်းတစ်ကောလ် နှိပ်လိုက်ရုံနဲ့ အိမ်တိုင်ရာရောက်လွင့်ကျလာမယ့် ပန်းပွင့်ကလေး ။
အသစ်နံ့တွေ မွှန်ထူနေတဲ့မီးပွိုင့်က ကွန်ဆာဗေးတစ်တွေကို  ပြတိုက်အသစ်ကျပ်ကျွတ်နဲ့  မိတ်ဆက်ပေးလိုက်တဲ့အကြောင်း ။
အာရုံထဲ ဖုန်တွေတသောသော နွေဦးအဝါ ။
အရုဏ်ထဲ အငွေ့ တထောင်းထောင်း မျက်ရည်ရောင်းနေတဲ့ ပဲပြုတ်သည်လေး ။
လျှောကျစိမ့်ထွက်သွားမှာကြောက်လို့ လက်ခုပ်ထဲ သောကရောက်နေစရာမလိုတော့ဘူး ။
ဒါဟာ အဆင်သင့် အေးရာအေးညောင်း စိမ်ပြေနပြေ မော့သောက်လို့ ရတဲ့ PH7 ။
ခေတ်စားနေတာက တိုက်စစ်အသားပေး ခေတ်ပြိုင်ခံစားမှု ။
ခေတ်စားနေတာက တိုက်စစ်အသားပေး ခေတ်ပြိုင်အရေးအသား ။
ခေတ်စားနေတာက တိုက်စစ်အသားပေး ခေတ်ပြိုင်လူငယ်များ ။
ကျောက်ဆစ်ရေစက်လေးတွေထဲ ပျော်ဝင်ပျံ့နှံ့ ချင်တဲ့ ယုံကြည်စိတ်တစ်ခုတည်းနဲ့ ရဲရဲဝံ့ဝံ့ ကူးဖြတ်လိုက်တာပါ ။
ယာဉ်ကြောထူအီကွေတာလမ်းမကြီးရေ ။     ။
                                                                             လင်းလက်တာရာ
Tuesday 21 August 2012
မြစ်ဆုံမှာ ဝတ်မှုံတွေ စိမ့်ဝင်ပျံ့ နှံ့ 
နည်းပညာဟာ
သဘာဝတရားကို ပွဲတော်တည်ဖို့ 
ပလုတ်ကျင်းနေတဲ့အချိန်
အမှန်တရားဟာ
ချိုးဖြူငှက်တစ်ကောင်လို
ငြိမ်းချမ်းရေးကို ရဲဝံ့စွာ ကိုက်ချီပျံသန်းလာပြီ
ဧရာဝတီရေ
ချစ်သော ငါတို့ ရဲ့ အသက်သွေးကြော ရေချိုမြစ်ကြီးရေ
ငါတို့ မြေမှာ
မင်းရဲ့ ကိုယ်လက်အင်္ဂါတွေကို
တစ်ထွာတစ်မိုက်လေးတောင် အပျက်အစီးမခံနိုင်ဘူး
ငါတို့ မြေမှာ
မင်းရဲ့ ယဉ်ကျေးပျိုမျစ်ခြင်းတွေကို
တစ်စက်တစ်ပေါက်လေးတောင် အကျအပေါက်မခံနိုင်ဘူး
အဓမ္မသုတ်လိမ်းခံရတဲ့
မင်းပါးပြင်ထက်က ကွန်ကရစ်အနံ့ တွေအစား
ငါတို့ ပြည်သူတွေ
သနပ်ခါးသွေးနေကြပြီ။            ။
                                                    လင်းလက်တာရာ
                                                       ၂၁၊၈၊၂၀၁၂
Sunday 19 August 2012
ကျွန်တော့် ဆိပ်ကမ်း
မှောင်လိုက်တာ
ကိုယ့်လမ်းကိုယ် မနည်းစမ်းနေရ
အေးတူပူမျှရာသီက
အေးလိုက်ပူလိုက်
စကားလုံးတွေနဲ့ အပြင်းဖျားနေရသူ
ဒီမှာ
စိန်တစ်ဆင်စာ ဥသြသံလေးရယ်
မှိန်ပြပြ မီးပြတိုက်လေးရယ်
အိမ်မက်တွေခါခါချနေတဲ့ စင်ရော်လေးကတောင်
ငါ့ကို ပါးပျဉ်းထောင်လို့ 
ဘဝဆိုလည်း ဘဝ
ကံကြမ္မာဆိုလည်း ကံကြမ္မာ
လောကဓံဆိုလည်းလောကဓံပေါ့
ခုတော့
ဘဝရော၊ ကံကြမ္မာရော၊ လောကဓံရော
မရိုးနိုင်မအီနိုင် ဆက်ထုံးတွေနဲ့ 
ခန်းခြောက်နေရတုန်း
ခုချိန်ထိ
မဖြစ်ညစ်ကျယ် အနုပညာအိတ်ကပ်ကလေးနဲ့ 
သင်္ဘောတစ်စီးတောင် မဝယ်နိုင်သေးဘူး။          ။
(မတ်လ၊၂၀၀၈၊ရုပ်ရှင်အမြုတေမဂ္ဂဇင်း)
                                             လင်းလက်တာရာ
တိတ်တခိုး
ငယ်သံပါနေရဲ့
ဟောဒီ့ တစ်ဖက်တည်းတီးတဲ့ လက်ခုပ်သံကလေး...
အိမ်ရှေ့ စံပယ်ရုံလေးထဲ
ပုံပြင်တွေ ဘယ်သူထည့်ခဲ့ပါလိမ့်....
ကျောက်ဖြစ်အိမ်မက်တွေနဲ့ ပဲ
ရပ်ကြည့်ငေးမော...
မတူးဖော်ဖြစ်သေးတဲ့ စမ်းချောင်းကလေးထဲ
ပင့်သက်တွေ ပေါလောမျောနေခဲ့တော့တယ်...။         ။
(စက်တင်ဘာ၊၂၀၀၉၊ people မဂ္ဂဇင်း)
                                       လင်းလက်တာရာ
ကျောက်တန်း
မလေးရှားပိတောက်ရနံ့ က ညှို့ ချက်ပြင်းတယ်
တိမ်တွေက လယ်ကွင်းတွေပေါ် တူတူပုန်းတယ်
စပယ်ယာလေးရဲ့ အော်သံက အနုပညာဆန်တယ်
ရိုးသားပွင့်လင်းမှုက လင်းကြက်တွန်သံလို ချစ်စဖွယ်
ရေတံခွန်မရှိဘူး
တောင်တန်းမရှိဘူး
မိုးမျှော်တိုက်တာမရှိဘူး
ရာဇဝင်ရှုခင်းလှလှလေးတွေတော့ ဓါတ်ပုံရိုက်လို့ ရတယ်
ပင်လယ်ကိုကဗျာရေးပြီး ကောင်းကင်ကိုသီချင်းဆိုတဲ့မြို့
ရေလယ်ဘုရားက အံ့ဖွယ်။              ။
(စက်တင်ဘာ၊ ၂၀၀၉၊ ရုပ်ရှင်အမြုတေမဂ္ဂဇင်း)
                                               လင်းလက်တာရာ
Thursday 16 August 2012
ဆူးဖွဲ့ ပိုက်ကွန်
ဆူးဖွဲ့ပိုက်ကွန် PDF Print E-mail
Written by လင်းလက်တာရာ   
၁။
ကြယ်တွေ စုံတဲ့ည သီချင်းက ကျွန်တော့်ကို အတင်း လှုပ်နှိုးနေတယ်။ အိပ်မှုန် စုံမွှားနဲ့ Nokia တံဆိပ် ဟန်းဖုန်းလေးကို ယူကြည့်လိုက်တော့ သဲမောင်။
ဒီကောင် တော်တော် နှောင့်ယှက်တဲ့ ကောင်ပဲ။ အိပ်ချိန်ကြီး ဘာဖြစ်လို့ ခေါ်ရတာလဲ။ စိတ်ထဲ တင်းခနဲ ဖြစ်သွားတယ်။ မျက်စိကို အားယူ ဖွင့်ပြီး အ၀င်ကောလ်ကို နှိပ်လိုက်တော့ “ဇော်လတ် အော်ပရာစီ မိသွားပြီ ဝေလင်း”
ကျွန်တော် ငေါက်ခနဲ ထထိုင်မိလျက်သား ဖြစ်သွားတယ်။ လေးလံနေတဲ့ မျက်ခွံတွေ ရုတ် ခြည်းပြူးကျယ်လို့ အိပ်ချင်စိတ်တွေ ဘယ် အပေါက်က ယိုစိမ့်အငွေ့ပျံသွားသလဲ မသိတော့။   စိုးရိမ်စိတ်တွေက လည်ချောင်းထဲမှာ အရိုးတစ် ချောင်းလို ကန့်လန့်ဖြတ် စူးနင့်သွားတယ်။
“ဘယ်လိုဖြစ်ရတာလဲကွာ”
ကျွန်တော့် အသံတွေ ငလျင်ကြော တစ်ခုလို နာကျင်အက်ကွဲ တုန်ခါလို့။ သူငယ်ချင်း အတွက် ယူကျုံး မရခြင်းတွေသာ ရေကာတာ ကျိုးကျလာတဲ့ အတိုင်း ရင်ဘတ်ထဲမှာ အတားအဆီး မရှိ။ “ည ၁၂ နာရီလောက်က ၀င်ဆွဲသွားတာတဲ့။ ပြေးပေါက်တောင် မရလိုက်ပါဘူး။ ဖြစ်ချင်တော့ ဒီအပတ်မှ ဒီကောင်က  ညဆိုင်း ပြောင်းရတာ။ အေးကွာ။ ဒီကောင်ကြီး သနားပါတယ်။ အိုဗာ စတေးကတစ်မှု၊ တရားမ၀င် လောင်းကစားမှုက တစ်မှု။ နှစ်မှုတောင်”
သဲမောင် ဖုန်းချသွားတော့ ကျွန်တော့်ရင် ဘတ်ပေါ် ကောင်းကင်ကြီး ပိကျလာသလို။ မိ သားစုကို ချစ်မက်တဲ့ ဇော်လတ်။ သူငယ်ချင်းတွေကို ခင်တွယ်တဲ့ ဇော်လတ်။ အသားလတ်လတ်၊ အရပ်ကိုင်းကိုင်းနဲ့ မျက်နှာမှာ အပြုံး တစ်ပွင့်ကို အမြဲတပ်ဆင်ထားတဲ့ ဇော်လတ်။ ကံတရားဟာ မင်းမျက်နှာ တည့်တည့်ကိုမှ ဘာလို့ အမှောင်ထိုး ကျရတာလဲ သူငယ်ချင်းရယ်။ ခုလောက်ဆို သံတိုင်တွေကြားမှာ စိတ်ဓာတ်တွေ ပျက်ပြား နေမလား။ လတ်ဆတ်တဲ့ အပြုံးတစ်ပွင့် ကရော မင်းနှုတ်ခမ်းထက်မှာ ရှိသေးရဲ့လား။
ကျွန်တော့် အတွေးစက သမံတလင်းပေါ်မှာ မှောက်ကျသွားတဲ့ သစ်တော်သီးတွေလို ပြန့်ကျဲလို့။ ဘ၀ခါးခါးနဲ့ ဇော်လတ်။ ကြမ္မာခါးခါးနဲ့ ဇော်လတ်။ တက္ကသိုလ် ဒုတိယနှစ်မှာ အဖေဆုံးလို့ ဘ၀ တက္ကသိုလ်ကို အော်တိုမစ်တစ် ရောက်ခဲ့သူ။ အစ်ကိုကြီးတော့ အဖရာ ဆိုတဲ့ အတိုင်း မိသားစုဟာ သူ့ပခုံးပေါ်ကို အလိုလို ရောက်လာတယ်။
ဒီလိုနဲ့ ညီလေးနဲ့ ညီမလေး ကျောင်းဆက် တက်နိုင်ဖို့အတွက် မုဆိုးမ မိခင်ကြီး မပင်ပန်း မဆင်းရဲစေဖို့ အတွက် မလေးရှား ကျွန်းဆွယ်မှာ ရင်းဂစ်ငါးတွေ မျှားဖို့ သူထွက်လာခဲ့တယ်။ အဆင်မပြေမှု ဆိုတာ ဖက်ရှင်တစ်ခုလို ဖြစ်နေတဲ့ ဇော်လတ် အတွက်ကတော့ အရာရာဟာ ခက်ခက်ခဲခဲတွေချည်းပါပဲ။ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတဲ့ပွဲစားရဲ့တော်ကီတွေက သင်္ကြန် အမြောက်ဆိုတာ ဒီရောက်မှ အရှင်လတ်လတ် တွေ့ရတော့တယ်။ အေးဂျင့်က ခေါင်းပုံဖြတ်၊ စက်ရုံက အလုပ်သမား အခွင့်အရေးတွေ ဖြတ်နဲ့ ရသမျှလေး ခြစ်ခြုတ်စုပြီး အိမ်ကို မနည်းလွှဲရတယ်။
ဒီလိုနဲ့၊ မဖြစ်စလောက် လစာလေးကို မက်မနေတော့ဘဲ မိသားစု အတွက် ဇော်လတ် စွန့်စားခန်း ၀င်လိုက်တယ်။ အိုဗာစတေး ဘ၀ကို ခံယူပြီး ကတ်စီနိုဂိမ်းဆိုင်မှာ စက်ရုံလုပ်အားခနဲ့ နှစ်ဆထက် မကတဲ့ ငွေကြေး ပမာဏကို မက်တွယ်ခဲ့တယ်။ “မှော်”ဆိုတဲ့ စကားဟာ ဇော်လတ် အတွက်တော့ အခုမှ နဖူးတွေ့၊ ဒူးတွေ့။ တရားမ၀င် လောင်းကစားဆိုင် ဆိုတာ သိသိကြီးနဲ့ ငွေ ကြေးရဲ့ ညှို့ငင်ဖမ်းစားမှု အောက်က ရုန်းမ ထွက်နိုင်ခဲ့။ အန္တရာယ် ပြေးလမ်းပေါ် နင်းလျှောက် နေရပေမဲ့ မိသားစုကို အဆင်ပြေပြေ ထောက်ပံ့နိုင် တာတစ်ခုတည်းနဲ့ ဇော်လတ် ရဲ့ဝံ့ခဲ့တယ်။
ခုတော့ ကံကြမ္မာရဲ့ပြစ်ဒဏ်ဘောက သူ့ ဘ၀ကိုမှတည့်တည့်။ ဒါကိုရော ဇော်လတ်ကြို တွက်ခဲ့သလား။
“ငါလည်း ဒီဂိမ်းဆိုင် ရောက်မှ အိမ်ကိုတော် တော်လေး ပို့နိုင်ခဲ့တာ။ လစာက လည်းကောင်း။ ဘေးပေါက်ငွေကလည်း ရတော့ ထွက်ဖို့တော်တော် ခက်တယ်ကွာ။ အန္တရာယ် ရှိတယ်ဆိုတာ ငါ သိပါတယ်။ ကြိုလည်း တွက်ထားပါတယ်။ တကယ်လို့ ငါတစ်ခုခု ဖြစ်သွားမယ် ဆိုရင်တောင် ငါ့မိသားစု အတွက် ငါမပူပင်ရတော့ဘူး။ ငါပို့ ထားတဲ့ငွေနဲ့ အမေတို့ လုပ်ကိုင်စားသောက် လို့ရနေ ပြီပဲ”
ဘ၀တစ်ခုကို မိသားစု အတွက် လောင်းကြေး ထပ်ထားတဲ့ ဇော်လတ်။ စိတ်ဒဏ်ရာ ကိုယ်ဒဏ် ချက်ဗရပွနဲ့ အနစ်နာခံ စွန့်လွှတ်ရှင်သန်ပြီး မေတ္တာ တရားကြီးမားတဲ့ ဇော်လတ်။ မျှော်လင့်ချက် အလင်းစလေးကို ရင်ဘတ်ထဲထည့်ပြီး ပျော်စရာ အနာဂတ်ကမ္ဘာလေးကို စိတ်ကူးဖွဲ့စိုက်ပျိုးထားတဲ့ ဇော်လတ်။
“၆ လပြည့်ရင် ငါပြန်တော့မယ်ကွာ။ မိသား စုကို ငတ်ခဲ့တာ ၃ နှစ်ရှိပြီ။ ဆက်လည်း မမိုက်ချင် တော့ဘူး။ ငါ့မိသားစုရဲ့ အရိပ်အောက်မှာပဲ ဘ၀ ကိုအေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြတ် သန်းတော့မယ်”
ခုတော့ မျှော်လင့်ချက်မနက်ဖြန်ဟာ ပန်းအိုး လှလှလေးတစ်လုံး ပြန်မဖြစ်နိုင်တော့တဲ့ ဖန်ကွဲစ တွေလား။ ကျွန်တော့်ရင်ထဲ မွန်းကျပ်တစ်ဆို့သွား တယ်။ တရားမ၀င် အလုပ်သမားဆိုတဲ့ အိုဗာ စတေးပြစ်မှုက တစ်မှု၊ Casino ဂိမ်းဆိုတဲ့ တရား မ၀င်လောင်းကစားမှုက တစ်မှု။ ဘယ်လို တန်ခိုးရှင်တွေကများ နောက် ၆ လ အတွင်းမှာ မင်းကို အိမ်ပြန် ပို့ပေးကြမလဲ။ ဆက်သွယ်မှု ဧရိယာပြင်ပထဲ ရောက်သွားတဲ့ ဖုန်းနံပါတ်လေးကိုပဲ ကျွန်တော် အကြိမ်ကြိမ်ခေါ် ကြည့်နေမိတယ်။
၂။
ဒီနေ့ Off Day ဖြစ်နေလို့ အိမ်ကို ပိုက်ဆံလွှဲဖို့ အတွက် ကျွန်တော် မြို့ထဲကို ထွက်လာခဲ့တယ်။ ခြစ်ခြစ်တောက်ပူ နေတဲ့ ကွာလာလမ်ပူမြို့ကြီးက ရောင်စုံလူတွေနဲ့ ထုံးစံအတိုင်း ရုပ်လုံးကြွလို့။ ကားပေါ်က ဆင်းလိုက်တယ်ဆိုရင်ပဲ စိတ်မသက်သာစရာမြင်ကွင်းက အဆင်သင့်။ မြန်မာ ဆိုင်တန်းတွေရဲ့ မျက်စောင်းထိုး ကုန်တိုက် ကြီးရှေ့မှာ ၀တ်စုံပြည့်နဲ့ ရဲတွေ။ တွေ့သမျှလူ တွေကို ပတ်စ်ပို့အိုင်စီတောင်း။ မပါရင် ကားပေါ် တွန်းတင်။ ပြေးသူပြေး၊ ရှောင်သူရှောင်၊ ၀ရုန်း သုန်းကား။ Police ဆိုတဲ့ ကားထဲမှာလည်း ကြက်ခြင်းထဲက ကြက်တွေလို ဘ၀များစွာ။ ဒါက အင်မီဂရေးရှင်းက စီမံချက်နဲ့ ၀င်နေတဲ့ အော်ပရာစီ။
ကျွန်တော့်ရင်ထဲ ကျဉ်ခနဲ ဖြစ်သွားတယ်။ အာရုံထဲမှာ သူငယ်ချင်း ဇော်လတ်။ ပင့်သက် တစ်ခုကို မှုတ်ထုတ်လိုက်ပြီး အခြေအနေကို အကဲခတ် ကြည့်နေလိုက်တယ်။ သိပ်မကြာဘူး လူတွေ ပြည့်သွားတာနဲ့ သံဆန်ခါ ကာထားတဲ့ ကားပြာ ကြီး ၀ူးခနဲ မောင်းထွက်သွားတယ်။
မြင်တွေ့နေကျမို့ သိပ်တော့ အထူးအဆန်း မဟုတ်။ အိုဗာစတေးပဲ ဖြစ်ဖြစ်၊ ပတ်စ်ပို့နဲ့ပဲ ဖြစ်ဖြစ်၊ ဒါတွေနဲ့ ထိပ်တိုက်မတွေ့တာ အကောင်းဆုံး။ ကွေ့ပတ် ရှောင်ကွင်းရမဲ့ သားရဲတွင်းဆိုတာ လူတိုင်းလိုလို အထာနပ်ပြီးသား။ မြန်မာဆိုင်အောက် ရောက်တော့ ၀ယ်နေကျ ကွမ်းယာသည်ကောင်မလေးကို မတွေ့ရ။ အော် ပရာစီဝင်လို့ လွတ်ရာကျွတ်ရာကို ပြေးပြီထင်တယ်။ ရေခြားမြေခြား တိုင်းတစ်ပါးမှာ အန္တရာယ်ကို လွယ်ပြီးကြုံရာ ကျပန်းလုပ်ကိုင် စားသောက် နေရတဲ့ အနာဂတ်တွေ အတွက် မနက်ဖြန် ဆိုတာ ဓားသွားထက်က ပျားရည်စက်တွေပဲလား။ မြင် နေရ၊ တွေ့နေရတာတွေက ပင့်သက်ချပြီး ဥပေက္ခာ ပြုနေရတာချည်းပဲ။
“အစ်ကိုကြီး၊ အစ်ကိုကြီး ကွမ်းယာ ယူဦးမှာလား”
မြန်မာဆိုင်ပေါ် တက်မယ်အလုပ်၊ အူယား ဖားယား လွင့်မျောလာတဲ့ အသံစူးစူးလေး။ ဒီအသံ လေးကို ကျွန်တော် အလွတ်ရပါတယ်။ ကျွန်တော် ကွမ်းယာဝယ်နေကျ ကောင်မလေး။ လှည့်ကြည့် လိုက်တော့ လွယ်အိတ် တစ်လုံးကို သိုင်းလွယ် လျက်၊ အမောတကောနဲ့ ပြေးလာနေတဲ့ကောင် မလေး။ နဖူးမှာလည်း ချွေးဥလေးတွေ သီးလို့။
“၃ ထုပ် ယူမယ်ညီမလေး”
ကျင့်သားရနေပြီဖြစ်တဲ့ လက်တစ်ဖက်က လွယ်အိတ်ထဲမှ အသင့်ယာပြီးသား ကွမ်းယာ ၃ ထုပ်ကို လျင်လျင်မြန်မြန်ပဲ ထုတ်ပေးတယ်။
“ခုနက “အော်”၀င်လို့ မောသွားပြီထင်တယ်”
ကျွန်တော်က  ရင်းဂစ် ၅၀ တန်လေးကို ထုတ်ပေးပြီး ပြောလိုက်တော့ ခပ်နွမ်းနွမ်းအပြုံး တစ်ပွင့်ကို အားတင်းပြီးပြုံးတယ်။
“ဒီလိုပါပဲ အစ်ကိုကြီးရယ်။ ပြေးရင်းလွှားရင်း ကျီးကန်းတောင်းမှောက် ကြည့်ရင်း ရောင်းနေရတာ”
အကြွေတွေထုတ်ပြီး ကျွန်တော့်ကို ပြန်အမ်းဖို့ လုပ်တော့
“မအမ်းနဲ့ ညီမလေး၊ ပိုတာက မုန့်ဖိုးပေးတာ။ အလုပ်ကို သတိနဲ့လုပ်နော်။ ကိုယ့်ကိုယ်ကို ဂရုစိုက်”
“ဟုတ်ကဲ့ ကျေးဇူးပါ။ အစ်ကိုကြီး”
ကျွန်တော်ကောင်မလေးကို နှုတ်ဆတ်ပြီး မြန်မာဆိုင်ပေါ် တက်လာခဲ့ တယ်။ အာရုံထဲမှာတော့ ကောင်မလေးက တွယ်ငြိ ကပ်ပါလျက်။ အသက် ၁၅ နှစ်လောက်ပဲ ရှိတဲ့ ကောင်မလေး တစ်ယောက် ရဲ့ ကြမ်းရှရှ ဘ၀ကောက်ကြောင်း။ အသက် မပြည့်ဘဲ မလေးရှားကို ဘယ်လိုနည်းနဲ့ ရောက်လာသလဲ ဆိုတာ ဒီကောင်မလေးနဲ့ တွေ့တိုင်း ကျွန်တော် တွေးနေကြည့်မိတယ်။ အဖြေကတော့ နာကျင်မှု ရသသာ။
၃။
“ညီလေး ကိုယ်ထိုင်မယ်နော်”
မစားရတာကြာပြီ ဖြစ်တဲ့ မုန့်ဟင်းခါးကို စိတ်အဆာပြေ စားနေတဲ့ ကျွန်တော် ဆတ်ခနဲ ခေါင်းထောင်သွားတယ်။ မော့ကြည့်လိုက်တော့ ကျွန်တော် တစ်ကြိမ် တစ်ခါမျှ မမြင်ဖူးတဲ့ အသက် ၃၅ နှစ်ခန့်လူစိမ်းတစ်ယောက်။
“သြော် ဟုတ်ကဲ့။ ရပါတယ် အစ်ကို ထိုင်ပါ”
ကောင်တာမှ ယူလာတဲ့ မုန့်ဟင်းခါး ပန်းကန်နဲ့ ကိုကာကိုလာဘူးကို စားပွဲပေါ် အသာချပြီး ကျွန်တော့် မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်တယ်။
“ညီလေးကလည်း မုန့်ဟင်းခါးကိုး။ ရင်ဘတ်ချင်းတော့ တူနေပြီ”
နှုတ်ခမ်းမွှေးရေးရေးနဲ့ သူ့ရဲအပြုံးဟာ ၀င်းဦးလောက် ဆွဲဆောင်မှု မရှိပေမဲ့ ခင်မင်ဖော်ရွေမှု က အတိုင်းသား။
“မြန်မာပြည် အလွမ်းပြေပေါ့ အစ်ကိုရာ”
ကျွန်တော့်စကားကို ထောက်ခံတဲ့ အနေနဲ့ ခေါင်းတစ်ချက် ညိတ်တယ်။ ပြီးတော့ ငရုတ်သီး မှုန့်နည်းနည်းကို ပန်းကန်ထဲ ထည့်ပြီး သမအောင် မွှေနေတယ်။
“ဒါပေါ့ကွာ။ ဒီမှာက ဒီလိုပဲ ကြုံရာနဲ့ အလွမ်း ဖြေကြရတာ။ မုန့်ဟင်းခါး ဆိုတာတို့ မြန်မာ လူမျိုးတွေရဲ့ရိုးရာ အစားအစာစစ်စစ်ပဲလေ။ ပြောရင်းဆိုရင်း အမေနဲ့ရွာကိုတောင် လွမ်းလာပြီကွာ”
“မုန်းဟင်းခါးတစ်စွန်းကို အားရပါးရစား ပြီး။ ပလုတ်ပလောင်း ပြောနေတဲ့ သူ့အမူအရာက တကယ့် တရင်းတနှီး။
“ဒါပေမဲ့ ငါ့ညီရာ”
စကားကို တုံးတိဖြတ်ချလိုက်ပြီ။ ကိုကာ ကိုလာဘူးကို ဖောက်ကာ မော့သောက်လိုက်တဲ့ သူ့ပုံက ဘာအိုဗာအက်တင်မှ မပါ။
“ဒီမုန့်ဟင်းခါးကိုပဲကြည့်၊ တစ်ခုခု လိုမနေ ဘူးလား”
မုန့်ဟင်းခါးပန်းကန်ကို လက်ညှိုးထိုးပြီး စူး စူးရဲရဲမေးချလိုက်တဲ့ သူ့အသံက အနည်းငယ် ပြတ်သားနေတယ်။
“လိုတာပေါ့ အစ်ကိုရာ၊ ငှက်ပျောအူလေ”
“ဟား ဟား၊ ငါ့ညီက ဘယ်ဆိုးလို့လဲ။ တချို့ဆိုရင် ကိုယ်စားနေတဲ့ မုန့်ဟင်းခါး ငှက်ပျော အူပါလား၊ မပါလားတောင် သတိ မထားမိကြဘူး ကွ၊ ခုငါတို့ ဘ၀တွေကလည်း ငှက်ပျောအူ မပါတဲ့ မုန့်ဟင်းခါးတွေပေါ့ကွာ”
မုန့်ဟင်းခါးပန်းကန်ထဲ တွေတွေငေးငေး ကြီးကြည့်ပြီး ပြောလိုက်တဲ့ သူ့စကားတွေက ကျွန်တော့်ရင်ဘတ် တည့်တည့်ကို လာမှန်တယ်။  အတွေးစတွေ၊ ဘ၀ တစ်ခုပေါ် ဘ၀တစ်ခု ထပ်နေတဲ့ ဘ၀ အထပ်ထပ်တွေ။ ပြီးတော့ လိုအပ်ချက်တွေ ဗရပွနဲ့ ကွက်လပ်များစွာ။ ကျွန်တော့်အတွေး ယာဉ်ကြောမှာ ရွက်ကြွေတွေ လေထဲ လွင့်မျော ဝေ့၀ဲနေသလို။
“ဒါနဲ့ ညီလေးရော ဒီကို ရောက်တာ ကြာပြီလား။ အလုပ်အကိုင်ရော အဆင်ပြေရဲ့လား”
“နှစ်နှစ်ကျော်ပဲ ရှိပါသေးတယ် အစ်ကို။အလုပ်ကတော့ မဆိုးပါဘူး။ ဂျပန်စားသောက် ဆိုင်၊ တရုတ်တွေနဲ့ လုပ်ရတာ။ ကျွန်တော့် အလုပ်က ဆူရှီမာကီ။ အစ်ကိုရော ရောက်တာကြာပြီ လား”
“ကြာပြီဆိုပါတော့ကွာ။ ၁၀ နှစ် ရှိပြီ”
“ဗျာ၊ ၁၀ နှစ်”
ကျွန်တော့် ပါးစပ် အဟောင်းသား ဖြစ်သွား တယ်။ ဒီလောက်နှစ် ကာလ အများကြီး၊ ဘယ်လို အားအင်တွေနဲ့ နေနိုင်သလဲ ဆိုတာ ကျွန်တော် မတွေးတတ်။
“၁၀ နှစ် ကြီးများတောင် အစ်ကို ဒီမှာနေ နိုင်တယ်နော်။ မြန်မာပြည်ကို အလည်ပြန်ဖြစ် သေးလား”
“မပြန်ဖြစ်ပါဘူးကွာ။ အစ်ကိုက ဒီမှာ အိမ်ထောင်ကျနေပြီလေ”
“သြော်၊ အစ်ကို့မိန်းမက မြန်မာပဲလား”
ကျွန်တော့မေးခွန်းက သူ့မျက်နှာကို မှိုင်းညို့ သွားစေတယ်။
“မဟုတ်ဘူးကွ၊ မလေးမနဲ့”
ကျွန်တော့်ရင်ထဲ အမည်ဖော်လို့ မရတဲ့ ဝေဒနာ တစ်ခုက ဟာလာဟင်းလင်းကြီး။
“ရတာ ကြာပြီလား”
“၅ နှစ်ရှိပြီ။ သားလေးတစ်ယောက်တောင် ရနေပြီ”
“သားလေးတစ်ယောက်”
ကျွန်တော့်ပါးစပ်ထဲက အံ့သြတကြီး လွတ်ကျသွားတဲ့ စကား။ တစ်ဆက်တည်း အတွေးတွေ က ကျွန်တော် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးတဲ့ ကလေးလေးဆီ။
“အခု ပိုက်ဆံလာလွှဲတာလား”
“ဟုတ်ကဲ့ အစ်ကို”
“အေးကွာ။ လွှဲ...လွှဲ...။ လွှဲနိုင်သလောက်သာ လွှဲကွာ။ အစ်ကိုလည်း ဒီမှာ မိန်းမ ရနေပေ မဲ့  အမေ့ဆီတော့ မကြာမကြာ ငွေလွှဲနိုင်အောင် ကြိုးစားတယ်။ ရော့ ဒါက အစ်ကို ဖုန်းနံပါတ်။ အစ်ကို့နာမည်လည်း မှတ်ထားဦးနော်။ ကိုမိုးထွေး”
မြန်မာဆိုင်ပေါ်က ပြန်ဆင်းလာခဲ့ပေမဲ့ ကျွန်တော့် စိတ်အာရုံထဲမှာ ကုတ်ခြစ်ဖယ်ထုတ်လို့ မရသေးတဲ့ ကိုမိုးထွေး။ ပြီးတော့ ကျွန်တော် မမြင်ဖူးတဲ့ ကလေးလေး တစ်ယောက်။
၎။
အိမ်ရောက်ရောက်ချင်း သတင်းဆိုး တစ်ခုက ကျွန်တော့်ကို ဆီးကြိုနေတယ်။
“ကိုကျော်ဌေး တိုက်ပေါ်က ပြုတ်ကျလို့ ဆုံးပြီတဲ့”
သွေးမရှိတော့တဲ့ မျက်နှာနဲ့ သတင်း ပေးသူက ကျွန်တော့် အခန်းဖော် ရွှေကြီး။ ကျွန်တော့် တစ်ကိုယ်လုံး မေ့ဆေး အပေးခံလိုက်ရတဲ့ လူလို။ အသက် ရှူဖို့တောင် သတိမရတော့။
“အက်စီးဒင့်ဖြစ်ပြီး ချော်ကျတာ။ သူအခု လုပ်နေတဲ့ ကွန်ထရက်ရှင်က ၈ ထပ် မြင့်တယ်။ ပွဲချင်းပြီးပဲကွာ”
လည်ချောင်းတစ်ခုလုံး ဘာသံမှ ထွက်ကျ လာလို့ မရလောက်အောင် မောဟိုက် တစ်ဆို့သွား တယ်။ ရင်ခေါင်းတစ်လျှောက် ကြွေကွဲဝမ်းနည်း ခြင်းတွေသာ ဒီရေလို တလိပ်လိပ်။ မျက်လုံးထဲမှာ တော့ နေလောင်ထားလို့ ကြေးနီရောင် သမ်းနေတဲ့ ကိုကျော်ဌေးရဲ့ မျက်နှာ။
ကိုကျော်ဌေးက ဘောလုံး ကန်ကောင်းသူ။ အလုပ်နားရက် ဖူဆယ်ကွင်းမှာ ဘောလုံးသွား ကစားရင်း ကိုကျော်ဌေးနဲ့ ရင်းနှီး ခင်မင်ခဲ့ရတယ်။ သူ့အဆောင်ကိုလည်း ရောက်ခဲ့ဖူးတယ်။ သူ့ ချက်ကျွေးတဲ့ ထမင်းကိုလည်း စားခဲ့ဖူးတယ်။ သူ့ မိသားစု အကြောင်းကိုလည်း တီးမိခေါက်မိ ရှိခဲ့ တယ်။
“ငါ့သားက ငါ့လိုပဲ ဘောလုံး ခရေဇီကွ၊ တစ်ချိန်လုံး ဘောလုံးနဲ့ပဲ ဆော့နေတော့တာ”
“ပြန်ချင်တာမှ ဆတ်ဆတ်ကို လူးလို့ကွာ။ ၀က်ဖြစ်မှတော့ မစင်ကြောက်နေလို့ မဖြစ်တော့ ဘူးလေ။ ရည်ရွယ်ချက်တွေ မပြည့်သေးတော့လည်း ကြိတ်မှိတ် အောင့်အည်းပြီး လုပ်နေရတာ”
“ကိုယ့်မြေ၊ ကိုယ့်လေ၊ ကိုယ့်ရေကပဲ ကိုယ့် အတွက်အကောင်းဆုံးကွ။ ငါကတော့ သေရ မယ်ဆိုရင်တောင် ကိုယ့်နိုင်ငံမှာပဲ သေချင်တယ်”
ကျွန်တော့်နားထဲ ကိုကျော်ဌေးရဲ့အသံတွေ ပဲ့တင် ထပ်လာတယ်။ သေခြင်းတရား ဆိုတာ စိုသောလက် မခြောက်ခင်၊ ကွေးသောလက် မဆန့်မီပါလား။ ကျွန်တော် တော်တော်လေး ချောက်ချား သွားမိတယ်။ သေတာတောင် အမိမြေမှာ မသေရတဲ့ အဖြစ်။ ကိုကျော်ဌေး မိသားစုကရော ဒီအဖြစ်ဆိုး ကြီးအတွက် ဘယ်လောက်ကြေကွဲ ၀မ်းနည်း ယူကျုံးမရ ဖြစ်နေမလဲ။ သေကွဲ ကွဲရတာတောင် နောက်ဆုံး အနေနဲ့ မျက်နှာလေးတောင် တွေ့မြင်ခွင့် မရကြတဲ့ ဘ၀တွေ။ ကျွန်တော့် ရင်ထဲ ရသခါးခါး တွေ နာနာကျင်ကျင် စူးလို့။ အပြင်မှာတော့ မလေးရှားမိုးဟာ အငြိုးတကြီးကြီးနဲ့ သည်းသည်းထန် ထန်ရွာသွန်းနေတယ်။
၅။
ထုံးစံအတိုင်း၊ ဒီနေ့လည်း ကျွန်တော့် Cutting Box ပေါ် ဆယ်လ်မွန် ငါးတစ်ကောင် ရောက်လာပြန်တယ်။ ဒီဆယ်လ်မွန်ငါးတွေ တွေ့ မြင်လိုက်တိုင်း ကျွန်တော့် စိတ်အာရုံထဲ စီးမျောဝင် ရောက်လာလေ့ ရှိတာက ဦးခင်ဝမ်းရဲ့ ဆယ်လ်မွန် ငါးတို့ အိမ်ပြန်ချိန် တေးသွား။
လက်ထဲက မိတ်အင်ဂျပန် ဆိုတဲ့ ဓားထက် ထက်ကြီးကို ကျွန်တော် အကြာကြီး ကိုင်ထားနေ မိတယ်။ အာရုံထဲမှာတော့ လျှပ်စီး လက်သလို တဖျတ်ဖျတ် ပုံရိပ်တွေ။ ဇော်လတ်၊ ကွမ်းယာ သည်မလေး၊ ကိုမိုးထွေး၊ ကျွန်တော် မမြင်ဖူးတဲ့ ကလေး တစ်ယောက် ပြီးတော့ ကိုကျော်ဌေး။
“မမကတော့ ပြန်မလာစေချင်သေးဘူး။ အမေ့ ရောဂါက ပိုက်ဆံတွေ အများကြီးကုန်မှာ နော်။ အဖေကလည်း လေသန်းထားတာဆိုတော့”
အင်တာနက်ကနေ ဖုန်းလှမ်းဆက်တဲ့ မမရဲ့ အသံတွေကလည်း ကျွန်တော့်စိတ်အာရုံကို ခေါင်းလောင်းထိုးနေပြန်တယ်။
“ဘာ ငိုင်နေတာလဲ။ လုပ်လေ”
ဘေးနားက လုပ်ဖော်ကိုင်ဖက် တရုတ်တစ် ယောက်က “E”လို လှမ်းပြောမှ ကျွန်တော် သတိ ပြန်ဝင်လာတယ်။ ဒါပေမဲ့ အတွေးကတော့ အမျှင် မပြတ်သေးဘူး။ အခု ကျွန်တော့်ဓားထက်ထက် အောက်ကိုရောက်နေတဲ့ ဆယ်လ်မွန်ငါးကြီးလို အိမ်ပြန်မရောက်နိုင်သေးတဲ့၊ အိမ်ပြန်မရောက်ဖြစ် တော့တဲ့ လူသားတွေ ဘယ်လောက်တောင်များ နေပြီလဲဆိုတာ။
မကြာခင်သော အချိန်အတွင်းမှာ အသားစိမ်း စားတဲ့ ပုဂိ္ဂုလ်တို့အတွက် ဒီဆယ်လ်မွန်ငါးကြီးကို ကျွန်တော်“ဆူရှီ”လုပ်ပေးရပါဦးမယ်။
လင်းလက်တာရာ
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
Monday 13 August 2012
ကွာလာလမ်ပူ
တရားမဝင်အလုပ်သမားတစ်ယောက်
တရားမဝင် casino ဆိုင်ထဲ
တရားတွေ မ, ပြီးဝင်လာတယ်။           ။
                             လင်းလက်တာရာ
အဲဒီနေ့ က ရေးဖြစ်ခဲ့တဲ့ကဗျာ
သူတင်နင်းနေတာ
ကျွန်တော်မဟုတ်ဘူး
သူ့ မိသားစု
ကျွန်တော်စီးနေတာကလည်း
ဆိုက္ကားမဟုတ်ဘူး
ကိုယ်ချင်းစာတရား
ချွေးဒီးဒီးကျနေတဲ့ ကုန်းလျှောတစ်ခုပေါ်
သူ့ ကို ကျွန်တော် တွန်းတင်လို့ 
(စက်တင်ဘာ၊၂၀၁၂၊အိုင်ဒီယာမဂ္ဂဇင်း)
                             လင်းလက်တာရာ 
ဒီဂိုးဟာ လပေါ်က ကျလာတာမဟုတ်ဘူး
သို့ ...လို့ တံဆိပ်တပ်ထားတဲ့ ရင်ဘတ်များကို ဖွင့်ကြည့်ဖူးပါသလား
ဝေဒနာချင်း မျိုးတူသွားမှုမှာ ယုံကြည်ချက်တွေ အထွက်နှုန်း တိုးမတိုး
အရောင်ဖြူတိုင်း အဖြူရောင်မဟုတ်ဘူး
နားဝင်ချိုစရာတွေများလာရင် အန္တရာယ်
အခိုင်ခံ့ဆုံးတံခါးလည်း ပွင့်ထွက်လွယ်တယ်
အရေးအကြောင်းဆို စိတ်နှစ်ခွက ခေါင်းထဲဝင်လာမယ်
လက်ခံစဉ်းစားရမှာက ရိုးသားခြင်းပစ္စုပ္ဖန်
မနက်ဖြန်ကို ဘယ်တော့မှ ဖုန်းမခေါ်နဲ့ 
သဘာဝနဲ့ ဘဝဟာ ရိုးမြေကျပဲ
အဓမ္မကို ဘယ်တော့မှ ရည်းစားစကားမပြောနဲ့ 
မိုးခေါင်တိုင်း ကြောင်ကို ရေချိုးပေးရမယ့် ခေတ်မဟုတ်ဘူး
သုံးနှစ်သုံးမိုး ပိုးရမယ့်ခေတ်မဟုတ်ဘူး
အနေအထိုင်မတတ်ရင်တော့ အင်တာနက်ထဲ အရှက်ကွဲရင်လည်းကွဲမယ်
အိပ်မက်ကို လောင်းကြေးထပ်မိသေးလား
ဒါ အက်ဖ်အေဖလား မဟုတ်ဘူး
ဒါ ကားလင်းဖလား မဟုတ်ဘူး
"တန်းဆင်းဇုန်"
မော်ရင်ဟိုလို ဘယ်တော့မှ အပြောမကြီးနဲ့ ။         ။
(ဇန္နဝါရီ၊၂၀၀၉၊ ဖြစ်ရပ်မှန် စုံထောက်မဂ္ဂဇင်း)
                                          လင်းလက်တာရာ
အဝေးကွင်း
အမောဆို့ နေတဲ့ သက်လုံတွေနဲ့ 
ရေကြည်ရာ မြက်နုရာတွေဆီ ခုန်ချမိခဲ့။
သူစိမ်းတစ်ရံ မျက်ဝန်းတွေအောက်
တောမှောက်သော လက်ခုပ်သံများ။
တဖွဲဖွဲသွန်းနေတဲ့ နှင်းတွေအလယ်
ရင်အငူဟာ ခြစ်ခြစ်တောက်ပူလို့ ။
ရေတစ်တန် ကုန်းတစ်တန်
ယုံကြည်ချက်တွေ ကျောနံပါတ်လို တပ်လိုက်ပြီ။
မိနစ်(၉၀)လုံးလုံး
အဝါရောင် အိမ်အလွမ်းတွေ တစ်ကဒ်ပြီးတစ်ကဒ်။      ။
(အောက်တိုဘာ၊၂၀၀၇၊ရောင်ပြန်မဂ္ဂဇင်း)
                                             လင်းလက်တာရာ
ဟွန်းဇုန်
ခေါ်ဆိုနေတဲ့ဖုန်းက
လူကြီးမင်းတွေနဲ့ နှစ်သိမ့်တယ်
မင်းအနမ်းတွေ ဒီရေမတက်သေးဘူး
ငါ့အလွမ်းတွေသာ ရောက်လေရာ ကျောက်ချတယ်
ပါးနပ်စွာ ပုန်းခိုသွားတဲ့ မင်းခြေသံတွေ
ငါ့ရင်ဘတ်ထဲမှာ ခဏခဏမြည်နေဆဲ
မင့်ပါးပြင်ထက်က  ပါးကွက်ကြားရနံ့ လေးတွေ
ငါ့အိပ်မက်ထဲမှာ ခုထိပေကျံနေဆဲ
မျှော်လင့်ခြင်းတွေ ပြန်စာမလာသေးသမျှ
ငါ့ကိုယ်ငါ လိပ်စာ ခဏခဏမှားတယ်
ခုငါဆိုနေတဲ့ သီချင်းက
မီးမထွန်းဘဲ လင်းနေတဲ့ သတိရခြင်းတွေအကြောင်း
ငါ့ဆောင်းဟာ နှင်းတွေနဲ့ လမ်းခွဲခံရတယ်
ဘယ်လိုခက်ဆစ်တွေကို ကျက်မှတ်နေရဦးမှာလဲ
မင်းအဘိဓာန်မှာ ငါက သတ်ပုံခဏခဏလွဲတယ်
ဒီလိုနဲ့ 
မင်းအချစ်ရဲ့ ဟွန်းမဲ့ဇုန်မှာ
ငါ့နှလုံးသားက ဟွန်းခဏခဏယောင်တယ်။     ။
(အတွဲ ၅၊အမှတ် ၂၊ မေလ၊၂၀၀၈၊ရုပ်ရှင်အမြုတေမဂ္ဂဇင်း)
                                             လင်းလက်တာရာ
Sunday 12 August 2012
အဝါရောင်အယ်လ်ဘမ်
မြို့မသီချင်းတွေ ဖိတ်လျှံနေတဲ့ မြို့ထဲ
ရေစိုခံ သံချပ်တေးတွေ ရှိတယ်
ငိုရမှာ ကြောက်ကြောက်နေတဲ့
ဥသြငှက်လေးရေ
နွေဟာ မင်းရဲ့ အမှတ်တံဆိပ် ပဲကွဲ့ 
ခံစားချက်တွေ ဆူလွယ် နပ်လွယ်တာ
ရင်ခုန်သံတွေ ထိလွယ် ရှလွယ်တာ
အတာက ရုပ်ရှင်ဆန်ဆန်
ခု...အားလုံးနဲ့ အတူ အသုံးတော်ခံဖို့ 
ပိတောက်က ဖိတ်စာပို့ လိုက်ပြန်ပြီ။       ။
(ဧပြီ၊၂၀၀၉၊ကလျာမဂ္ဂဇင်း)
                                         လင်းလက်တာရာ
Saturday 11 August 2012
ဒေါ်လာ ၅၀၀ တန် လူတစ်ယောက်အကြောင်း
ဒေါ်လာ ၅၀၀ ဟာ လူတစ်ယောက်ရဲ့ လူ့ အခွင့်အရေးတွေကို
ဖျက်ဆီးချေမွပစ်ခဲ့တယ်
ဒေါ်လာ ၅၀၀ ဟာ လူတစ်ယောက်ရဲ့အနာဂတ်၊ မျှော်လင့်ချက်အိပ်မက်တွေကို
ကြက်ခြေခတ်ပစ်ခဲ့တယ်
ဒေါ်လာ ၅၀၀ ဟာ လူတစ်ယောက်ရဲ့ လင်းပွင့်ခွင့်၊လွတ်လပ်မှုနဲ့ ပျော်ရွှင်ခြင်းပြတင်းပေါက်တွေကို
ပိတ်ပစ်ခဲ့တယ်
ဒေါ်လာ ၅၀၀ ဟာ လူတစ်ယောက်ရဲ့ လူသားချင်းတန်းတူညီမှုတွေကို
ကိုက်ဖြတ်စားသောက်ပစ်ခဲ့တယ်
ဒေါ်လာ ၅၀၀ ဟာ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို
သတင်းစာစက္ကူလုံးချေသလို အလွယ်တကူလုံးချေပစ်ခဲ့တယ်
အင်္ဂါဂြိုဟ်ပေါ် ဒေါ်လာသန်းချီပေးပြီး အလည်အပတ်သွားနေတဲ့ခေတ်ကြီးမှာ
လူတစ်ယောက်ဟာ ဒေါ်လာ ၅၀၀ ပဲ တန်ခဲ့ရှာတယ်
အဲဒီ ဒေါ်လာ ၅၀၀ တန် နိုင်ဂျာသူ ''ဟာဒီဇာတူမာနီ'' ပေါ့
တန်ခိုးအာဏာကို အမှန်တရားနဲ့ ရင်ဆိုင်
မတရားမှုအတွက် သံမဏိစိတ်ဓါတ်တွေနဲ့ တိုက်ပွဲဝင်
နောက်ဆုံး ကိုယ့်နိုင်ငံတောင် ရဲရဲဝံ့ဝံ့ တရားစွဲဆို အနိုင်ယူခဲ့တဲ့အထိ
တကယ်တော့ သူမဟာ ဒေါ်လာ ၅၀၀ တန်မဟုတ်ဘူး
အရည်တလဲ့လဲ့တောက်ပနေတဲ့ အာဖရိကကျောက်ရိုင်းတုံး
သူရသတ္တိနဲ့ ပြည့်စုံတဲ့ သူရဲကောင်းတစ်ယောက်
''ဘယ်သူတစ်ဦးတစ်ယောက်မှ ကျွန်ဇာတ်သွင်းတာ မခံရသင့်ပါဘူး
လူကိုငွေနဲ့ ဝယ်တဲ့ခေတ်ဟာ ပျက်သုဉ်းသင့်တာကြာပါပြီ''
သူမရဲ့ နှလုံးသားထဲက သင်းပျံ့လာတဲ့စကား
ကမ္ဘာကြီးတစ်ခုလုံးကြားခဲ့ပြီ။           ။
(TIME မဂ္ဂဇင်းရဲ့ အထင်ကရ ပုဂ္ဂိုလ် ၁၀၀ မှာ သမိုင်းစာမျက်နှာ ရေးထိုးခံခဲ့ရတဲ့
ကျေးကျွန်ဟောင်း'' ဟာဒီဇာတူမာနီ'' ကို ဂုဏ်ပြုရေးဖွဲ့ ပါတယ်)
                                                                   လင်းလက်တာရာ
                                                                    ၈၊၈၊၂၀၁၂
Thursday 9 August 2012
အစိပ်စိပ်အမြွှာမြွှာ၊ ငါ့ကိုယ်ငါစိတ်ပျက်မိတဲ့ နေ့ က
ပျံကျဈေးသည်လေးလို
ပုံလဲနေတဲ့ စိတ်ကူးတွေ
အရွယ်သုံးပါးစလုံး
ရုန်းကန်နေရတဲ့  ပုစ္ဆာခက်ခက်
သွေးထွက်လွန်အသက်ရှူခန်းမှာ
ကွန်နက်ရှင်ဒေါင်းနေတဲ့ အောင်မြင်မှု
သင်္ခါရကမ္ဘာကြီးမှာ
သင်ထားသမျှ ခါခါချနေရတဲ့ သံသရာ
ဒီလက်ကြမ်းကြီးနဲ့ ဒီိအနုပညာမှာ
ဒီကဗျာလေးခမျာ ရင်ကွဲပက်လက်
ခေတ်ပြိုင်ညနေကြီးကအစ
ဘုရားသခင်ဆီ အတိုင်အတောထူနေတတ်ပြီ
အမှန်တရားများတို့ ရေ
ရယ်ဖို့ သာ မောထားကြပေတော့။
                   လင်းလက်တာရာ
ခေတ်ပေါ်ကဗျာဆရာတစ်ယောက်အား တယ်လီဖုန်းဆက်ကြည့်ခြင်း
မင်းသိတဲ့အတိုင်း ငါက ကဗျာဆရာ။ ငြိမ်ခံတတ်တဲ့ကောင်မဟုတ်ဘူး။ နောက်ဆုံး တစ်ဖွဲ့ လုံးနဲ့ တစ်ယောက်။
ဘာဖြစ်သေးလဲ။   လွတ်လွတ်လပ်လပ် သင်းကွဲတယ်။   ငွေတွင်းနက်တယ်။  ကဗျာတွင်းက    ပိုနက်တယ်။
နှလုံးသားတွင်းက   အနက်ဆုံးပေါ့။  ဟော့ဒီ လက်ဖဝါးတွေသာကြည့်တော့။   လူတွေကို   တဖြည်းဖြည်းနဲ့ 
သံသယရှိလာပြီ။  ယုံကြည်မှုတွေ ဆင်းရဲသားဖိနပ်လို  တဖြည်းဖြည်းပါးလာပြီ။  အစလေးတစ်စ မြင်တာနဲ့ 
ငါက ဆွဲထုတ်တော့တာပဲ။ ဆန့် ထုတ်တော့တာပဲ။ အံစာတုံး တစ်တုံးလို ခြောက်ဘက်မြင်တွေးတယ်။ အစိပ်စိပ်
အမြွှာမြွှာ ခွာကြည့်တယ်။ ငါ့ကိုယ်ငါတောင် မယုံတော့ဘူး။ အမြင်မတော်တာတွေ တွေ့ တွေ့ နေရလို့ ။ မတော်
မတည့်တွေ ကြည့်ကြည့်နေရလို့ ၊ ကိုယ့်မျက်လုံးကိုယ်တောင် ဖောက်ထုတ်ပစ်ချင်လာပြီ။ မြင်ချင်တာတွေ မြင်ချင်
တယ်ကွာ။ ကြားချင်တာတွေ ကြားချင်တယ်ကွာ။ ဖြစ်ချင်တာတွေ ဖြစ်ချင်တယ်ကွာ။ လက်ပိုက်ကြည့်နေရတာ
ဘယ်လောက် ပင်ပန်းတယ်မှတ်လဲ။ ဘယ်သူမဆို ကိုယ့်မြေကိုယ့်ရေမှာပဲ ပွင့်ချင်တာပေါ့။ လန်းချင်တာပေါ့။
ခုတော့... ကိုယ့်မြေမဟုတ်ပဲ ကြွေရ။ ကိုယ့်ရေမဟုတ်ပဲ ခြောက်ရ။ လင်းတဲ့နေရကတော့ နတ်ပြည်တမျှ။ မှောင်တဲ့
နေရာကတော့ ငရဲတမျှ။ အလင်းထဲက မျက်လုံးနဲ့  အမှောင်တဆုံးနှိုက်ကြည့်လိုက်။ ဘာတွေပါလာမလဲ။
အလင်းဆာနေတဲ့ မျက်လုံးတွေပဲ ပါလာမှာပေါ့။ ငါတော့... မောင်ချောနွယ်ကဗျာတစ်ပုဒ်နဲ့ ဟိုကောင့် ကဗျာစာအုပ်
တစ်အုပ် မလဲနိုင်သေးဘူး။ တူမကိုင်တတ်ပဲ သံတစ်ချောင်းရိုက်ကြည့်။ စင်သွားရင်သွား၊ မသွားရင်ကောက်သွားမယ်။
ကွေးသွားမယ်။ ပျောက်သွားမယ်။ မတော်ရင် ကိုယ့်မျက်လုံးတောင် မဟုတ်ဘူး၊ သူတပါး မျက်လုံးတောင် သွားစိုက်
နိုင်တယ်။ အသက်တစ်ချောင်းမွေးရတာ သံတစ်ချောင်းရိုက်ရသလိုပဲ။ အေး...အသက်တစ်ချောင်းမွေးရတာထက်
ကလောင်တစ်ချောင်းမွေးရတာက ပိုခက်တယ်။ ကဗျာမှာ နိုင်ငံရေး ပါကိုပါရမယ်လို့ ဘယ်သူပြောလဲကွာ။ ပါရင်ပါမယ်။
ညစ်ပတ်နံစော် ပုပ်ပွနေတဲ့ စကားလုံးအမှိုက်ပုံကြီးပဲ။ မောင်ချောနွယ် ဘယ်မှာ အင်တာနက်သုံးခဲ့လို့ လဲ။  ဒါပဲလေ။
သမိုင်းက ရေးထိုးသွားတာ။ မင်းလည်း မင်းသမိုင်းမင်းရေး။ ငါလည်း ငါ့သမိုင်း ငါရေးရမှာပဲ။ မနေနိုင် မထိုင်နိုင်
အုတ်ကျင်းအကြောင်း ရေးချင်လည်းရေးပေါ့ကွာ။ ဟားဟား...ရယ်ရတာ ရင်နာတယ်။ ရင်နာနာနဲ့ ပဲ ဘဝရဲ့ အနာတွေကို
လျှာနဲ့ လျှက်လျှက်ပြီး ရေးနေရတာ။ တစ်သက်မှာ တစ်ခါ၊ ကဗျာနဲ့ သွေးသားတော်စပ်ရတာ ဘယ်လောက် အရသာ
ရှိလိုက်လဲ။ အနုပညာရဲ့ သားတော်ဘဝက ခါးတယ်။ အရသာရှိရှိ ခါးပစ်လိုက်စမ်းပါကွာ။ နောက်ဆုံး တစ်ခုမေးမယ်။
ကဗျာကို မင်းဘဝထဲ ဆွဲသွင်းလိုက်တာလား။ မင်းဘဝတစ်ခုလုံးကို ကဗျာထဲဆွဲသွင်းလိုက်တာလား။ ဖြေ...။
                                                                                                              လင်းလက်တာရာ
ရန်ကုန်နီးချုပ်စပ်မြို့
ကြည့်လိုက်။ ခေတ်ကို ထမင်းချိုင့်ထဲ ထည့်ဆွဲထားပုံကိုက တကယ့် ရီရယ်လစ်ဇင်
ရိုးရိုးလက်ဖက်ရည်တစ်ခွက်နဲ့ ရုပ်လုံးကြွမနက်ခင်းကလေးကို ကဗျာရေးမလား
မြင်မြင်သမျှဟာ အနုပညာတွေနဲ့ ပုံဖော်ယက်ဖွဲ့ ထားသလို
လူပျော်တစ်ယောက်က "ငါတိုးတက်နေပြီ" လို့ ဘက်စ်ကားစီးရင်းအော်သွားတယ်
စားပွဲထိုးကောင်လေးက ရွာကသူ့ ညီလေးကို ခေါ်မလို့ တဲ့
စပါယ်ယာလေးက သူရထားတဲ့ B.E.con ဘွဲ့ ကိုထုတ်မပြောဘူး
KTVက ကောင်မလေးက ကုမ္မဏီအရောင်းစာရေးလို့ သူ့ အမေကိုညာထားတယ်
ပွဲစားလည်း ပွဲစားအလျောက်၊ နေ့ စားလည်းနေ့ စားအလျောက်
ကုန်ထမ်းသမားလည်း ကုန်ထမ်းသမားအလျောက်၊ ပဲပြုတ်သည်လည်း ပဲပြုတ်သည်အလျောက်
ကိုယ့်အရေးအသားနဲ့ ကိုယ်၊ ကိုယ့်ဖွဲ့ သီမှုနဲ့ ကိုယ်
အိမ်လခ မပေးရသေးရသေးဘူး၊ ရေခွန်က ဘယ်မျှ၊ မီးခွန်က ဘယ်လောက်၊ ကုန်ဈေးနှုန်းကဘယ်လို
မြို့ပြဟာ ဒုက္ခတွေကို သွင်းကုန်လုပ်လိုက်၊ ထုတ်ကုန်လုပ်လိုက်
မြို့ပြဟာ လောကဓံတွေကို ပန်းပွင့်ပြလိုက်၊ လောင်ကျွမ်းပြလိုက်
မြို့ပြဟာ လူသားတွေကို မွေးဖွားပေးလိုက်၊ မြေမြုပ်ပစ်လိုက်
ခွေးလေခွေးလွင့်တွေ ကားကြိတ်ခံရတဲ့ မြို့ပြ
လူပိုလူလျှံတွေကို အာမခံမပေးတဲ့ မြို့ပြ
ဖျားတာနာတာကအစ မဖျားဝံ့ မနာဝံ့တဲ့ မြို့ပြ
ငွေရှိရင် နတ်ပြည်ခြောက်ထပ်တမျှ ရသမြောက်တဲ့ မြို့ပြ
နေ့ ချင်းညချင်း အမှိုက်ပုံကြီးက ဘောလုံးကွင်းဖြစ်လို့ 
နေ့ ချင်းညချင်း သင်္ချိုင်းကုန်းဟာ ဟိုတယ်ကြီးဖြစ်လို့ 
နေ့ ချင်းညချင်း လယ်ကွင်းတွေဟာ စက်မှုဇုန်ဖြစ်လို့ 
နေ့ ချင်းညချင်း....... နေ့ ချင်းညချင်း...... နေ့ ချင်းညချင်း.............
..............................
..............................
..............................
........
                                                            လင်းလက်တာရာ
Sunday 5 August 2012
အောက်ပါမေးခွန်းများကိုဖြေဆိုပါ
(၁)
မိတ်အင်ဂျပန်လို့ ရိုက်နှိပ်တားတဲ့ တရုတ်ဖြစ်များအကြောင်းပြောပါ။
(၂)
'ငါ' ဆိုတဲ့ ပုံဆောင်တုံးဟာ
ဘယ်အချိန်၊ ဘယ်အခါ၊ ဘယ်နေရာမှာ၊ ဘယ်လိုအငွေ့ ပျံသွားနိုင်ပါသလဲ။
(၃)
လူသုံးကုန်လူမှုရေးမှာ အပြုံးတုတွေ မည်မျှရောင်းရပါသနည်း။
(၄)
သမ္မာအာဇီဝအကြောင်း လက်တွေ့ ကျကျဖွင့်ဆိုပါ။
(၅)
ကွက်လပ်ဖြည့်ပါ။ (က)မိသားစု၊(ခ)ချစ်မေတ္တာ၊(ဂ)ကို
ယ်ကျင့်တရား။
(၆)
ရိုးသားစွာ ဆင်းရဲကြသူများအား ဖော်ပြပါ။
(၇)
ငွေကြေးနဲ့ အနုပညာအကြောင်း စာစီကုံးပါ။
(vol.11,no-5,july,2008. fashion image magazine)
                                                လင်းလက်တာရာ
တဆစ်ဆစ်နာ
အီရန်မှာ
အမျိုးသမီးတစ်ဦးကဗျာရေးတာတွေ့ လို့ 
သူ့ ယောင်္ကျားက သေကောင်ပေါင်းလဲ ရိုက်တဲ့သတင်း
ဆရာမောင်ကြူးရင့်ရဲ့ ကဗျာထဲမှာ
ဆို့ ဆို့ နင့်နင့်ဖတ်လိုက်ရတယ်
ရန်ကုန်မြို့မှာ
ကဗျာဆရာမ(၆)ယောက်ကဗျာရွတ်ပွဲ
မဂ္ဂဇင်းထဲ တခမ်းတနားတွေ့ လိုက်ရတာ
ကြည်နူး ပီတိ ကျေနပ်စရာ
နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေတဲ့ ကမ္ဘာကြီးမှာ
မညီမျှခြင်းတွေက
ဈေးကွက်ဝင် ခေတ်ပေါ် ဂရပ်ဖစ်မျဉ်းတွေလို
'ဘဝပေးအခြေအနေက ကဗျာရေးနေလို့ မရဘူး' ဆိုပြီး
ပညာရေးတစ်ဝက်တစ်ပျက်နဲ့ 
ထိုင်းနယ်စပ်ကို စက်သွားချုပ်တဲ့ သူငယ်ချင်းမလေး
လူကုန်ကူးမှု အနက်ရောင်ဝဲဂယက်ကြီးထဲ
မျောပါနစ်မြုပ်သွားတာ
ဒီကဗျာနဲ့ ဆို (၅) နှစ်ရှိပြီ
ရင်နာတယ်တဆစ်ဆစ်။
                                     လင်းလက်တာရာ
ကဗျာဆရာပြန်ရတဲ့နေ့ 
ရောင်စုံဘောလ်ပင်နဲ့  တိုးနှောင်မိုးဆီရေးတဲ့စာ
နှောင်ဖွဲ့ ပျံသန်း အိပ်မက်ကြွေ အရိပ်
တိမ်တိုက်တွေ ကိုယ့်ကိုယ်ကို လောင်ကျွမ်းထားတဲ့ည
ဒီနေ့ ရတဲ့တရားဟာ မောင်ချောနွယ်ကိုစိုက်တဲ့ဓါး
မြို့လယ်ကောင် ရှုခင်းဟာ ရွက်ကြွေတွေနဲ့ အပြည့်
တစ်ခုတော့ရှိတယ်၊ တစ်ခြမ်းတော့ရှိတယ်၊ တစ်စိပ်တော့ရှိတယ်
မြို့ကြီးပြကြီးထဲ ငါတို့ သူငယ်ချင်းတွေ
လူ့ သမိုင်းတစ်လျှောက်လုံးကွက်လပ်
လူ့ သမိုင်းတစ်လျှောက်လုံးကွက်လပ်
ဒွန်ဂေါ်ဒီယံ ရှင့်သားငယ်လေးကို ကြည့်ပြောထားပါဦး၊ ဂျစ်ဂျစ်
မှန်စာတိုက်ထားတဲ့ကြိုးနဲ့  စွန်မလွှတ်ကြပါနဲ့ 
လေညင်းလေးတွေ နာကျင်မှာစိုးရဲ့
တယ်လီဖုန်းထဲမှာ ကမ္ဘာဦးဂီတ၊ ဂြိုဟ်သားဆီကအသံ
သံသရာတစ်စနဲ့  ပုဂ္ဂလိက ဘဝနေနည်း
သွန်ပြစ်လိုက်၊ သောက်ပြစ်လိုက်၊ မိုးပေါ်လှမ်းပက်လိုက်
တထိတ်ထိတ်ကမ္ဘာ ပျော်စရာ
အရူးမှာလိုင်စင်ရှိတယ်
ဖမ်းမိသလောက် စိတ်ကူးများ
မိသားစု၊ မန္တလေးခဏ၊ ကျွန်တော့်ပခုံးပေါ်က ရွာကလေး
မြို့သစ်သားများ နေ့ စဉ်နေထိုင်မှုစတိုင်လ်နဲ့ လမ်းလျှောက်ထွက်ခြင်းအခန်းဆက်
ကဗျာ
မနောက်နဲ့ ကိုဇေယျာ
အချစ်ကဗျာနဲ့ ပြန်စမယ်
ကျွန်ုပ်တို့ မြို့သူမြို့သားအပေါင်း
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
                             လင်းလက်တာရာ
သြဂုတ် ၂၀၁၂၊ ခရမ်းရိပ်အနုပညာမဂ္ဂဇင်း