Monday 16 July 2012
ကျောက်တုံးကို ပန်းပွင့်စေသူများ
ကျောက်တုံးကို ပန်းပွင့်စေသူများ PDF Print
ဟံသာဝတီ ဆင်ဖြူရှင်မင်းရဲ့
ခမ်းနား ထည်ဝါတဲ့ နန်းတော်ကြီး
မရှိတော့ဘူး
နတ်သျှင်နောင်ရဲ့ ရတုတွေ
ရှိနေတုန်းပဲ
ရှေးခေတ် အုပ်ချုပ်ရေး ဥပဒေသတွေ
ပျောက်ရှသွားပြီ
သူတည်းတစ်ယောက်
သိုးကလေ
တောက်ပနေတုန်းပဲ
မဲဇာနဲ့ လက်ဝဲသုန်္ဒရ
အနန္တသူရိယ အမတ်နဲ့
လူကိုခွေးသတ်လေခြင်း
ရာဇ၀င်ထဲက ကဗျာ
ကဗျာထဲက ရာဇ၀င်
ဖျစ်ဖျစ်မြည်အောင် သစ်ချွတ်တုန်း
မြစ်က
သူ့အလိုလို စီးဆင်းတယ်
ခေတ်က
သူ့အလိုလို ရွေ့လျားတယ်
ငါတို့က
ခေတ်ထဲ မြစ်လို
စီးဆင်းရွေ့လျားတယ်
အော်သံအကျိုးအပဲ့
အုတ်ပုံအပြိုအပျက်
ယမ်းငွေ့အူအူ
ဆူနာမီ
ငလျင်
နာဂစ်
Ak-47 သေနတ်သံ
အနံ့ခံခွေး
မြို့ကြီးထဲပြေးလွှားနေရတဲ့
ကယ်ဆယ်ရေးတွေ
အာဖဂန်
အီရတ်
လစ်ဗျား
ဆီးရီးယား
ဟိုင်းကြီး
ဟေတီ
တူရကီ
ဂျပန်
အင်ဒိုနီးရှား
ဒီလိုငြိမ်သက်မယ့် ပထ၀ီပေါ်
အသွေးလို
အသားလို
အသွေးအသားလို ကမ္ဘာ
ငါတို့က ကဗျာကို
နှလုံးသားနဲ့ ရေးတယ်
မော်ဒန်
ပို့(စ်)မော်ဒန်
L P
နီယို
ဗဟုဝါဒီ
သင်္ကေတ၀ါဒီ
ဘာပဲဖြစ်ဖြစ်
ကိုယ့်ယုံကြည်ကိုးကွယ်မှုနဲ့ ကိုယ်
ကဗျာကို
အသပြာနဲ့ ဘယ်သူရေးသလဲ
အသပြာကို
ကဗျာနဲ့ ဘယ်သူရေးသလဲ
ခေတ်အဆက်ဆက်
အမြစ်ဖြတ်လို့ မရတဲ့ရောဂါ
ခလုတ်လား
အမိလား
ခလုတ်ရော အမိရော သွေးထွက်သံယို
ကဗျာကို အရူးတွေပဲ အနက်ဖွင့်ဆိုတယ်တဲ့
အရူးဟာ ကဗျာမရေးဘူးတဲ့
ငါတို့က
ရူးလို့ကဗျာရေးနေတာလား
ကဗျာရေးဖို့ ရူးနေတာလား
အလိုကြီးခဲ့လို့လား မသိ
ငါတို့အရနည်းခဲ့တယ်။
လင်းလက်တာရာ
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
အိုမာခယမ်နဲ့ ဖျော်စပ်ထားတဲ့ ပေါ့ဆိမ့်တစ်ခွက်အကြောင်း(၂)
စိတ်ကူးနဲ့  အိမ်ဆောက်တာတောင် ကြသောင်းဝါးဝယ်နေရ
စိုက်လက်စ စက္ကူပန်းလေးတောင် ရေမလောင်းဖြစ်တာကြာပြီ
နေ့ ခင်းသာသာထဲ  လမင်းဝါဝါကို ရှာဖွေ ကမ္ဘာကြီးဟာ ဆားမပါတဲ့ ထမင်းရည်လား
ကျိုးကျိုးကြေကြေ အဆာပြေနေ့ လေးတွေ  စိတ်ကို အဲကွန်းတပ်ထားလို့ ရရင်ကောင်းမယ်
ကံတရားက ဆိုင်ကယ်အိုလေးလို တဟွတ်ဟွတ် ချောင်းဆိုးလို့ 
ရှင်သန်ခြင်းက စက်ဘီးစုတ်လေးလို တဂျောက်ဂျောက်နဲ့  အာခေါင်ခြစ်လို့ 
မိသားစုဆိုတာ အရေးပေါ်ထုတ်ဝေလိုက်တဲ့ ဝတ္ထု တစ်သက်လုံးစုလာခဲ့ တဲ့စုဗူးကလေးဖောက်လိုက်ပြီ
လေထဲ မင်ရည်ကျဲကျဲ မနက်ဖြန်တွေ  သံသရာက သရေကွင်းလို ဆွဲလိုက်တိုင်း ကျယ်လာ
ပြတ်ထွက်သွားတဲ့ ဖိနပ်လေးပေါ် လွင့်ကျလာတဲ့ သစ်ရွက်ကလေး တင်လို့ 
လောက  လမ်းမဟုတ်တဲ့လမ်းတွေနဲ့  စကားပြောရဦးမယ်
သက်တံ့လို ပြယ်လွင့်လို့  လျှက်စစ်လို ပြတ်တောက်လို့  တိမ်လို ထူထပ်လို့ နွံလို နစ်မြုပ်လို့ 
အိုဇုန်းလို ဇစ်ပွင့်လို့  ဖုန်းကြိုးလို လိုင်းကျလို့ ခွေးအလို အနံ့ ခံလို့ ရေမြောင်းလို ပိတ်ဆို့ လို့ 
ရင်ဘတ်ထဲမှာ ဗလာအရာင်တွေ များလာတယ် မိသားစုဟာ ဗလာအရောင်
နေရောင်ကို ကျောမှာစိုက်တာတောင် ဘာအပင်မှ မပေါက်ဘူး
မြို့ကြီးထဲ မိုးရေစို ဝါကျတွေ အန္တရယ်ကို ဝတ်ဆင်လို့  အန္တရယ်ကို လျှော်ဖွပ်လို့ 
လောကဓံက အစွယ်ကြီးကြီး အမြီးရှည်ရှည် ဟေ့ခေတ် မိတ်ဖြစ်ဆွေဖြစ် တစ်ခွက်လောက်
ပေးဆပ်မှုက ၁၀% ရယူမှုက ၉၀% တစ်နေ့ လုံး မျှားထားသမျှ ငါးတွေလည်း ပုပ်ကုန်ပြီ
လူတွေက ကန္တာရထဲ မီးမွှေးလို့  ပင်လယ်ထဲ မိုးရွာလို့  အနုပညာကိုစိုက်ဖို့ မြေလပ်ရှာရတာ မောတယ်
ခေါင်းစဉ်ကိုချစ်လို့  တစ်အုပ်လုံး ဖတ်ဖြစ်ခဲ့ တဲ့ ရိုးသားမှု
အဟောင်းဆိုင်လေးထဲက ဂျင်းဘောင်းဘီလေးတစ်ထည်ဟာ လှရဲ့
အောင်မြင်မှုဆိုတဲ့ကောင်က အိပ်မက်ထဲမှာတောင် သဘောမကောင်းဘူး
ချွေးထွက်လွန် အသက်ရှုခန်းတွေ နေလောင်တံဆိပ်နဲ့ ဦးထုပ်တွေ ရေလိုဝယ်သောက်ရတဲ့ ဒုက္ခတွေ
ငွေလိုတန်ဖိုးရှိတဲ့ ရောဂါတွေ မိုးဦးလေသံတွေကြားတိုင်း မိုးလုံလေလုံတွေ အားကျတယ်
လောကသဘာဝအရ'နိဗ္ဖာန်ဘုံ ပျောက်ဆုံးခြင်း' ကဗျာနဲ့  ပတ်သက်ပြီး
ကဗျာဆရာကြီး မီလ်တနာ နဲ့ လက်ဖက်ရည် အတူသောက်ချင်ပါတယ်
တ၇ားသဘောအရ'ငွေကလွဲပြီး ဘာမှမရှိတဲ့ သတ္တဝါကို သူဌေးလို့ ခေါ်တယ်' ဆိုတဲ့
အမေရိကန် သူဌေးကြီး ရော့ကားဖဲလားနဲ့ စကားလက်ဆုံ ကျချင်ပါတယ်
ဖြစ်ချင်တာက စိတ်ကျန်းမာရေးအတွက်စိုက်ချင်တဲ့ ပန်းတစ်ခင်း
ဖြစ်နေတာက ကိုယ်ကျန်းမာရေးအတွက် ခုတ်လှဲနေရတဲ့ သစ်တစ်တော
တောအကြောင်းပြောရင်း တော မှောက်ခဲ့  တောင်အကြောင်းပြောရင်း တောင်ပျောက်ခဲ့
တစ်စုံတရာကို လျှော်ဖွပ်ရင်း တစ်စုံတရာကို စွန်းထင်းခဲ့ တစ်စုံတရာကို ကူးခပ်ရင်း တစ်စုံတရာကို နစ်မြုပ်ခဲ့
ပန်းပွင့်က နည်းနည်း ဓါးသွားကများများ ကြားလား ဘူတာကို လှမ်းခေါ်နေတဲ့ အသံတွေ
ကြားလား ကောက်ရိုးတစ်မျှင်ကို လုဆွဲနေတဲ့ တုန်ခါမှုတွေ
ဘယ်သူဈေးဆစ်ကျွမ်းသလဲ  ရောင်းရန်ရှိသည် သေနည်းမျိုးစုံ
ခေါင်းစဉ်ကကြီးကြီး၊အကြောင်းအရာကသေးသေး ခံစားမှုက နည်းနည်း၊နည်းပညာကများများ
လိပ်စာအတုကြီးကိုင်ပြီး အမှန်တရားအကြောင်း မပြောနဲ့  ကဗျာအတုကြီးကိုင်ပြီး ကဗျာအကြောင်းမပြောနဲ့ 
အင်္ဂါဂြိုလ်မှာ ခြေမချချင်ဘူး ဂွါယာနီးကား ပန်းချီကားကြည့်ချင်တယ်
ဈေးကွက်စီးပွားရေးအကြောင်း မသင်ယူချင်ဘူး ဂါစီယာလော်ရကာ အကြောင်း လေ့လာချင်တယ်
စိတ်ကလေပြည်ထဲမှာ လူကမုန်တိုင်းထဲလွင့်လို့ 
                                                                 လင်းလက်တာရာ
မင်နီဘယ်လောက်များများ မင်ပြာဘယ်လောက်များများ
တစ်သက်နဲ့ တစ်ကိုယ်
ငါးဘယ်နှစ်ကောင် လွတ်ခဲ့သလဲ
ငါးဘယ်နှစ်ကောင် လွှတ်ခဲ့သလဲ
တစ်သက်နဲ့ တစ်ကိုယ်
ငှက်ဘယ်နှစ်ကောင် လွတ်ခဲ့သလဲ
ငှက်ဘယ်နှစ်ကောင် လွှတ်ခဲ့သလဲ
ဘဝဆိုတာ
ငိုသံတွေနဲ့ စပြီး ငိုသံတွေနဲ့ ပဲဆုံးရမှာလား
ငွေသံတွေနဲ့ စပြီး ငွေသံတွေနဲ့ ပဲဆုံးရမှာလား
တရားနည်းလမ်းကျကျ
စားခဲ့တဲ့ထမင်း ဘယ်နှစ်လုတ်
သမ္မာအာဇီဝကျကျ
ရှူခဲ့တဲ့လေ ဘယ်နှစ်ရာခိုင်နှုန်း
စိတ်ရောကိုယ်ပါမွှေးမိတဲ့ မီးဘယ်နှစ်ကီလို
စိတ်လိုလက်ရငြှိမ်းမိတဲ့မီး ဘယ်နှစ်အောင်စ
မွေးနေ့ မှာ
ငါ့ကိုယ်ငါ ပြန်မွေးရဦးမယ် ..။  ...။
  (စက်တင်ဘာ၊၂၀၁၂၊မဟေသီမဂ္ဂဇင်း)                           
                      လင်းလက်တာရာ
အကြမ်းထည်များ
ငါတို့ က သားကောင်သက်သက်လား
ငါတို့ က သူတပါးပုံစံခွက်ထဲက စက်ရုံထုတ်ပစ္စည်းသက်သက်လား
ဂျလန်းယူသန့် ဆီ တကူးတကသွားပြီး ဆုတစ်ခုတောင်းခဲ့တယ်။     ။
( ဂျလန်းယူသန့်  = ကွာလာလမ်ပူမြို့ ရှိ ဦးသန့် လမ်း )
                                                                                လင်းလက်တာရာ
ဟေတီမှာ ဒီကလေးလေးတွေရှိတယ်
ဟေတီမှာ ဒီကလေးလေးတွေ ရှိတယ်
                                  လ င်းလက်တာရာ
အသက်ကယ်ဆေးလို
သွေးကြောထဲ ထိုးသွင်းခံထားရတဲ့ ဆာလောင်မှုတွေ
ဖေဖေ့ကို ဆာတယ်
မေမေ့ကို ဆာတယ်
စကားမပီ့တပီ ညီမလေးကို ဆာတယ်
ပျော်စရာ လပြည့်ညလေးကို ဆာတယ်
ခနော်ခနဲ့ စာသင်ကျောင်းလေးကို ဆာတယ်
မြက်မရှိတဲ့ ဘောလုံးကွင်းလေးကို ဆာတယ်
အဝါရောင်ပွဲတော်နဲ့  အစိမ်းရောင်ဗုံသံတွေကို ဆာတယ်
ကျပျောက်သွားတဲ့ ရွာကလေးကို ဆာတယ်
အိပ်မက်လှလှလေးကို ဆာတယ်
အနာဂတ်သစ်တောလမ်းလေးကို ဆာတယ်
ကိုယ်ချင်းစာနာမှုတွေကို ဆာတယ်
ဂရုဏာတရားတွေကို ဆာတယ်
ကမ်းလက်တွေကို ဆာတယ်
ကြယ်ပြာကြီးကို ဆာတယ်
အဖြူရောင် အလံတစ်လက်ကို ဆာတယ်
လူသားချင်းတန်းတူညီမှုတွေကို ဆာတယ်
ဆာတယ်.....
ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ်
အလင်းငတ်အသက်ငင်ရှင်သန်ခြင်းတွေထဲ
စိတ်အဟာရတွေ ပိုဆာတယ်။         ။
                                                        လင်းလက်တာရာ
လွင့်နေတဲ့လေ
လွင့်နေတဲ့လေ
                  လင်းလက်တာရာ
ရင်ချင်းဆက်ခဲ့တာတောင်
ရက်ရက်စက်စက် သွေးကွဲခဲ့တယ်
မြို့ကလေးနဲ့ ငါ
စစ်မြေပြင်နဲ့ စစ်သားလို
တောင်နဲ့ တောင်တက်သမားလို
ငါနဲ့ လောကဓံ
ငါနဲ့ အောင်မြင်မှု
ငါနဲ့ မိုက်မဲခြင်း
ဘယ်ရထားကိုမှ အချောင်မစီးခဲ့ ဘူး
ငါဟာ လူငယ်
အန္တရယ်ကိုလွယ်တယ်
အခက်အခဲကို ကြိုက်တယ်
လူအဖြစ်ရဲ့ ဒုလ္လဘတရားကို
ခေတ်ကြီးထဲ ရဲရဲပွင့်သူ
သေကြည့်တယ်
တီးတိုင်းမမြည်တဲ့ ဗုံစိမ်းဟာ
အနုပညာလို့ 
သေသေချာချာသေကြည့်ခဲ့တယ်
လောကကြီးကို
ဝမ်းနည်းတယ်
ငါပစ်ခဲ့တဲ့ ခဲဟာ
ငါ့မိသားစုကိုမှ တည့်တည့်ကြီး ။    ။
                                                     လင်းလက်တာရာ
Monday 9 July 2012
နာမည်ဝှက်ထားတဲ့ မြို့ 
စိတ်အချဉ်တွေကို
ဘိလိယက်ထိုးပစ်လိုက်တယ်
ငွေသံ ကြေးသံတွေ သည်းသည်းထန်ထန်
ရွာသွန်းနေတဲ့မြို့၊
ဆံပင်အရှည်ထားတယ်
နားပေါက်ဖောက်တယ်
ချက်တင်ထိုင်တယ်
ဘာသာစကားအသစ်တွေ သင်ယူတယ်
ဂျင်းဘောင်းဘီနဲ့ တီရှပ်
လူငယ်နဲ့လွတ်လပ်ခြင်းကို ညီမျှခြင်းချထားတဲ့ မြို့၊
ဝါကာ ၀ါကာနဲ့ နှစ်သစ်ကူးတယ်
ဂျက်စတင်ဘီဘာနဲ့ လေဒီဂါဂါကို နံရံမှာ ချိတ်တယ်
ဒိုလေးကို အယုံလွယ်တယ်
ရွန်းနီ၊ မက်ဆီကို ပုံအပ်တယ်
တန်းတက်အသင်းလေးကို
အောက်ကြေးနဲ့အားပေးတယ်
လောကဓံတွေကို စံပါယ်တွေလို သီပြီး
လမ်းဆုံမီးပွိုင့် မှာ အသံစာစာနဲ့
ကပျာကယာ ရောင်းနေတဲ့မြို့၊
ကော်ပီသီချင်းတွေ ရေးတယ်
အိုဗာအက်တင်တွေ ရေလဲသုံးတယ်
ခိုးကူးခွေတွေ မရှိမယ့်နေ့ကို
ဘုရားသခင်ရှေ့မှာ ဆုတောင်းတယ်
နှစ်ရက်တစ်မွန်းတည့်နဲ့
ဗွီဒီယိုတစ်ကား ရွပ်ရွပ်ချွံချွံရိုက်တယ်
ရှင်သန်ခြင်းကို တစ်အိမ်တက်တစ်အိမ်ဆင်း
ညလုံးပေါက် ခရစ္စမတ်သီချင်းဆိုပြနေတဲ့ မြို့၊
ကမ္ဘာပြားပြီလို့ သက်ပြင်းချတယ်
ကဗျာပြားပြီလို့ ရယ်မောတယ်
ကြယ်တွေကို စုစည်းထုတ်ဝေတယ်
ကျေးလက်စာကြည့်တိုက်လေးအတွက်
ရန်ပုံငွေ မတည်တယ်
အနုပညာဆိုတဲ့ တံဆိပ်ကို
လက်မောင်းမှာ တက်တူးထိုး
နည်းပညာတွေနဲ့ လင်မယားလို
ပေါင်းသင်းနေထိုင်နေတဲ့ မြို့၊
အသစ်တွေကို ပွဲထုတ်တယ်
ကွန်ဆာဗေးတစ်တွေကို ပြတိုက်ထဲပို့တယ်
ဂလိုဘယ်လိုက်ဇေးရှင်း အိုင်တီဆိုတဲ့
ကျောနံပါတ်ကြီး တပ်တယ်
စပွန်ဆာ ကောင်းကောင်းရှာတယ်
အောင်ပွဲတွေကို ဆာလောင်တယ်
စောင့်ကြည့်ခံ U-18 ကစားသမားတွေလို
ပစ္စုပ္ပန်တွေထဲ တွန်းတွန်းတိုက်တိုက်
ကစားနေတဲ့ မြို့၊
ပီကာဆိုကို ဂုဏ်ပြုနှုတ်ဆက်တယ်
ဟစ်တလာ၊ အိုစမာဘင်လာဒင်နဲ့ ကဒါဖီကို
စွဲချက်တင်တယ်
ဂွာယာနီးကား ပန်းချီကားကို
မျက်ရည်စက်လက်နဲ့ ဖတ်တယ်
ဟေတီကို ရင်ဘတ်ကြီးနဲ့ စာစီကုံးတယ်
ဆူနာမီကို နှလုံးသားနဲ့ ဖွင့်ဆိုတယ်
လစ်ဗျားစစ်မြေပြင်ဆီ ဂျိုးဖြူငှက်တစ်ကောင်
ပို့လိုက်တယ်
ငြိမ်းချမ်းရေးကို ကိုယ်တိုင်ရေးညွှန်း
ဒါရိုက်တာ မင်းသားလုပ်ပြီး စိတ်ကူးနဲ့ရုပ်ရှင်ရိုက်နေတဲ့ မြို့၊
လမ်းပေါ်က အမှိုက်တစ်စကို
လွယ်အိတ်ထဲ ကောက်ထည့်လိုက်တယ်
ရှစ်နှစ်အရွယ် စားပွဲထိုးလေးအတွက်
ကရုဏာတစ်ခွက် မှာသောက်လိုက်တယ်
မလက္ကာရေလက်ကြားက တရားမ၀င်အလုပ်သမားတွေဆီ
ဆုတောင်းမေတ္တာပို့လိုက်တယ်
အထည်ချုပ်စက်ရုံထဲက အတောင်ကျိုးငှက်ကလေးအတွက်
ပန်းတစ်ခင်း ပျိုးလိုက်တယ်
‘‘ဘ၀’’မို့လို့ ‘‘ဘပိန်’’သာဆိုရင် ‘‘ဟင်း’’ဆိုပြီး
သက်ပြင်းပူကြီး ချနေတဲ့မြို့။
ဒီမြို့ဟာ နည်းနည်းခေတ်မီလာတယ်
လောင်စာဆီ ဈေးနှုန်းတွေ မြင့်လာတယ်
NOKIA, SANSUNG, SONY ERICSSON တွေနဲ့
အကြွားသန်လာတယ်
ဒီမြို့ဟာ လူကြီးလူကောင်းဆန်ဆန်
စကားပြောတတ်လာတယ်
တွေ့ကရာ ခွေးဝဲစားတွေကို အော်မဆဲတော့ဘူး
ဘီယာလေးစုပ်ပြီး ပန်းကုံးစွပ်ရတာ
အပျော်စစ်စစ်လားလို့ သံသယပွားနေတယ်။
ဒီမြို့ဟာ အကျအပေါက်တွေ များလာတယ်
အန္တရာယ်တွေ ထူထပ်လာတယ်
မိတ်ဆွေသင်္ဂဟတွေ ပေါများလာတယ်
ဘေးထွက်ဆိုးကျိုးတွေ မှိုလိုပေါက်လာတယ်။
ဒီမြို့ဟာ အိမ်လွမ်းနာ ကျနေတယ်
အမူးလွန်နေတဲ့ သတိတရတွေကို လက်ထိုးအန်တယ်
ချစ်သူကောင်မလေးကို မေ့ချင်ယောင်ဆောင်ထားတယ်။
ဒီမြို့ဟာ တက်ကနော်လော်ဂျီတွေနဲ့
အသက်ရှူကြပ်နေတယ်
သဘာဝတရားကို ငတ်မွတ်ငေးဆွတ်နေတယ်
သဘာဝဘေးအန္တရာယ်ကို မကာကွယ်နိုင်ဘူး။
ဒီမြို့ဟာ လူသားချင်း တန်းတူညီမှုရှိချင်တယ်
လူ့အခွင့်အရေးတွေကို မချိုးဖောက်ချင်ဘူး
ဒီမိုကရေစီလို့ သံပြိုင်အော်တယ်။
ဒီမြို့မှာ တစ်ဖက်စောင်းနင်း
သွေးလည်ပတ်မှု ဒီဂရီတွေ ရှိတယ်
ရိုးသားမှုကို ဖိနပ်လုပ်စီးထားတဲ့
လက်လုပ်လက်စားတွေ ရှိတယ်။
ဒီမြို့ မှာ မြတ်နိုးချစ်မက်စရာ ယဉ်ကျေးမှု စစ်စစ်တွေ ရှိတယ်
ခေတ်ပေါ်ရောဂါ၊ ခေတ်ပေါ်ဗန်းစကားနဲ့
ခေတ်ပေါ်မွေးစားယဉ်ကျေးမှုအတုတွေ ရှိတယ်။
ဒီမြို့မှာ ငြိမ်းချမ်းရေးကို
မြေလှန်ရှာချင်သူတွေ ရှိတယ်
စစ်ပွဲတွေ မရှိတဲ့ နေရာကို ချိန်းဆိုချင်သူတွေ ရှိတယ်
နယ်ခြားစည်းတွေကို Delete လုပ်ချင်သူတွေ ရှိတယ်။
ဒီမြို့မှာ လူကုန်ကူးမှုကို
အမြစ်ကနေ ဆွဲနုတ်ချင်သူတွေ ရှိတယ်
အိုဇုန်းလွှာကို ဖာထေးချင်သူတွေ ရှိတယ်
ခေတ်ပေါ်အားကောင်းကောင်းနဲ့
အမှန်တရားကို မောင်းနှင်နေတဲ့
ကဗျာဆရာတွေ ရှိတယ်။
ဒီမြို့မှာ ဒီမြို့ကို အားနာနာနဲ့
ပေါင်းသင်းနေသူတွေ ရှိတယ်
ဒီမြို့မှာ ဒီမြို့ကို နှစ်နှစ်သက်သက်
လက်ထပ်ထားသူတွေ ရှိတယ်
ဒီမြို့မှာ ဒီမြို့ကို ရိုမန်တစ်ဆန်ဆန်
လမ်းခွဲသွားသူတွေ ရှိတယ်
အိပ်မက်တွေ အကြီးကြီးနဲ့ ဒီမြို့
မျှော်လင့်ချက်တွေ တပုံတခေါင်းကြီးနဲ့ ဒီမြို့
ဖွံ့ဖြိုးဆဲ အသိဉာဏ်တွေနဲ့
အားကောင်းမောင်းသန် ဒီမြို့
အနာဂတ်ကို ရဲရဲကြီးခေါင်းခုန်တိုက်နေတဲ့ ဒီမြို့ 
ဒီမိုကရေစီ ဒီမြို့ 
ရန်တွေကုန်ပါစေ ဒီမြို့ 
ယမ်းတွေအစား ပန်းတွေပွင့် ပါစေ ဒီဲမြို့ ..။....။
                                                                              လင်းလက်တာရာ